• Today is: Thursday, March 28, 2024

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ
(၂၀၂၂ခုနှစ်၊ ဩဂုတ်လ မှ အောက်တိုဘာလအထိ )

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်-မြန်မာက စာတမ်းဖြင့် (၃)လတစ်ကြိမ် ပုံမှန်လေ့လာပြုစု၍ ထုတ်ပြန်လျက်ရှိပါသည်။

ဤတစ်ကြိမ်တွင် ဩဂုတ်လ (၁) ရက်နေ့ မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိတွင် ဖြစ်ပွားသော အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဘက် ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် အရပ်သားပြည်သူ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုနှင့် တိုင်းရင်းသား ဒေသအတွင်း အုပ်ချုပ်ရေး/နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို စုစည်းတင်ပြ ထားပါသည်။

အပိုင်း()

ပြည်နယ်/လူမျိုးအလိုက် ကောင်စီများ၏ လှုပ်ရှားမှုများ

(က) ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)

ICNCC နှင့် CJDC (ချင်းလဲန်း ကာကွယ်ရေး ပူးတွဲကော်မတီ)တို့ ပူးပေါင်း၍ တော်လှန်ရေးကာလ ချင်းအစုအဖွဲ့အားလုံး ပါဝင်နိင်သည့် ချင်းလဲန်းကောင်စီ(Chinland Council) ဖွဲ့စည်းနိုင်ရေး၊ ချင်းလဲန်း ချာတာ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဉပဒေ ရေးဆွဲပြဌာန်းနိုင်ရေးနှင့် ထိုမှတဆင့် တော်လှန်ရေးကာလ ချင်းလဲန်း အစိုးရ ဖွဲ့စည်းပေါ်ပေါက်နိုင်ရေးတို့ကို ပူးတွဲကော်မတီများ အသီးသီးဖွဲ့၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။

ထို့အပြင် ICNCC သည် NUG, NUCC ဌာနများနှင့် ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်လျက် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ ပံ့ပူးခြင်း၊ ချင်းပြည်နယ်အတွင်း ဖက်ဒရယ် ကျန်းမာရေးစနစ်ဖော်ဆောင်ရေး၊ နယ်စပ်ဒေသ ရှိ စစ်ဘေးရှောင်နှင့် ဒုက္ခသည်များ ကူညီရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ CDMer များ ထောက်ပံ့ရေး၊ NUG Bond For Chin ရန်ပုံငွေရှာဖွယ်ရေး စသည် လုပ်ငန်းများ ဆောင်ရွက်သည်ဟု သိရသည်။

 () ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)

ပအိုဝ်း (PNFC)တွင် ဌာန (၃)ခုဖြစ်သည့် နိုင်ငံရေးဌာန၊ စစ်ရေးဌာနနှင့် စီမံခန့်ခွဲရေးဌာန တိုးချဲ့ ဖွဲ့စည်းထားသည်ဟု သိရှိရသည်။ စစ်ရေးဌာနအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် Pa-O People Defense force – Kham Dom – PPDF ကို စတင်ပြီး လက်နက်တပ်ဆင်ခြင်းပြုလုပ်ထားနိုင်ပြီဟုလည်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားပါသည်။ အလားတူ စီမံခန့်ခွဲရေးဌာန အောက်တွင် ရှိသည့် ပညာရေး ကဏ္ဍကိုလည်း ကြားကာလအခြေခံ ပညာအခမဲ့ Online စာသင်ကျောင်းကို PNFC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး ဝန်ကြီးဌာန (NUG-MoE) တို့ပူးပေါင်း၍ စက်တင်ဘာလ (၂၄) ရက်နေ့ကစပြီး ဖွင့်လှစ် သင်ကြားနေပြီ ဖြစ်သည်။

ပအိုဝ်းအမျိုးသား ညီလာခံက အတည်ပြုပေးလိုက်သည့် မူဝါဒထဲတွင် PNFC ကို မဏ္ဏိုင်ငါးရပ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ နိုင်ငံခြားပအိုဝ်းအင်အားစုများ၊ ပြည်တွင်းသပိတ်၊ သမဂ္ဂအင်အားစု၊ (Pa-O Political Consultative Council – PPCC )၊ (Pa-O People Defense force – Kham Dom – PPDF) စသည့်အင်အားစုများမှ ကိုယ်စားလှယ် ၃ ဦးစီအချိုးကျ စုပေါင်း သတ်မှတ်ပြီး ကောင်စီဝင် ၁၅ဉီးဖြင့် ဖွဲ့ထားခြင်းဖြစ်သည်။

() မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC)

