• Today is: Friday, April 19, 2024

ကျွန်ုပ်တို့ တာဝန် (သို့မဟုတ်) ဗမာလူမျိုးတစ်ယောက်ရဲ့ နိုင်ငံရေးဝတ္တရားများ

ကျွန်ုပ်တို့ တာဝန် (သို့မဟုတ်) ဗမာလူမျိုးတစ်ယောက်ရဲ့ နိုင်ငံရေးဝတ္တရားများ

  • မေ l သူ့အတွေးသူ့အမြင်

အပိုင်း ()

ဗမာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာနိုင်ငံမှာ နေထိုင်ရခြင်းမှာ အလွန်ခက်ခဲလှပါတယ်။ ဗမာလူမျိုး ဖြစ်ရုံဖြင့် မိမိဘိုးဘေးတွေကိုယ်တိုင်ကိုယ်ကျ၊ သို့မဟုတ် သဘောတူကြည်ဖြူမှုမရှိဘဲ တိုင်းပြည်အပေါ် (သို့မဟုတ်) တပြည်ထဲနေ အခြားလူမျိုးတွေအပေါ် နိုင်ငံရေးအရသော်လည်း၊ လူမှုရေး၊ စီးပွားရေးအတွက်လည်းကောင်း ကျူးလွန်ခဲ့တဲ့ အမှုအခင်းရာတွေအတွက် အပြစ်များစွာကို ခေါင်းငုံခံနေရပါတယ်။

ထိုဖြစ်ရပ်မျိုးကို အခုလို တော်လှန်ရေးကာလတွေမှာ ပိုပြီး ထင်ရှားစွာ တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် မိမိတို့ ဗမာလူမျိုးအနေဖြင့် လူမျိုး (Nation) တစ်ခုအနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ပြီး မိမိတို့ ဖြစ်တည်မှုကို အခိုင်အမာတည်ဆောက်ကာ မိမိတို့လူမျိုး၏ အမျိုးသားရေး ဂုဏ်သိက္ခာကို ကာကွယ်ရန် လိုအပ်ပါတယ်။

အထက်ပါဖော်ပြချက်ကို သေချာဃဃနန သိဖို့အတွက် ထပ်မံအကျယ်ချဲ့ ရေးချင်ပါတယ်။ မြန်မာပြည်ဖွားနိုင်ငံသားအများစုမှာ ဗမာလူမျိုးများ ဖြစ်ကြပေမဲ့ ဗမာလူမျိုးဆိုတာနဲ့ ပတ်သက်ပြီး တိကျရှင်းလင်းတဲ့ အမှတ်သညှာအဓိပ္ပါယ်သတ်မှတ်ချက်တွေကို ရှင်းလင်းမှာ ဖြစ်သလို ဗမာလူမျိုးတို့၏ အမှတ်သညှာရှိသူတို့ သို့မဟုတ် အဖွဲ့အစည်းတို့ဖြစ်ပေမဲ့ ဘယ်အရာတွေက ဗမာအမျိုးသားရေးကို ကိုယ်စားမပြုကြောင်းတွေကို သေချာရှင်းလင်းချင်ပါတယ်။

(၁) ဗမာလူမျိုးဆိုတာဘာလဲ

ဗမာလူမျိုးဆိုတာနဲ့ပတ်သက်ပြီး မပြောခင်မှာ လူမျိုးသတ်မှတ်ချက်ဆိုတာဘာလဲကို ရှင်းလင်းချင်ပါတယ်။ လူမျိုးတစ်မျိုးဖြစ်တည်ဖို့အတွက် (၁) အမျိုးသားရေးဝိဉာဉ်ရှိခြင်းနှင့် အမျိုးသားရေးလက္ခဏာရှိခြင်း၊ (၂) အမျိုးသားရေးနှင့် ပတ်သက်သော ထိန်းသိမ်းစောင့်ရှောက်မှု၊ (၃) နိုင်ငံရေး၊ လူမှုရေးအရ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းတို့ဖြင့် သတ်မှတ်လို့ရပါတယ်။

