• Today is: Thursday, February 2, 2023

မြန်မာပြည်နှင့် ဖက်ဒရယ်အကြောင်း တစေ့တစောင်း

မြန်မာပြည်နှင့် ဖက်ဒရယ်အကြောင်း တစေ့တစောင်း

  • စည်းနရီ

“နိုင်ငံတနိုင်ငံဟူသည် မှီတင်းနေထိုင်သော လူထုကိုအခြေခံကာ တည်ဆောက်ရသည်”ဟူသော အတွေးဒဿနသည် ပြန်လည်ဆွေးနွေးစရာမလိုတော့အောင် အခြေကျပြီးသား အတွေးပင်ဖြစ်သည်ဟု ရှုမြင်ပါသည်။ ထို့အတွက်ကြောင့် လူထုကို အခြေခံကာ နိုင်ငံကို တည်ဆောက်ခြင်းသည် မည်သို့မည်ပုံ ရှိသနည်းဟု ဆက်လက်ဆွေးနွေးရမည် ဖြစ်ပါသည်။

“လူထု” ဟူသည် တလုံးတစည်းတည်း ဖြစ်သောသဘာဝကို ဖော်ပြသလို သီးခြားဖြစ်သော သဘာဝကိုလည်း ဖော်ပြသည်။ ဆိုလိုသည်မှာ လူထုတခု၊ လူထုအများဟု ခွဲပြနိုင်သည်။ ဥပမာ အမေရိကန် လူထုနှင့် ဂျပန်လူထုသည် မတူညီသော လူထုများဖြစ်သည်။ နိုင်ငံရေးအရ စကားပြောလျှင် မတူညီသော နိုင်ငံရေးလူထု၊ တနည်းဆိုသော “အမျိုးသားလူထု”ကို အခြေခံကာ စဉ်းစားရမည်ဖြစ်သည်။ အမျိုးသားလူထု တရပ်သည် သမိုင်းတူ၊ ဘာသာစကား ဆင်တူ၊ ဘဝရပ်တည်မှု ဆင်တူကာ တူတူနေလိုသော လူထုတရပ်ပင် ဖြစ်သည်။

နိုင်ငံတရပ်ကို စုဖွဲ့ပါလျှင် အကြမ်းအဖျင်းအားဖြင့် နိုင်ငံတွင်းရှိပြည်သူတိုင်းသည် နိုင်ငံရေးအဖွဲ့ဝင် ဖြစ်တည်မှု (Political membership) ရရှိပြီးသားပင် ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံနှင့် သမ္မတနိုင်ငံများမှ ပြည်သူများသည် နိုင်ငံ၏ အရေးအရာများတွင် ပါဝင်လုပ်ဆောင်ခွင့် ရရှိကြသည်။ နိုင်ငံများကို အစိုးရများက ဦးစီးကြသည်။ အစိုးရဟူသည် လူထုအရေးအရာများကို စီမံခန့်ခွဲရန် တရားဝင်အင်အားသုံးခွင့် (Legitimate violence) ရှိသော အစုအဖွဲ့ဖြစ်သည်ဟု မှတ်ယူနိုင်သည်။

ထို့ကြောင့် ပြည်သူများနှင့် နီးစပ်သော၊ နားလည်နိုင်သော အစိုးရထံမှသာ ကောင်းမွန်သောအုပ်ချုပ်မှု ရရှိနိုင်သည်။ နိုင်ငံတွင် တရားဝင်အစိုးရ တစ်ရပ်တည်းက အရေးအရာအဝဝကို စိုးမိုးချုပ်ကိုင်သော တပြည်ထောင်နိုင်ငံများရှိသလို၊ ဖက်ဒရယ်ကဲ့သို့ အစိုးရတရပ်ထက်မကရှိသော နိုင်ငံများလည်း ရှိသည်။ မြန်မာနိုင်ငံတွင်တော့ ဖက်ဒရယ်စနစ် တည်ဆောက်မည်ဟု အားလုံးက သဘောတူမျှပြီး ဖြစ်သည်ဟု အကြမ်းအားဖြင့် မှတ်ယူရပါသည်။

ဖက်ဒရယ်အကြောင်း ပြောဆိုဆွေးနွေးကြသည့်အခါတွင် ဖက်ဒရယ်စနစ်၏ အခြေခံတည်ဆောက်မှု ပုံစံအပေါ် အမြင်အမျိုးမျိုး ရှိတတ်ကြသည်။ နိုင်ငံရေးဂုဏ်သိက္ခာနှင့် ဒဿနကို အခြေခံစဉ်းစားသော ဖက်ဒရယ်ပုံစံနှင့် စီမံအုပ်ချုပ်ရေးရှုထောင့်ကို အသားပေးစဉ်းစားသော ဖက်ဒရယ်စနစ် နှစ်မျိုးကို မြင်ရသည်။

