• Today is: Thursday, February 2, 2023

သူ့အတွေး၊ သူ့အမြင် l ရွေးကောက်ပွဲဖြစ်မှာလား

ရွေးကောက်ပွဲဖြစ်မှာလား

  • ဝင်းမျိုးသူ

လာမဲ့ ဒီဇင်ဘာ၊ ဇန္နဝါရီ ၂ လကုန်ရင် SAC သက်တမ်း ၂နှစ်ပြည့်သွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲလုပ်မှာလား၊ အကြောင်းပြချက် တခုခုပေး၊ ယုံတာမယုံတာအသာထားလို့ ဥပဒေအညီလို့ဆိုကာ ဇွတ်သက်တမ်း ထပ်တိုးမှာလား ဒီရွေးချယ်စရာနှစ်ခုပဲရှိပါတယ်။

လေ့လာကြည့်ရတာကတော့ ဒီဖြစ်နိုင်ခြေနှစ်ခုစလုံးကို ကိုင်ဆွဲထားပြီးချိန်ဆနေပုံရပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ လက်ရှိရွေးကောက်ပွဲဥပဒေနဲ့ ၂၀၀၈ခြေဥထဲမှာ မည်ရွေ့မည်မျှ ရွေးကောက်ပွဲလုပ်နိုင်ပြီး မဲပေးနိုင်သူရာခိုင်နှုန်းမည်မျှရှိမှ ရွေးကောက်ပွဲမြောက်တယ်ဆိုတာပါမထားလို့ ရွေးကောက်ပွဲအကျဉ်းရုံးပြီး လုပ်ချင်ရင် လုပ်သွားနိုင်မည့်အနေအထားရှိတယ်လို့လည်းသုံးသပ်မိပါတယ်။

အဓိက ကဒီရွေးကောက်ပွဲမှာ နိုင်ပြီးတက်လာမည့်ပါတီက ဘယ်သူလည်းဆိုတာ ပိုအရေးကြီးနေပါတယ်လို့ ထင်မြင်ယူဆမိပါတယ်။ အလိုမရှိတဲ့ပါတီ တက်လာရင် ဖြစ်ချင်တာတွေ မဖြစ်နိုင်တော့မှာမို့  ဒီလိုမဖြစ်အောင်အစွမ်းကုန်ကြိုးစားမှာ သံသယရှိစရာမလိုပါဘူး။ အကြောင်းကြောင်းကြောင့်ဒီလိုဖြစ်လာရင်လည်း ဒီပါတီကို တနည်းနည်းနဲ့ ဖယ်ရှားမယ်ဆိုတာလည်း အားလုံးသိပြီးသားဖော်မြူလာတခုပါပဲ။

ဒါကြောင့်အလိုရှိရာပါတီအနိုင်ရရေး သွားရာလမ်းမှာ အလိုမရှိတဲ့ပါတီတွေ မဲအနည်းငယ်နဲ့အပါတွဲခေါ်သွားဖို့ကိုလည်း နည်းဗျူဟာတခုအနေနဲ့ လုပ်ဆောင်သွားဖွယ်ရာလည်းရှိပါတယ်။ ဒါမှသာလျှင် ယနေ့နိုင်ငံနဲ့အဝှမ်းဖြစ်ပေါ်နေတဲ့ပြည်သူတွေရဲ့ဆန့်ကျင်တော်လှန်နေမှုကို သွေးခွဲအားပျော့သွားမယ်လို့ ယူဆထားပုံရလို့ မှောက်ထားတဲ့ ဖဲချပ်တွေထုတ်လှန်ပြ အသုံးချလာမယ်လို့ ထင်ရပါတယ်။

နိုင်ငံတကာက အသိအမှတ်ပြုတာထည့်ကိုစဉ်းစားထားပုံကိုမရပါဘူး၊ အိန္ဒိယနဲ့တရုပ်က လက်ခံထားသမျှကာလပတ်လုံး အာဆီယံကလည်း ဟိုလိုလိုဒီလိုလိုနဲ့ ပါလာမယ်ဆိုတာကို သိပြီးသားပါ။ ဒါပေမဲ့မှောက်ထားတဲ့ဖဲချပ်လှန်သုံးပြန်ရင် လည်း ဘေးထွက်ဆိုးကျိုးအရ အလိုရှိရာရုပ်သေးအစိုးရ တက်လာရေးကလည်း ပိုပြီးမသေမချာလည်းဖြစ်သွားနိုင်ပါသေးတယ်။

ရွေးကောက်ပွဲလုပ်လိုတဲ့ အဓိကတွန်းအားက အဖက်ဖက်က ကျရောက်နေတဲ့ အတွင်းအပြင်ဖိအားတွေလျော့သွားကာ လက်ညှိုးထောင် ခေါင်းညိမ့်နိုင်ငံရေးစနစ်အဓွန့်ရှည်စွာ ပေါ်ပေါက်လာစေရေးဖြစ်ပေမဲ့ ရုပ်သေးအစိုးရပေါ်ပေါက်လာရေးက မရေမရာဖြစ်နေသေးတယ်ဆိုရင်တော့ ဒွိဟအတွေးဝင်မှာဖြစ်ပါတယ်။

