• Today is: Tuesday, January 31, 2023

ဖက်ဒရယ်ယူနစ်မှ ပြည်ထောင်စုသို့

ဖက်ဒရယ်ယူနစ်မှ ပြည်ထောင်စုသို့

  • မင်းသစ္စာ (မွန်ပြည်)

ကျနော်တို့နိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုသည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာပါသည်။ ဗြိတိသျှတို့မှ အတူလွတ်လပ်ရေးရယူပြီး ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး မျှော်မှန်းချက်ဖြင့် ဗြိတိသျှကိုလိုနီဖြစ်သော ဗမာပြည်မ၊ ပြည်ထောင်စုရှမ်းပြည်၊ ကချင်တောင်တန်း ဒေသ၊ ချင်းတောင်တန်းဒေသတို့   ၄ ပြည်ထောင်ဖြင့် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်၏အနှစ်သာရနှင့် ကတိကဝတ် များသည် လွတ်လပ်ရေးရသည့်အချိန်ကပင် ပျောက်ဆုံးသွားခဲ့ပါသည်။

ဖက်ဒရယ်သည် ပြည်ထောင်စုနှင့် ဖက်ဒရယ်ယူနစ်များအကြား ဖွဲ့စည်းပုံဆိုင်ရာ အာဏာခွဲဝေအုပ်ချုပ် သည့်စနစ်ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ ကမ္ဘာ့နိုင်ငံ ၁၉၅ နိုင်ငံထဲတွင် ဖက်ဒရယ် စနစ်ကို ကျင့်သုံးသည့်နိုင်ငံ ၂၅ နိုင်ငံ ရှိသော်လည်း လူဦးရေများသော   အိန္ဒိယနှင့် အမေရိကန် ပြည် ထောင် စုကဲ့သို့  နိုင်ငံမျိုး ပါရှိနေသည့်အတွက် ကမ္ဘာ့လူဦးရေသန်း ၇ ထောင်ကျော်၏ ၄၀ ရာခိုင်နှုန်း ကျော် ရှိနေပါ သည်။ ၎င်းအပြင် ဩစတြေးလျ၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ရုရှားကဲ့သို့ နိုင်ငံများပါသည့်အတွက် ကမ္ဘာ့မြေထု၏ ၄၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားပါသည်။  

 ကမ္ဘာ့ဖက်ဒရယ်နိုင်ငံများသည် လာရောက်ပေါင်းစည်းသည့်ပုံစံ Coming together (Federated Federalism)၊ ပေါင်းစည်းရေးပုံစံ Holding together (Federalizing Federalism) ဟူ၍ ၂ မျိုး ရှိကြပါ သည်။ အချို့နိုင်ငံတွင်မူ ၎င်းပုံစံ ၂ ခုကို ပေါင်းစုထားသည့် Coming together နှင့် Holding together ပုံစံဟူ၍ ယေဘုယျအားဖြင့် (၃)မျိုး ရှိပါသည်။

Coming together ပုံစံသည် ရှိနေပြီးဖြစ်သော နိုင်ငံအစုအဖွဲ့များကို အထူးသဖြင့် ပြည်ပရန် သို့မဟုတ် ပြည်တွင်းရန်များကို ကာကွယ်ရန်အတွက် အတူပေါင်းစည်းပြီး ဖက်ဒရယ်နိုင်ငံ(ပြည်ထောင်စု)ကို တည် ဆောက်ကြပါသည်။ ဖက်ဒရယ်စနစ် ဦးဆုံးကျင့်သုံးခဲ့သော အမေရိကန်ပြည်ထောင်စုနိုင်ငံမျိုး ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနိုင်ငံသည် အင်္ဂလိပ်တို့၏ကျူးကျော်မှုကို စုပေါင်းကာကွယ်ရန်အတွက်  ပြည် ထောင်စုကို တည်ဆောက်ကြပါသည်။ ၁၇၇၆ ခုနှစ်တွင် ဗြိတိသျှကို တိုက်ထုတ်ပြီး ဗြိတိသျှကိုလိုနီ ၁၃ နယ်က ပြည်ပရန်ကို စုပေါင်းကာကွယ်ရန်အတွက် Confederated နိုင်ငံအဖြစ် စုစည်းနေထိုင်ရာမှ ၁၇၈၇ -၁၇၈၉ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီး ပြည်နယ် ၁၃ နယ်ဖြင့် ဖက်ဒရယ်ပြည် ထောင်စုကို စတင်တည်ဆောက်ခဲ့ကြပါသည်။ ဖက်ဒရယ်နိုင်ငံ အတော်များ များသည်လည်း အမေရိကန် ပြည်ထောင်စုပုံစံကို  ယူပြီး ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ကြသည်ကို တွေ့ရပေသည်။

