• Today is: Friday, April 19, 2024

ဖက်ဒရယ်အတုနဲ့ လှည့်ဖြားနေသည် စစ်ကောင်စီ

ဖက်ဒရယ်အတုနဲ့ လှည့်ဖြားနေသည် စစ်ကောင်စီ

●──── ๑۩۩๑ ─────●

– မင်းသေ့ (သူ့အတွေး သူ့အမြင်) 

မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်ဟာ ကမ္ဘာ့နိုင်ငံရေးရေစီးမှာ ဘယ်လို နိုင်ငံရေးစကားလုံးက ရေပန်းစားသလဲဆိုတာကို ကြည့်လေ့ရှိကြသလို၊ မြန်မာနိုင်ငံထဲကို စီးဝင်လာတဲ့ နိုင်ငံရေးရေစီးတွေထဲမှာ ဘယ်လို နိုင်ငံရေးဝါဒမျိုးက လူထုရဲ့ နှုတ်ပါးစပ်ထဲမှာ ခဏ ခဏ ​ပြောသလဲဆိုတာကိုလည်း အမြဲတမ်း အကဲခတ်လေ့ရှိပါတယ်။ လွတ်လပ်ပြီးခေတ် နောက်ပိုင်း မြန်မာနိုင်ငံမှာ အလွန်ရေပန်းစားခဲ့တဲ့ ဝေါဟာရ (၃) ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ (၁) ဆိုရှယ်လစ်ဝါဒ၊ (၂) ဒီမိုကရေစီ နဲ့ (၃) ဖက်ဒရယ် တို့ဖြစ်ပါတယ်။

■ ဆိုရှယ်လစ်အတု

ကွန်မြူနစ် / ဆိုရှယ်လစ်လို့ ခေါ်တဲ့ လက်ဝဲအတွေးအခေါ်တွေဟာ ကိုလိုနီခေတ် အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုကာလမှာ အလွန်ရေပန်းစားခဲ့ပါတယ်။ လွတ်လပ်ပြီးခေတ် မြန်မာပြည်မှာ ပါလီမန်စနစ်ကို စစ်အာဏာသိမ်းမှုနဲ့ ဗိုလ်နေဝင်းက ချုပ်ငြိမ်းအောင် လုပ်လိုက်ပြီးတော့ လူထုကို နိုင်ငံရေးနည်းအရ ပြန်လည် မဲဆွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ လူထုဆီက နိုင်ငံရေးထောက်ခံချက်ရဖို့နဲ့ ၆၂ အာဏာသိမ်းမှုနောက်ပိုင်း လူထုယုံကြည်မှုကို ပြန်လည်ရရှိဖို့အတွက် မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ စွဲမြဲနေတဲ့ လက်ဝဲအတွေးအခေါ်နဲ့ ပြန်လည် ကျောသပ်ရင်သပ် လုပ်ခဲ့ပါတယ်။ လူထုထဲမှာ လက်ဝဲအယူအဆကိန်းအောင်းနေတာကြောင့်၊ ၆၂ စစ်အာဏာသိမ်းမှုဆိုတာ ဆိုရှယ်လစ်ခေတ်ကို တည်ထောင်ချင်လို့ဖြစ်ကြောင်း အကြောင်းပြပါတယ်။ ဒါ့ကြောင့် ဗိုလ်နေဝင်းဟာ မြန်မာနည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒနဲ့ လူထုကို နိုင်ငံရေးအရ မျက်လှည့်ပြခဲ့ပါတယ်။ တကယ်တော့ ဗိုလ်နေဝင်းဟာ ဆိုရှယ်လစ်လည်း မဟုတ်သလို၊ ဆိုရှယ်လစ်ဝါဒကို တိမ်းညွတ်သူလည်း မဟုတ်ဘူး။ လူထုသည်းခြေကို ကိုင်လှုပ်နိုင်ဖို့အတွက် ဆိုရှယ်လစ်ဝါဒကို တည်ကြက်သဖွယ် အသုံးချပြီး လူထုကို သူ့ဘက်ပါလာ​အောင် မျှားခဲ့တယ်။ လူထုကလည်း ဗိုလ်နေဝင်းရဲ့ သွေးဆောင်ဖြားယောင်းမှုမှာ လိုက်ပါလာခဲ့တယ်။ ဆိုရှယ်လစ်လမ်းစဉ်ဟာ ဘယ်လိုနည်းနဲ့ ပျက်သုဉ်းသွားတယ်ဆိုတာ အတော်များများ သိပြီးဖြစ်လို့ ထပ်ပြီး မရေးတော့ပါ။

၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီအရေးတော်ပုံက ဆိုရှယ်လစ်အတုကို ဖြိုချပစ်လိုက်ပါတယ်။ ဗိုလ်နေဝင်းက လူထုကို သွေးဆောင်ဖြားယောင်းဖို့ တည်ထောင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟာ ၈၈၈၈ လူထုဒီမိုရေစီအရေးတော်ပုံ ဖြစ်ပေါ်လာတဲ့အခါမှာ ၊ ပြိုကျပျက်စီးသွားပါတယ်။

■ ရွေးကောက်ပွဲအတု

ရှစ်လေးလုံးလူထုဒီမိုကရေစီအရေးတော်ပုံမှာ ပြည်သူလူထုဟာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တခဲနက် တောင်းဆိုကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို နဝတ အာဏာသိမ်းစစ်အစိုးရက ကျင်းပပေးခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ဘယ်သူ နိုင်ခဲ့သလဲ။ လူထုဟာ ဘယ်နိုင်ငံရေးပါတီကို အုံလိုက်ကျင်းလိုက် မဲပေးခဲ့သလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ၊ မဲအပြတ်အသတ် အနိုင်ရတဲ့ ပါတီဖြစ်ခဲ့ပါတယ်။ သို့သော်လည်း စစ်အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းပေးခဲ့ပါသလား။ ရွေးကောက်ပွဲအနိုင်ရတဲ့ ပါတီနိုင်ငံရေးခေါင်းဆောင်တွေ ထောင်ထဲရောက်တာနဲ့သာ ဇာတ်သိမ်းခဲ့တယ် မဟုတ်လား။ ၁၉၉၀ ခုနှစ်တုန်းကလည်း ရွေးကောက်ပွဲအတုကို မြန်မာတွေ ကြုံခဲ့ရပြီးပြီ။

■ ဒီမိုကရေစီအတု

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းကို လစ်ဘရယ်ဒီမိုကရေစီအယူအဆတွေ စီးဝင်လာပါတယ်။ စစ်အာဏာရှင်စနစ်ကို ဖြိုချဖို့နဲ့ ပါတီစုံဒီမိုကရေစီစနစ်တည်ထောင်ဖို့ မြန်မာလူထုက လိုလားထက်သန်ခဲ့ပါတယ်။ ဒီမိုကရေစီကြွေးကြော်သံတွေကို တစိုက်မတ်မတ် တောင်းဆိုလာပြီးနောက်ပိုင်း မြန်မာလူထုကို ဒီမိုကရေစီကို သကာအုပ်ပြီး သွေးဆောင်ဖြားယောင်းဖို့ မြန်မာစစ်ခေါင်းဆောင်တွေက ထပ်မံ ကြိုးစားလာခဲ့ပြန်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းပြီး စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ် ဆိုတဲ့ စကားလုံးကို သုံးလာပါတယ်။ လူထုလိုလားတဲ့ ဒီမိုကရေစီကို အာသာပြေ အရသာခံခိုင်းပြီး နိုင်ငံရေးအာဏာကို အစဉ်တစိုက် လက်ဝါးကြီးအုပ်နိုင်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေက ကြိုးစားခဲ့ပြန်ပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ် စီရင်ဖန်တီးပြီး လီဆယ်ခဲ့တဲ့ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်အတွင်းမှာ စစ်အာဏာသိမ်းမှု ထပ်ပြီး ကြုံခဲ့တယ်။ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ဆိုတဲ့ ဒီမိုကရေစီအတုကို ထပ်မံဖြိုချပစ်လိုက်ပြန်တယ်။

■ ဖက်ဒရယ်အတု

မြန်မာ့နွေဦးတော်လှန်ရေးထဲမှာ ဒီမိုကရေစီအသံထက် ဖက်ဒရယ်တောင်းဆိုသံတွေ ပိုညံလာခဲ့ပါတယ်။ တောင်တန်းလူထုနဲ့ ပြည်မလူထုဟာ ဖက်ဒရယ်အပေါ်မှာ အခြေခံဘုံသဘောတူညီမှုကို ယူနိုင်ခဲ့ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ သံတမန်ရေးရာ အားလုံးမှာ မြန်မာစစ်တပ်က အကျပ်ဆိုက်လာပါတယ်။ ဒါ့ကြောင့် လူထုချင်ခြင်းတက်နေတဲ့ ဖက်ဒရယ်နဲ့ ထပ်မံ သွေးဆောင်ဖြားယောင်းဖို့ ကြိုးစားနေပြန်ပါတယ်။ စစ်ကောင်စီဟာ လူမျိုးစုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေကို ငြိမ်းချမ်းရေးအတုနဲ့ ထပ်မံ မျှားခေါ်နေပါတယ်။ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုစနစ်ကို တည်ဆောက်မယ်ဆိုတဲ့ စကားလုံးကို ထပ်မံပြီး သုံးလာပါတယ်။