ပြည်တွန်းဆန့်ကျင်ဆန္ဒပြမှုတွေက အရှိန်အဟုန်ကောင်းလာရင်လည်း ရွေးကောက်ပွဲလုပ်နိုင်ခြေကလျော့ကျသွားမှာဖြစ်ပါတယ်။ အကယ်လို့များ ပထဝီဝင်နိုင်ငံရေး အရ ရုရှား ပူတင်ရဲ့ ပံ့ပိုးမှုတွေက သိသိသာသာ ရလာရင် ရွေးကောက်ပွဲမကျင်းပသေးပဲ လက်ရှိ SAC သက်တမ်းကို ဆက်ပြီး ဆန့်ကောင်းဆန့်နိုင်ပါသေးတယ်။ အလိုရှိရာ ရလဒ်တွေ ဖန်တီးနိုင်ဖို့ အချိန်ထပ်ယူကောင်းယူပါလိမ့်မယ်။

ဒီတော့ပူတင်ကကော ပိုလို့တိုးလို့ ဆက်ဆံရေးတိုးချဲ့တည်ဆောက်မှာလားလို့ မေးစရာရှိလာပါတယ်။ အာဆီယံ မှာ ဩဇာတည်ဆောက်နိုင်ဖို့၊ အိန္ဒိယ သမုဒ္ဒရာလွှမ်းမိုးနိုင်ဖို့ အမေရိကားကို ကလိထိုးစိတ်အနှောက်အယှက်ပေးဖို့ အစရှိသဖြင့်  false hope တွေ ပေးနိုင်ပါတယ်။

လက်ရှိ ပကတိတရားအခြေအနေမှာ ရုရှားဟာလည်း စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်းတွေ ရင်ဆိုင်ကြုံတွေ့နေရတာမို့ သူ့ရဲ့ နည်းပါးလာတဲ့ resources တွေကို အကြောင်းမဲ့ဖြုန်းတီးပြီး အရှေ့တောင်အာရှမှာ political base တခု လာရောက်တည်ထောင်ဖို့ ရင်းနှီးမြှုပ်နှံမှာမဟုတ်ပါဘူး။

ပူတင်က rationale thinking ဆင်ခြင်တုံတရားနဲ့စဉ်းစားဆုံးဖြတ်သူဖြစ်ပါတယ်။ သူရဲ့တွက်ချက်မှု မှားခြင်းမှန်ခြင်းက တကဏ္ဍပါ။ ဒီတော့ ဒီလိုအပ်တဲ့အရင်းအနှီးကို မြန်မာနိုင်ငံက တဖက်သတ်အကုန်ကျခံနိုင်ရင်တော့ ရုရှားဖက်က ပိုပြီးထဲထဲဝင်ဝင် ဆက်ဆံမှာပါ၊ တကျပ်ဖိုးပေးရင် တကျပ်၊ တရာဖိုးပေးရင် တရာ တန်ရမဲ့ ဆက်ဆံရေးပါပဲ။

ကိုယ့်ဖက်က တရာပေးပြီး ရုရှားဖက်က တထောင်ဖိုးပြန်ပေးပြီ နိုင်ငံရေးခြေကုတ်တခုတည်ဆောက်မဲ့ အနေအထားမဟုတ်ပါဘူး။ ရုရှားကလည်းသူ့ပင်မအကျိုးစီးပွါးမပါပဲ အဲ့လိုလုပ်ခဲ့တဲ့သမိုင်းကြောင်းလည်းမရှိပါဘူး၊ လက်ရှိရုရှားအခြေအနေအရလည်း အဲ့လိုလုပ်ဖို့ အနေအထားရှိမနေပါဘူး၊ ဆန်ပေးမှဆီရမဲ့ဆက်ဆံရေးလို့ပဲသုံးသပ်မိပါတယ်။

ဒီတော့ ဆန်ကောပေးဖို့ဘယ်လောက်ရှိလည်းဆိုတဲ့ အမေးပဲပြန်ဆိုက်ပါတယ်။ တရုတ်ကတော့ ရွေးကောက်ပွဲကို အမြန်လုပ်စေချင်တဲ့ ဆန္ဒရှိတယ်လို့သုံးသပ်မိပါတယ်။ လက်ရှိအနေအထားကိုလည်း မနှစ်မြို့ပါဘူး။ အမည်ခံဒီမိုကရေစီအစိုးရတက်လာမှ တရုပ်အကျိုးစီးပွါးကို ဆက်လက်တိုးချဲ့နိုင်မှာ မတိုးချဲ့တောင်မှ ခုလို အချိန်ပြည့် လိုက်ကာကွယ်ပေးနေရတဲ့ ဝန်ပိမှုကို လျော့ကျစေမှာဖြစ်ပါတယ်။