ဗမာလူမျိုးဆိုတာ ဗမာ့အမျိုးသားရေးဝိဉာဉ်၊ ဗမာအမျိုးသားရေးလက္ခဏာနှင့် ဗမာအမျိုးသားရေးနှင့် ပတ်သက်ပြီး နိုင်ငံရေး၊ လူမှုရေးအရ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း၊ ဗမာအမျိုးသားရေးလက္ခဏာများကို အလွဲသုံးစားပြုလုပ်ခြင်းမှ ကာကွယ်ရမှာ ဖြစ်ပါတယ်။

သို့ပေမဲ့ ဗမာလူမျိုးများဟု ခံယူထားသူများသည် လက်ရှိအချိန်အထိ လူမျိုး (Nation) နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းပါးသလို လူမျိုးတစ်ခုအနေနဲ့ နေထိုင်လိုစိတ်၊ လူမျိုးတစ်ခုအနေဖြင့် စုစည်းလိုစိတ် အလွန်နည်းပါးပါတယ်။ ထို့ပြင် ဗမာလူမျိုးအပေါ် အခြေတည်ပြီး ဖော်ဆောင်ထားသော နိုင်ငံရေးရပ်တည်ချက်များ၊ လူမှုရေးအဝန်းအဝိုင်းများသည် လက်ရှိအချိန်အထိ မရှိသေးပေ။ အဆိုးဆုံးအနေဖြင့် ဗမာခေါင်းဆောင်ဟု အတိအကျ သတ်မှတ်နိုင်သော ဗမာ့နိုင်ငံရေးအဖွဲ့အစည်းများ လက်ရှိအချိန်အထိ မရှိသေးပေ။

ထိုသို့ လူမျိုးတစ်ခုအနေဖြင့် အမျိုးသားစိတ်ဓာတ် ခိုင်မာစွာမရှိခြင်း၊ အမျိုးသားရေးဝိဉာဉ် မနိုးကြားနေသေးခြင်းအပေါ် အခွင့်ကောင်းယူကာ မြန်မာ့မြေပေါ်က အာဏာရှင်ပေါင်းစုံတို့သည် ဗမာ့အမျိုးသားရေးလက္ခဏာများကို အသုံးချကာ အာဏာရှင်စနစ်ကို အသက်သွင်းကြသည်။

ထို့ကြောင့် ဗမာမဟုတ်သော လူမျိုးများသည် ဗမာလူမျိုးအပေါ် လူမျိုးရေးအရမုန်းတီးစိတ်၊ နိုင်ငံရေးအရ နားကြည်းစိတ်၊မယုံကြည်မှုများ တရက်တခြား မြှင့်တက်လာပါတယ်။ ထိုအရာတွေဟာ ဗမာလူမျိုးများကိုယ်တိုင်က လူမျိုးနာမည်ကို အသုံးချခံနေရတာဖြစ်ပါတယ်။ ထို့ကြောင့် ဗမာအမျိုးသားနိုင်ငံရေးနှင့် ဗမာပြည်နယ် မဖြစ်မနေ ထွက်ပေါ်လာဖို့ လိုပါတယ်။

(၂) ဗမာလူမျိုးတို့ ကိုယ်တိုင်နိုးကြားပြီး ဗမာလူမျိုးနာမည်ကို အရေခြုံအသုံးချနေတဲ့ အာဏာရှင်ကြီးကို ဖော်ထုတ်ဖို့ အချိန်တန်ပြီ

ဗမာလူမျိုးများအနေဖြင့် အခုလိုနာမည်ဆိုးကြီးကနေ ရုန်းထွက်ဖို့ မိမိတို့ လူမျိုးဖြစ်တည်မှုကို အမြန်တည်ဆောက်ပြီး မိမိတို့ လူမျိုး၏ နိုင်ငံရေး၊ လူမှုရေး ဂုဏ်သိက္ခာကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ တနည်းဆိုသော် မိမိလူမျိုးအရေးအတွက် မိမိတို့ကိုယ်တိုင် အာဏာရှင်ဘေးမှ စည်းရိုးထိုး ကာကွယ်ဖို့အချိန်တန်ပြီဖြစ်ပါတယ်။

စစ်တပ်ကိုလည်း ဗမာအမျိုးသားနိုင်ငံရေးကို အသုံးမချဖို့နှင့် ဗမာအမျိုးသားရေးကို ကာကွယ်ဖို့ လုပ်ဆောင်ပေးစရာမလိုကြောင်း ဗမာအမျိုးသားနိုင်ငံရေးအနေနဲ့ လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကိုလည်း ရှုံ့ချအသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာဖို့ လိုပါတယ်။

