• Today is: Wednesday, April 24, 2024

ပုဏ္ဏားကျွန်းဖြစ်ရပ်အပါအဝင်၊ အရပ်သားများကို မဆင်မခြင်​ထိခိုက်စေတဲ့ စစ်ကောင်စီကို အပြင်းထန်ဆုံး တုံ့ပြန်မယ်လို့ AA ကြေညာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်မှာ ပုဏ္ဏားကျွန်းမှာ သက်ကြီးပိုင်းအပါအဝင် ပြည်သူ‌တွေကို သတ်ဖြတ်နေတဲ့ ခမရ ၅၅၀  နဲ့ ဖြစ်ရပ်မှာပါဝင်ကျူးလွန်သူတွေကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေတုံ့ပြန်မယ်လို့  AA က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် စစ်ကောင်စီ ခမရ ၅၅၀ တပ်ရင်းဟာ ဆင်အင်းကြီး ကျေးရွာမှ အရပ် သားနေအိမ်‌တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ထိုကျေးရွာအတွင်းမှ အသက်ကြီးပိုင်း အပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးထက်မနည်းတဲ့ အရေအတွက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြတာပါ။

 ဒါဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ခဲ့ကြတာဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အားနဲ့ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်‌တွေထဲမှာ အဆိုးရွားဆုံး သိသာထင်ရှားတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့လုပ်ရပ် တစ်ခုပင်ဖြစ်တယ်လို့ AA က ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့‌ တွေမှာလည်း စစ်ကောင်စီဟာ ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်း၊ စစ်တွေပါဒလိပ်၊ ကွမ်းတောင်တပ်စခန်း‌တွေမှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ စစ်ရ ဟတ်ယာဉ်တွေ ဒရုန်းတွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာ‌တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ‌တွေကြောင့် အပြစ်မဲ့ ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး၊ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၇ နာရီခန့်အချိန် စစ်ကောင်စီရဲ့ ထောက်ပို့ပစ္စည်းကားတစ်စီးကို AA က ပုဏ္ဏားကျွန်းမြို့နယ်၊ပဒေသာရွာနဲ့ ဆင်အင်းကြီးရွာအကြားမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တာကို လက်တုံ့ပြန်တဲ့ အ‌နေနဲ့  တိုက်ပွဲနဲ့ လုံး၀ မသက်ဆိုင်တဲ့အပြစ်မဲ့ပြည်သူလူထုကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ တာလို့ AA က ဆိုပါတယ်။

စစ်တပ်ရဲ့ လုပ်ရပ်ဟာ အလွန်ပင် သူရဲဘောကြောင်တဲ့ စက်ဆုပ်ရွံ့ရှာဖွယ်ရာလုပ်ရပ်ဖြစ်ပြီး AA တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ အခုလို လူမဆန် ရိုင်းစိုင်းတဲ့လုပ်ရပ်‌တွေ ကြောင့် အသက်အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့ရတဲ့ ပြည်သူ‌တွေအတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းရတယ်လို့လည်း  AA က ထုတ်ပြန် ကြေညာထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပွင်းလင့်ရာသီ ရောက်လာပြီဖြစ်တာနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားတဲ့ နယ်မြေအပါအဝင် မြို့ပေါ်ဒေသတွေမှာပါ အဓိက လေကြောင်း၊ လက်နက်ကြီးများဖြစ် ပစ်ခိုက်တိုက် စစ်ဆင်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုထားကြပါတယ်။