• Today is: Thursday, March 28, 2024

ရွှေကျင်မြို့ပေါ်ရပ်ကွက် (၂) ခု နှင့် မြို့အနီးရွာ (၁) ရွာ စုစုပေါင်း (၃)နေရာကို ဒေသခံ များကို စစ်ကောင်စီက ဖယ်ရှားခိုင်း၊ ပြင်းထန်တဲ့ စစ်ကြောင်း ထိုးလာနိုင်တယ်လို့ ဆို

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၃

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင် ခရိုင် တပ်မဟာ (၃)၊ ရွှေကျင် မြို့စွန်နားက ‌ခြေတော်ရာ၊ ကျွဲတဲနှင့် ကျွဲတဲ (ကွက်သစ်) စုစုပေါင်း ၃ နေရာက ဒေသခံတွေကို ရွှေ့ပြောင်းပေးဖို့ စစ်ကောင်စီဘက်က ပြောဆိုလာမှု တွေရှိနေ တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဘောကထာ၊ သံဆိပ်၊ တုံးတံတားတိုက်ပွဲအပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ စီစဉ်နေတာ ကြောင့် စစ်ကြောင်းထိုးချိန် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ဆိုကာ ယာယီရွှေ့ပြောင်းထားပေးကြဖို့ ရဲနဲ့အုပ်ချုပ်ရေး အဖွဲ့တွေက လိုက်လံပြောဆိုခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရွှေကျင်-သံဆိပ်-ဘောကထာ ကားလမ်းဘေးကရွာတွေကို ယာယီရွှေ့ပြောင်းထားဖို့ ပြောတာက နိုဝင်ဘာ (၁၄) ရက်နေ့ ကတည်းကပါ၊ ကျွဲတဲကွက်သစ်နဲ့ ခြေတော်ရာ (ရှမ်းရွာ) ကိုတော့ (၂၁-၁၁-၂၀၂၂) နေ့က ထပ်ပြီးပြောပါတယ်၊ သူတို့စစ်ကြောင်းထိုးလာရင်မလွတ်ဘူး ထိခိုက်မှုတွေရှိလာရင် တာဝန်မယူ နိုင်ဘူး၊ ကြိုတင်ရှောင်ထားဖို့ဆိုပြီး သတိပေးလာတာပါ၊ သတိပေးတယ်ဆိုပေမဲ့ တရားဝင်မဟုတ်ပါဘူး၊ သူတို့နဲ့ နီးစပ်တဲ့လူတွေကိုပဲရွေးပြီးသတိပေးသလိုမျိုးပြောတာပါ၊ ချက်ချင်းကြီးပြောင်းရွေ့ဖို့ဆိုတာကလဲ မဖြစ်နိုင် သေးလို့ အခြေအနေကြည့်ပြီးပဲ နေကြရတယ်”ဟု ဒေသခံတစ်ဦးက ပြောပြတယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ရွှေကျင်မြို့ပေါ်ရပ်ကွက်တွေမှာ ထားစရာမရှိလို့ လမ်းပေါ်ညအိပ်ထားတဲ့ကားတွေကို အခြားလွတ်တဲ့ နေရာတွေမှာ ရွှေ့ပြောင်းထားဖို့နဲ့ စစ်ကောင်စီတပ်တွေက ချောဆွဲပါက တာဝန်မယူနိုင်ဘူးလို့ လိုက်လံပြောဆို တာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ရွှေ့ခိုင်းတဲ့ ရပ်ကွက် (၃) ခုမှာတော့ ဒေသခံ ပြည်သူ (၅၀၀၀) ကျော် နေထိုင်တဲ့ ရပ်ကွက်တွေဖြစ်ပြီး နိုဝင်ဘာလ (၂၁) ရက်နေ့ထိတော့ ဒေသခံအများစုကတော့ ရွှေ့ပြောင်း မသွားကြ သေးပါဘူး၊ ဒါပေမယ့် ဒေသခံတွေကတော့ စစ်ကောင်စီ၏ အခုလို လာရောက်ပြော ဆိုထားတာကြောင့် မတည်မငြိမ်ဖြစ်နေရပြီး စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။