Coming together ပြည်ထောင်စုပုံစံသည် တည်ရှိနေပြီးသော အစုအဖွဲ့ (Unit) ကို ပြည်ထောင်စုအဖြစ် လာရောက်စုစည်းသည့် ပုံစံဖြစ်ပေသည်။ Holding together ပေါင်းစည်းရေးပုံစံသည် တည်ရှိ နေပြီးသော နိုင်ငံကို ပြည်ထောင်စုအဖြစ် ဖွဲ့စည်းလိုက်သည့်ပုံစံ ဖြစ်ပေသည်။ အိန္ဒိယ၊ဘယ်ဂျီယံ၊ စပိန် နိုင်ငံမျိုး ဖြစ် သည်။

Coming together ပုံစံတွင် ဘုံအကျိုးဖြစ်သော အာဏာများသာ ပြည်ထောင်စုကို အပ်နှင်းပြီး ကျန်အာ ဏာများကို ပြည်နယ်များတွင် ထားရှိပြီး Holding together ပုံစံသည်  ပြည်ထောင်စု၏အာဏာကို ပြည် နယ်များသို့ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးသည့်ပုံစံ ဖြစ်သည်။

Coming together ပုံစံ ပြည်ထောင်စုတွင် ပြည်နယ်များ၏လုပ်ပိုင်ခွင့်အာဏာ ပိုများပြီး ပြည်ထောင်စုကို ပေးထားသည့် အာဏာကလွဲ၍ ကျန်သည့် (ကြွင်းကျန်)အာဏာကို ပြည်နယ်လက်ထဲတွင် ရှိပါသည်၊  Holding together တွင်  ပြည်နယ်များကို ခွဲဝေ ပေးထားသည့် အာဏာမှလွဲ၍ ကျန်သည့်အာဏာကို ပြည်ထောင်စုတွင် ထားရှိသဖြင့် ပြည်ထောင်စုတွင် လုပ်ပိုင်ခွင့်အာဏာ ပိုများပါသည်။

မြန်မာပြည်ထောင်စု

ပထဝီအနေအထားအရ မြန်မာနိုင်ငံသည် တရုတ်နှင့်အိန္ဒိယ အင်အားကြီးနိုင်ငံများအကြား တည်ရှိသော် လည်း ၁၉ ရာစုခေတ်မျိုး ကိုလိုနီနိုင်ငံအဖြစ် ဝင်ရောက်သိမ်းပိုက်ခံရသည့်အနေအထားမျိုး မရှိတော့ပါ။  သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည့်အချိန်ကတည်းကပင် တိုင်းရင်းသားလူမျိုးများ၏ တန်းတူ အခွင့်အရေးပြသနာကြောင့် နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်မီးနှင့်အတူ ပဋိပက္ခမျိုးစုံ ရင်ဆိုင်နေရပေ သည်။

 မြန်မာနိုင်ငံအနေဖြင့်  ပြည်ပရန်၏အန္တရာယ်ကြောင့်မဟုတ်ဘဲ ပြည်တွင်းရန်ကြောင့် ဖက်ဒရယ် စနစ်ကို တည်ဆောက်ရခြင်း ဖြစ်သည်။ ဖက်ဒရယ်စနစ်သာလျှင် တိုင်းရင်းသားလူမျိုးများ၏ တန်းတူ အခွင့်အရေး နှင့် အတူယှဉ်တွဲနေထိုင်နိုင်ရေးကို ဖော်ဆောင်နိုင်ပြီး တိုင်းပြည်၏နှစ်ရှည်ကြာ ပြည်တွင်းပဋိပက္ခကို ဖြေ ရှင်းပေးနိုင်မည် ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံအတွက် မည်သို့သော ပြည်ထောင်စုပုံစံဖြင့် တည်ဆောက်မည်ကို သဘောထားများ မတူညီနေပေ။တိုင်းရင်းသားလူမျိုးများသည် ဗြိတိသျှကိုလိုနီမတိုင်မီက သီးခြားတည်ရှိလာခဲ့သော ၎င်း၏ နိုင်ငံတော်၊ နယ်မြေ သမိုင်းကို အခြေခံ၍ လာရောက်ပူးပေါင်းသည့် Coming together ပုံစံဖြင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုကြသည်။

