• Today is: Tuesday, January 31, 2023

နွေဉီးတော်လှန်ရေးအတွင်းက ပေါ်ထွက်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီအကြောင်း တစေ့တစောင်း

နွေဉီးတော်လှန်ရေးအတွင်းက ပေါ်ထွက်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီအကြောင်း တစေ့တစောင်း

–  အိုက်နီ(ဖြူး)

 ၂၀၂၁ခုနစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးနဲ့အတူ ဖက်ဒရယ် စနစ်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးက ပြည်သူလူထုကြားထဲမှာ စန်းထလာခဲ့ပြန်ပါတယ်။ ဖက်ဒရယ်ဆိုတဲ့အနက်အဓိပ္ပါယ်က အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Agreement (သဘောတူညီချက်)ပဲ ဖြစ်ပါတယ်။ ဒီထက်ကျယ်ပြန့်တဲ့အနက်အဓိပ္ပါယ်တွေ လက်တွေ့ကျတဲ့ ဖက်ဒရယ်စနစ်ဆိုတာကို ဆန်း စစ်ကြရမှာပဲဖြစ်ပါတယ်။

ဖက်ဒရယ်စနစ်ဆိုတာ သဘောတူညီချက် (Agreement)ဆိုတဲ့ အနက်အဓိ ပ္ပါယ်ထက် Equality (တန်းတူရေး) အဓိပ္ပါယ်ကို ပိုမိုသဘောကျပါတယ်။ အနက်အဓိပ္ပါယ်လည်း ပိုမို ပြည့် စုံလိမ့်မယ်လို့လဲယူဆပါတယ်။

ဖက်ဒရယ်စနစ်ဆိုတာ တပြည်ထောင်စနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်သလို အာဏာရှင်စနစ် တွေနဲ့လည်း ဆန့်ကျင်ဘက်အရပ်မှာ တည်ရှိနေတဲ့ နိုင်ငံရေးအရတည်ဆောက်ပုံတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာဦး အစကနေ တည်ရှိနေတဲ့ ထီးပြိုင်နန်းပြိုင် နိုင်ငံငယ်တွေ ပြည်ထောင်တွေကို သဘောဆန္ဒ တူညီစွာ ပူးပေါင်းပြီး နိုင်ငံတစ်ခုအဖြစ်ထူထောင်လိုက်ခြင်းကို ဖက်ဒရယ်စနစ်လို့ အကြမ်း ဖျင်း သတ်မှတ်လို့ ရပါတယ်။

ဒီနေရာမှာ နိုင်ငံရေးအတွေးအခေါ်အယူအဆတွေကို ဆန္ဒစွဲကင်းဖို့လိုပါ တယ်။ ဖက်ဒရယ် စနစ်က နိုင်ငံရေးဝါဒတွေအပေါ်မှာ တည်ဆောက်ရတာမျိုးထက် နိုင်ငံရေးအာဏာ၊ စီးပွားရေး ရပိုင်ခွင့်အာဏာ ဘယ်လိုညီမျှစွာခွဲဝေကြမလဲဆိုတဲ့အပေါ်မှာပဲ အခြေတည်ပါတယ်။

တချို့ ပုဂ္ဂိုလ်တွေက ဆန္ဒစွဲရှိစွာ လစ်ဘရယ်ဒီမိုကရေစီစနစ်မှာလည်း ဖက်ဒရယ်စနစ် တည်ထောင်နိုင်တယ် ဆိုတဲ့အယူအဆကိုလက်မခံပါဘူး။ ကမ္ဘာမှာ လစ်ဘရယ်ဒီမိုကရေစီ စနစ် အောက်ကနေ မဟုတ်ဘဲ ဖက်ဒ ရယ်စနစ်ထူထောင်ထားတာတွေကို တွေ့ရှိနိုင်ပါတယ်။ အစောဆုံး ဖက်ဒရယ်နိုင်ငံကြီးထဲက တခုဖြစ်တဲ့ ဆိုဗီယက်ယူနီယံပြည်ထောင်စုဟာ ဆိုရှယ်လစ်စနစ် အောက် ကနေ ဖက်ဒရယ်စနစ်တည်ဆောက်ထား တာကို တွေ့ရှိနိုင်ပါတယ်။