လက်ရှိရွေးကောက်ပွဲက PR စနစ်နဲ့သွားမှာဖြစ်ပေမဲ့ ပြည်ခိုင်ဖြိုးအပေါ်ထားတဲ့ ပြည်သူ့သဘောထားက အတော်လေးရှင်းလင်းတာမို့ ရွေးကောက်ပွဲကို အကျဉ်းရုံးလုပ်၊ အဖြစ်လုပ်တာတောင်မှ သာမန်သမရိုးကျနည်းနဲ့ နိုင်စရာမရှိဘူးလို့ ထင်မြင်မိပါတယ်။ ရွေးကောက်ပွဲလုပ်နိုင်တဲ့နေရာတွေမှာ ပြည်သူတွေ မဲထွက်မပေးအောင် တမင်တကာအားပေးအားမြှောက်လုပ်မှုတွေရှိနိုင်တယ်လို့လည်းတွက်မိပါတယ်။

ဘာလို့လည်းဆိုတော့ လူထုက အကြောင်းကြောင်းကြောင့်မဲထွက်ပေးရင် သမိုင်းအစဉ်အလာမကောင်းတဲ့ ပါတီတွေ အနိုင်ရစရာမရှိပါဘူး၊ အချိုးကျတောင်ရလာနိုင်စရာမရှိပါဘူး၊ ၂၀၂၀ တုံးက ပေးခဲ့တဲ့ မဲအချိုးအစားတွေကြည့်ပြီး ဥပမာ မိတ္ထီလာ၊ မင်းကင်းတို့ ကို ကြည့်ပြီး

PR စနစ်အရ အချိုးကျ ကိုယ်စားပြုခွင့်ရမှာပဲလို့ကို စိတ်ကူးယဉ်လို့မရပါဘူး၊ နိုင်ငံရေးအခြေအနေက အတော်ကိုပြောင်းသွားပြီဖြစ်ပါတယ်။ ပြည်သူရဲ့ တူးတူးခါးခါးဖြစ်မှုဟာ ခုချိန်အထိ အရှိန်အဟုန်ကောင်းနေတာကို ကြည့်ရင် အမျိုးဘာသာ အကြောင်းပြ နိုင်ငံရေးစည်းရုံးတာဟာ အလုပ်ဖြစ်စရာမရှိပါဘူး။

ဒါကြောင့် ပြည်သူတွေ မဲထွက်မပေးရေးကကို နည်းဗျူဟာ လိုအပ်ချက်တရပ်ဖြစ်လာနေတာမို့ proxy media campaign တွေ မြင်ရဖို့ လည်းရှိပါတယ်။ ဒါမှသာ ကိုယ့်လူကိုယ်မဲထွက်ပေးတဲ့နည်းနဲ့သာ အလိုရှိသူဆွဲတင်နိုင်မည့်အနေအထားလို့ သုံးသပ်မိပါတယ်။ ထောက်ခံသူတွေမဲထွက်ပေးဖို့ရယ်၊ အပြလှအောင် အကြောက်တရားအခြေခံပြီး မဲထွက်ပေးမဲ့သူတွေ ရှိဖို့ရယ်ပဲ ဖန်တီးဖော်ဆောင်မှာဖြစ်ပြီး အသိတရားနဲ့ မဲပေးမဲ့သူတွေကို အလိုရှိမှာ မဟုတ်ပါဘူး။ ဆွယ်ပွါးမိတ်ဖက်ပါတီတွေလည်း ဖန်တီးထားတာမို့ ဘာလာ လာ ငါ့အိတ်ထဲက ကြက် ဖြစ်စေမှာပါ။

သို့သော်နိုင်ငံရေးဆိုတာကလည်း မထင်မှတ်တာတွေဖြစ်တတ်တာမို့ ဘာမှတော့ ကြိမ်းသေမှန်းတွက်ဆလို့မရပါဘူး။ ဘာလို့လည်းဆိုတော့ လူတွေဟာ အမြဲတမ်း အကျိုးနဲ့အကြောင်း စဉ်းစားပြီး ဆင်ခြင် တုံတရားနဲ့ ဆုံးဖြတ်လုပ်ဆောင်ကြတာမဟုတ်လို့ ခံစားချက်အခြေပြုတုန့်ပြန်ဆောင်ရွက်တာတွေဟာ အခြေအနေ၊ အချိန်အခါပေါ်မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်လို့ပါပဲ။

ကြိမ်းသေတာတခုကတော့ ယူကရိန်းစစ်နဲ့ပတ်သက်ပြီး ပူတင်အရေးနိမ့်ခြင်း မနိမ့်ခြင်း ဩဇာအာဏာဆက်လက်ထိန်းချုပ်နိုင်ခြင်း မထိန်းချုပ်နိုင်ခြင်းတွေကလည်း မြန်မာပြည်အရေးအပေါ် များစွာ သက် ရောက်မှုတွေရှိနေတယ်ဆိုတာပါပဲ။