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်  ဖက်ဒရယ်အမြင်ဖြင့် ရှုမြင်ခြင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်တစ်ပြည်၏အခြေခံကျဆုံးနှင့် အမြင့်ဆုံးဥပဒေဖြစ်ပြီး ပြည်သူများ နှင့်အုပ်ချုပ်သူအကြား၊ ပြည်သူအချင်းချင်းအကြား သဘောတူထားသည့်စာချုပ် ဖြစ်သည်။ ဖွဲ့စည်းပုံအ ခြေခံဥပဒေတွင် နိုင်ငံတော်၏အချုပ်အခြာအာဏာကို မည်သူ့လက်ထက်တွင်ရှိသည် ဆိုသည့်အချက် သည် အရေးကြီးပါသည်။

ယေဘုယျအားဖြင့် ဒီမိုကရေစီနိုင်ငံများ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်၏အချုပ်အခြာ အာဏာ သည် နိုင်ငံသားများမှ ဆင်းသက်လာပြီး ဖက်ဒရယ်နိုင်ငံများတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများ တစ်ခုတည်းမဟုတ်ဘဲ ပြည်နယ်သူ ပြည်နယ်သားများပါ  ဆင်းသက် ပါသည်။

ပင်လုံစာချုပ်သည် တိုင်းရင်းသားလူမျိုးများ၏ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုသော်လည်း မည်သို့ သော ပြည်ထောင်စုကို တည်ဆောက်မည်ကို အသေးအစိတ် မပါသည့်အတွက် ၁၉၄၇ ခု မတ်လတွင် နယ် ခြားဒေသစုံစမ်းစစ်ဆေးရေးကော်မတီ (Frontier Areas Committee of Enquiry – FACE) ကို ဖွဲ့စည်းပြီး ပြည်ထောင်စု တည်ဆောက်မည့် ပူးပေါင်းခြင်းနည်းလမ်းကို စုံစမ်းအကြံ ပေးတင်ပြရန် ဖြစ်သည်။

 FACE  သည် ၁၉၄၇ ခု မတ်လတွင် လုပ်ငန်းစတင်ပြီး ဇွန်လတွင် တိုင်းပြု ပြည်ပြုလွှတ်တော်သို့ အစီရင်ခံ စာ တင်ပါသည်။ FACE  သို့ ချင်း၊ ကချင်နှင့် ရှမ်းတို့ကို ကိုယ်စားပြုသည့် တောင်တန်းသားများ စည်းလုံးညီ ညွတ်ရေးကော်မတီ (Supreme Council of United Hill People- SCOUHP) တင်ပြချက်ထဲမှ အချက် ၂ တွင် တိုင်းပြုပြည်ပြုလွှတ်တော်တွင် လူဦးရေအခြေခံ၍ ရွေးချယ် တင်မြှောက်ရသော်လည်း ဆုံးဖြတ်ချက် များ ချမှတ်သောအခါ သက်ဆိုင်ရာဒေသကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၏သုံးပုံနှစ်ပုံ ဆန္ဒမဲဖြင့် သာ ဆုံးဖြတ်ချက်များ ချမှတ်ရမည်။

အချက် ၅ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသောအခါ တောင်တန်းဒေသ (ချင်း၊ ကချင်၊ ရှမ်း)များနှင့် ပတ်သက်သော တိကျသည့်ပြဌာန်းချက်များကို ထည့်သွင်း ပြဌာန်းရမည်။