ဖက်ဒရယ်စနစ်ဟာ နိုင်ငံရေးဝါဒ တွေအပေါ်မှာ တည်ဆောက်ရမှာမဟုတ်ဘဲ အကျိုးစီးပွားခွဲဝေမှုအပေါ်မှာပဲ အခြေတည်ပါတယ်။ ဖက်ဒရယ်စနစ်က ဘယ်နိုင်ငံရေးစနစ်အောက်မှာ ရှိနေပါစေ၊ တန်းတူရေးရှိနေသမျှ ဖက်ဒရယ်စနစ်အသက်ဝင်နေမှာပဲဖြစ်ပါတယ်။

တန်းတူရေးနဲ့ တရား မျှတမှုကင်းမဲ့သွားရင်တော့ ဖက်ဒရယ်စနစ်က အသက်ဝင်တော့မှာမဟုတ်ပါဘူး။ ကမ္ဘာမှာ ပြီးပြည့်စုံတဲ့ ဖက်ဒရယ် စနစ်မရှိဘူး ဆိုတာကိုလည်း ဒီနေရာမှာ သတိချပ်ရမှာဖြစ်ပါတယ်။

ဖက်ဒရယ်စနစ်ရုပ်လုံးပေါ်ဖို့ဆိုရင် မဖြစ်မနေပါဝင်ရမယ့် အခဏ်းကဏ္ဍတွေပါဝင်နေရပါမယ်။ ဖက်ဒ ရယ်စနစ်ကို အာမခံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ဖက်ဒရယ်စနစ်ကို အသက်ဝင်စေမယ့် ဒီမိုကရေစီ ကျင့်စဉ်တရားများ၊ ကျားမတန်းတူရေးနှင့် ဒေသန္တရအုပ်ချုပ်ရေး၊ မတူကွဲပြားမှုတွေ ပါဝင်ခွင့်ရှိတဲ့ လူ့ အဖွဲ့အစည်းတစ်ရပ် ထူထောင်ရေး စတဲ့ အချက်အလက်တွေက ဖက်ဒရယ်စနစ်ကို ရုပ်လုံးပေါ် အသက် ဝင်စေမယ့် အခဏ်းကဏ္ဍတွေပဲဖြစ်တယ်။

တချို့နိုင်ငံတွေက ဖက်ဒရယ်စနစ် ဆိုတာကို နိုင်ငံရဲ့ဖွဲ့စည်းပုံ တွေမှာ တိုက်ရိုက်ရည်ညွှန်းဖော်ပြကြပါတယ်။ ဥပမာ အီသီယိုပီးယား၊ မက်ဆီကို၊ ဘရာဇီး၊ နိုင်ဂျီးရီး ယား ၊ မလေးရှား၊ ပါကစ္စတန်နှင့် အီရတ်နိုင်ငံ စသည့် နိုင်ငံတွေဖြစ်ပါတယ်။ အချို့နိုင်ငံတွေက ဖက်ဒရယ်ဝေါဟာရကို တိုက်ရိုက်မရည်ညွှန်းဘဲ ဗဟိုချုပ် ကိုင်မှု လျော့ချခြင်းဖြင့် ဖက်ဒရယ်စနစ်ကို ရုပ်လုံးဖော်ထားတာကိုလည်း တွေ့ရပါတယ်။

