• Today is: Tuesday, January 31, 2023

ဖက်ဒရယ်စနစ်နဲ့ နိုင်ငံရေးပြဿနာ     

ဖက်ဒရယ်စနစ်နဲ့ နိုင်ငံရေးပြဿနာ                                                                                            

  • မိုးစက်                     

ဖက်ဒရယ်ဆိုတာ

ကမ္ဘာ့နိုင်ငံတွေထဲက နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီး ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ဆိုပါတယ်။ ဖက်ဒရယ်စနစ်ကို အဓိကအခြေခံအကြောင်းရင်း(၃) ရပ်အပေါ် မူတည်ပြီး ကျင့်သုံးကြတာတွေ့ရတယ်။

ပထမချက်က တိုင်းပြည်ရဲ့ ကာကွယ်ရေးနှင့် လုံခြုံရေး အင်အားတောင့်တင်းဖို့နဲ့ စီးပွားရေးခိုင်မာအားကောင်းဖို့အတွက်ရည်ရွယ်ခြင်းဖြစ်တယ်။

ဒုတိယချက်ကတော့ နယ်‌မြေဧရိယာကျယ်ဝန်းရှိမှု၊ မတူညီတဲ့ နယ်မြေအနေအထားရှိခြင်းကြောင့် ဒေသခံပြည်သူလူထုနဲ့ အစိုးရတို့ကြား နီးနီးကပ်ကပ်ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့ ရည်ရွယ်တယ်။

တတိယချက်ကတော့ မတူညီတဲ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ ဘာသာစကား၊ အနောက်ခံသမိုင်းကြောင်းရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ စုံလင်ကွဲပြားစွာနေထိုင်တဲ့နိုင်ငံတွေမှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးခဲ့ကြတယ်။

ကျနော်တို့နိုင်ငံလည်းပဲ မတူကွဲပြားစုံလင်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သော Multi- Ethnic State တစ်ခုဖြစ်တဲ့အတွက် ဖက်ဒရယ်စနစ်အုပ်ချုပ်မှုက အင်မတန်အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်တယ်။ တနည်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဟာ တိုင်းပြည်ရဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး နိုင်ငံရေးပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းနိုင်မယ့် အဓိကသော့ချက်လည်းဖြစ်တယ်။

ဖက်ဒရယ်ဆိုတာ လက်တင်ဘာသာစကား Foedus(ဖိုဒက်(စ်)) ကနေ ဆင်းသက်လာပြီး ပဋိညာဉ်ပြုခြင်းလို့ အဓိပ္ပါယ်ရတယ်။ ဖက်ဒရယ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ အီလာဇာကတော့ ဖက်ဒရယ်ပြုခြင်းဆိုတာ အချင်းချင်း ပိဋိညာဉ်ပြုပြီးတော့ မိတ်ဖက်ဖွဲ့စည်းထူထောင်ခြင်းဖြစ်တယ်လို့ ဆိုတယ်။

ဖက်ဒရယ်စနစ်ဆိုတာ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တွေရဲ့ ကိုယ်စားလှယ်တွေအပါအဝင် ဖွဲ့စည်းထားတဲ့ ဗဟိုအစိုးရ (Central Government)နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရ မိမိတို့ကိုယ်တိုင်ရေးဆွဲ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ ပြည်နယ်အစိုးရ(Regionl Government) တွေကြား အချုပ်အခြာအာဏာကို မဏ္ဍိုင်ကြီး  (၃)ရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး အခွင့်အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့ အစိုးရစနစ်ဖြစ်သလို ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေဆိုင်ရာအစီအမံတစ်ရပ်လည်းဖြစ်တယ်။

အချုပ်ပြောရရင် ဖက်ဒရယ်စနစ်မှာ အခြေခံအယူအဆ (၂) ခုရှိတယ်။ Self Rule လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ Shared Rule လို့ခေါ်တဲ့ စုပေါင်းခွဲဝေအုပ်ချုပ်မှုပဲဖြစ်တယ်။ တချို့ပညာရှင်တွေက ဖက်ဒရယ်ဆိုတာ Constitution, Institution စီမံတရပ်ထက်ပိုသော လူ့အဖွဲ့အစည်း အ‌ခြေပြုတည်ဆောက်မှုရှိဖို့လိုကြောင်း ထောက်ပြကြတာမျိုးတွေ့ရတယ်။

