• Today is: Friday, March 29, 2024

အချိန်မတိုင်ခင် NUG ခါးဆက်ပြတ်သွားနိုင်မလား

အချိန်မတိုင်ခင် NUG ခါးဆက်ပြတ်သွားနိုင်မလား

စစ်အာဏာရှင်စနစ်ကိုတွန်းလှန်ဖို့ ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးအရ အဆုံးသတ်အောင်ပွဲရရှိရန် ရည်မှန်းချက် ထားရှိထားပေမဲ့ ပြောက်ကျားစစ်မှ သမားရိုးကျ နည်းဗျူဟာကို အလျင်အမြန် ကူးပြောင်းခြင်းက ရှုံးနိမ့်မှုကို ဖြစ်လာစေနိုင်ပါတယ်။

ခေတ်သစ်ပြည်တွင်းစစ်ကို မီးမွှေးလိုက်တဲ့ စစ်အာဏာသိမ်းမှုဟာ နှစ်နှစ်မပြည့်သေးပေမဲ့ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအရှိန်က ပြင်းထန်လာနေဆဲဖြစ်သည့် ပဋိပက္ခကို အလျင်အမြန် နိဂုံးချုပ်အဆုံးသတ်ရန် တွန်းအားပေးလာလျက် ရှိနေသည်။

၂၀၂၃ ခုနှစ် အစောပိုင်း၊ ခြောက်သွေ့ရာသီကာလမှာ နွေဦးတော်လှန်ရေးရဲ့ အဆုံးအဖြတ် အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲသွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာချက် တစ်စောင်ကို အောက်တိုဘာလလယ်က ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြနချက်အပြီးမှာ မြို့ပြဒေသများတွင် တိုက်ခိုက်မှုများ အရှိန်မြင့်လာမည့် ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သလို၊ ကရင်ပြည်နယ်အရှေ့ပိုင်းတွင်လည်း တုံ့ပြန်မှုပြုရန် အဆင်သင့်ဖြစ်နေခဲ့ပုံ ရပါတယ်။

တော်လှန်ရေးအတွက် အဓိကကျသည့် မြို့တစ်မြို့ဖြစ်သည့် ရန်ကုန်မြို့နှင့် ထိုင်းနယ်စပ်ရှိ မြဝတီမြို့တို့ကို ဆက်သွယ်ပေးထားတဲ့ အဓိကလမ်းမကြီးပေါ်ရှိ ကော့ကရိတ်မြို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) နှင့် မဟာမိတ်အဖွဲ့ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ပထမဆုံးအကြိမ် ဝင်ရောက်တိုက်ခိုက်ပြီး အချိန်တိုတခုအထိ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံပဋိပက္ခကို အနီးကပ်စောင့်ကြည့်နေသည့် နိုင်ငံခြား ထောက်လှမ်းရေး လေ့လာဆန်းစစ်သူ တစ်ဦးက “အရေးတကြီးနဲ့ အလောတကြီးလုပ်နေတာဟာ အတိုင်းအတာတစ်ခုအထိ သိသာ ထင်ရှားပါ တယ်။ NUGက သူတို့အနေနဲ့ တော်လှန်ရေးကို တစ်နှစ်အတွင်း မြန်မြန်ဆန်ဆန် ပြီးအောင်လုပ်မှရမယ်လို့ ခံစားနေရတယ်။”

ပြီးခဲ့သည့်နှစ် နောက်ဆုံးသုံးလပတ်အတွင်းကမှ ထိုရည်ရွယ်ချက်ကို စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေမဲ့၊ စစ်ပွဲကို အလျင်အမြန် နိဂုံးချုပ်အဆုံးသတ်ဖို့ လိုအပ်ကြောင်း ယူဆနေမှု၏ နောက်ကွယ်တွင် အကြောင်းရင်းများစွာ ရှိနေပုံရပါတယ်။

သံသယရှိစရာမလိုသည့် တွန်းအား‌တစ်ခုမှာ၊ အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စကစ) က ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပြုလုပ်ရန် စီစဉ်ထားသည့် “စည်းကမ်းပြည့်ဝသည့် ပါတီစုံ” ရွေးကောက်ပွဲရဲ့ လွှမ်းမိုးမှုရှိလာတဲ့ အလားအလာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ  အားနည်းချို့ယွင်း ချက်ရှိပေမဲ့ ကာကီစစ်ဘက်ဝတ်စုံအစား အရပ်ဘက်လုံချည်ကို ပြောင်းလဲဝတ်ဆင်ထား ကြသူများက ဦးဆောင်ပွဲထွက်လာမည့် အစိုးရကို နိုင်ငံတကာက တရားဝင်ဖြစ်မှုကို အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုလက်ခံလိုက်မှာကို စိုးရိမ်နေပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မဲမသမာမှုကိုအကြောင်းပြပြီး အာဏာသိမ်းစဉ်ကတည်းက စကစရဲ့ လမ်းပြမြေပုံအရ ကျင်းပမည့် ရွေးကောက်ပွဲဟာ လက်နက်ကိုင်တပ်ဖွဲ့များအတွက် မြန်မာ့နိုင်ငံရေးမှ ခွာဆုတ်ရန် အကောင်းဆုံးနှင့်၊ အမှန်တကယ်တွင် တစ်ခုတည်းသော၊ လမ်းကြောင်းအဖြစ် သတ်မှတ် ခဲ့ပါတယ်။ ရွေးကောက်ခံလွှတ်တော်နှင့် ပျော့ပြောင်းမှုရှိသည့် အရပ်သားတစ်ပိုင်း ညွန့်ပေါင်း အစိုးရက၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများကို ဆွဲဆောင်ရန် အတွက် အကွက်ချထားသည့်၊ စစ်တပ်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ပြောင်းလဲမှုများကို – အနည်းဆုံး သဘောတရားအရ – ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာ မဲပေးရွေးချယ်မှုမှ ထွက်ပေါ်လာသည်ဟုဆိုနိုင်တဲ့ မည်သည့် အရပ်သားအစိုးရကမဆို၊ ပြည်တွင်းစစ်ပွဲထက် တည်ငြိမ်မှုကို ပိုမိုလိုလားတဲ့ ပြည်ပနိုင်ငံများအနေနဲ့ကြားဝင် စေ့စပ်ညှိနှိုင်းမှု ပြန်လည် စတင်နိုင်ရန်အတွက် ၎င်းတို့လိုအပ်နေသည့် ဖုံးအုပ်ကွယ်ဝှက်ထားမှုကို ပေးကောင်း ပေးနိုင်ပါလိမ့်မည်။