ဆိုရှယ်လစ်စနစ်တုန်းကလည်း — မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်…တဲ့။

ဒီမိုကရေစီ ကျတော့လည်း၊ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်….တဲ့။

အခုလည်း လာပြီ။

ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်…တဲ့။

မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်ဟာ သူတို့အာဏာကို အကြမ်းနည်းနဲ့ လက်ဝယ်ယူလို့ ရရင်ရ၊ အကယ်၍ မရခဲ့ဖူးဆိုရင်တော့ လူထုဆန္ဒကို လိုက်လျောသလိုလိုနဲ့ ပါးလှည့်နားရိုက် လုပ်တဲ့ အချိုးမျိုး ခဏ ခဏ ချိုးတယ်။ ဒါကို လူထုကိုယ်တိုင်က သတိထားမိနေပြီ။ သတိထားမိရုံအဆင့်ထက် ပိုနေပြီ။ လူထုဟာ မြန်မာစစ်တပ်ရဲ့ လှည့်ကွက်ကို သိနေပြီ။ နားလည်နေပြီ။

■ ဆိုရှယ်လစ် အတု။

■ ရွေးကောက်ပွဲအတု။

■ ပါတီစုံဒီမိုကရေစီအတု။

■ ဖက်ဒရယ်အတု။

စစ်ယူနီဖောင်းချွတ်အစိုးရဖြစ်ခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း စစ်တပ်ရဲ့ စပွန်ဆာနဲ့ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို မြန်မာစစ်တပ်က မွေးထားတဲ့ ပညာရှင် / ပညာတတ် အတော်များများဟာ ၂၀၀၈ အခြေခံဥပဒေဟာ ဖက်ဒရယ်စနစ်ကို ပြဋ္ဌာန်းထားကြောင်း ယုတ္တိမခိုင်မာဘဲနဲ့ လူထုကို လီဆယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အသွင်သဏ္ဍာန်အရ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ / တိုင်းဒေသကြီးအစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်လွှတ်တော် / တိုင်းလွှတ်တော်၊ ၂၀၀၈ အခြေခံဥပဒေမှာ ဇယား (၁) နဲ့ (၂) စသည်ဖြင့် အာဏာခွဲမှုတွေကို ဖက်ဒရယ်စနစ်ဖြစ်ပါတယ်လို့ ရောချတာမျိုး လုပ်ခဲ့ကြပါတယ်။

အခုလည်း ဟန်မယ်ထင်လို့ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ကျူးလွန်ခဲ့တယ်။ စစ်အာဏာသိမ်းမှုကို ဝိုင်းဝန်းဆန္ဒပြပြီး ဖြုတ်ချလို့ မရတော့ လက်နက်ကိုင်လမ်းစဉ်နဲ့ မြန်မာစစ်တပ်ကို ဖြိုချဖို့ ကြိုးစားနေပါတယ်။ မြန်မာစစ်တပ်ဟာ ဟန်မယ်ထင်လို့ စစ်အာဏာသိမ်းခဲ့တာ။ အခုတော့ အထွေထွေ အကျပ်အတည်း ဆိုက်နေပြီ။ အထူးသဖြင့် မြန်မာ့နွေဦးအတွင်းက လက်နက်ကိုင်လမ်းစဉ်ရဲ့ အခရာဟာ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေဆီမှာ ရှိနေပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေ သည်းခြေကြိုက်ဖြစ်တဲ့ ဖက်ဒရယ်နဲ့ သွေးဆောင်ဖြားယောင်းပါတော့တယ်။