ဥပမာ တောင်အာဖရိက၊ တောင်ဆူဒန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် အင်ဒို နီးရှားနိုင်ငံတို့ပဲဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်မှာ အစိုးရအချင်းချင်းကြား လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်တွေကို ဖွဲ့စည်းပုံအရ ခွဲဝေထားရပါမယ်။ ဆိုလိုတာက ပြည်နယ်အစိုးရအချင်းချင်းဖြစ်စေ၊ ပြည်ထောင်စု နဲ့ ပြည်ထောင်စုအစိုးရကြားထဲ လုပ်ပိုင်ခွင့်အာဏာ၊ တာဝန်ခွဲဝေမှုကို ဆိုလိုတာဖြစ်ပါတယ်။

ဒီမိုကရေစီ နည်းကျရွေးကောက်ခံထားရတဲ့အစိုးရ (သို့မဟုတ်) လွှတ်တော်၂ရပ်ရှိရပါတယ်။ အပြန်အလှန်ထိန်း ကြောင်းဖို့က ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို ပိုမိုခိုင်မာ အသက်ဝင်စေမှာပဲဖြစ်ပါတယ်။ အစိုးရ အချင်းချင်းကြားဖြစ်စေ၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရများအကြား အငြင်းပွားဖွယ် ပြဿနာ ရပ်တွေပေါ်ပေါက်လာခဲ့ရင် ဖြေရှင်းဖို့ လွတ်လပ်တဲ့အာဏာပိုင်အဖွဲ့အစည်းတွေကို ထူထောင်ပိုင်ခွင့်ကို နိုင်ငံရဲ့ဖွဲ့စည်းပုံမှာအာမခံပေးရပါမယ်။

ဥပမာ အမေရိကန်နဲ့အိန္ဒိယနိုင်ငံတွေမှာ တရားရုံးချုပ်က အငြင်း ပွားဖွယ်ပြဿနာရပ်တွေကို ဖြေရှင်းတဲ့ လွတ်လပ်တဲ့အာဏာပိုင်အဖွဲ့အစည်းဖြစ်ပါတယ်။ အီသီရိုပီး ယားနဲ့ ဂျာမဏီနိုင်ငံတွေမှာတော့ အထက်လွှတ်တော်ဖြစ်ပြီး တောင်အဖရိကနဲ့မြန်မာနိုင်ငံတွေမှာ ဖွဲ့စည်းပုံခုံရုံးတွေက ဖြေရှင်းဆုံးဖြတ်ကြပါတယ်။

ဒီနေရာမှာ သတိချပ်ဖို့က လွတ်လပ်တဲ့ အာဏာပိုင် အဖွဲ့အစည်းတွေကို ဖွဲ့စည်းပုံအရ တည်ထောင်ကြပေမယ့် အနည်းနဲ့အများ လာဘ်ပေးမှု၊ အာဏာ အသုံးချပြီးစွက်ဖက်မှုတွေက ကမ္ဘာ့နိုင်ငံအနှံ့အပြားပေါ်ပေါက်နေတာဖြစ်တာကြောင့် ဖက်ဒရယ်စနစ်ရဲ့ အားနည်းချက်ဖြစ်သလို စိန်ခေါ်ချက်လည်းဖြစ်နေပါတယ်။ ဒီမိုကရေစီကျင့်စဉ်တွေ၊ အစိုးရတွေရဲ့ ကိုယ် ကျင့်သိက္ခါတွေပျက်ပြားနေသမျှ ဒီစိန်ခေါ်ချက်တွေက ဖြစ်ပေါ်နေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကျင့် သိက္ခါရှိတဲ့ဒီမိုကရေစီကျင့်စဉ်တွေကို အာမခံတဲ့အစိုးရဖြစ်ဖို့ မဲဆန္ဒရှင်ပြည်သူလူထုတွေက သေချာစိစစ် ရွေးချယ်ဖို့က အရေးကြီးပါတယ်။

