• Today is: Friday, April 26, 2024

စကားဝိုင်း အနှစ်ချုပ် l ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို လူငယ်တွေ ဘယ်လိုနည်းနဲ့ စလှမ်းကြမလဲ

စကားဝိုင်းအနှစ်ချုပ် l ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို လူငယ်တွေ ဘယ်လိုနည်းနဲ့ စလှမ်းကြမလဲ 

(၁) ဖက်ဒရယ်ဒီမိုကရေစီကို လူငယ်တစ်ဦးအနေနဲ့ ဘယ်လို နားလည်ထားလဲ။

ကိုကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်) အလယ်ပိုင်း တိုင်းရင်းသားတော်လှန်ရေးအင်အားစု

ဖက်ဒရယ်ဟာ နိုင်ငံရေးသဘောတူညီမှုစာချုပ်တစ်ခု ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရေးစနစ်ဖြစ်ပါတယ်။ နောက်မှာ ဒီမိုကရေစီစနစ်ဆိုတာ နိုင်ငံရေးဝါဒ တစ်ရပ် ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆိုတာ ဖက်ဒရယ်ဒီမိုကရေစီနည်းစနစ်နဲ့ ပြည်ထောင်စုကို တည်ဆောက်တာ ဖြစ်ပါတယ်။

မမိုင်ခါး (ကချင်လူငယ်တက်ကြွလှုပ်ရှားသူ)

ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆိုတာ မတူညီတဲ့ လူမျိုးတွေ၊ ယဉ်ကျေးမှု ရှိတဲ့ နိုင်ငံကို ဘယ်လို တည်ထောင်ရမလဲ။ ဘယ်လိုတည်ဆောက်လို့ ရနိုင်မလဲဆိုတာကို ဖြေရှင်းပေးတဲ့ နိုင်ငံရေးစနစ်ဖြစ်သလို ဒီမိုကရေစီစနစ် ထွန်းပေါက်ဖို့ တည်ဆောက်လို့ ရမဲ့ နိုင်ငံရေးစနစ် ဖြစ်ပါတယ်။

မဝေနှင်းပွင့်သုန် (ပြည်ပရောက်မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ)

ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆိုတာ တန်းတူအခွင့်အရေး၊ ဒီမိုကရေစီ၊လူ့အခွင့်အရေးတွေကို အပြည့်အဝပေးနိုင်တဲ့စနစ်တစ်ခု ဖြစ်တယ်လို့ မြင်ပါတယ်။

(၂) အာဏာသိမ်းမှု နောက်ပိုင်းမှာ ဖက်ဒရယ်ဒီမိုကရေစီ က နိုင်ငံရေးစင်မြင့်ထက်ကို ရောက်လာတော့ လူငယ်တွေ ဒီကိစ္စကို ဘယ်လောက်အထိ စိတ်ဝင်စားမှု ရှိနေပြီလို ပြောလို့ရမလဲ။

ကိုမင်းလွင်ဦး (စည်းရုံးရေးဆပ်ကော်မတီတာဝန်ခံ၊ ဒီမိုကရေစီအရေးလှုပရှားမှုသပိတ်ကော်မတီ၊ ထားဝယ်ခရိုင်)