ထိုအစုအဖွဲ့ထဲတွင် အာဏာရှင်စကစမဟာမိတ်ဖြစ်တဲ့ မော်စကိုနှင့် ဘေဂျင်း အစိုးရတွေ သာမက အီရန်၊ ပါကစ္စတန်၊ အချို့သော အာဆီယံနိုင်ငံတွေနဲ့ ဒီမိုကရေစီနိုင်ငံလို့ ထင်မြင်ရတဲ့ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ပင် ပါဝင်လာနိုင်ပါတယ်။

တော်လှန်ရေးကိုအရှိန်မြှင့်တင်ဖို့အတွက် နောက်ထပ်ဖိအားပေးမှုကတော့ ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ ယခုနှစ်မှာ လူဦးရေ ၅၅ သန်း၏ ထက်ဝက်နီးပါးမျှဟာ တစ်မျိုးသားလုံး ဆင်းရဲမွဲတေမှု၏ အောက်ရောက်နေပြီလို့ ထုတ်ပြန်ထားတာကြောင့် စိုးရိမ်ဖွယ်ရာ စီးပွားရေး အခြေအနေ အောက်မှာ လူထုထောက်ခံအားပေးမှုအား ဘယ်လောက်ကြာအောင်  ထိန်းထားနိုင်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်နိုင်ဖွယ် ရှိပါတယ်။

နောက်ဆုံးအချက် အနေဖြင့် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအပေါ် အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများက ထိရောက်မှုမရှိတဲ့ အပေါ်ယံထုတ်ပြန်ချက်နဲ့သာ တုံ့ပြန်သလို၊ NUG အနေနဲ့ ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးနှင့် စစ်ရေးဆိုင်ရာ အခက်အခဲများဟာ တော်လှန်ရေးကို ရေရှည်တောင်ခံနိုင်ဖို့အတွက် မရေရာမှုပေါင်းများစွာရှိနေတဲ့အပေါ် လက်ခံခြင်းထက် အရှိန်အဟုန်မြှင့်တင်ရန်အတွက် ထောက်ပြငြင်းခုံစရာ ဖြစ်လာပါတယ်။

“သူတို့အနေနဲ့ တော်လှန်ရေးကို ရေရှည်စောင့်ဆိုင်းအချိန်ဆွဲဖို့အတွက် ငွေကြေးအရ တောင့်မခံနိုင် လောက်ဘူး” လို့ ထောက်လှမ်းရေး လေ့လာဆန်းစစ်သူက ထင်ဟပ်ပြောဆိုခဲ့တာပါ။ 

အများစုဟာ ပြည်တွင်းထောက်ပံ့ငွေနဲ့ NUG ရဲ့ ရန်ပုံငွေရှာဖွေမှု အစီအစဉ် အမျိုးမျိုးမှတဆင့် ခက်ခက်ခဲခဲ ရရှိလာတဲ့ ငွေတွေဟာ လက်နက်ဝယ်ယူတပ်ဆင်မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့မှုနဲ့ လိုအပ်သည်ထက် များပြားနေသည့် ဒေသခံကာကွယ်ရေးအဖွဲ့တွေကို ပိုမိုထိရောက်တဲ့ ဗဟိုကွပ်ကဲအမိန့်ပေးမှုစနစ်တည်ဆောက်နိုင်ရေးအတွက် ချိတ်ဆက်ပံ့ပိုးပေးမှုများအတွက် အရေးကြီးလှပါတယ်။

  • အန္တရာယ်ဘေးကြီး မြှင့်တက်လာမှု

အဆိုပါ ဖိအားတွေကြောင့် တော်လှန်ရေးကိုအရှိန်မြှင့်တင်ပြီး လာမည့် ဆယ်လတာကာလ အချိန်အတွင်း အလျင်အမြန် အဆုံးသတ်တိုက်ပွဲ ဆင်နွှဲခြင်းဟာ စိုးရိမ်ကြောက်လန့်စရာကောင်းပြီး အန္တရာယ်များပါတယ်။ တနည်းဆိုရမယ်ဆိုရင် အန္တရာယ်နှင့် ရင်ဆိုင်ရမည့်သူများမှာ PDFs တွေ ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထဖြစ်စေ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တွေရဲ့ အထောက်အပံ့နဲ့ တည်ရှိနေကြတဲ့ PDF တွေအနေနဲ့ လမ်းကောင်းကောင်းမလျှောက်တတ်သေးခင်မှာ အပြေးပြိုင်တာကြောင့် မျက်နှာမှောက်ရက်လှဲကျရသလို နာကျင်ရမဲ့ ဆုံးဖြတ်ချက်အမှားမျိုး ဖြစ်လာနိုင်ပါတယ်။

စစ်ရေးအသုံးအနှုန်းအရပြောရမယ်ဆိုရင် လုံလောက်သည့် ညှိနှိုင်းဆွေးနွေးမှု၊ စစ်ရေးကျင့်မှု၊ လက်နက်ထောက်ပံ့မှု သို့မဟုတ် လေကြောင်းရန်ကာကွယ်မှုများမရှိဘဲ လျော့ရဲစွာ စုဖွဲ့ထားသည့် ပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ ထွက်ပေါက်ပိတ်နေပြီဖြစ်တဲ့ ၊လက်နက်အင်အားတောင့်တင်းတဲ့ စစ်အုပ်စု ၏ တပ်ဖွဲ့တွေကို ရင်ဆိုင်တိုက်ခိုက်နေရတဲ့အခြေအနေဖြစ်ပါတယ်။