အင်္ဂလန်နိုင်ငံ(UK)ဟာ ကမ္ဘာမှာ ဖက်ဒရယ်စနစ်မကျင့်သုံးတဲ့နိုင်ငံ ထဲမှာပါဝင်ပါတယ်။ UKကို ဝေလ၊ မြောက်အိုင်ယာလန်၊ စကော့တလန်နဲ့ ဗြိတိန် တို့ဖြင့်ဖွဲ့စည်းထားပြီး ဗဟိုချုပ်ကိုင်မှုလျော့ချထားခြင်း ဒီမိုကရေစီနည်းကျရွေးကောက်ပွဲရှိနေခြင်းကလွဲပြီး ဖက်ဒရယ်စနစ် မကျင့်သုံးပါဘူး။

ကမ္ဘာ့လူဦးရေ၄၀ရာခိုင်နှုန်းက ဖက်ဒရယ်နိုင်ငံတွေမှာ နေထိုင်ကြတယ်လို့ စစ်တမ်း တွေက ညွှန်းဆိုထားကြပေမယ့် ဖက်ဒရယ်စနစ်ပြီးပြည့်စုံတဲ့နိုင်ငံကတော့ စစ်တမ်းတွေကဖော်ပြဖို့ ခက် ခဲနေပါတယ်။ ဖက်ဒရယ်နိုင်ငံအသီးသီးဟာ စိန်ခေါ်ချက်တွေ အားနည်းချက်တွေနဲ့ ပြည့်နှက်နေဆဲပါ။

ကျားမတန်းတူရေးနှင့် မတူကွဲပြားမှုတွေလက်မခံသေးသမျှကာလပတ်လုံး ဖက်ဒရယ်စနစ်က အသက်ဝင်မှာမဟုတ်ပါဘူး။ နိုင်ငံရေးအရ အမျိုးသမီးတွေရဲ့ပါဝင်ခွင့်က အရေးပါပါတယ်။ ကမ္ဘာ့ လူဦး ရေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ပါဝင်မှုကန့်သတ်ခံနေရရင် ကမ္ဘာ့ပြည်သူလူထုတဝက်ကျော်ကို ကိုယ်စားပြုမှုမရှိနိုင်တော့သလို ပြည်သူလူထုတစ်ရပ်လုံးဆန္ဒ ပါဝင် တယ်လို့ လည်းပြောဖို့ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ဖက်ဒရယ်စနစ်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရေးကြီးပါတယ်။

အမျိုးသမီးတွေကို ဘယ်လိုပါဝင်ခွင့်ပြုမလဲ။ ဒေသန္တရအုပ်ချုပ်ရေးဖြစ်တဲ့ ကျေးရွာ အုပ်ချုပ်ရေးကနေ ပြည်နယ်အစိုးရ၊ ဗဟိုအစိုးရ(ပြည်ထောင်စုအစိုးရ)အထိပါဝင်ခွင့်ကို ဘယ်လို အကြောင်းပြချက်နဲ့မှ မကန့်သတ်ထားသင့်ပါဘူး။ ဒါပေမယ့် ဒီနေရာမှာ ဒီမိုကရေစီကျင့်စဉ်အရ လွတ် လပ်စွာရွေးကောက်ခံခွင့်ပေးထားရမယ်ဆိုတာကိုတော့ သတိပြုရပါမယ်။ မတူကွဲပြားမှုကိုလည်း အသိ အမှတ်ပြုရပါတယ်။

အသားအရောင်၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ လိင်စိတ်ခံယူမှု စတဲ့ ဘယ်လိုကွဲပြား မှုတွေရှိနေပါစေ နိုင်ငံရေးအရ ကန့်သတ်မှုမရှိဘဲ အမျိုးသား၊ အမျိုးသမီးများနဲ့တန်းတူ နိုင်ငံရေးအရ၊ စီးပွားအရ၊ လူမှုရေးအရ ပါဝင်ခွင့်ပြုရပါမယ်။