အာဏာသိမ်းမှုဖြစ်ပြီးနောက်မှာ ဗမာတိုင်းရင်းသားနှင့် အခြားတိုင်းရင်းသားတို့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ချင်းပိုနီးစပ်လာတယ်လို့ ပြောလို့ ရတယ်။  ဗမာစစ်တပ်က ဗမာတွေကို နှိပ်စက်တာနဲ့ တိုင်းရင်းသားတွေအပေါ်နှိပ်စက်တဲ့ပုံစံက မတူပါဘူး။ ဗမာစစ်တပ်က ဗမာတွေရဲ့ အမှတ်သရုပ်လက္ခာတွေကို ဘယ်တုန်းကမှ မရိုက်ချိုးမဖျက်စီးခဲ့ဘူး။ အခွင့်အရေးတွေဘဲ နစ်နာဆုံးရှုံးရတာ ရှိတယ်။ တိုင်းရင်းသားတွေအပေါ်ကြတော့ အမှတ်သရုပ်လက္ခဏာတွေကို အကုန် ရိုက်ချိုးခဲ့တယ်။ ဗမာစစ်တပ်က တိုင်းရင်းသားပြဿနာကို One Community, One Nation ပုံစံမျိုးနဲ့ အားလုံး ဗမာဖြစ်ရေးကို အတင်းသွတ်သွင်းပြီးတော့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။ အဲတာကြောင့် အခြားတိုင်းရင်းသားတွေက ဗမာတွေကို မယုံကြည်နိုင်ကြသေးဘူး။ လွတ်လပ်ရေးမတိုင်ခင်က လွတ်လပ်စွာ နေခဲ့ကြတဲ့ နယ်ပယ်ဒေသတွေက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဗမာအစိုးရကို ယုံကြည်ပြီးတော့ တစ်နိုင်ငံတည်းပေါင်းစည်းနေထိုင်ဖို့ သဘောတူခဲ့တယ်။ သို့ပေမဲ့ အခုချိန်အထိ ပြည်ထောင်စု မဖြစ်ခဲ့ဘူး။ စစ်တပ်မဟုတ်တဲ့ ဗမာနိုင်ငံရေးအင်အားစုတွေနဲ့လည်း ဖက်ဒရယ်တည်ဆောက်ရေးအတွက် အခုအချိန်အထိ အပြည့်အဝမယုံကြည်ကြသေးဘူး။ ဒါကြောင့် လူငယ်တွေအနေနဲ့ နိုင်ငံရေးကို ပိုပြီး နားလည်းအောင် ကြိုးပမ်းမှသာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကသာ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ကိုဟိုက်ပါ (တော်လှန်သူလူငယ်တစ်ဦး)

အာဏာမသိမ်းခင်ကတော့ ဒီမိုကရေစီကို လူ့အခွင့်အရေးလောက်နဲ့သာ သိရှိခဲ့သလို၊ ဖက်ဒရယ်ကို တိုင်းရင်းသားတွေကို စစ်ကူတိုက်ပေးဖို့လောက်သာ နားလည်ခဲ့ပါတယ်။ အခုအချိန်မှာတော့ တော်လှန်ရေးလူငယ်တွေ ကြားမှာ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေ၊ စကားဝိုင်းတွေကို ပိုမိုလုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်လာတာတွေ့ရပေမဲ့ လက်ရှိအချိန်အထိ ဗမာပြည်မက လူငယ်တွေအနေနဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံက ဘယ်လိုမျိုးလဲ။ ဘယ်လိုတည်ဆောင်လို့ရနိုင်မလဲ ဆိုတာကို ဆက်လက်လေ့လာဖို့ လိုပါတယ်။

(၃) ဖက်ဒရယ်ဒီမိုကရေစီစနစ်က လူငယ်တွေအတွက် အခွင့်အလမ်း၊ အခွင့်အရေး ရရှိစေနိုင်တယ်လို့ ယုံကြည်ပါသလား။

ကိုဟိုက်ပါ (တော်လှန်သူလူငယ်တစ်ဦး)

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် မရရှိခဲ့တဲ့အတွက် ပြည်တွင်းစစ်ဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးပေါ်ပေါက်လာတဲ့အတွက် ကောင်းတဲ့အချက်တစ်ခုက ဖက်ဒရယ်ဒီမိုကရေစီကို ပိုမိုတွင်ကျယ်စွာနားလည်လာပြီးတော့ တည်ဆောက်ဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာကို သိလာကြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်မှာသာ လူ့အခွင့်အရေး၊ တန်းတူညီမျှရေးတွေကို အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။

(၄) ဖက်ဒရယ်ဒီမိုကရေစီစနစ်က မြန်မာပြည်အတွက် ဘယ်လောက်အရေးကြီးတယ်လို့ မြင်ပါသလဲ။

ကိုကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်) အလယ်ပိုင်း တိုင်းရင်းသားတော်လှန်ရေးအင်အားစု

