• Today is: Thursday, March 28, 2024

လက်ရှိ နွေဦးတော်လှန်ရေးဟာ တော်လှန်ရေးအတွက် အင်အားဖြစ်စေတဲ့ အစိတ်အပိုင်းတစ်ခုလို့ RCSS ပြော

ဓါတ်ပုံ – Tai Freedom

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၆

လက်ရှိ နွေဦးတော်လှန်ရေးဟာ တော်လှန်ရေးအတွက် အင်အားဖြစ်စေတဲ့ အစိတ်အပိုင်းတစ်ခုလို့ မြင်ပါတယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေး အထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တစ်ဖွဲ့တစ်ပါတီတည်းက ဖြေရှင်းနိုင်မှာ မဟုတ်သလို ပါဝင်သင့်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ဖြေရှင်းဖို့ လိုတယ်လို့လည်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးက ပြောပါတယ်။

“အဓိက နိုင်ငံရေးပြဿနာကတော့ ပင်လုံကတိကဝတ်ကို အခြေခံတာပေါ့နော်။ လက်ရှိ နိုင်ငံရေးပြဿနာ တွေကို  တစ်ဖွဲ့ တစ်ပါတီတည်းက ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး၊ နိုင်ငံရေးပါတီ အားလုံး၊ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး၊ ရွေးကောက်ပွဲပါတီတွေ ပေါင်းစုံနဲ့ တွေ့ဆုံပြီး ဆွေးနွေးမှသာ အကျပ် အတည်းကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ဒါ့ပြင် နိုင်ငံတကာက လည်း ဝိုင်းဝန်းကြားဝင်ညှိနှိုင်းဖို့ လိုသလို၊ NCA ကိုအခြေပြုပြီး လက်မှတ် ထိုးထားတဲ့ အဖွဲ့အစည်းတွေ၊ လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်း တွေအနေနဲ့ အားလုံး တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာဖို့ လိုပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးကလည်း တော်လှန်ရေးအတွက် အင်အားဖြစ်စေတဲ့ အစိတ်အပိုင်း တစ်ခုလို့လည်း မြင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အလားတူ စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင်၊ တွေ့သင့် တွေ့ထိုက်သူ များကို တွေ့ဆုံနွေးနွေးဖို့လိုသလို အတိုက်အခံအင်အားစုများဘက်ကလည်း စစ်ကောင်စီနဲ့ တွေ့ဆုံဖို့ လိုတယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးက ဆက်ပြောပါတယ်။

“လက်ရှိမှာ နိုင်ငံတော် အာဏာရရှိထားတယ်လို့ ယူဆရတဲ့ စကစ အနေနဲ့ တိုင်းရင်းသား နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့သင့်တွေ့ထိုက်တဲ့ အဖွဲ့အစည်း များ အားလုံးကို တွေ့ဆုံဆွေးနွေးကြဖို့ လိုပါတယ်။ နောက်တနည်းကတော့ အားလုံးစုစည်း ပြီးတော့ စကစနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။ နောက် တဆင့်အနေနဲ့ နိုင်ငံတကာနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်းပံ့ပိုး ပေးဖို့လိုပါတယ်။ နောက်ဆုံးအဆင့်ကမှ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပသင့်ရင် ကျင်းပဖို့ လိုပါတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဟာ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂ ကြိမ်တိုင် သွားရောက်တွေ့ဆုံထားတဲ့အဖွဲ့ဖြစ်သလို၊ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း အားလုံးဖြင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့တဲ့ အောက် တိုဘာ ၁၀ ရက်နေ့က  ကြေညာချက် ထုတ်ပြန်ထားပါတယ်။