ဖက်ဒရယ်စနစ်မှာ မဖြစ်မနေအရေးကြီးတဲ့ အခဏ်းကဏ္ဍ တစ်ခုကတော့ ဘဏ္ဍာရေးနဲ့ သံယံဇာတခွဲဝေမှုပဲဖြစ်ပါတယ်။ ဘဏ္ဍာရေးနဲ့ ပက်သက်ရင် ဝင်ငွေနဲ့ အသုံး စရိတ်၊ အစိုးရအချင်းချင်းကြားလွှဲပြောင်းငွေ(ချေးငွ)တွေကို ပြည်ထောင်စုအစိုးရ(ဗဟိုအစိုးရ)က ဘယ် လိုခွဲဝေမလဲဆိုတာအင်မတန်အရေးကြီးပါတယ်။ အသေးစိတ်ရှင်းပြဖို့ဆိုရင် စာတမ်းတစောင်၊ ကျမ်းတခု အဖြစ်ရေးသားရမှာဖြစ်လို့ အကျဉ်းချုံးပဲပြောပါမယ်။

ပြည်ထောင်စုအစိုးရ(ဗဟိုအစိုးရ)အနေနဲ့ ဘဏ္ဍာ ရေးအရလုပ်ပိုင်ခွင့်အာဏာ၊ တစ်ဦးချင်းဝင်ငွေခွန်၊ အရောင်းခွန်၊ ပို့ဆောင်ရေးခွန်၊ မြေခွန် ယာခွန်၊ လမ်း ခွန်အိမ်ခွန်တွေကို စနစ်တကျ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဌာန်းရမည်ဖြစ်ပြီး ဘယ်အခွန်တွေကို ပြည် ထောင်စုအဆင့်က စည်းကြပ်ရမလဲ၊ ဘယ်အခွန်ကို ပြည်နယ်အဆင့်က စည်းကြပ်ရမလဲ၊ ဘယ်အခွန်ကို ဒေသန္တရအဆင့် စည်းကြပ်စီမံရမလဲဆိုတာ ဖွဲ့စည်းပုံမှာပြဌာန်းပြီး ခွဲဝေရမှာဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရ(ဗဟိုအစိုးရ)အနေနဲ့ နိုင်ငံလုံးဆိုင်ရာအသုံးစရိတ်၊ ပြည်နယ်အစိုးရအသုံးစရိတ် ၊ ဒေသန္တရအဆင့် အသုံးစရိတ်တွေကို စီမံခန့်ခွဲရမှာဖြစ်ပါတယ်။ ပြည်နယ်အသီးသီးကို ပြည်ထောင်စုအစိုးရက သင့်တော် သော ဘဏ္ဍာရေးလွှဲပြောင်းပေးရမှာဖြစ်ပြီး လိုအပ်တဲ့ပြည်နယ်တွေကို ပြည်ထောင်စုအစိုးရက ပိုလျှံ သောဘဏ္ဍာအဖြစ် စီးဆင်းပေးရမှာဖြစ်ပါတယ်။ ဥပမာ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးမှုနိမ့်ကျသော ပြည်နယ်များကို ပိုမိုသော ဘဏ္ဍာငွေစီးဆင်းပေးရမှာပဲဖြစ်ပါတယ်။

ဘဏ္ဍာရေးစီးဆင်းမှုနှင့်ပက်သက်ပြီး အကြမ်းဖျင်းအားဖြင့် (၅)မျိုးတွေ့ရှိရပါတယ်။

(၁)ဒေါင်လိုက်ဘဏ္ဍာရေးကွာဟချက် စီးဆင်းခြင်း

(၂) အမျိုးသားအဆင့် သတ်မှတ်စံနှုန်းထားရှိခြင်း

(၃) ဘဏ္ဍာရေးဆိုင်ရာ ညီမျှသော လွှဲပြောင်းမှု

(၄) အသုံးစရိတ်လိုအပ်ချက်အရလွှဲပြောင်းမှု

(၅) ဘဏ္ဍာရေးစွမ်းဆောင်ရည် တိုင်းတာစစ်ဆေးမှု တို့ပဲဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်မှာ ဘဏ္ဍာ စီးဆင်း မှုအကြောင်းပြောပြီးရင် မဖြစ်မနေပြောရမယ့်အချက်က သဘာဝရင်းမြစ်မျှဝေစီးဆင်းခြင်းပဲဖြစ်ပါတယ်။ သဘာဝရင်းမြစ်မျှဝေစီးဆင်းမှုကို အကြမ်းဖျင်းအားဖြင့် (၃)မျိုး တွေ့ရှိရပါတယ်။