ဖက်ဒရယ်ဒီမိုကရေစီစနစ်က နွေဦးတော်လှန်ရေးမှာ အားလုံးလက်ခံတဲ့ နိုင်ငံရေးစနစ်တစ်ခုဖြစ်ပါတယ်။ ၈၈၈၈ အရေးတော်ပုံမှာတော့ ပါတီစုံဒီမိုကရေစီစနစ် ကို တောင်းဆိုခဲ့ပါတယ်။ နွေဦးတော်လှန်ရေးမှာတော့ တိုင်းရင်းသားပြည်သူအားလုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပြည်မကပါ တောင်းဆိုလာတာ‌တွေ့ရပါတယ်။ ဗမာလို့ ပြောရာမှာ လူမျိုးရေးကို အခြေခံတာ မဟုတ်ဘဲ အမျိုးသားရေးကို ပြောတာ ဖြစ်ပြီး လူမျိုးကြီးတဲ့သူက သဘောထားကြီးဖို့ လိုပါတယ်။ လက်ရှိ စစ်အာဏာရှင်စနစ်ကို တော်လှန်နေသလို တချိန်တည်းမှာ အမျိုးသားသွေးစည်းညီညွတ်ရေးကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လူမျိုးပေါင်းစုံ တန်းတူရေးကို လုပ်ဆောင်ဖို့ လိုပါတယ်။ အမျိုးသားတန်းတူရေးကို မပြုလုပ်နိုင်ရင် စစ်အာဏာရှင်ကိုအပြီးသတ်ချေမှုန်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အမျိုးသားလွတ်မြောက်ရေးနှင့် အမျိုးသားတန်းတူရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို မဖြစ်မနေ ဖော်ဆောင်ဖို့ လိုပါတယ်။

(၅) စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ထွန်းဖို့ ဘယ်လို နိုင်ငံရေးအခင်းအကျင်းမျိုး ဖြစ်ဖို့ လိုအပ်ပါသလဲ။

မမိုင်ခါး (ကချင်လူငယ်တက်ကြွလှုပ်ရှားသူ)

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ဆောက်လိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒ ရှိဖို့ လိုပါတယ်။ ပါဝင်ကြတဲ့ ပြည်နယ်၊ဒေသတွေအနေနဲ့ လွတ်လပ်တဲ့ ပါဝင်ခွင့်နဲ့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းတစ်ခု ရှိဖို့ လိုပါတယ်။ လက်ရှိအခြေအနေဟာ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲလုပ်ဖို့ အကောင်းဆုံးအချိန်ပါ။ လူမျိုးကြီး စိုးမိုးမှုနဲ့ တပါတီစိုးမိုးမှုမရှိမှသာ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ 

(၆) လူမျိုးပေါင်းစုံ ရှိတဲ့ မြန်မာပြည်အတွက် ဘယ်လို ဖက်ဒရယ်ဒီမိုကရေစီစနစ်မျိုးကို လူငယ်တစ်ဦးအနေနဲ့ တည်ဆောက်လိုပါသလဲ။

မဝေနှင်းပွင့်သုန် (ပြည်ပရောက်မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ)

အာဏာသိမ်းမှုနောက်ပိုင်းမှာ ဖက်ဒရယ်ဒီမိုကရေစီအတွက် လမ်းစပွင့်လာပါတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး နားလည်မှု ရှိလာပါတယ်။ ဗမာလူမျိုးတစ်ယောက်အနေနဲ့ တိုင်းရင်းသားနိုင်ငံရေးနှင့် ဒုက္ခကို နားမလည်နိုင်သေးပါဘူး။ ဖက်ဒရယ်ဒီမိုကရေစီအတွက် ပလက်ဖောင်းတစ်ခု ရလာပြီဆိုပေမဲ့ အနှစ်သာရကိုတွင်တွင်ကျယ်ကျယ် ဆွေးနွေးဖို့ လိုပါတယ်။ လက်ရှိအချိန်မှာ ဘုံရန်သူကို အရင်တိုက်မယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရောက်မှာမဟုတ်ပါဘူး။ အားလုံးရဲ့ အမြင်ပါဝင်ဖို့ လိုအပ်ပါသေးတယ်။

(၇) နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းကြီးတွေ အားလုံးမပါဝင်လာနိုင်သေးတာ တွေ့ရပါတယ်။ အထူးသဖြင့် ရှမ်းပြည်ထဲက EAO အများစု မပါဝင်သေးတာ တွေ့ရပါတယ်။ လူငယ်တစ်ဦးအနေနဲ့ ဘယ်လို ဖြစ်စေချင်ပါသလဲ။

ကိုမင်းလွင်ဦး (စည်းရုံးရေးဆပ်ကော်မတီတာဝန်ခံ၊ ဒီမိုကရေစီအရေးလှုပရှားမှုသပိတ်ကော်မတီ၊ ထားဝယ်ခရိုင်)