သို့မှသာ နိုင်ငံရေးကနေ စစ်တပ်ကို အပြီးတိုင် မောင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။ ( စစ်တပ်သည် မည်သည့်အခါမှ အခြားလူမျိုးရေးရာကို ကိုယ်စားပြုခွင့်မရခဲ့သလို၊ ကိုယ်စားပြုဆောင်ရွက်ခြင်းလည်း မရှိပေ။)

(၃) လက်ရှိ အာဏာရှင်စစ်တပ်ဟာ ဗမာစစ်တပ်လား ပြည်ထောင်စုစစ်တပ်လား

ဒီမေးခွန်းက ဗမာနဲ့ အခြားလူမျိုးတွေကြားမှာ အမြင်ကွဲပြားမှုများစွာ ရှိပါတယ်။ စစ်တပ်ကို ပြန်ပြီး ခွဲဖြာကြည့်မယ်ဆိုရင် (၁) စစ်တပ်ကို တည်ဆောက်ထားသော တပ်သားများသည် နိုင်ငံတဝန်းလုံးမှ ပြည်သူများဖြစ်ခြင်းနှင့် အများစုမှာ တိုင်းဒေသများက ဖြစ်ခြင်း၊ (၂) စစ်သားများကို သင်ကြားသော စာများ၊ အသိပညာများနှင့် ယဉ်ကျေးမှုများသည် ဗမာစာ၊ ဗမာ့နိုင်ငံရေးသမိုင်းကြောင်း၊ ဗမာ့ယဉ်ကျေးမှု၊ ဗမာ့ထုံးတမ်းများနှင့် ဗမာ့နိုင်ငံရေးကို ကာကွယ်စောင့်ရှောက်ခြင်းအတွက် ဖြစ်ခြင်း၊ (၃) စစ်တပ်ခေါင်းဆောင်များအားလုံးသည် ဗမာအမျိုးသားလူမျိုးများ ဖြစ်ခြင်း၊ (၄) စစ်အုပ်ချုပ်ရေးဆိုင်ရာဌာနများသည် တိုင်းဒေသကြီးတွင်သာ စခန်းချထားပြီး ပြည်နယ်များတွင်မူ ရှေ့တန်းတပ် (တနည်း) တိုက်ခိုက်ရေးတပ်တွေကိုသာ စခန်းချထားခြင်း (၅) စစ်တပ်သည် ဗမာမဟုတ်သော လူမျိုးများကို ကိုယ်စားမပြုကြောင်း နိုင်ငံရေး၊ စစ်ရေးအရ ပြသထားခြင်း စသည်တို့ကို မြင်တွေ့ရပါတယ်။

ထို့ပြင် ဗမာမဟုတ်သော လူမျိုးများအားလုံးသည်လည်း စစ်တပ်သည် မိမိတို့ကို ကိုယ်စားမပြုကြောင်း ပုံစံမျိုးစုံနှင့် ထုတ်ပြန်ထားသော်လည်း ဗမာလူမျိုးများသည် စစ်တပ်သည် မိမိတို့ကို ကိုယ်စားမပြုကြောင်းနှင့် ဗမာအမျိုးသားရေးလက္ခဏာများကို သုံးစွဲခွင့်မရှိကြောင်းကို ထုတ်ပြန်ထားခြင်း မရှိပေ။ ထို့ကြောင့် ဗမာမဟုတ်သော လူမျိုးများနှင့် အချို့နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်တပ်ကို ဗမာအမျိုးသားရေးကို ကိုယ်စားပြုသောစစ်တပ်ဟု မှတ်ယူထားသည်။