ခေတ်သစ်စစ်ရေးပဋိပက္ခတွေရဲ့ ဖြစ်ရပ်တွေကနေ အခိုင်အမာတည်ရှိနေတဲ့ အာဏာရှင်တွေကို ဆန့်ကျင်ရာမှာ၊ ပြောက်ကျားနည်းဗျူဟာမှ တစ်ပိုင်းသမရိုးကျ စစ်ဆင်ရေးဆီကို အချိန်မတန်မီ ပြောင်းလဲဖို့ ကြိုးစားခဲ့ကြတဲ့ အတွေ့အကြုံရှိပြီး ကျစ်လျစ်စွာဖွဲ့စည်းထားတဲ့တော်လှန်ရေးတပ်ဖွဲ့များ အတွက်ပင်လျှင်၊ သွေးထွက်သံယိုဖြစ်ခဲ့တဲ့ သင်ခန်းစာတွေ မြောက်မြားစွာ တွေ့ရှိရပါတယ်။ သမိုင်းကြောင်းအရ၊ ထိုသို့လုပ်ဆောင်မှုများမှာ ယေဘုယျအားဖြင့် အမှန်တကယ် ရှိနေသော သို့မဟုတ် ထင်မြင်ချက်အရ မှန်းဆထားသော နိုင်ငံရေးဖိအားများနှင့် ပြိုလဲလုနီးပါး ဖြစ်နေသည်ဟု ထင်မြင်ရသည့် ရန်သူအပေါ် လျှော့တွက်မှုတို့မှ ပေါက်ဖွားလာတာဖြစ်ပါတယ်။

“အပြေးအလွှား အောင်ပွဲခံမှု” လက္ခဏာပုံစံရဲ့ သိသာဆိုးရွားလှတဲ့ မှတ်သားစရာ ဥပမာတစ်ခုကတော့၊ ပြင်သစ်ကိုလိုနီနယ်ချဲ့ တပ်ဖွဲ့များက မြို့တော်ဟနွိုင်းကို အကာအကွယ်ပေးရန် တည်ဆောက်ထားသည့် မြစ်နီ မြစ်ဝကျွန်းပေါ်ဒေသ ခံတပ်ကို ဖောက်ဖျက်ရန် နာမည်ကျော်ကြားသည့် (ဗိုငုယင်ဂီယက်ဟု ရေးလေ့ရှိသည့်) ဗီယက်နမ်ဗိုလ်ချုပ်ကြီး ဗော်အော်ငုယန်ဇပ်၏ ၁၉၅၁ ခုနှစ်အစောပိုင်းက ကြိုးပမ်းခဲ့မှု ဖြစ်ပါတယ်။

အဆိုပါ သုံးလကြာ စစ်ဆင်ရေးအတွင်း မမျှော်လင့်ဘဲ အံ့အားသင့်ဖွယ် လူ့အသက် ဆုံးရှုံးရမှုများ ဖြစ်လာခဲ့ရသည်မှာ – အုပ်လိုက်ကျင်းလိုက် ရှိနေကြသည့် ခြေလျင်တပ်ဖွဲ့များအပေါ် (နပမ်း ခေါ်) နေ့ပမ်းမီးလောင်ဗုံးများကို ပထမဆုံးအကြိမ်အဖြစ် လေကြောင်းမှ ကြဲချခံခဲ့ရခြင်းက ဆိုးရွားပြင်းထန်သည့် အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့ပြီး – ဗိုလ်ချုပ်ကြီးဇပ်အား ရာထူးကို စွန့်လွှတ်လိုက်ရလုနီးပါးအထိ ဖြစ်စေခဲ့ကာ၊ ကိုလိုနီဆန့်ကျင်ရေး ဗီယက်မင်းတို့အနေဖြင့် များစွာပိုမိုကောင်းမွန်သည့် ပြင်ဆင်မှုဖြင့် နောက်ထပ်သုံးနှစ်အကြာ ဒျန်ဘျန်ဖူးတွင် နောက်ဆုံးတိုက်ပွဲဝင် အောင်မြင်ခဲ့သည့် အချိန်အထိတိုင် အဖြစ်ဆိုးစွာ နောက်ဆုတ်ပေးခဲ့ရပါတယ်။

ဗီယက်နမ်ရဲ့ တော်လှန်ရေးတိုက်ပွဲ နောက်ပိုင်းအချိန်မှာ လူကြိုက်များသည့် လူထုအုံကြွမှုများ ပေါ်ပေါက်လာစေဖို့အတွက်တခုတည်းဖြင့် ၁၉၆၈ ခုနှစ် ဇန်နဝါရီလတွင် ဗီယက်ကောင်းတပ်ဖွဲ့များက တောင်ဗီယက်နမ် တစ်ခွင်တွင် တက်ထိုးစစ်ကို ဆင်နွှဲခဲ့ကြပါတယ်။ နောက်ဆုံးရလဒ်အဖြစ်၊ ဗီယက်နမ်တောင်ပိုင်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ တည်ဆောက်ထားခဲ့သည့် ကွန်မြူနစ်စစ်ဘက် အခြေခံအဆောက်အအုံကို အမေရိကန်နှင့် မဟာမိတ် (တောင်ဗီယက်နမ်) ဆိုင်ဂုံတပ်ဖွဲ့များက သီတင်း နှစ်ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ ၁၉၇၅ ခုနှစ်တွင် စစ်ပွဲကို နောက်ဆုံး အနိုင်ရခဲ့ခြင်း မှာလည်း အကြီးအကျယ် ထိခိုက်ဆုတ်ယုတ်သွားခဲ့သည့် ဗီယက်ကောင်းတို့၏ အောင်မြင်မှု မဟုတ်ခဲ့ဘဲ၊ မြောက်ဗီယက်နမ်စစ်တပ်၏ အောင်ပွဲသာ ဖြစ်ခဲ့ရပါတယ်။