ထိုပြဌာန်းချက်များတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြဌာန်းသောအခါ တောင်တန်းဒေသများနှင့် စပ်လျှဉ်းသည့် အရေးကိစ္စများကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ထိခိုက်နစ်နာ စေသော အချက်များဖြစ်ပါက သက်ဆိုင်ရာကိုယ်စားပြုသော ကိုယ်စား လှယ်များ၏ သုံးပုံနှစ်ပုံ နှင့်အထက် ထောက်ခံမဲဖြင့် ထိုပြင်ဆင်ချက်များကို ပြုလုပ်နိုင်သည်ဟူ၍ ပါရှိပေ သည်။

သို့သော် FACE ၏ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး အခြေခံမူများတင်ပြချက်တွင် “နိုင်ငံ တော်သစ်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းရန် အထူးလိုလားပြီး ထိုပြည်ထောင်စုတွင် ပြည်ထောင်စု ရှမ်း ပြည်၊ ချင်းတောင်တန်းဒေသနှင့် ကချင်တောင်တန်းဒေသကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ် များဖြင့် ဖွဲ့ စည်းရန်၊ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ကိုယ်ပိုင်ပြဌာန်းခွင့် (Full Autonomy) အပြည့်အဝပေးရ မည်ဖြစ်ပြီး ပြည်ထောင်စုကို နိုင်ငံတကာရေးရာ၊ ကာကွယ်ရေး၊ စာတိုက် နှင့်ကြေးနန်း၊ ဆက်သွယ်ရေး၊ ငွေကြေးနှင့် ငွေဒင်္ဂါး၊ အကောက်ခွန်နှင့် ဘွဲ့ဂုဏ်ထူးများ စသည့် အာဏာများကို ကိုင်တွင်ကျင်းသုံးခွင့်ရှိရ မည်ဟု ပါရှိပေသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏အခြေခံလမ်းညွန်မူအဖြစ် တိုင်းပြုပြည်ပြုလွှတ်တော် ပထမ ညီလာ ခံတွင် အတည်ပြုခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွန်မူ (၇) ချက်တွင် တောင်တန်း သားများ စည်း လုံးညီညွတ်ရေးကော်မတီ(SCOUHP) တင်ပြချက်ထဲကို ရောင်ပြန် ဟပ်စေသည့် အချက်များ ပါဝင်လာခြင်း မရှိပေ။

ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွန်မူအချက် (၃) တွင် “ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတ ဗမာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးအရအဖွဲ့အစည်းအားလုံး၏ အခွင့်အာ ဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်ဟူ၍လည်းကောင်း၊ အချက် (၄) တွင် တိုင်းသူပြည်သား မှန်သမျှသည် လူမှုရေးရာ၊ စီးပွားရေးရာ၊ နိုင်ငံရေးရာတွင် ဥပဒေသက်ရောက်မှု တူညီရ မည့်အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ပရိ ယေသန ရှာမှီးပိုင်ခွင့်နှင့် စည်းရုံးပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိရ မည်ဆိုသည့်အချက်နှင့် ချက်(၅)ဖြစ်သည့် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည်ထွင်း ထားရမည်ဆိုသည့်အချက်များသာ ပါဝင်ပေသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများ၏ လက် ထဲတွင်သာ ရှိပြီး ပြည်နယ်သားများ၏အချုပ်အခြာအာဏာ ပျောက်ကင်းနေသည့်သဘော ရှိနေ ပေသည်။ ၎င်းအပြင် ၁၉၄၇ ခု ဖွဲ့စည်းပုံတွင် လူများစုဗမာလူမျိုးများအတွက် ဗမာပြည်နယ် ဖွဲ့စည်းခြင်းမပြုဘဲ ပြည် ထောင်စုအာဏာ နှင့် ရောစပ်ယူလိုက်သည့်အတွက် ဗမာလူမျိုးများသည် တိုင်းရင်းသားလူမျိုးများအပေါ် အုပ်စီးထားခြင်း၊ အထက်လွှတ်တော်တွင် ပြည်နယ်များက ကိုယ်စားလှယ်ဦးရေ အညီအမျှစေလွှတ်ပိုင် ခွင့်မရှိခြင်း၊ အထက်လွှတ်တော်သည် အောက်လွှတ်တော်ကို ထိန်းကွပ်နိုင်သော အာဏာမရှိခြင်း စသဖြင့် တိုင်းရင်းသားပြည်နယ်များ၏ တန်းတူအခွင့်အရေး ပျောက်ဆုံးနေပါသဖြင့် ဖားတပိုင်းငါးတပိုင်း ပြည် ထောင်စုတစ်ခြမ်းပဲ့ ပြည်ထောင်စုဟု တိုင်းရင်းသားလူမျိုးများက ခေါ်ဝေါ်ကြပါသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏အားနည်းချက်ကြောင့် တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေး တောင်းဆိုမှု၊ ဖက်ဒရယ်တောင်းဆိုမှုမှ ပြည်တွင်းစစ်တောက်လောင်လာပြီး ယင်း၏ အကျိုးအဆက် အဖြစ် စစ်တပ်အာဏာကြီးထွားလာပြီး စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်လက်အောက်သို့ သံတရာ လည်နေပါသည်။