လူ့အဖွဲ့အစည်းအတွင်း အခြေပြုတည်ဆောက်မှုမရှိရင် စနစ်တစ်ခုဟာ စာရွက်ပေါ်မှာပဲ ကောင်းမွန်နေပြီး မတူကွဲပြားမှုနဲ့ စုံလင်ကွဲပြားတဲ့ အမှတ်အသားသရုပ်တွေ‌ပေါ် အချင်းချင်းအပြန်အလှန်လေးစားတန်ဖိုးထားမှုတွေမရှိဘဲ အနစ်သာရပျောက်ဆုံးနေမှာပါ။

ဖက်ဒရယ်ဆိုတာ မိတ်ဖက်ပေါင်းစည်းခြင်းဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ခွဲထွက်ခွင့်ရှိခြင်း ဖြစ်တယ်

၂၀၁၅ မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ကိုလက်မှတ်ရေးထိုးထားတဲ့  တိုင်းရင်းသားလက်နက်အင်အားစုတွေက ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်၊ တန်းတူရည်တူပူးပေါင်းဆောင်ရွက်ရေးသာဖြစ်တယ်ဆိုတဲ့ ပြည်ထောင်စုစိတ်နဲ့ ခွဲမထွက်ရေးကို အာမခံပြီး ခွဲထွက်ခွင့်မရှိတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမူကို သဘောတူခဲ့ကြတယ်။

မြန်မာ့တပ်မတော်ကလည်းပဲ “ပြည်ထောင်စုမပြိုကွဲရေး… ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံကိုတောက်လျှောက် အော်လာခဲ့တယ်။ ဒါက နိုင်ငံရေးပြဿနာကို အဖြေရှာတဲ့အခါ လက်ရှိရှိ‌ရင်းစွဲ နိုင်ငံတော်မြေပုံကို တစ်စိတ်တစ်ဒေသမျှ ဖဲ့ထုတ်စဉ်းစားခွင့်မရှိဘူးဆိုတဲ့ အချက်ပါပဲ။

တကယ်တော့ ကိုယ်ပိုင်ပြဌာန်းခွင့်(Right to Self-Determination)ဆိုတဲ့ အခြေခံအယူအဆ (Original Thinking) ကိုပြန်ကြည့်ရင် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ နိုင်ငံတစ်ခု သို့မဟုတ် လူသားမျိုးနွယ်စုတစ်စုအနေနဲ့ ပြည်ထောင်စုအတွင်း အတူယှဉ်တွဲနေလိုက တခြားလူမျိုးများ နည်းအတူ နေထိုင်ခွင့်ရှိသလို အချုပ်ခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်သီးခြား ရပ်တည် လိုက ရပ်တည်ခွင့်ရှိပါတယ်။

အဲဒါကြောင့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ခွဲထွက်ခွင့်ကို သဘောတူခဲ့ကြတာဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ၁၉၄၇ မေလ ၁၉ရက်ကနေ ၂၃ ရက်‌အထိ ကျင်းပတဲ့ ဖဆပလ ပဏမညီလာခံမှာ Self-Determination နဲ့ ပတ်သက်ပြီး စတာလင်ရဲ့ မာ့က်ဝါဒနှင့် လူမျိုးရေးပြသနာ(Marxism and The National Question)ထဲက အခန်း(၂) The National Movement ပါ ဖော်ပြချက်တချို့ကို ကိုးကားတင်ပြသွားတာ တွေ့ရတယ်။

ဆိုတော့ ခွဲ‌ရေးတွဲရေးဆိုတာ ခေတ်အဆက်ဆက် ဗမာစစ်တပ်အာဏာသိမ်းဖို့ အ‌ကြောင်းပြချက်မဖြစ်သင့်ဘူး။ ခွဲထွက်ခွင့် သို့မဟုတ် သီးခြားလွတ်လပ်တဲ့နိုင်ငံတော်ထူထောင်ခွင့်(External Self-Determination)ဆိုတာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခြေခံရပိုင်ခွင့်  ဖြစ်တယ်ဆိုတာကို ဗမာလူမျိုးကြီးတွေနဲ့ ဗမာစစ်တပ်နားလည်ဖို့လိုတယ်။