ဖက်ဒရယ် နှင့် ကွန်ဖက်ဒရယ်နှစ်မျိုးလုံးသည် “foedus” ဆိုသောစကားလုံးမှမူရင်းဆင်းသက်လာကာ “ချုပ်ဆိုခြင်း၊ သဘောတူခြင်း” ဟူသော ဆိုလိုရင်းရှိသည်။ မူရင်းသုံးစွဲမှ ကွဲပြားသောအသုံးအနှုန်းများကို ၁၈ ရာစုတွင် စ‌တင်တွေ့ရှိလာရပြီး အချုပ်အခြာအာဏာပိုင် အစိုးရအချင်းချင်း ချုပ်ဆိုသောစာချုပ်များသဘောကို ဖော်ညွှန်းခဲ့ကြသည်။ ထို့ကြောင့် ဖက်ဒရယ်၊ ကွန်ဖက်ဒရယ်ဆိုသောစကားသည် စတင်သုံးစွဲရာကာလများက အဓိပ္ပာယ်ကွာခြားမှု မရှိခဲ့လှချေ။

ဖက်ဒရယ်၏ စံနမူနာတခုဖြစ်သော အမေရိကန်ပြည်ထောင်စု၏ စုဖွဲ့မှုပုံစံတွင်ပင် ဖက်ဒရယ်စုဖွဲ့မှု ဆိုင်ရာ သဘောတရားယူဆချက်သည် ပြောင်းလဲမှုရှိခဲ့သည်။ ဗြိတိသျှလက်အောက်မှ လွတ်မြောက်ရန် တော်လှန်ရာတွင် အမေရိကတိုက်တွင်ရှိသော ကိုလိုနီနယ်မြေများမှ လွတ်လပ်ရေးကြေညာကြကာ ပြည်နယ်များအဖြစ်စုစည်းလိုက်ကြပြီး ကွန်ဖက်ဒရယ်အဖြစ် စတင်ဖွဲ့စည်းသည်။

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဖခင်တဦးဖြစ်သူ ဂျိမ်းမဒီဆင်က ဖက်ဒရယ်လစ်စာစောင် ၃၉ တွင် အမေရိကန် ဖွဲ့စည်းပုံသည် “အမျိုးသားဖွဲ့စည်းပုံကော၊ ဖက်ဒရယ်ဖွဲ့စည်းပုံပါမဟုတ်ပဲ၊ ရောပြွမ်းသော စနစ်ဖြစ်သည်”ဟု ဆိုခဲ့သည်။

အမေရိကန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ နှင့် ဆွစ်ဇာလန်ကဲ့သို့သော နိုင်ငံများသည် အတူတကွစုပေါင်းလာကြသည့် လွတ်လပ်သော တိုင်းပြည်ထောင်နိုင်ငံများစုစည်းမှုဖြစ်ပြီး Coming Together ပြည်ထောင်စုများဖြစ်သည်။ Coming Together စနစ်တွင် ဗဟိုအစိုးရသည် ပြည်နယ်များထက် ကြီးမားစွာလွန်ကဲသောအာဏာ မရှိလှချေ။ မတူညီသော နိုင်ငံရေးစုဖွဲ့မှုရှိသည့် လူထုတိုင်းသည် ကံကြမ္မာကို မိမိတို့ ပိုင်သည်ဟူသော အမြင်အခြေခံရှိတတ်ကြသည်။

ထိုစနစ်နှင့် ကွဲပြားသည်မှာ အာဏာကို စုစည်းချုပ်ကိုင်သောပြည်ထောင်စု Holding Together စနစ် ဖြစ်သည်။ စပိန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ စသောနိုင်ငံတို့မှာမူ တခုတည်းသောနိုင်ငံမှ နယ်မြေဒေသများခွဲဝေကာ သင့်တော်သလို အုပ်ချုပ်စေသည့်စနစ်ဖြစ်သည်။

အတူစုကိုင်ထားသည့် အချုပ်အခြာအာဏာမှ ဝေစုပေးသည့် Holding Together စနစ်ပုံစံဖြစ်သည်။ ယင်းစနစ်တွင်မူ အချုပ်အခြာအာဏာကို ဗဟိုအစိုးရက ချုပ်ကိုင်ထားသည်။ အချို့စာပေများက Putting Together Federation ဆိုသည့် နိုင်သူကတည်ဆောက်သည့် ဖက်ဒရယ်စနစ်ကိုလည်း ဖော်ပြသည်။

ထိုစနစ်တွင် အနိုင်ရသူနိုင်ငံရေးအုပ်စုက သူတို့သဘောကျ ချပေးသတ်မှတ်ကာ တည်ဆောက်သည့်ပုံစံလည်း ဖြစ်သည်။ နမူနာအားဖြင့် မပြိုကွဲမီ ဆိုဗီယက်ယူနီယံသည် လူမျိုးစုများဘာသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားသည့် Putting Together ပုံစံဖြစ်သည်။ ထို့ပြင် အီသီယိုးပီးယားသည်လည်း Tigray People’s Liberation Front (TPLF) အစိုးရလက်အောက်တွင် ထိုသဘောပင် ဖြစ်သည်။

