• Today is: Friday, April 19, 2024

လားရှိုးမြို့နယ်၊ နမ့်ပုံကျေးရွာမှာ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

The KoKang – ထုတ်ပြန်ချက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ထဲက နမ့်ပုံကျေးရွာအနီးမှာ ကိုးကန့်(MNDAA)တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကိုးကန့် The Kokang သတင်းဌာနက သတင်းထုတ် ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက် ၇ နာရီ ၄၆ မိနစ်အချိန်ခန့်က နမ့်ပုံကျေးရွာမှာ တပ်စွဲထားပြီး တရုတ်နတ်ကျောင်းနှင့် ဂွမ်းပေါက်ရွာအနီးတစ်ဝှက်မှာ စစ်ဆေးရေး ဂိတ်ချကာ လှုပ်ရှားနေတဲ့ အင်အား(၇၀) ခန့် ရှိတဲ့ နမ့်ပုံ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်ရင်း(၂၉၁) ၊ ပန်းမော်အခြေစိုက် သောတပ်ရင်း (၁၃၆) နှင့် မန်ပန် ပြည်သူစစ် အဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့တို့နဲ့ မြန်မာ အမျိုးသား ဒီမိုကရက် တစ်မဟာ မိတ် တပ်မတော် ကိုးကန့်(MNDAA) လှည့်ကင်းအဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ တာပါ။

အဲဒီနှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကိုးကန့်(MNDAA)၏ တိုက်ခိုက်လာနိုင်တယ်ဆိုတာ ကြိုသိရှိထားပုံရတာကြောင့် ၎င်းတို့၏ ယာယီတပ်စခန်းကို နိုင်ဝင်ဘာ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့် ကတည်းက ခံတပ်များ အပြီးပြုလုပ်ထားခဲ့ကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်း ၆ နာရီခန့် စစ်ကောင်စီဘက်က အင်အား(၇၀)ခန့်ဖြင့် ကိုးကန့် (MNDAA)တပ်ဖွဲ့ နယ်မြေထဲကို ကျူးကျော်လာနိုင်ဖို့ ပြင်ဆင်မှုရှိခဲ့တာပါ။ မနက်ပိုင်း ၇ နာရီ ၄၆ မိနစ်အချိန်ခန့်မှာတော့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့ဟာ ကိုးကန့် (MNDAA) ခံစစ်ဇုန် နယ်မြေထဲသို့ ဝင်ရောက်လာတာကြောင့် ကိုးကန့်တပ်ဖွဲ့က အသင့်ပြင်ဆင်ထားတဲ့ မိုင်းများဖြင့် ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းဖြင့် ဖောက်ခွဲခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ဟာ ၁၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့သလို မိနစ်တချို့ကြာအောင် နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီနှစ်ဖက် တိုက်ပွဲဟာ နိုဝင်ဘာ ၁၆ ရက်နေ့ထိ ကူးဆက်သွားပြီး လူအင်အား(၁၅၀)ခန့်ဖြင့် စစ်ကောင်စီ စကခ(၁၆)လက်‌အောက်ခံ တပ်ရင်း(၂၉၁)က နမ့်ပုံဒေသကို စစ်အင်အားပြန်လည် ဖြည့်တင်းလာတယ်လို့ ဆိုပါတယ်။

စစ်အင်အားပြန်လည် ဖြည့်တင်းလာတဲ့ စခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကို နိုဝင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်း ၃ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ တပ်ခွဲမှူးဦးဆောင်တဲ့ ကိုးကန့်(MNDAA) တပ်ဖွဲ့တို့က သွားရောက် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်မှ တစ်ဦးကျဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့သလို စစ်ကောင်စီ တပ်စခန်းရှိ အဆောင်တစ်ဆောင်ကိုလည်း ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ မွန်းတည့် အချိန်ခန့်မှာတော့ စစ်ကောင်စီ ကင်းထောက် စစ်လေယာဉ်နှစ်စီးဟာ နမ့်ပုံဒေသကို ကင်းလှည့်စောင့်ကြည့်သွားခဲ့တယ်လို့ ဆိုပါတယ်။

ယမန့်နေ့ နိုဝင်ဘာ (၁၆)ရက်နေ့ကလည်း အထူးဒေသ(၁) မုံးကိုးခရိုင် မန်းရန်ဒေသတပ်စွဲနေတဲ့ စစ်ကောင်စီ ကာကွယ်ရေးစခန်းကို တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း(၁၀၉) အင်အား ၈၀ ခန့်ဖြင့် တပ်စခန်း အပြောင်းအရွေ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တပ်စခန်းပြောင်းရွေ့လာတဲ့ စစ်ကြောင်းဟာ စစ်ကားယဉ်တန်းများဖြင့် မုံးကိုးဒေသသို့ စစ်ကြောင်းထိုးလာနိုင်သည်ဟု သတင်းရရှိခဲ့ပြီး မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်မှာတော့ ကိုးကန့်(MNDAA) တပ်ဖွဲ့ဟာ ရွှေတြိဂံလမ်းမပေါ်၌ စစ်ကောင်စီ စစ်ယဉ်တန်းများကို ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပိတ်စို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ စစ်ယဉ်တစ်စီး ပစ်ခတ်ဖျက်စီးခံရပြီး စစ်သားအနည်းဆုံး ၃ ဦး ထိခိုက်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ လဆန်းပိုင်းက လားရှိုးမြို့ဝန်းကျင်မှာ လည်းစစ်ကောင်စီနှင့် ကိုးကန့်(MNDAA)တပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ကိုးကန့်(MNDAA)ဘက်မှ ၁ ဦးဒဏ်ရာရရှိပြီး စစ်ကောင် စီဘက်မှ ၂ ဦးသေဆုံး ၆ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။