တိုင်းရင်းသားလူမျိုးစုတွေဟာ ဗြိတိသျှကိုလိုနီလက်အောက်မကျရောက်ခင်ကတည်းက ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ဘုရင် ကိုယ့်စော်ဘွား ကိုယ့်ရမ်အုပ် ကိုယ့်ဒါဝူတွေရဲ့ အုပ်ချုပ်မှုနဲ့အတူရှိခဲ့ကြတယ်။ ဗြိတိသျှကိုလိုနီလက်အောက်ရောက်တော့လည်း ၁၉၄၈ လွတ်လပ်ရေးမရခင်အထိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရထားတဲ့ နယ်မြေတွေဖြစ်နဲ့သာတည်ရှိခဲ့ကြတယ်။ ဗြိတိသျှကိုလိုနီအစိုးရဟာ ကိုလိုနီနယ်မြေ(၄)ခုခွဲပြီး အုပ်ချုပ်ခဲ့တယ်။

ရှမ်းပြည်ကို ရှမ်းပြည်အက်ဉပဒေ( Shan State Act-1888) နောက် ပြည်ထောင်စုရှမ်းပြည်အက်ဉပဒေ(Federated Shan State Act-1922)နဲ့ စော်ဘွားတွေအုပ်ချုပ်ခဲ့တယ်။ ကချင်တောင်တန်းဒေသကို ကချင်တောင်တန်းဒေသအက်ဉပဒေ(The Kachin Hills Tribes Regulation-1895)နဲ့ ဒူဝါတွေ အုပ်ချုပ်ခဲ့သလို ချင်းတောင်တန်းကို ချင်းတောင်တန်းအက်ဉပဒေ(The Chin Hill Regulation-1896)နဲ့ ရမ်အုပ်တွေ ဦးဆောင်ခဲ့တယ်။

ဗမာတိုင်းရင်းသားအများစုနေထိုင်တဲ့ မြေပြန့်ဒေသကို Burma Proper လို့ သတ်မှတ်ပြီး Burma Act-1935 အရအုပ်ချုပ်ခဲ့တယ်။ ရခိုင်ပြည်ရဲ့ တောင်တန်းဒေသလို့ခေါ်တဲ့ ပလက်ဝနဲ့ မြောက်ပိုင်းဒေသကတော့ Burma Act-1935 အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဒေသတစ်ခုဖြစ်တယ်။

စောဖျာတွေအုပ်ချုပ်တဲ့ ကရင်နီပြည်ဆိုရင် ၁၈၇၅ ခုနှစ် မင်းတုန်းမင်းကိုယ်စား ကင်းဝန်မင်းကြီးနဲ့ ဗြိတိသျှဘုရင်ခံချုပ်ကိုယ်စား ဆာဒေါက်ကလပ်ဖောဆက်တို့ ချုပ်ဆိုတဲ့စာချုပ်အရ သီးခြားလွတ်လပ်တဲ့ နိုင်ငံငယ်လေး တစ်နိုင်ငံဖြစ်ခဲ့တယ်။

ဗြိတိသျှကိုလိုနီနယ်မြေအဖြစ်တည်ရှိတဲ့ တိုင်းရင်းသားဒေသတွေဟာ ၁၉၄၁ အမေရိကန်သမ္မတ ဖရန်ကလင် ဒီလာနိုးရုစဗဲ့နဲ့ ဗြိတိသျှဝန်ကြီးချုပ် ဝစ်စတန်ချာချီတို့ ချုပ်ဆိုတဲ့ အတ္တလန္တိတ်ပိဋိညာဉ်(Atlantic Charter)အရ လွတ်လွပ်ရေးကိုသီးခြားရယူခွင့်ရှိကြတယ်။

သို့သော် ပြည်ထောင်စုကို တန်းတူရည်တူ အတူတကွထူထောင်လိုစိတ်၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို မထိပါ့းစေဘဲ ခွဲထွက်လိုက နောက်(၁၀)နှစ်ကြာ ခွဲထွက်ခွင့်ကိုအာမခံတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကိုယုံကြည်တဲ့စိတ်နဲ့ ဗမာတွေနဲ့အတူ အတူတကွလွတ်လပ်ရေးပြီး ပြည်ထောင်စုကိုထူထောင်ဖို့ သဘောတူခဲ့ကြတယ်။

သို့သော် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေလုပ်ကြံခံလိုက်ရပြီးနောက်ပိုင်း ဖဆပလ ဗမာခေါင်းဆောင်တွေဟာ သဘောတူညီမှု ကတိကဝတ်တွေကို ချိုးဖျက်ပြီး လူမျိုးကြီးဝါဒ(Chauvinism) ကြီးစိုးတဲ့ တစ်ပြည်ထောင်စနစ်(Unitary System)ကို ထူထောင်လိုက်ကြတယ်။