(၁) သဘာဝရင်းမြစ်အခွန်ကို သဘာဝရင်းမြစ်အခွန်အဖြစ်မခံစားဘဲ စုပေါင်းမျှဝေခြင်း(ဥပမာ အယ်လ် ဂျီးရီးယား၊ ချီလီ၊ နော်ဝေ)

(၂)အခွန်ငွေ ၂မျိုးသတ်မှတ်ပြီး လိုအပ်သောနေရာသို့ သီးခြားစွာခွဲဝေခြင်း(ဥပမာ အန်ဂိုလာ၊ ဘူဂေးဗီး ယား၊ ဘရာဇီး၊ ချက်၊ တရုတ်၊ ကိုလံဘီယာ၊ အီသီရိုပီးယား)

(၃) လူဦးရေအရ၊ အဆင်းရဲမှုအဆင့်သတ်မှတ်ချက်အရ မျှဝေခြင်း (ဥပမာ မွန်ဂိုလီးယား၊ မက်ဆီကို၊ ယူဂန်ဒါ၊ အီကွေဒေါ) တို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ သတိချပ်ရမှာက နိုင်ငံတစ်ခုချင်းစီက မတူကွဲပြားတဲ့ နိုင်ငံရေးစနစ်နှင့် စီးပွားရေးပေါ်လစီအရကျင့်သုံးတာကို သတိပြုရမှာပဲဖြစ်ပါတယ်။

ဖက်ဒရယ်စနစ် အကြောင်းပြောရင် ချန်လှန်ထားခြင်းခံရတဲ့အပိုင်းကတော့ ဒေသန္တရအုပ်ချုပ် ရေးပဲဖြစ်ပါတယ်။ ဒေသန္တရအုပ်ချုပ်ရေးက ဖက်ဒရယ်စနစ်မှာ အရေးပါပါတယ်။ နားလည်အောင် ရှင်း လင်းအောင်ပြောရရင် ကိုယ်ပိုင်ပြဌာန်းခွင့်ရတိုင်းများ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရပြည်နယ်များရဲ့ အခဏ်း ကဏ္ဍပဲဖြစ်ပါတယ်။ ဒေသန္တရအုပ်ချုပ်ရေး ဘာလို့အရေးကြီးသလဲ။

ဒေသန္တရအုပ်ချုပ်ရေးက ဒီမိုကရေစီ စနစ်နဲ့ ဖက်ဒရယ်စနစ်မှာ အောက်ခြေပြည်သူလူထုနှင့် နေ့စဉ်ထိတွေ့နေရလို့ပဲဖြစ်ပါတယ်။ ပြဿနာရပ် တွေဖြေရှင်းတဲ့နေရာမှာ အောက်ခြေပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှု မပါဝင်ဘဲ ဖြေရှင်းလို့ရနိုင်မှာ မဟုတ်လို့ အင်မတန်အရေးကြီးပါတယ်။

ပြည်သူလူထုတွေအနေဖြင့်လည်း ထိတွေ့ဆက်ဆံဖို့ အလွယ် ကူဆုံးအလွှာဖြစ်ပြီး နိုင်ငံရဲ့တတိယအစိုးရအလွှာလို့လည်း ပြောလို့ရပါတယ်။ ပြည်သူလူထုဟာ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို နေ့စဉ်ထိတွေ့နိုင်မှာဖြစ်ပြီး ပြဿနာရပ်တွေကို အတူ တကွ ဖြေရှင်းနိုင်သလို တာဝန်ယူမှု၊တာဝန်ခံမှုပျက်ကွက်ခဲ့ရင် ဖိအားပေး တွန်းအားပေးနိုင်တဲ့အလွှာပဲ ဖြစ်ပါတယ်။