■ သွေးဆောင်နေသည် / ဖြားယောင်းနေပြီ

ဆိုရှယ်လစ်တုန်းကလည်း ဆိုရှယ်လစ် အတုနဲ့ ကြုံခဲ့ပြီးပြီ။ ပါတီစုံဒီမိုကရေစီစနစ်ဆိုတော့လည်း ပါတီစုံဒီမိုကရေစီအတုနဲ့ ကြုံခဲ့ပြီးပြီ။ အခုလည်း ဖက်ဒရယ်အတုနဲ့ သွေးဆောင်ဖြားယောင်းဖို့ ကြံစည်နေပြန်ပြီ။ တခါလိမ်ခံရရင်တော့ လိမ်တဲ့သူ အပြစ် ဖြစ်တယ်။ နှစ်ခါလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူ ညံ့ဖျင်းလို့ဆိုတာ ထင်ရှားနေတယ်။ သုံးခါ အလိမ်ခံရရင်တော့ ဤကမ္ဘာမှာ ဒီလောက်ညံ့ဖျင်းတဲ့သူ မရှိတော့ဘူး။ အဖျင်းတကာ့အဖျင်းဆုံး ဖြစ်သွားပြီ။ အခု မြန်မာစစ်ခေါင်းဆောင်တွေဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ သူတို့ရဲ့ နိုင်ငံရေးအသက်ရှုပေါက်ကို ချောင်ချင်လို့ နည်းအမျိုးမျိုးနဲ့ ကြံဖန်နေပါတယ်။ အဲသည်လို ကြံဖန်တဲ့အထဲမှာ၊ အကြမ်းပတမ်းနည်းနဲ့လည်း ဖိနှိပ်ဖြိုခွဲ ညှင်းပန်းနှိပ်စက်ပြီး ကြံဖန်နေတယ်။ သွေးဆောင်ဖြားယောင်းတဲ့ နည်းလမ်းကို သုံးပြီးတော့လည်း ကြံဖန်နေတယ်။ သွေးကွဲအောင် သွေးခွဲပြီးတော့ ကြံဖန်တာမျိုးလည်း လုပ်နေတယ်။ တွေဝေသွားအောင် လှည့်ဖြားပြီးတော့လည်း ကြံဖန်နေတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ နိုင်ငံရေးအာဏာကို အစဉ်တစိုက် ကိုင်စွဲဖို့သာ အာရုံရှိတယ်။ လူထုအာဏာကို နေရာပေးဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ အခုလည်း သူ့အတွက် စစ်ရေးနဲ့ နိုင်ငံရေးအသက်ရှုပေါက်ချောင်ဖို့အတွက်သာ ကြံဖန်နေတယ်။ သူ နားချတာကို လက်ခံတဲ့ အဖွဲ့တွေဘက်မှာ တဒင်္ဂအားဖြင့် စစ်ရပ်ထားမယ်။ ပြီးတော့ စစ်အင်အားကို စုစည်းပြီး ပြည်မက ပုန်ကန်တဲ့ ပြည်သူကာကွယ်ရေးအဖွဲ့တွေကို ဖြိုဖျက်မယ်။ ပြည်မဘက်ကို ဖွတ်ဖွတ်ညက်ညက် ကြေအောင် ချေမှုန်းပြီးသွားရင်၊ ယခင်က သူသွေးဆောင်ဖြားယောင်းလှည့်စားလို့ မျောပြီး အိပ်မောကျနေတဲ့ လူမျိုးစုနယ်မြေတွေဘက် လှည့်ပြီး တဖန် ပြန်လည် ဗိုလ်ကျလွှမ်းမိုး ခြယ်လှယ်ဖို့ ထပ်မံ ကြိုးစားလိမ့်မယ်။ ဒါဟာ ဓာတ်ပြားဟောင်းကြီးပါ။ ဒါက နည်းဟောင်းကြီးပါ။ ဒါက အသစ် မဟုတ်ပါဘူး။ ယခင်တုန်းကလည်း ခံရပြီးပြီ။ တစ်ခါမက ခံရပြီးပြီ။ အခုလည်း ထပ်ပြီး အလှည့်ဖြားခံချင်သေးသပေါ့။

ညံ့တဲ့ကောင် ခံပေအုံးတော့လို့ ပြောရင်လည်း ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမယ့် ဒါဟာ အခြေခံနိုင်ငံရေး အသိ / သတိရှိရင်ကို ရှောင်ရှားနိုင်ပါပြီ။ ဖက်ဒရယ်အတုနဲ့ ထပ် မညားပါစေနဲ့တော့။ လူထုဟာ အသိ / သတိကပ်နေသလို၊ သက်ဆိုင်ရာ အင်အားစုအသီးသီးလည်း သတိကပ်ကြပါ။ ဖက်ဒရယ်အတုနဲ့ လှည့်ဖြားနေပြီ စစ်ကောင်စီ။

▪️ ဆီသို့စာစဥ် အတွဲ(၄)၊ အမှတ် (၁၇) အပြည့်အစုံဖတ်ရန် အခမဲ့ ဒေါင်းလုတ်ဆွဲယူ နိုင်ပါတယ်။ 

https://drive.google.com/file/d/1e7jqH1c7ePaQSarpYvbrET2hScgzuNXf/view?fbclid=IwAR2aUeHIhFQ2CQPRresvpnUvDxq6HMXeH9qRtcGd1JDnFQJbqVPA5uLklK8