• Today is: Friday, April 19, 2024

ကော်သူးလေအုပ်ချုပ်နယ်မြေမှာ အောက်တိုဘာလအတွင်း နှစ်ဖက်တိုက်ပွဲ (၂၈၆) ကြိမ်ထိ ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိ

ဓါတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၇

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေမှာ အောက်တိုဘာလအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း (၂၈၆) ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုရှိခဲ့တယ်လို့ KNU က သတင်း ထုတ်ပြန်ပါတယ်။

အဲဒီနှစ်ဖက် တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ (၃၆၉) ဦး သေဆုံးကာ (၃၀၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့ဘက်ကတော့ (၆) ဦး ကျဆုံးခဲ့ပြီး (၄၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

ဒါ့အပြင် အဲဒီနှစ်ဖက်တိုက်ပွဲများမှာ စစ်ကောင်စီတပ်စခန်းတချို့ကိုလည်း သိမ်းစည်းတိုက်ခိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရခဲ့တာလို့ သိရပါတယ်။

အလားတူ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့များ အသုံးပြုတဲ့ ယာဉ် (၁၈) စီးအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့မှ ဖျက်ဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာအတွင်း ကရင်အမျိုး သားလွတ် မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့နဲ့ နှစ်ဖက်တိုက်ပွဲအတွင်းမှာ လေကြောင်းဖြစ် တိုက်ခိုက်မှု (၆) ကြမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူလေအုပ်ချုပ်နယ်မြေအတွင်းတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိပြီး အရပ်သား ပြည်သူလုထု (၃) သိန်းကျော်ဟာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင် နေရကြ ရပါတယ်။ အဲဒီထဲက စစ်ဘေးရှောင် လူဦးရေ (၁) သိန်းကျော်ဟာ အရေးပေါ် လူသားခြင်း စာနာထောက် ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိနေပါတယ်။