 ဒေသန္တရအုပ်ချုပ်ရေးကို ဖွဲ့စည်းပုံအရ ဒီမိုကရေစီနည်းကျရွေးကောက်ခံဖို့ အာမခံချက်ပေး ထားရပါမယ်။ ပြည်သူလူထုကိုယ်တိုင်ရွေးချယ်ခွင့်ရှိရမှာဖြစ်သလို အရွေးခံခွင့်လည်းရှိရပါမယ်။ ပြည် ထောင်စုအစိုးရကဖြစ်စေ ပြည်နယ်အစိုးရကဖြစ်စေ တိုက်ရိုက်ခန့်အပ်တဲ့စနစ်မဖြစ်ဖို့လည်း လိုအပ်ပါ တယ်။

ဆိုလိုတာက မိုးကျရွှေကိုယ် ဒေသန္တရအုပ်ချုပ်ရေးစနစ်မဖြစ်ဖို့ သတိချပ်ကြရမှာပဲဖြစ်ပါတယ်။ ဒေသန္တရအုပ်ချုပ်ရေးဆိုတာက ရှင်းလင်းအောင် လွယ်လွယ်ပြောရရင် ဗဟိုချုပ်ကိုင်မှုလျော့ချရေးနဲ့ အမျိုးသမီး၊ မတူကွဲပြားတဲ့ အသားအရောင်၊ လူမျိုး၊ လိင်စိတ်ခံယူမှုကွဲပြားသူတွေ ဒေသန္တရအဆင့်မှာ ပါဝင်ခွင့်ရှိဖို့အာမခံချက်ပေးရမှာဖြစ်ပြီး ပြည်ထောင်စုအဆင့်ထိအကျုံးဝင်စေဖို့ပဲဖြစ်ပါတယ်။

ဒေသန္တရ အစိုးရများက အချို့သောအခွန်များ ကောက်ခံခွင့်ကို ပြည်နယ်အစိုးရများက ခွင့်ပြုပေးထားရမှာဖြစ်ပြီး နိုင်ငံဖွဲ့စည်းပုံမှာလည်းအတိအလင်းအာမခံချက်ပေးထားရပါမယ်။ဥပမာ မြေခွန်ယာခွန်၊ လမ်း တံတား ခွန်နဲ့ ခရီးသွားဝန်ဆောင်မှုတို့လည်းပါဝင်စေရပါမယ်။

ပြည်သူလူထုအနေဖြင့် ဒေသန္တရအစိုးရများကို ရွေးချယ်ခွင့်၊ အရွေးကောက်ခံပိုင်ခွင့်နှင့် တာဝန်ယူမှုပျက်ကွက်ခဲ့ပါက ဖြုတ်ချပိုင်ခွင့်ရှိရပါမယ်။ ဒေသန္တရ အစိုးရများအနေနဲ့ မတူကွဲပြားတဲ့ လူမျိုးတွေရဲ့ ဓလေ့ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းတွေကို ကျင့်သုံးခွင့်၊ ကျောင်းသင်ရိုးညွှန်းမှာ ပြဌာန်းခွင့်တွေရှိရပါမယ်။

ပြည်နယ်အစိုးရတွေကလည်း အာမခံပေးရမှာဖြစ် သလိုပြည်ထောင်စုအစိုးရကလည်း အသိအမှတ်ပြုပေးရပါမယ်။ ဆိုလိုတာက မတူကွဲပြားတဲ့ အမျိုးသား ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု၊ အမျိုးသားနေ့တွေကိုလည်း ရုံးပိတ်ရက်တွေအဖြစ် သတ်မှတ်ပေးရပါ မယ်။ လူမျိုးတိုင်းရဲ့ အမျိုးသားခေါင်းဆောင်တွေကို စာအုပ် စာတမ်းတွေအဖြစ် ထုတ်ဝေဖြန့်ချိခွင့်ပေးရ ပါမယ်။