နိုင်ငံရေးနှင့် ယုံကြည်မှုလွန်ကဲမှုက အာရှတိုက်၏ အခြားတစ်ဘက်တွင်၊ ၁၉၈၉ ခုနှစ် နွေဦးပေါက်ရာသီကာလအတွင်း ကွန်မြူနစ်ဆန့်ကျင်ရေး အာဖဂန်ပြောက်ကျားများ၏ အောင်ပွဲအတွက် ရုတ်တရက် ထိုးစစ်ဆင်နွှဲခဲ့မှုက အလားတူ ဘေးဒုက္ခအတွင်းသို့ တွန်းပို့ပေးခဲ့ပါတယ်။ ဆိုဗီယက်တပ်များ ဆုတ်ခွာသွားပြီးနောက် ယာယီအတိုက်အခံအစိုးရကို ဖွဲ့စည်းပေးရန် စိတ်အားထက်သန်နေသည့် ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့၏ ‌တောင်းဆိုမှုအရ၊ ကဘူးလ်ရှိ ကွန်မြူနစ်အစိုးရ ပြိုကွဲသွားစေရန် မူဂျာဟစ်ဒင် အဖွဲ့ခွဲများက နိုင်ငံအရှေ့ပိုင်းရှိ ဂျလာလာဘတ်မြို့ကို သီတင်းပတ်ပေါင်းများစွာ ရှေ့တန်းစစ်မြေပြင်အဖြစ် ချေမှုန်းတိုက်ခိုက်မှုများဖြင့် ကြိုးပမ်းခဲ့ကြပါတယ်။

လေ့ကျင့်ထားခြင်း မရှိကြသည့် မျိုးနွယ်စု တိုက်ခိုက်ရေးသမားများမှာ၊ နေ့ညမပြတ် လေ‌ကြောင်း တိုက်ခိုက်မှုများဖြင့် ပံ့ပိုးပေးထားသည့် အသက်ရှင်ရပ်တည်ရေးအတွက် တိုက်ပွဲဝင်နေခဲ့ကြသော လက်နက် ကောင်းစွာ တပ်ဆင်ထားသည့် မြေပြင်ရှိ အစိုးရတပ်ဖွဲ့များ၏ ပြန်လည်တိုက်ခိုက်မှုများကြောင့် ဝရုန်းသုန်းကားဖြင့် အထိနာခဲ့ရပါတယ်။ နောက်ထပ် သုံးနှစ်အကြာမှာ ဆိုဗီယက်တို့၏ ရန်ပုံငွေ ပံ့ပိုးပေးမှု အဆုံးသတ်သွားခဲ့ခြင်းကြောင့်သာ၊ သမ္မတ မိုဟမ်မက်ဒ် နာဂျီဘူလာ၏ အစိုးရမှာ အဖွဲ့အတွင်းကွဲပြဲမှုဖြင့် ပြိုလဲသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာတော်လှန်ရေးဖြစ်ရပ်မှာ လူကြိုက်များဖို့အတွက်နဲ့ အခြားရွေးချယ်စရာ နည်းလမ်းမရှိတော့တဲ့ အတွက် အဆင်သင့်မဖြစ်သေးခင်မှာ ရှေ့တန်းထိုးစစ်များကို ဆင်နွဲခြင်းဟာ တော်လှန်ရေးရှေ့ရေး မယုံကြည်မှုအပေါ် မူတည်ပါတယ်။

ယနေ့အချိန်အထိ၊ အတိုင်းအတာတစ်ခုအထိ ကောင်းစွာလက်နက်တပ်ဆင်ထားသည့် PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EROs) များ ပါဝင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များအနေနဲ့ လက်ရှိအချိန်အထိ မြို့ပြဒေသတွေကို မစိုးမိုးနိုင်သေးပါဘူး။ စစ်တပ်အနေနဲ့ အချက်အခြာကျတဲ့ မြို့ပြဒေသတွေကို ကာကွယ်ဖို့အတွက် လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ အစွမ်းကုန် ခုခံလျက်ရှိပါတယ်။ ဇန်နဝါရီလတွင်းက ဖြစ်ပွားခဲ့တဲ့ ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့တော်နဲ့ စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ရှိ မိုးဗြဲဖြစ်စဉ်မှာ စစ်တပ်ရဲ့ ရက်စက်စွာ ခုခံတဲ့ လုပ်ရပ်ကို တွေ့မြင်ရပါတယ်။ ထိုနည်းအတူ အောက်တိုဘာလအတွင်းက ကော့ကရိတ် တိုက်ပွဲမှာ စစ်တပ် အထူးသာလွန်အင်အားနဲ့ လက်နက်ကြီးအပါအဝင် လေကြောင်းပစ်ကူတွေနဲ့ ခုခံခဲ့ပြီး မြို့မကျဆုံးရေးအတွက် ကာကွယ်ခဲ့ပါတယ်။

တချိန်တည်းမှာပင်၊ ERO တိုက်ရိုက်လက်အောက်ခံမဟုတ်တဲ့ PDF အများစု အခြေချတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းအနောက်ပိုင်းဒေသတွေက အချက်အချက်ကျတဲ့ မြို့ပြဒေသတွေကို ရေတိုကာလအတွက်ပင် ထိန်းချုပ်နိုင်ခြင်းမရှိပေ။

စုစည်းကျစ်လစ်သည့် ဖွဲ့စည်းမှုနှင့် ခေါင်းဆောင်မှု ကင်းမဲ့နေဆဲဖြစ်သော လူကြိုက်များသည့် တော်လှန်ရေးအင်အားစုများအကြား အသေအပျောက် အများအပြား ရှိလာစေနိုင်သည့် ပုံသေစစ်စခန်းချရာ နေရာများအပေါ် စိတ်ကူးယဥ်မှုဖြင့် ချေမှုန်းရေးစစ်ဆင်မှုများက – လက်တွေ့မကျသည့် မျှော်လင့်ချက်များနှင့် ဆိုးရွားသည့် တန်ပြန်အကျိုးဆက်များ ရှိနေပြီး ထိုအပေါ်တွင် ၂၀၂၃ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း တိုက်ပွဲခေါ်သံပေးခြင်းဟာ အန္တရာယ်ကို ပိုကြီးစေပါတယ်။

