• Today is: Friday, March 29, 2024

ရက္ခိုင်ဒေသအတွင်း အရပ်သား ပြည်သူများကို ဦးတည်ပြီး အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီ၏ လုပ်ရပ်များကို ပြန်လည် တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

ထုတ်ပြန်ချက် – AA

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၇

ရက္ခိုင်ဒေသအတွင်း အရပ်သား ပြည်သူများကို ဦးတည်ပြီး အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီ၏ စစ်ရာဝတ်မှုများ ထပ်မံကျူးလွန်နေတဲ့ လုပ်ရပ် များကို မဖြစ်မနေ ပြန်လည်တုံ့ပြန်သွား မည်လို့ AA သတင်းထုတ်ပြန်ပါတယ်။

 

ရက္ခိုင်ပြည်အတွင်း မြေပြင်တိုက်ပွဲများ၌ အထိအခိုက်၊ အကျအဆုံးများပြီး အဖက်ဖက်တွင် ယိုယွင်းပျက်စီး နေသော စိတ်ဓာတ်ပျက်ပြားနေသည့် စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်တဲ့ ကျေးရွာများ၊ လူနေအိမ်များကို ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်လေယာဉ် များနှင့် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတိုကို နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိတာပါ။

 

ထိုအပြင် စစ်ပွဲအတွင်း လိုက်နာရမည့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်၍ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကိုပါ နေ့စဉ်ရက်ဆက် ပြောင်ပြောင် တင်းတင်း ကျူးလွန်ဖောက်ဖျက်လျက်ရှိတယ်လို့ AA က ထောက်ပြပါတယ်။

 

အဲဒီ စစ်ရာဇဝတ်မှုများဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နေ့လယ် (၁၂) နာရီ (၅၀) မိနစ်တွင် မောင်တောမြိုနယ်၊ လောင်းဒုံ(အုပ်စု)၊ ဂြစ်ချောင်းကျေးရွာအတွင်း၌ အရပ်သားပြည်သူများမှ ကလေး ကင်ပွန်းတပ်ပွဲကျင်းပနေစဉ်အတွင်း စစ်ကောင်စီ၏ မောင်တောမြိုနယ် နခခ(၇)မှ လက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ပွဲအတွင်းမှ ကလေးငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူ (၁၁) ဦး အစုလိုက် အပြုံလိုက်သေဆုံးခဲ့ပြီး၊ (၂၀) ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

 

အလားတူ အတူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၁) နာရီ၊ (၃၀) မိနစ်တွင်လည်း စစ်ကောင်စီ၏ ကျောက်တော်မြို၊ ကန်စောက်အခြေစိုက် ခမရ(၅၃၉) တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက် လိုက်သော လက်နက်ကြီး ကျည်ဆံသည် ကျောက်တော်မြိုနယ်၊ ချောင်းတူကျေးရွားအတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၅၀) အရွယ် အရပ်သားပြည်သူ (၃) ဦးသေဆုံးပြီး၊ အခြား (၃) ဦးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တာပါ။

 

စစ်ကောင်စီဟာ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျှ မရှိပါဘဲ အပြစ်မဲ့ပြည်သူများ၊ ရပ်ရွာများရှိရာသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဟာ ရက္ခိုင်ဒေသ၌သာမက မြန်မာပြည်အနှံ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ပိုမိုကျယ်ပြန့်စွာ ကျူးလွန်လျက်ရှိတာကို တွေ့မြင် ရပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄၊ ၁၅ ရက်တွေမှာလည်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ခမရ (၃၄၄) တပ်ရင်းနှင့် စစ်ကောင်စီ၏ ဘုရားတောင်ကုန်း၌ တပ်စွဲထားသော တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၁၀) နှင့် ဘူးသီးတောင်အခြေစိုက် စကခ (၁၅) တို့က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လိုက်တာကြောင့် ပုဏ္ဏားကျွန်းမြိုနယ်၊ ကွမ်းတောင်ကျေးရွာမှ အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီး စထိမှန်၍ ဒဏ်ရာရရှိခဲ့သလို ဘူးသီးတောင်မြိုနယ်၊ တင်ဆက်/သရက်တောင်(မူဆလင်) ကျေးရွာ၊ နပျိုးချောင်းကျေးရွာနှင့် အနီအနားရှိကျေးရွာများအား တစ်နေ့လုံး နီးပါး မရပ်မနားအဆက်မပြတ် တောက်လျှောက် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာများရှိလူနေ အိမ်တချို ပျက်ဆီးဆုံးရှုးခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုအပြင် စစ်ကောင်စီတပ်ဟာ စစ်သုံးသင်္ဘောများပေါ်မှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ AA တပ်စခန်းများရှိရာ နေရာများကိုသာမက ရပ်ရွာများသို့ နေ့ရောညပါ တိုက်ခိုက်နေခဲ့သည်မှာလည်း နေ့စဉ်နေ့တိုင်းပင် ဖြစ်နေပြီလို့ ဆိုပါတယ်။

 

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူလူထု သေဆုံး၊ ဒဏ်ရာရရှိသည့် အရေအတွက်ဟာ နေ့တိုင်းနီးပါး မြင့်တက်လျက်ရှိနေတာပါ။

 

ယခုလို မတရားသဖြင့် အသက်သေဆုံးသွားသော ပြည်သူများအတွက် မိသားစုဝင်များနှင့် ထပ်တူ ခံပြင်းဝမ်းနည်းရတယ်လို့ ထုတ်ပြန်ထားသလို ယခုကဲ့သို့ ပြည်သူလူထုများအပေါ် ဆန့်ကျင်ကျူးလွန် သော စစ်ရာဇဝတ်မှုများတွင် ပါဝင်ကျူးလွန်သူများကို မဖြစ်မနေ လက်စားချေသွားမည်လို့ ရခိုင့်တပ်တော်(AA) ပြည်သူများအား အသိပေးထုတ်ပြန်ထားပါတယ်။