အမျိုးခေါင်းဆောင်သမိုင်းဆိုရင် လူမျိုးကြီးတွေရဲ့ အမျိုးသားခေါင်းဆောင်တွေကိုပဲ ဖော်ပြပေး နေကြပြီး လူမျိုးငယ်တွေရဲ့ အမျိုးသားသမိုင်း၊ အမျိုးသား ခေါင်းဆောင်တွေကို အမြဲချန်လှန် ထားခြင်းခံ ရတာကို သတိချပ်ရမှာပဲဖြစ်ပါတယ်။

ဖက်ဒရယ်စနစ်ရဲ့ အရေးပါတဲ့အခဏ်းကဏ္ဍတွေကို ဝေမျှသွားတာပဲဖြစ်ပါတယ်။ အထက်မှာ ပြော သွားတဲ့အချက်အလက်တွေပြည့်စုံမှ ဖက်ဒရယ်စနစ်ခေါ်ရမှာပါလို့မေးခွန်းထုတ်စရာရှိနေပါတယ်။ ဖက်ဒ ရယ်နိုင်ငံအသီးသီးဟာ နိုင်ငံတိုင်းရဲ့ထူးခြားတဲ့လက္ခဏာရပ်တွေနဲ့စီမံပြီး ဖက်ဒရယ်စနစ်ကို ရုပ်လုံးဖော် နေကြတာပဲဖြစ်ပါတယ်။

တချို့နိုင်ငံတွေက စိန်ခေါ်ချက်တွေ၊ အားနည်းချက်တွေကို ဖြေရှင်းနိုင်ပြီး ပြည့်စုံတဲ့ဖက်ဒရယ်စနစ်မဟုတ်သည့်တိုင်အောင် ရှေ့သို့အလျင်နဲ့ချီတက်နေကြသလို တချို့နိုင်ငံတွေက စိန်ခေါ်ချက်တွေကို မဖြေရှင်းနိုင်ရုံမက ဗဟိုချုပ်ကိုင်မှုမလျော့ချနိုင်ခြင်း၊ လာဘ်ပေးလာဘ်ယူမှု ၊ နိုင်ငံရေးအရ လွှမ်းမိုးချုပ်ကိုင်မှုတွေကြောင့် အာဏာရှင်ဆန်တဲ့နိုင်ငံတွေအဖြစ် နောက်ကို ပြန်ရောက်ရှိ သွားတာကို လည်းတွေ့ရပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ၊ တော်လှန်ရေးတွေရဲ့အဖြေက တန်းတူ ရေး၊ မျှတရေး၊ အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေး မညီမျှမှုတွေကြောင့် အုပ်စိုးသူအစိုးရတွေကို တော်လှန်ပုန်ကန်ကြခြင်းဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်က ဒီပဋိပက္ခ၊  တော်လှန်ရေးတွေကနေ ငြိမ်းချမ်း စွာအသွင်ကူးပြောင်းဖို့ နည်းနာတစ်ခုဖြစ်တယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။

တကယ့်လက်တွေ့မှာတော့ အုပ်စိုးသူအာဏာရှင်အစိုးရတွေက သဘောထားပြောင်းလဲမှုမရှိဘဲ ဘယ်လို ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးက ခရီးရောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဖက်ဒရယ်စနစ်ကို ဥပဒေ တွေလုပ်ထုံးလုပ်နည်းတွေ ပြဌာန်းထားပေမယ့် အုပ်စိုးသူအစိုးရတွေဘက်က စိတ်နေသဘောထား မပြောင်းလဲသမျှကာလပတ်လုံး တွန်းလှန်တော်လှန်ခြင်းတွေကနေပဲ အဖြေရှာကြလိမ့်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။