အဆိုးဆုံး ဖြစ်နိုင်ခြေထဲက တခုမှာ မဟာဗျူဟာ မှားယွင်းမှုကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ လှုပ်ရှားမှုကြီး ပြန်လည်ရုန်းထနိုင်ရန် နှစ်ပေါင်းများစွာ အချိန်ယူတည်ဆောက်ရမဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်။

  • ဘာဆက်လုပ်ရမလဲ

ဖြစ်နိုင်ခြေရှိသော ပိုမိုလက်တွေ့ကျသည့် ချဉ်းကပ်မှုတစ်ခုအဖြစ်၊ ပဋိပက္ခ၏ အချိန်ကာလကို လျှော့ချပစ်ရန် လိုအပ်သည့် ကန့်သတ်ချက်ရှိမှုများနှင့် တပ်ဖွဲ့များ၏ စွမ်းရည်ဖွံ့ဖြိုးရန် လိုအပ်နေဆဲ ဖြစ်မှုတို့အကြား အဆက်ပြတ်နေသည့် လမ်းကြောင်းအား ရွေးချယ်လုပ်ဆောင်ခြင်းဖြင့်၊ ယခုအချိန်တွင် ပေါင်းစည်း ညီညွတ်ရန် လိုအပ်နေဆဲ ဖြစ်နေသည့် ယုံကြည်စိတ်ချရမှုရှိသော စစ်ရေးအရှိန်အဟုန်ကို တည်ဆောက် နိုင်ရန်အတွက် လာမည့်နှစ်ကာလကို အသုံးပြုရန် ရည်ရွယ်လျက်၊ ထိုးစစ်ဆင်မှု စွမ်းရည်နှင့် စစ်ရေးဆင်နွှဲမှု များကို တစ်ဆင့်ချင်း မြှင့်တင်ပေးရန် ဦးစားပေးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

စစ်မြေပြင်တွင် ထင်သာမြင်သာရှိတဲ့ တိုက်ပွဲအောင်မြင်မှုတွေက တော်လှန်ရေးအပေါ် ပြည်တွင်း ထောက်ခံမှုကို ပိုမိုအားကောင်းစေနိုင်သလို စကစရဲ့ ထောက်တိုင်တွေဖြစ်တဲ့ တပ်သားတွေရဲ့ စိတ်ဓာတ်ရေးရာ ဖြိုချဖို့အတွက် အလေးသာစေပါတယ်။ တစ်ချိန်တည်းမှာပင်၊ သိသာထင်ရှားသည့် အောင်မြင်မှုများက ယခုအချိန်အထိ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ နေပြည်တော်စစ်အုပ်စုအနေဖြင့် စစ်ရေးအရ ပြိုကွဲမှုနှင့် နိုင်ငံရေးအရ ရှုံးနိမ့်မှုတို့ကို အသွင်သဏ္ဌာန်အမျိုးမျိုး သို့မဟုတ် အခြားတစ်နည်း အားဖြင့် ထိပ်တိုက်ရင်ဆိုင်ရတဲ့အပေါ် သံသယရှိနေပါတယ်။

အရှင်းလင်းဆုံး ကိစ္စရပ်တစ်ခုကတော့ စစ်အုပ်ချုပ်ရေးအား အောင်မြင်စွာ ခုခံတော်လှန်မှုဖို့အတွက် ဗမာတိုင်းရင်းသားများ ကြီးစိုးသည့် NUG နှင့် ဗမာအမျိုးသားရေးအခြေခံ PDFများ အကြားနှင့်၊ အခြားတစ်ဘက်တွင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ ဖြစ်ကြသည့် ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ရခိုင်နှင့် အခြားဖြစ်နိုင်ခြေရှိသည့် အဖွဲ့များအကြား၊ မဟာမိတ်ပြုတိုက်ခိုက်မှု၏ အခြေခံအုတ်မြစ် ပေါ်တွင် သာ မူတည်ပြီး – ယင်းတို့အားလုံး တက်တက်ကြွကြွနဲ့ ထောက်ခံပံ့ပိုးမှု၊ ပူးပေါင်းပါဝင်မှုများ မရှိဘဲ စစ်ပွဲကို အောင်နိုင်မှာ မဟုတ်ပါဘူး။

စစ်ရေးအရ အရေးပါလာမဲ့လတွေအတွက် ကြိုတင်ပြင်ဆင်မှုများထဲမှာ အရေးကြီးဆုံးက မဟာမိတ်ဆက်ဆံရေးခိုင်မာအားကောင်းရန်၊ ကျယ်ပြန့်သည့် သမိုင်းကြောင်းအရ ကွဲပြားမှုကို ပေါင်းကူးပေးရန်အတွက် ယနေ့ရှိနေသည်ထက် များစွာပိုမိုနက်ရှိုင်းသည့် ယုံကြည်မှုအဆင့်ကို အလျင်အမြန် ထူထောင်ရန် လိုအပ်မည်ဖြစ်သည်။ ဖက်ဒရယ်စုဖွဲ့မှုအသစ်အတွက် ဗမာတို့၏ ကတိကဝတ်ပြုမှုအပေါ် EROs တို့၏ သံသယများ ကင်းရှင်းစေရန် တာဝန်မှာ NUG အစိုးရနဲ့ အကျဉ်းချခံထားရသည့် NLD ပါတီခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် အဓိက မူတည်ပါတ
ယ်။ 

အခြားတိုင်းရင်းသားများ၏ မကျေနပ်ချက်များကို ကိုင်တွယ်ဖြေရှင်းပေးရန် နေနေသာသာ နားလည်မှုရှိရန်အတွက်ပင် ပျက်ကွက်ခဲ့တဲ့ အန်အယ်လ်ဒီအစိုးရရဲ့ လုပ်ရပ်နဲ့  တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရန် မွေးဖွားလာသလို ကျင့်သုံးခဲ့တဲ့ ဗမာတွေဟာ ခါးသီးစွာ သမိုင်းဆိုးတွင်ကျန်ခဲ့မှာ ဖြစ်ပါတယ်။ အဆိုပါသံသယများကို၊ ယခုနှစ်စောစောပိုင်းက အဓိကကျသည့် EROs အဖွဲ့တွေအပါအဝင် အပြင်းအထန် ဝေဖန်တိုက်ခိုက်ကြပြီး လက်ရှိပဋိပက္ခအား “ဗမာတွေအကြားက အာဏာလွန်ဆွဲပွဲ” အဖြစ် ရှုမြင်တာကို တွေ့ရပါတယ်။

