• Today is: Friday, March 29, 2024

ကိုးကန့် ချင်းရွှေဟော်ဒေသမှာ စစ်ကောင်စီနှင့်ပူးပေါင်းကိုးကန့်အဖွဲ့က MNDAA ခံတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်၊ တိုက်ပွဲအတွင်း တပ်ရင်းမှူးအပါအဝင်၊ စစ်ကောင်စီပူးပေါင်းအဖွဲ့ ညွှန်ကြားရေးမှူး နှစ်ဦးနှင့် တပ်သားတချို့ သေဆုံး

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁ 

ကိုးကန့် ချင်းရွှေဟော်ဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှစပြီး စစ်ကောင်စီနှင့်ပူးပေါင်းကိုးကန့်အဖွဲ့က MNDAA ခံတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာပါ။

အင်အား ၅၀၀ ခန့်ရှိတဲ့ စစ်ကောင်စီ ပူးပေါင်း တပ်ဖွဲ့တို့ဟာ ကိုးကန့် ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA)တပ်ဖွဲ့တို့၏ နယ်မြေထဲက ခံတပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က တစ်နေ့ကုန် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်လာခဲ့တယ်လို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့တာပါ။

အဲဒီနှစ်ဖက် တိုက်ပွဲအတွင်းမှာတော့ တပ်ရင်းမှူးတဦး အပါအဝင်၊ စစ်ကောင်စီနှင့် ပူးပေါင်းကိုးကန့်အဖွဲ့ ညွှန်ကြားရေးမှူးနှစ်ဦးနှင့် တပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးပျောက်ဆုံးနေတယ်လို့ (ကိုးကန့်) MNDAA တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲ အတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ရဲ့ ရုပ်အလောင်းများကိုပင် လာရောက် သယ်ယူခြင်း မပြုလုပ်ပဲ စွန့်ပစ်ထားခဲ့ကြတာလို့ ဆိုပါတယ်။

ယမန်နေ့ နံနက်ပိုင်း ၉ နာရီ ၁၅ မိနစ်ခန့်ထိ နှစ်ဦးနှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီခန့် မှာတော့ နှစ်ဖက်ပစ်ခတ်မှု ငြိမ်သက်သွားတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်ဖက်တပ်ဖွဲ့က တပ်လန့်ထားပြီး အနီးကပ်စောင့်ကြည့်နေတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

နှစ်ဖက် တိုက်ပွဲအတွင်းမှာတော့ ကိုးကန့် (MNDAA)တပ်ဖွဲ့ဘက်က ထိခိုက်မှု တချို့ရှိခဲ့ပေမယ့် မစိုးရိမ်ရ ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီနှင့် ပူးပေါင်းအဖွဲ့တို့ဟာ တိုက်ပွဲ​ ဖြစ်ပွားနေတဲ့ ကျေးရွာအနီး တပ်အင်အား ထပ်မံဖြည့်တင်း နေပြီး နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ဒေသခံများက စိုးရိမ်မှု မြင့်တက်နေပါတယ်။