• Today is: Friday, April 19, 2024

ဘိတ်ထား၀ယ်ခရိုင်မှာ ကရင်ပူးပေါင်းအဖွဲ့နဲ့စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ ၄၆ ဦးသေဆုံး၊ ကရင်ပူးပေါင်းတပ်ဖွဲ့  ၂ ဦးကျဆုံး

ဓါတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နို၀င်ဘာ ၂၆

ကော်သူးလေအုပ်ချုပ်နယ်မြေ ဘိတ်ထား၀ယ်ခရိုင် တပ်မဟာ (၄) နယ်မြေများအတွင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့်ပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား နိုဝင်ဘာ ၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိတွေ့ တိုက်ပွဲပေါင်း ၃၀ ကြိမ်ထက် မနည်း တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးပြီး၊ ၂၆ ဦး ဒဏ်ရာရရှိခဲ့သလို ကရင်ပူးပေါင်း တပ်ဖွဲ့မှလည်း ၂ ဦးကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။  

အဲဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့များဖြစ်တဲ့ ဘိတ်ထား၀ယ်ခရိုင်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ၏ တပ်ရင်းများအပါအဝင် လက်အောက်ခံတပ်များဖြစ်တဲ့ (ခလရ-၂၂၄ ခမရ-၅၅၉ ခမရ-၅၆၀ ခမရ-၂၈၁ ခမရ-၅၅၇ ခမရ-၅၅၈ ခမရ-၅၆၁) တို့နှင့် တပ်ရင်းအမည်မသိ သေးသော အခြား စစ်ကောင်စီ တပ်ရင်းများနဲ့ တိုက်ပွဲ ဖြစ်ပွားနေတာပါ။

ကရင်ပူးပေါင်းတပ်ဖွဲ့များကတော့ ဘိတ်ထား၀ယ် ခရိုင် တပ်မဟာ (၄) လယ်ကဆော မြို့နယ် KNLA တပ်ရင်း (၂၀၃)၊ လယ်မူလား မြို့နယ် KNDO တပ်ရင်း (၇)၊ ကစယ်ဒိုမြို့နယ် KNLA တပ်ရင်း (၁၂)တို့ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကော်သူးလေအုပ်ချုပ်နယ်မြေ ဘိတ်ထား၀ယ်ခရိုင် တပ်မဟာ (၄) နယ်မြေများအတွင်းတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစပြီး နို၀င်ဘာလ (၁၆) ရက်နေ့ အထိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲကြီး တိုက်ပွဲ ငယ်ပေါင်း (၁၂၃) ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များမှ (၂၄၆) ဦး သေဆုံးကာ (၂၃၉) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ဖွဲ့ဝင်များကတော့ (၁၄) ဦး ကျဆုံးမှုရှိခဲ့ကြပြီး (၇) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြတာပါ။