• Today is: Tuesday, April 16, 2024

မိုးမောက်မှာ လက်နက်ကြီးအပြန်အလှန် ပစ်ခတ်တိုက်ခိုက်လို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့နဲ့ ကေအိုင်အေ တပ်ဖွဲ့တို့ကြား ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့ ၁၀ နာရီ ဝန်းကျင်ခန့်က စတင်ကာ အပြန်အလှန် လက်နက်ကြီးများ ပစ်ခတ် တိုက်ခိုက်ပြီး တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ကေအိုင်အေ ဘက်ကလာတဲ့ သတင်းအရင်းအမြစ်အရ သိရပါတယ်။

မိုးမောက်မြို့နယ်ထဲက ဆုတောင်းတောင် ခဝမ်ဘန်၊ ဒဂေါ့ မဒါဘွမ်(တောင်ကုန်း) တို့ဘက်မှာ တပ်စွဲဖို့ နေရာယူနေတဲ့ စစ်ကောင်စီတပ်တို့ကို ကေအိုင်အေ တပ်ဖွဲ့တို့က လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခဲ့ တာပါ။

အလားတူ စစ်ကောင်စီတပ် ခမရ (၄၃၇) မိုးမောက်တပ်ရင်းဘက်ကလည်း လက်နက်ကြီးတန်ပြန် ပြန်လည်ပစ်ခတ် တိုက်ခိုက် ကူခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုးမောက်မြို့နယ် လုံဂျာဘွမ်ဘက်မှာလည်း ယနေ့နံနက်ပိုင်းမှစတင်ကာ လက်နက်ကြီး ပစ်ခတ် သံများ ပြန်လည်ကြားရပြီး စစ်ကောင်စီဘက်မှလည်း စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင်မှစကာ ဗန်းမော်မြို့ဘက်ကနေ မိုးမောက်မြို့ လုံဂျာဘွမ် တောင်ကုန်းဘက်ကို စစ်ကောင်စီတပ် ခြေလျင် စစ်ကြောင်း ၂ကြောင်းနဲ့ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ကို စစ်အင်အား ထပ်မံဖြည့်တင်း လာတယ်လို့ မျက်မြင်တွေ့ရှိတဲ့ မိုးမောက်ဒေသခံများက ကချင်သတင်းဌာန (KNG) ကို ပြောဆိုထားတာပါ။

စစ်ကောင်စီ အင်အား ဖြည့်တင်းလာလို့ ဒီကနေ့ မနက်ပိုင်း ၇ နာရီခန့်မှာ လုံဂျာဘွမ် တောင်ကုန်းဘက် လက်နက်ကြီးတွေ ပစ်ခတ်သံတွေ အချက်ပေါင်းများစွာ ကြားလာရတာကြောင့် စပါးရိတ်ဖို့သွားကြတဲ့ ဒေသခံတွေ အကုန်ပြန်ထွက်ပြေးလာကြရတယ်လို့ သိရပါတယ်။

ရက်သတ္တပတ်​ကျော်ကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လက်နက် ကြီးများ အလွန်အကျွံပစ်ခတ် နေတာ ကြောင့် မိုးမောက်မြို့နယ်ထဲက ခါနန်၊ လုံဂျာနှင့် ဝဝမ် ကျေးရွာ ၃ ရွာက ဒေသခံတောင်သူများဟာ စပါး ရိတ်သိမ်းချိန် ရောက်နေပေမယ့် ရိတ် သိမ်း နိုင်ဖို့ အခက်အခဲကြုံတွေ့နေရတာပါ။

လက်နက်ကြီးအပြန်အလှန် ပစ်ခတ်တိုက်ခိုက်လာတာကြောင့် အဲဒီတိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ နီးစပ်တဲ့ ကျေးရွာများထဲက ဒေသခံများဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။