တိုင်းရင်းသားများ မျှော်မှန်းသည့် ပြည်ထောင်စု

FACE  တွင် ချင်း၊ ကချင်နှင့် ရှမ်းတို့ကို ကိုယ်စားပြုသည့် (SCOUHP) ၏ တင်ပြချက်သည် မြန်မာပြည် ထောင်စုကို  Coming together ပုံစံဖြင့် တည်ဆောက်လိုကြသည်ဟု နားလည်ရပါသည်။ လက်တွေ့ တွင် တစ်ပြည်ထောင်နိုင်ငံမျိုး ဖြစ်လာသည့်အခါ စစ်မှန်သည့်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် အ တွက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအခြေခံဥပဒေပြင် ဆင်ရေးကို တိုင်းရင်းသားလူမျိုးများက ကြိုးပမ်း လာခဲ့ကြပါ သည်။

အထင်းရှားဆုံးလှုပ်ရှားမှုအဖြစ် ၁၉၆၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ  ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပသည့် ပြည်နယ်ပေါင်းစု ညီလာခံကြီး ဖြစ်သည်။ ထိုညီလာခံတွင် ပင်လုံစာ ချုပ်တွင် ပါဝင်သော ကချင်၊ ချင်း ၊ ရှမ်းတို့သာမက ကရင် နီ၊ ကရင်၊ မွန်နှင့် ရခိုင် လူမျိုးကိုယ်စားလှယ် များလည်း တက်ရောက်ကြပါသည်။

ထိုညီလာခံတွင် ရှမ်း ပြည်မှ တင်သွင်းသော ပြည်ထောင်စု မြန်မာနိုင် ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ရေး(သို့မဟုတ်)ဖက်ဒရယ်မူကို ဆုံးဖြတ်လိုက်ပါသည်။ ရှမ်း ပြည်ဖက်ဒရယ်မူ သို့မဟုတ် ၈ ပြည်နယ်မူ ဟုလည်း ခေါ်ဆိုကြ ပါသည်။

ရှမ်းပြည်ဖက်ဒရယ်မူတွင် အချက် ၉ ချက်ပါဝင်ပြီး အချက်  ၁ တွင် မြန်မာနိုင်ငံတွင် မြန်မာပြည်နယ် အပါ အဝင် ၈ ပြည်နယ်ဖွဲ့စည်းရေး၊ အချက် ၂ တွင် ပြည်နယ်များသည် တန်းတူရည်တူ ရှိပြီး ပြည်ထောင်စုကို လွှဲအပ်ထားသော အာဏာများမှအပ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရေး၊ အချက် ၃ တွင်  ပြည်နယ်အသီသီးတွင် သီးခြားအခြေခံဥပဒေ၊ သီးခြားဥပဒေပြုအဖွဲ့များနှင့် သီးခြားအစိုးရအဖွဲ့များ ရှိရေး၊ အချက် ၄ တွင်  ပြည်ထောင်စုပါလီမာန်တွင် လူဦးရေးကို အခြေခံသည့် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် များအလိုက် အညီအမျှစေလွှတ်သည့် လူမျိုးစုလွှတ်တော်ထားရေး၊ အချက် ၆ တွင် နိုင်ငံခြားဆက်သွယ် ရေး၊ကာကွယ်ရေး၊ ငွေစက္ကူနှင့်ငွေဒင်္ဂါး ထုတ်လုပ်ရေး၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး၊မီးရထား နှင့် လေကြောင်းဆက်သွယ်ရေး၊ ဆိပ်ကမ်းခွန်ကောက်ခံရေး၊ ပြည်ထောင်စုဘဏ္ဍာရေးနှင့် ပြည်ထောင်စု တ ရားစီရင်ရေးတို့ကို ပြည်ထောင်စုအာဏာအဖြစ် ထားရှိရေး၊ အချက် ၇ တွင် ပြည်နယ်များသည် လုံးဝကိုယ် ပိုင်အုပ်ချုပ်ရေး (Complete Autonomy) ရှိပြီး ပြည်နယ်အတွင်းရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိရေးနှင့် အချက် ၈ တွင် ပြည်နယ်တိုင်းသည် ပြည်ထောင်စုမှ ခွဲ ထွက်နိုင်သော အခွင့်အရေး ရှိရမည်ဟု ပါရှိပေသည်။