ပင်လုံစာချုပ်ပါ အချက်အလက်တွေကို အခြေခံပြီး ပြည်ထောင်စုကို တည်ဆောက်ဖို့လိုပါတယ်။ တိုင်းရင်းသားတွေလိုချင်တာက ဗမာလူမျိုးတွေ သဘောထားကြီးဖို့ မဟုတ်ပါဘူး၊ တိုင်းရင်းသားလူနည်းစုကို တန်းတူအခွင့်အရေးပေးဖို့ ပြောနေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေမှာ သီးခြားနိုင်ငံတော် တည်ဆောက်နိုင်ခွင့် ရှိပါတယ်။ သို့ပေမဲ့ အားလုံး အတူနေလို့ရမဲ့ ပြည်ထောင်စုကို တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။ ပင်လုံစာချုပ်အရ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ လိုပါတယ်။

(၈) လက်ရှိနွေဦးတော်လှန်ရေးမှာ မပါဝင်နိုင်သေးတဲ့ လူငယ်တွေအနေနဲ့ ဆက်လက်ပြီး ဘယ်လို ပူးပေါင်းပါဝင်ဖို့ ပြောချင်ပါသလဲ။

ကိုဟိုက်ပါ (တော်လှန်သူလူငယ်တစ်ဦး)

ဗမာပြည်နယ် ယူနစ်နဲ့ ပတ်သက်ပြီး လက်မခံနိုင်သေးတဲ့လူတွေလည်း ရှိသေးပါတယ်။ မောင်ပိုင်စီးတွေးခေါ်ချက်တွေနဲ့ ဗမာခေါင်းဆောင်နှင့် ပြည်သူတွေအနေနဲ့ မိမိစိတ်ကြိုက် အတင်း စုစည်းပြီး ပြည်ထောင်စု ပြုလုပ်လို့ မရသလို အားလုံး လက်ခံမဲ့ တန်းတူရေးကို အခြေခံတဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်ဖို့ လိုပါတယ်။ နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးတစ်ခုဖြစ်ပါတယ်။ တော်လှန်ရေးကို ခေါင်းဆောင်နေတဲ့လူငယ်တွေကို ပိုမို နေရာပေးသင့်သလို ခေါင်းဆောင်တွေအနေနဲ့ တာဝန်ယူမှုအပြည့်ရှိဖို့ လိုပါတယ်။ ဗမာနိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးရိုးသားမှုနှင့် နိုင်ငံရေးစိတ်ဆန္ဒ ရှိဖို့ လိုပါတယ်။ မပါဝင်သေးတဲ့ လူငယ်တွေကို စစ်အာဏာရှင်အောက်မှာ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုကို ရရှိနိုင်တယ်လို့ ယုံကြည်သလားနဲ့ မပါဝင်ဘူးဆိုရင် နောင်အနာဂတ်နဲ့ မျိုးဆက်တွေအတွက် ဘယ်လို စဉ်းစားထားလဲ ဆိုတာကို မေးခွန်းထုတ်ချင်ပါတယ်။

(၉) တော်လှန်ရေးကာလ၊ ကြားကာလမှာ စစ်ကောင်စီပြုတ်ကျရေးကိုဘဲ အဓိက စဉ်းစားသင့်တယ်လို့ လက်ရှိနိုင်ငံရေးဦးဆောင်သူအချို့က ပြောဆိုတာတွေ့ရပါတယ်။ ပညာရှင်တွေကတော့ စစ်ကောင်စီကို တိုက်ရင်း ဖက်ဒရယ်စနစ်ကို အုတ်မြစ်ချသွားဖို့ လိုအပ်တယ်လို့ အကြံပြုချက်တွေ ရှိပါတယ်။ လူငယ်တစ်ဦးအနေနဲ့ ဘယ်လို ပုံစံ ဖြစ်စေချင်ပါသလဲ။

ကိုကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်) အလယ်ပိုင်း တိုင်းရင်းသားတော်လှန်ရေးအင်အားစု

တော်လှန်ရေးဖြစ်ပေါ်လာတဲ့ အကြောင်းတရားကတော့ တန်းတူရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့တာကြောင့်ပါ။ အမျိုးသားတန်းတူရေး အာမခံချက်ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲလိုမှ မလုပ်နိုင်ရင် တိုင်းပြည်မြေပုံပြောင်းသွားနိုင်မှာ ဖြစ်ပါတယ်။ တန်းတူညီတူမရှိရင် စစ်ဘုရင်တွေအသီးသီးခေါင်းဆောင်တဲ့ စစ်ဒေသတွေအနေနဲ့ တိုင်းပြည်ကြီး ပြိုကွဲသွားတာကို မြင်ရနိုင်ပါတယ်။