လက်ရှိအချိုးအကွေ့ကာလမှာ EROတွေရဲ့ သံသယဖြစ်မှုအား ဖြေလျော့ပေးနိုင်ရန်အတွက် “လုပ်သင့်သည်ထက်ပို၍ လုပ်ဆောင်ရာတွင်” အန်ယူဂျီ၏ ဗဟိုချက်၌ရှိနေသည့် မျိုးဆက်ဟောင်း အန်အယ်လ်ဒီ နိုင်ငံရေးသမားများရဲ့ ပျက်ကွက်မှုတွေနဲ့၊ မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်ခေတ်နှင့် သူမပုံဖော်ခဲ့သည့် တစ်ဆင့်ချင်းပြောင်းလဲသည့် နိုင်ငံရေးဖြစ်စဥ်ကို ကျော်လွန်ရောက်ရှိသွားစေခဲ့သည့် တော်လှန်ရေးစစ်ပွဲ၏ အောင်မြင်မှုအပေါ် ဆိုးရွားစွာသက်ရောက်မှု ဖြစ်စေသည်ကို ယနေ့အထိ သက်သေပြနိုင်ဦးမှာ ဖြစ်ပါတယ်။

လာမည့်ရက်သတ္တပတ်များအတွင်း လုပ်ဆောင်ကြမည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ထားရှိရေးကဲ့သို့သော မှတ်ကျောက်တင်မည့် တိုင်းရင်းသားရေးရာ ကိစ္စများသည် အရေးကြီးသော အကြောင်း အရာများ ဖြစ်ပါတယ်။ ထိုကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့အစိုးရဖြစ်ချိန်တလျောက်လုံးတွင် ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။

  • ပြည်သူ့ချေမှုန်းရေး တပ်ဖွဲ့များ

အကယ်လို့ လူမျိုးစုဆိုင်ရာ နိုင်ငံရေးသဘောတူညီချက် အခြေခံအုတ်မြစ်ကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင်၊ ၂၀၂၃ခုနစ်အတွက် လိုအပ်တဲ့ စစ်ရေးမဟာဗျုဟာအတွက် စစ်ရေးအရ စုဖွဲ့မှုကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။  

“ပြည်သူ့ချေမှုန်းရေးတပ်ဖွဲ့ သို့မဟုတ် ကွန်မန်ဒိုတပ်ဖွဲ့ (ပီအေယူ) အသစ်များကို လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် အခြေခံပြီး စစ်ရေးလေ့ကျင့်ပေးမှုနဲ့ လက်နက်တပ်ဆင်မှု၊ တပ်လှုပ် တပ်ရွေ့လုပ်ဆောင်နိုင်မှုအရ သာလွန်ကွဲပြားနေတာကြောင့် စစ်ပွဲ၏ အတိတ်နှင့်အနာဂတ် အဆင့်များ အကြား ရှင်းလင်းစွာ ပိုင်းခြားထားမှု၏ အမှတ်အသား ဖြစ်လာပါလိမ့်မည်။

အကောင်းဆုံးမှာ၊ ပီအေယူများအနေဖြင့် တပ်ဖွဲ့ဝင်အရေအတွက် ၂၀၀ မှ ၂၅၀ အထိပါသည့် တပ်ခွဲအရွယ်အစားရှိ ကွန်မန်ဒိုခေါ် အထူးတပ်ဖွဲ့များအဖြစ် စတင်လှုပ်ရှား လည်ပတ်နိုင်ပြီး စက်သေနတ်များ၊ ပုခုံးထမ်း ဒုံးပစ်လက်နက် (အာရ်ပီဂျီ) များနှင့် စိန်ပြောင်း (မော်တာ) များကဲ့သို့ သင့်လျော်လုံလောက်သည့် လက်နက်များအား ဦးစားပေးအဆင့်ဖြင့် တပ်ဆင်ထားသော စံပြုအဖွဲ့များ ဖြစ်ကြပါတယ်။ ထို့အပြင် ယခုအချိန်မှာ အဆိုပါ တစ်စိတ်တစ်ပိုင်း သမားရိုးကျပုံစံ တပ်ခွဲများက လေကြောင်းရန်ကာကွယ်ရေးတွင် ချို့တဲ့နေပေမဲ့၊ ၎င်းတို့အတွက် ကိုယ်ဖျောက်ဖုံးကွယ် ဝတ်စုံများနှင့် လျင်မြန်စွာ လူစုခွဲမှုအတွက် အထောက်အကူပစ္စည်းများကို အစားထိုး ဖြည့်ဆည်းပေးရန် လိုအပ်ပေမည်။

အနည်းဆုံး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတစ်လျှောက် ပေါင်းစပ်ညှိနှိုင်းပြီး၊ လာမည့်လများ အတွင်း အထူးသဖြင့် အချည်းနှီးဖြစ်မှုနှင့် ငွေကုန်ကြေးကျများသည့် လူနေထူထပ်သော နေရာများတွင် ကြိုးပမ်းတိုက်ခိုက်မှုများကို ရှောင်ရှားလျက်၊ ပီအေယူ၏ စစ်ဆင်ရေးများကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဗဟိုညှိနှိုင်းကွပ်ကဲရေးကော်မတီ (C3C) သို့မဟုတ် မဟာမိတ်EROs များက ညွှန်ကြားရမည်ဖြစ်ပြီး၊ အဓိကပစ်မှတ်အုပ်စု သုံးခုကို အကောင်းဆုံး အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

