• Today is: Saturday, April 20, 2024

မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှုနဲ့ AA နှင့် စစ်ကောင်စီတို့ကြား ယာယီ အပစ်ရပ်စဲပေမယ့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ AA ပြောခွင့်ရဆို

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၈

မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှုနဲ့ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင် စီတို့ကြား ယာယီ အပစ်ရပ်စဲရေးပေမယ့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်တယ် လို့ AA ပြောခွင့်ရ ခိုင်သုခက ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် နံနက် ၁ဝ နာရီမှာ ပြုလုပ် ခဲ့တဲ့ ULA/AA ၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေကို ပြောကြားလိုက်တာပါ။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောာင်စီတို့ကြား အပစ်ရပ်စဲရေးဟာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် အပစ်ရပ်စဲခြင်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဂျပန် က နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကျနော်တို့ ဒီကိစ္စဖြစ်ပေါ်လာတယ်လို့ ပြောလို့ရပါတယ်” ဟု ဦးခိုင်သုခ က ပြောဆို သွားတာပါ။

ဒါ့အပြင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား ယာယီအပစ်ရပ်စဲရေးဟာ စာရွက်စာတမ်းပေါ် လက်မှတ် ရေးထိုးထားချင်း မဟုတ်တဲ့အတွက်ကြောင့် အခြေနေပေါ်မူတည်ပြီး အချိန်မရွေး တိုက်ပွဲပြန် ဖြစ်လာ နိုင်တယ်လို့ ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခ က ဆက်ပြောပါတယ်။

လက်ရှိ အပစ်ရပ်ကြတဲ့ အခြေအနေဟာ နှစ်ဖက် တပ်ဖွဲ့ဝင်များ တပ်ရုတ်သိမ်းတာမျိုး၊ တပ်ဆုတ်တာမျိုးမရှိဘဲ လက်ရှိရောက်ရှိတဲ့နေရာကနေ နှစ်ဖက်ပစ်ခတ်မှုမပြုလုပ်ဖို့ နားလည်မှု ယူလိုက်တဲ့ သဘောလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်နှင့် ပလက်ဝ ဒေသတွေမှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တကျော့ပြန် ပြင်းထန်ခဲ့တဲ့ တိုက်ပွဲများကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်မှ စတင်ကာ နှစ်ဖက်နားလည်မှုဖြင့် အရပ်သားများ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ရရှိနိုင်ရေးအတွက် အလွတ်သဘော အပစ်ရပ်စဲလိုက်ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂ဝ ခုနှစ်ကလည်း မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား ၁ နှစ်ကျော်ကြာ နှစ်ဖက်အပစ်ရပ်စဲခဲ့ကြတာပါ။

ဓါတ်ပုံ – AA (ဆဋ္ဌမအကြိမ်မြောက် အွန်လှိုင်း သတင်းစာ ရှင်းလင်းပွဲ)