၁၉၆၂ ခုနှစ်တွင်  ဗိုလ်ချုပ်ကြီး နေဝင်းဦးဆောင်သည့် စစ်တပ်အာဏာသိမ်းလိုက်သည့်အတွက် ဖက်ဒရယ် အရေးလှုပ်ရှားမှုမှန်သမျှကို ဖြိုခွင်းခံလိုက်ရပါသည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် ဖက်ဒရယ် လှုပ်ရှားရေးကို တိုင်းပြည်ဖြိုခွဲရေးအဖြစ် စွပ်စွဲပြီး ဖက်ဒရယ်အရေးလှုပ်ရှားသူမှန်သမျှကို ဖမ်းဆီး နှိပ်စက် ထောင်ချကာ ဖက်ဒရယ်ဟူသော စကားလုံးကိုပင် ပိတ်ပင်တားဆီးလိုက်ပါသည်။ ဤသို့ဖြင့် ၂၀၁၀ ခု သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် ဖက်ဒရယ်လှုပ်ရှားမှုသည် တစ်ဖန်ပြန်လည် အားကောင်းလာပါသည်။

ဖက်ဒရယ်ယူနစ်မှ ပြည်ထောင်စုသို့

တိုင်းရင်းသားလူမျိုးများသည် ၁၉၄၇ ခုနှစ် အချိန်မှစ၍ Coming together ပုံစံဖြင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်လိုကြသည်။ ပင်လုံစာချုပ်၏အဓိက အနှစ်သာရသည် တည်ရှိနေပြီးဖြစ် သော ပြည်နယ် ၄ ထောင်က  ဗြိတိသျှတို့မှ အတူ လွတ်လပ်ရေးရယူပြီး  ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရန် ချုပ်ဆိုခဲ့သည် စာချုပ်ဖြစ် ပါသည်။

လက်တွေ့တွင် ပြည်ထောင်စုအမည်ခံ တစ်ပြည်ထောင်စုနိုင်ငံဖြစ်လာသည့်အခါ  နှစ် ၇၀ ကျော်ကြာ တိုင်းရင်းသား လူမျိုးများ၏ ဖက်ဒရယ်တည်ဆောက်ရေး တောင်းဆိုမှုသည် ဤရပ်တည်ချက် အတိုင်းသာ ရှိနေဆဲဟု နားလည်းရပါသည်။ ဤသည် သမိုင်းအခြေခံနှင့်ပကတိ တည်ရှိနေသော မြန်မာ ပြည်ထောင်စု တည်ဆောက်ရေး၏အခြေခံအယူအဆ ဖြစ်ပေသည်။

ဤတည်ရှိနေသော ပကတိ တရားဖြင့် ပြည်ထောင် စုတည်ဆောက်မှသာ မတူကွဲပြားနေသော တိုင်းရင်းသားလူမျိုးများအကြား အတူယှဉ်တွဲနေထိုင်နိုင်ကာ ညီညွှတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး တည်ငြိမ်တိုးတက်သော ပြည်ထောင်စုနိုင်ငံ ဖြစ်ပေါ်လာမည် ဖြစ်သည်။