အလွယ်ကူဆုံး တွေ့မြင်နိုင်သည့် ပထမ ပစ်မှတ်အုပ်စုမှာ – ပုံမှန်အားဖြင့် လူအရေအတွက် နည်းပါးပြီး ထောက်ပံ့မှု အားနည်းသည့်၊ အစွန်အဖျားနေရာများတွင် အများအပြားရှိနေသည့် စစ်တပ် သို့မဟုတ် ပြည်သူ့စစ်များ စခန်းချရာ နေရာများ ဖြစ်ပါတယ်။ ထိုကဲ့သို့သော စခန်းများကို တိုက်ခိုက်မှုများမှာ အထူးသဖြင့် ကရင်နှင့် ကယား ပြည်နယ်များအတွင်း မုတ်သုံရာသီကုန်ဆုံးပြီးစတွင် စတင်ခဲ့ကြပြီး၊ ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း တို့တွင်လည်း သြဂုတ်လနှောင်းပိုင်းမှ စတင်ကာ ရက္ခိုင့်တပ်ဖွဲ့ (အေအေ) က စတင်ပိတ်ဆို့ထားကာ ပလက်ဝနှင့် မောင်တောမြို့နယ်များတွင် ဟနေသည့် စစ်တပ်နေရာများကို တစ်ခုချင်းသိမ်းယူလျက် ရှိပါတယ်။

သို့ရာတွင် ယနေ့အထိ ထိုကဲ့သို့သော စစ်ဆင်ရေးများကို၊ အထူးသဖြင့် လေကြောင်းစွမ်းအားတွင် စစ်အုပ်စု၏ တုံ့ပြန်နိုင်စွမ်းကို ပြန့်ကားသွားစေရန်အတွက်၊ အထူးအစီအစဉ်ချထားသော ပိုမိုကျယ်ပြန့်သည့် မဟာဗျူဟာအတွင်း ပေါင်းစည်းလုပ်ဆောင်မှုမျိုး မရှိသေးပေ။

ချေမှုန်းရေးစစ်ဆင်မှုများအား ပြန်လည်တွန်းလှန်ခံရသည့် နေရာများတွင် – ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လ လဆန်းပိုင်းများတွင် ထိုင်းနယ်စပ်အနီးရှိ ဥကရစ်ထ ကင်းစခန်းအား သိမ်းပိုက်ရန် ကရင်တပ်ဖွဲ့များ၏ အချိန်ကြာမြင့်စွာ ကြိုးပမ်းခဲ့မှုကဲ့သို့ပင် – လာရောက်တိုက်ခိုက်သူများအပေါ် ပြတ်ပြတ်သားသား ချိန်ခွင်လျှာညှိ အဆုံးအဖြတ်ပေးသည့် လေကြောင်းတိုက်ခိုက်မှု ရောက်ရှိမလာမီ၊ စခန်းအား အလျင်အမြန် ဝင်ရောက်စီးနင်းရန် လုံလောက်သည့် တပ်အင်အားစုဖွဲ့မှုတွင် ပျက်ကွက်မှုကြောင့် ဖြစ်ခဲ့ရခြင်း ဖြစ်ပါတယ်။

ဒုတိယပစ်မှတ်အုပ်စု အနေဖြင့်၊ လောင်စာဆီထောက်ပံ့ရေးစခန်းများ၊ ခဲယမ်းစက်ရုံများ၊ လေတပ်စခန်း များနှင့် လေ့ကျင့်ရေး စခန်းများစသည့် အဓိကကျသည့် စစ်ရေးအခြေခံ အဆောက်အအုံများကို ပစ်မှတ် ထားလျက် အင်အားအလုံးအရင်းဖြင့် အထူးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းမှုများပြုလုပ်ရန် ချေမှုန်းရေး တပ်ဖွဲ့များကို ကောင်းစွာ တပ်ဖြန့်ချထားရမှာ ဖြစ်ပါတယ်။

အစီအစဥ်ရေးဆွဲမှု၊ ကင်းထောက်မှုနှင့် ထောက်လှမ်းရေးတို့အား ထိပ်ဆုံးတွင် ထားရှိမှုနှင့်အတူ၊ အဆိုပါစီးနင်းမှုများအတွင်း ထိရောက်စွာ တိုက်ခိုက်မှုပြုနိုင်ရန် အမှောင်ထု၏ဖုံးလွှမ်းမှုကို အကောင်းဆုံး အသုံးချလျက်၊ သတ်မှတ်ထားသည့် ပစ်မှတ်များကို ဖျက်ဆီးကာ၊ မြေပြင်ကို ထိန်းချုပ်ထားရန် မကြိုးစားဘဲ ဆုတ်ခွာလာမှာ ဖြစ်ပါတယ်။

အဓိကကျသည့် လမ်းမကြီးများနှင့် မီးရထားလမ်းများတစ်လျှောက် စစ်ရေးလှုပ်ရှားမှုများက လက်ရှိ အာဏာရှင်အုပ်စု၏ အားနည်းချက်ရှိသည့် တတိယပစ်မှတ်အုပ်စု ဖြစ်ပါတယ်။ ဒေသခံ ပီဒီအက်ဖ်များက လိုအပ်ချက်အပေါ် အခြေခံလျက် လုပ်ဆောင်သည့် လက်လုပ်ဖောက်ခွဲရေးပစ္စည်း (အိုင်အီးဒီ) များကို အသုံးပြု၍ စစ်တပ်ယာဉ်တန်းများကို အနှောင့်အယှက်ပေးခြင်းမှာ၊ ၂၀၂၁ ခုနှစ် နှစ်လယ် အုံကြွမှု၏ အစောပိုင်းနေ့များကတည်းက အဓိကကျသည့် ခုခံတော်လှန်ရေး နည်းဗျူဟာ ဖြစ်လာခဲ့ပါတယ်။

ဆန့်ကျင်ကွဲပြားစွာပင်၊ လက်နက်ကောင်းစွာ တပ်ဆင်ထားသည့် ချေမှုန်းရေးတပ်ဖွဲ့များအား ဖြန့်ကျက်ချထားခြင်းသည် ယာဉ်တန်းများကို ဟန့်တားခြင်းနှင့် ဖျက်ဆီးခြင်းအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး၊ ဒုတိယအကျိုးအမြတ်အနေဖြင့် အလွန်အန္တရာယ်များသော အဝေးပြေးလမ်း လုံခြုံရေးကင်းစခန်းများတွင် စစ်အုပ်စု၏ တပ်ဖွဲ့များအား သေးငယ်သည့် အစုများအဖြစ် ချည်နှောင်ထားလိုက်ခြင်း ဖြစ်ပါတယ်။