ဖက်ဒရယ်ယူနစ်တည်ဆောက်ပုံအရလည်း ဖက်ဒရယ်စနစ်ကို နယ်မြေအခြေပြု၊ လူမျိုးစုအခြေပြုနှင့် ရောပြွမ်းသောစနစ်အဖြစ် မြင်ကြသည်။ နယ်မြေကို အခြေပြုသောဖက်ဒရယ်စနစ်မှာမူ ပထဝီဝင်အနေအထားကို အခြေခံကာ ဖက်ဒရယ်ယူနစ်များကို သတ်မှတ်သည့် သဘောဖြစ်သည်။

အမေရိကန်နိုင်ငံကို ပထဝီဝင်အခြေပြု ဖက်ဒရယ်စနစ်ဟု ပြောဆိုခြင်းသည် နားလည်မှုကို ရှုပ်ထွေးစေရန်အကြောင်းဖြစ်စေနိုင်သည်။ လက်ရှိအမေရိကန်ပြည်ထောင်စု၏ ပြည်နယ်ပေါင်း ၅၀ သည် လွတ်လပ်စွာစုဖွဲ့ကြပြီး ကိုယ့်ဖွဲ့စည်းပုံနှင့် ကိုယ်ရပ်တည်သော ပြည်နယ်များဖြစ်သည်သာမက၊ သမိုင်းအရ မူလကနဦး တည်ထောင်ခဲ့သည် ကိုလိုနီယူနစ် ၁၃ ပြည်နယ်သည် လွတ်လပ်ရေးကို ကြေငြာထားခဲ့ပြီးမှ စုပေါင်းကြသည့် အချုပ်အခြာအာဏာပိုင် (Sovereign) ပြည်များ ဖြစ်ကြသည်။

အချင်းချင်းသံရုံးဆက်ဆံရေးပင် ထားရှိခဲ့ကြသည်။ နိုင်ငံကြီးတစ်နိုင်ငံအောက်မှ သင့်တော်သလိုခွဲခြားအုပ်ချုပ်ခြင်း မဟုတ်ပေ။ ပြည်ထောင်များမှ သဘောတူစုပေါင်း၍သာ ကွန်ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာသည်ဟု ဖော်ပြပါက ပိုမိုနီးစပ်ပါသည်။ အမေရိကန်ပြည်ထောင်စုမှ ပြည်နယ်တခုသည် မိမိသဘောတခုတည်းအရ ခွဲထွက်ခွင့်မရှိသော်လည်း သမိုင်းအရ အမေရိကန်ပြည်ထောင်စုသည် Coming Together စနစ်ဖြစ်ပါသည်။

အတူတကွစုပေါင်းသည့် ပြည်ထောင်စုစနစ် Coming Together Federalism တွင် မတူညီသော နိုင်ငံရေးစုဖွဲ့မှုများမှ ဘုံသဘောတူညီချက်ဖြင့် စုပေါင်းလာခြင်းဖြစ်သည်။ ယင်းစနစ်တွင် ဗဟိုအစိုးရ၊ အထက်အစိုးရ ဟူသည်မရှိပါ။

ပြည်နယ်အစိုးရနှင့် ဖက်ဒရယ်အစိုးရသည် သဘာဝမတူသော်လည်း အဆင့်အတန်းတူရပါသည်။ အတူတူ စုပေါင်းလာသည့်အတွက် လုံခြုံရေး၊ စီးပွားရေးပြဿနာများကို ဖြေရှင်းနိုင်မည်ဟူသည့် အမြင်ဖြင့် စုပေါင်းကြခြင်းဖြစ်သည်။ ပထဝီအခြေပြုဖက်ဒရယ်နှင့် လူမျိုးအခြေပြု ဖက်ဒရယ်ဟူသည် တစ်နိုင်ငံကို ခွဲခြမ်းစိတ်ဖြာသည့် Holding Together စနစ် အသုံးအနှုန်းများသာဖြစ်သည်။

မြန်မာနိုင်ငံသည် သမိုင်း၊ ယဉ်ကျေးမှု၊ လူနေမှု၊ နိုင်ငံရေးစုဖွဲမှု မတူညီသောလူထု “Nations” များဖြင့် စုဖွဲသောနိုင်ငံဖြစ်သည်။ သီးခြားဖြစ်သော နိုင်ငံရေးယူနစ် (Political Units) များဖြင့်လည်း သမိုင်းစဉ်ဆက် ရပ်တည်ခဲ့ကြသည်။

ထိုကဲ့သိုသော နိုင်ငံကို တပြည်ထောင်၊ တနိုင်ငံမှ နယ်မြေပိုင်းခြားပေးသော Holding together စနစ်မျိုး အသုံးပြုမည်လား၊ သီးခြားဖြစ်သော အမျိုးသားလူထုများမှ ပူးပေါင်းလာကြသည့် Coming Together သမိုင်းအခြေပြုနိုင်ငံတည်မည်လား၊ နိုင်ငံရေးယူနစ် (ဖက်ဒရယ်ယူနစ်) ဘယ်နှခုရှိမည်လဲ ဆိုတာ တွေကိုတော့ သဘောတူညီမှုရရန် ဆွေးနွေးကြရပါဦးမည်။