အမျိုးသားတန်းတူရေးနဲ့ ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်(Internal Self- Determination)ကို အလေးမထားဘဲ ဖက်ဒရယ်ဆိုတာ ခွဲထွက်ခွင့်မဟုတ် ပေါင်းစည်းရေးသာဖြစ်တယ်ဆိုပြီး Putting Together ပုံစံနဲ့ အတင်းအကျပ်ပေါင်းစည်းမယ် ဆိုတာမျိုးဆိုရင် အကောင်းကျိုးထက် အဆိုးကျိုးသာပိုများပါလိမ့်မယ်။

ပြည်ထောင်စုတည်ဆောက်ဖို့ စစ်တပ်ကိုနိုင်ငံရေးကနေဖယ်ထုတ်ဖို့လိုတယ်

တိုင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစု/နိုင်ငံရေးအင်အားစုတွေရဲ့ နိုင်ငံရေးအရ ကြီးမားတဲ့ရည်မှန်းချက်ဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အတူကွတည်ဆောက်ပြီး အတူယှဉ်တွဲနေထိုင်ရေးဖြစ်တယ်။

တဖက်က ပြည်သူလူထုကို ဗိုလ်ကျအနိုင်ကျင့် အုပ်ချုပ်နေတဲ့ အာဏာရှင်စစ်တပ်ကလည်းပဲ ဒီမိုကရေစီကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလို့ အသံကောင်းဟစ်ပြီး တချို့တိုင်းရင်းသားလက်နက် အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာမျိုး တွေ့ရတယ်။

ဒါက ဘာမှယုံကြည်စရာအကြောင်းမရှိပါဘူး။ အာဏာသိမ်းစစ်တပ်ဟာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူသား မျိုးနွယ်စုတွေရဲ့ အမှတ်အသားသရုပ်တွေကို ဖျက်ဆီးပစ်ခဲ့တာတွေ အားလုံးကို ဗမာမှုပြုပြီး ဗမာကြီးစိုးရေးဝါဒနဲ့ အုပ်ချုပ်ခဲ့တာတွေက အတိတ်မှာရော လက်ရှိပစ္စုပ္ပာန်ကာလတွေမှာပါ အထင်းသားတွေ့နေရတာပါ။

မကြာသေးမီကပဲ မဖြစ်စလောက်လေး ရထားတဲ့ အမျိုးသားပညာရေးဥပဒေပါ အခြေခံပညာဆင့်မှာ တိုင်းရင်းသားဘာသာစကားသင်ကြားခွင့်ကို ပယ်ဖျက်လိုက်တယ်။ ဒါက ဖက်ဒရယ်ပညာရေးရဲ့ အခြေခံအယူအဆလောက်ကိုတောင် လက်မခံနိုင်ဘူးဆိုတဲ့ သဘောပါ။

အဲဒါကြောင့် တော်လှန်ရေးရဲ့ အမြင့်ဆုံးနိုင်ငံရေးမျှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဆိုရင် လူမျိုးကြီးဝါဒစွဲကပ်နေတဲ့ စစ်အာဏာရှင်လူတစ်စုကို နိုင်ငံရေးကနေ အပြီးတိုင်ဖယ်ရှားပစ်နိုင်ဖို့လိုတယ်။

အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး တောင်းဆိုမှုဟာ ပင်လုံစာချုပ်အရ တရားဝင်တဲ့နိုင်ငံ‌ရေးတောင်းဆိုမှု ဖြစ်တယ်။ သို့သော် ကနေ့အခြေအနေမှာ ပြည်ထောင်စုတည်ဆောက်‌်ဖို့ ပင်လုံစာချုပ်တစ်ခုတည်းနဲ့ ပြည့်စုံလုံလောက်မှု ရှိမှာ မဟုတ်ဘူး။

ဆိုတော့ ဗမာအပါအဝင် တိုင်းရင်းသားတွေ အားလုံးလက်ခံနိုင်တဲ့ သဘောတူညီမှုသစ်တွေချမှတ်နိုင်ဖို့က တိုင်းပြည်တည်ဆောက်ရေးနဲ့ အာဏာရှင်စနစ် ဆန့်ကျင် တော်လှန်ရေးအတွက် အရေးကြီးတဲ့အချက်လို့မြင်ပါတယ်။