တည်နေရာအပေါ်မူတည်လျက်၊ အဆိုပါ ခြုံခိုတိုက်ခိုက်မှုများက စတင်ထိတွေ့ချိန်နှင့် မီလ် အမ်အိုင်-၃၅ သို့မဟုတ် အသစ်ရရှိထားသည့် ကာမော့ဗ် ကေအေ-၂၉ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အနီးကပ် လေကြောင်းပံ့ပိုးမှု ရောက်ရှိလာသည့် အချိန်တို့အကြား၊ ၄၅ မိနစ်ခန့်ကြာသည့် အချိန်ကာလတစ်ခုကို အသုံးချနိုင်ရန် လိုအပ်ပါတယ်။

  • မျှခြေရှိသည့် စစ်ပွဲ

ရှေ့လာမည့်နှစ်အတွင်း ထိုးစစ်ဆင်မှုများက၊ စစ်တပ်ကို စနစ်တကျ ဖြန့်ကျက်ပြန့်ကားစေလျက် အားနည်းသွားစေမည့် သွယ်ဝိုက်သည့် နည်းဗျူဟာမှ၊ လူဦးရေထူထပ်သည့် ဗဟိုချက်နေရာများကို သိမ်းယူသည့် တိုက်ရိုက်နည်းဗျူဟာသို့ ပြောင်းလဲသွားနိုင်မည်လား ဆိုသည်ကို ကြိုတင်ခန့်မှန်းရန်မှာ မဖြစ်နိုင်လောက်ပေ။

လာမည့် ခြောက်သွေ့ရာသီအတွင်း အလွန်အမင်း အပြောင်းအလဲဖြစ်လွယ်သည့် အခြေအနေမျိုးအတွင်း၊ ဖြစ်နိုင်ခြေရှိသည့် ပြင်ပအချက်များကို ကိုးကားခြင်း မပြုသည့်တိုင်၊ ပဋိပက္ခ၏ နှစ်ဘက်စလုံးမှ အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေများအပေါ် မူတည်၍ ပြောင်းလဲနိုင်မှုက ဖြစ်နိုင်ခြေ ရှိပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတစ်လျှောက် စစ်ဆင်ရေး ညှိနှိုင်းဆောင်ရွက်မှုနှင့်၊ အထူးသဖြင့် လေကြောင်းရန် ကာကွယ်ရေးနှင့် ပတ်သက်သည့် စစ်ရေးစွမ်းရည်များ၏ အဆင့်ဆင့်ပြောင်းလဲမှု နှစ်ခု စလုံးက၊ စစ်အုပ်စုကို ဆန့်ကျင်သည့် အင်အားစုများအတွက် အဆုံးအဖြတ် ပေးလိမ့်မည် ဖြစ်ပါတယ်။ ဆက်သွယ်ရေး သွေးကြောများကို အဟန့်အတားပြုနိုင်သည့် ထိရောက်မှုကလည်း အရေးကြီးသည့်အခန်းမှ ပါဝင်နေလိမ့်မည်။

စကစ စစ်အုပ်စုအတွက်၊ အကျပ်အတည်းတွေ့နေသည့် မြေပြင်တပ်ဖွဲ့များ၏ အားနည်းချို့ယွင်းမှုရှိနေသည့် နေရာတွင် အစားထိုးဖြည့်ဆည်းပေးရန် မြန်မာလေတပ်အပေါ် အလျင်အမြန် ကြီးထွားလာနေသည့် တောင်းဆိုမှုများ၏ သက်ရောက်မှုက အဓိကကျသည့်အချက် ဖြစ်လာလိမ့်မည်။ လေယာဥ်များ၊ လေ့ကျင့် ထားသည့် လေယာဉ်မှူးများ၊ အပိုပစ္စည်းများ၊ ခဲယမ်းများ၊ လောင်စာဆီနှင့် အထူးသဖြင့် လုံခြုံသည့် လေယာဥ် အခြေစိုက်စခန်းများ အားလုံး ရရှိနိုင်မှု သို့မဟုတ် မရရှိနိုင်မှုတို့က အပြောင်းအလဲများအားလုံးကို ဖြစ်လာစေလိမ့်မည်။

သို့ရာတွင်၊ စစ်ပွဲက ၎င်း၏ ဆုံးဖြတ်နိုင်မှုအရှိဆုံး ဖြစ်နိုင်သည့် အဆင့်သို့ ရွေ့လျားနေသည်နှင့်အမျှ များသောအားဖြင့် လွှမ်းမိုးမှုရှိနေသည့် အချက်နှစ်ချက်တို့ အပေါ်တွင် ရလဒ်က တည်ရှိနေနိုင်ပါတယ်။ အန္တရာယ်များသည့် ဗမာလူမျိုးကြီးဝါဒ၏ အမွေဆိုးမှ စွန့်ခွာရန် NUG ၏ ယုံကြည်နိုင်လောက်သည့် နိုင်ငံရေးအရ စိတ်ဆန္ဒရှိမှုနှင့်၊ ရှုံးနိမ့်မှုကို ဖြစ်လာစေနိုင်သည့် အလျင်စလို အောင်ပွဲခံလိုမှုကို ရှောင်ရှားသည့် စစ်ရေးအစီအစဥ်တို့ ဖြစ်ပါတယ်။

Asia Time Website စာမျက်နှာမှာ ဖော်ပြတဲ့ ANTHONY DAVIS ၏ Myanmar’s NUG going for broke before its time ကို ဆီလျော်အောင် ရေးသားထားပါတယ်။

ဘာသာပြန် – ကံ့ကော်ဖြူ (ဖက်ဒရယ်ဂျာနယ် မြန်မာ)