ကိုဟိုက်ပါ (တော်လှန်သူလူငယ်တစ်ဦး)

လူမျိုးပေါင်းစုံနေထိုင်တဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ပင်လုံကတိကဝတ်နဲ့ လမ်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုပါတယ်။ တန်းတူညီမျှ စီမံအုပ်ချုပ်ခွင့်၊ မတူကွဲပြားမှုကို အားသာချက်ကို ရှုမြင်ပြီး လူနည်းစုအခွင့်အရေးကိုတန်ဖိုးထားအသိအမှတ်ပြုမှု ၊ပြည်သူလူထုအားလုံး ပါဝင်နားလည်လက်ခံတဲ့ နိုင်ငံရေးစနစ်၊ လူမျိုးစွဲ၊ ဘာသာစွဲမရှိတဲ့ နိုင်ငံရေးစနစ်၊ စစ်တပ်မပါဝင်တဲ့ နိုင်ငံရေးစနစ်နဲ့ တည်ဆောက်မဲ့ ပြည်ထောင်စုကို တည်ထောင်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ လွတ်လပ်စွာ ခွဲထွက်ပိုင်ခွင့် ရှိပါတယ်။ ဗမာလူမျိုး၊ ဗမာနိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ခွဲထွက်ဖို့ မလိုအောင်လည်း ကြိုးစားဖို့ လိုပါတယ်။ 

(၁၀) လူမျိုးပေါင်းစုံလူငယ်တွေ တစ်စုတစ်စည်းတည်းနှင့် ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို ဘယ်လို ပူးပေါင်းလျှောက်လှမ်းဖို့ လိုအပ်သလဲ။

မမိုင်ခါး (ကချင်လူငယ်တက်ကြွလှုပ်ရှားသူ)

ဖက်ဒရယ်ဒီမိုကရေစီကို သွားဖို့ဆိုရင် ဖက်ဒရယ်ယူနစ်တွေ သတ်မှတ်မှု၊ လူမျိုးစုတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ကို နားလည်လက်ခံနိုင်မှု၊ သဘောတူညီချက်တွေကို တည်ဆောက်နိုင်ဖို့လိုပါတယ်။ မပါဝင်နိုင်သေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ မတူညီတဲ့ National Interest တွေ ရှိပါတယ်။ ပါဝင်လာဖို့အတွက် လူငယ်တွေအနေနဲ့ ညှိနှိုင်းစည်းရုံးဖို့ လိုပါတယ်။ လူငယ်တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ အားလုံး မျှော်လင့်နေတဲ့ ဖက်ဒရယ်၊ ကွန်ဖက်ဒရယ် ရရှိတည်ဆောက်နိုင်ဖို့ အချိုးအကွေ့တစ်ခု ဖြစ်သလို အပြောင်းအလဲ တစ်ခု ဖြစ်တဲ့အတွက် ငြိမ်မနေဘဲ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။

(၁၁) နောက်ဆုံးအနေနဲ့ လက်ရှိ နိုင်ငံရေးအရ ဦးဆောင်နေသူတွေကို လူငယ်တစ်ဦးအနေနဲ့ ဘာပြောချင်သလဲ။

ကိုမင်းလွင်ဦး (စည်းရုံးရေးဆပ်ကော်မတီတာဝန်ခံ၊ ဒီမိုကရေစီအရေးလှုပရှားမှုသပိတ်ကော်မတီ၊ ထားဝယ်ခရိုင်)

တော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအရ ကြေကြေလည်လည် ဆွေးနွေးဖို့ လိုပါတယ်။ တော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးနိုင်ဖို့နဲ့ တော်လှန်ရေးအမြန်ဆုံး ပြီးနိုင်ဖို့ မဟာဗျူဟာ ဆွဲနိုင်ဖို့ လိုပါတယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးတစ်ခုတည်းကို ဦးမတည်ဘဲ ဖက်ဒရယ်ဒီမိုကရေစီနစ် တည်ဆောက်ရေးအတွက်ပါ ကြိုးပမ်းဖို့ မဖြစ်မနေလိုအပ်ပါတယ်။