MSICC အနေဖြင့် ဖက်ဒရယ်ပဋိညာဉ် အပိုင်း(၁)(၂)တို့နှင့်အညီ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင် ထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး လုပ်ငန်းများ အကောင်ထည် ဖော်ဆောင် ရွက်ရာတွင် သက်ဆိုင်ရာ နယ်ပယ် အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင် လျှက်ရှိသည်ဟု တာဝန်ရှိသူတစ်ဉီးထံမှ သိရှိရသည်။ မွန်လူမျိုးတို့အနေဖြင့် နိုင်ငံရေးတိုက်ပွဲ၊ လူ့အခွင့်အရေး တိုက်ပွဲ နှင့် စစ်ရေးတိုက်ပွဲတို့ဖြင့် တိုက်ပွဲဝင်ကြရန် ပြီးခဲ့တဲ့ ဩဂုတ်လ (၁၁) ရက်က ကျရောက်သည့် (၇၅) နှစ်မြောက် မွန်တော်လှန်ရေးနေ့တွင် MSICC က ထုတ်ပြန်တိုက်တွန်းထားသည်။

MSICC တွင် ပါဝင်ခြင်းမရှိသည့် မွန်လက်နက်ကိုင်အဖွဲ့(NMSP)သည် မွန်ပြည်သူများ၏ ‌ဝေဖန်ကန့်ကွက် မှုကြားမှ အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပုံမှန်ပြုလုပ်သည်။ တစ်ပြိုင်တည်းမှာ အခြေခံစစ်ပညာသင်တန်း ပြုလုပ်ကာ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ၁၂၄ ကြိမ်မြောက် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ NMSP လက်အောက်ရှိ ပညာရေးဌာနသည်လည်း ကောလိပ်အဆင့်ထိ တိုးမြှင့်ဖွင့် လှစ်လာခဲ့ပြီး ကုတင် ၅၀ဆံ ဆေးရုံကိုလည်း ထိန်းချုပ်နယ်မြေထဲတွင် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။

() ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC)

ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC) သည် ကျန်းမာရေး၊ ပညာရေး၊ ရဲ လုပ်ငန်း စသည့် ဝန်ဆောင်မှုများကို သက်ဆိုင်ရာ စိုးမိုးနယ်မြေနှင့် စစ်ဘေးရှောင်စခန်းများတွင် ဖွင့်လှစ်ထားသည့် ကျောင်းများ၊ ဆေးခန်းများနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်များကို နည်းပညာအရ အထောက်အကူပြု လှုပ်ဆောင် လျက်ရှိသည်။ ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC) သည် ဤသုံးလတာ ကာလအတွင်း KSCC အဖွဲ့အစည်းတွင်း ပြန်လည် ပြင်ဆင်မွမ်းမံမှုများကို ပြုလုပ်နေတာကြောင့် နိုင်ငံရေးအရ လုပ်ဆောင်မှုများကို ရပ်နားထားသည်ဟု KSCC ဘက်က လာသည့် အရင်းအမြစ်အရ သိရသည်။

 (င) ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးကော်တီ (KPICT)

ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးကော်တီ (KPICT) နှင့် CDM တက္ကသိုလ်ဆရာ၊ ဆရာမတို့၏ ကမကထပြုမှုဖြစ် ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်(KSCU)ကို ကေအိုင်အေ ထိန်းချုပ်နယ်မြေ (လိုင်ဇာ၊ မိုင်ဂျာယန်)တို့မှာ လူငယ်များအတွက် ပညာရပ်စုံတို့ကို စတင်သင်ကြားပေးနေပြီ ဖြစ်သည်။ KSCU ၏ ဖွဲ့စည်းမှုနှင့် မူဝါဒပိုင်းတွင် NUG အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီဆောင်ရွက်သည်ဟု သိရသည်။  

(စ) တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ (TPCC)

တအာင်းအမျိုးသားပြည်နယ် ပေါ်ပေါက်ရေးအတွက် TPCC ဦးဆောင်ကျင်းပပြီး တအာင်းလူထုများ ကြား ကွင်းဆင်းကာ တတိယအကြိမ်ထိ ပြင်ဆင်ရေးဆွဲထားသည့် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တတိယမူကြမ်းနဲ့ပတ်သက်ပြီး အလုပ် ရုံဆွေးနွေးပွဲပြုလုပ်နေသည်။ အလားတူ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကိုလည်း တအာင်းဘာသာပြန်စာအုပ်များဖြစ် ထုတ်ဝေကာ၊ ပဋိညာဉ်ပါ အချက်အလက်များကို တအာင်း ပြည်သူများထံ ရှင်းလင်းတင်ပြမှုများ ပြုလုပ်နေသည်ဟု သိရှိရပါသည်။

ကိုးကားချက်များ –

၁) လွတ်လပ်သော သတင်းမီဒီယာများ

၂) အမျိုးသားညီညွတ်ရေး အစိုးရ (NUG)

၃) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ

၄) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ

၅) ဖက်ဒရယ်ဂျာနယ် မြန်မာ မေးမြန်း၊ စုဆောင်းချက်များ

ဖက်ဒရယ်ဂျာနယ် – မြန်မာမှ စုစည်းတင်ပြသည်။