(၄) ဗမာအမျိုးသားရေးကို ဘယ်လို တည်ဆောက်ကြမလဲ

ဗမာ့နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းမှာ ပြည်သူတွေအနေဖြင့် မိမိတို့ နယ်မြေကို ဗမာ့နယ်မြေရဲ့ အရင်းအစလို့ သတ်မှတ်ပြီး အမိမြေမှာ ဗမာ့အမျိုးသားရေးဝိဉာဉ်ကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဗမာ့အမျိုးသားရေးဝိဉာဉ် ဗမာပြည်သူတွေအကြား နိုးကြားလာအောင် ဗမာ့နိုင်ငံရေး ခေါင်းဆောင်မှာ တာဝန်ရှိပါတယ်။ သို့ပေမဲ့ လက်ရှိအချိန်အထိ တိုင်းဒေသတွေမှာ ဒေသခေါင်းဆောင် တွေသာ ရှိပြီး ဗမာလူမျိုး ကိုယ်စားပြု ခေါင်းဆောင် မရှိသေးပေ။

ထိုအတွက်လည်း ဗမာနိုင်ငံရေး လေဟာနယ်ကြီးကို အာဏာရှင်စစ်တပ်က ဝင်ရောက်နေရာယူနေရခြင်းဖြစ်ပြီး ဗမာလူမျိုးရေးအမှတ် သင်္ကေတကို အသုံးချကာ ဗမာလူမျိုးတွေအပေါ်မှာသာမက အခြားလူမျိုးတွေပေါ်ကိုပါ အမြတ်ထုတ် ဂုတ်သွေးစုပ်နေတာဖြစ်ပါတယ်။

တနည်းဆိုရမယ်ဆိုရင် စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ် အမြစ်တွယ် စွဲထင် နိုင်ခြင်းရဲ့ အကြောင်းအရင်းတစ်ခုက စစ်တပ်အနေနဲ့ အရေခြုံစရာ ဗမာလူမျိုးရေးဆိုင်ရာ အမှတ်သညှာရှိနေသလို နိုင်ငံရေးအရလည်း ဗမာ့နိုင်ငံရေးလေဟာနယ်ထဲမှာ ဝင်ရောက်နေရာယူနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ကွယ်ပျောက်ဖို့ ဗမာလူမျိုး၊ ဗမာ အမျိုးသားရေး၊ ဗမာပြည်နယ်၊ ဗမာ့နိုင်ငံရေး အတိအကျထွက်ဖို့လိုပါတယ်။

(၅) ဗမာအမျိုးသားနိုင်ငံရေး တည်ထောင်ခြင်း

နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို အမြစ်မှ တူးဖြိုကြနိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားတာကြောင့် စစ်အာဏာရှင်စနစ်ကို တော်လှန်နေချိန်နှင့် တပြိုင်တည်း စစ်အာဏာရှင်စနစ်ကြီး မြန်မာ့နိုင်ငံရေးကွင်းထဲမှာ ထပ်ပြီးနေရာယူမပေါ်ပေါက်လာဖို့အတွက် လက်ရှိ အချိန်မှာ လှစ်ဟာနေတဲ့ ဗမာအမျိုးသားနိုင်ငံရေးကို စတင်တည်ဆောက်ဖို့လိုပါတယ်။

ဗမာအမျိုးသား နိုင်ငံရေး တည်ဆောက်နိုင်ခြင်းဟာ တော်လှန်ရေးအောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်သလို၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်ရေးနှင့် ပြည်ထောင်စု မပြိုကွဲရေးအတွက် အဓိကအကြောင်းအရာတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ဗမာပြည်သူတွေအနေနဲ့ ဗမာအမျိုးသားရေး၊ နိုင်ငံရေးကို ဥပဒေဘောင်အတွင်းမှ လည်းကောင်း၊ ဥပဒေဘောင်ပြင်ပမှလည်းကောင်း စတင်မျိုးစေ့ချ တည်ဆောက်ဖို့လိုပါတယ်။ ထိုအခြင်းအရာ တွေကို ဘယ်သူတွေက စတင်လုပ်ဆောင်ရမလဲဆိုတဲ့မေးခွန်းရှိပါတယ်။

လက်ရှိ အခြေအနေ အရ ဗမာ့အရေး ထဲထဲဝင်ဝင် ဆောင်ရွက်နေသော နိုင်ငံရေးသမားများ၊ နိုင်ငံရေးပညာရှင်အပါအဝင် သပိတ်ခေါင်းဆောင်လူငယ်များ၊ မြေပေါ်မြေအောက်မှ တော်လှန်ရေးခေါင်းဆောင်များအနေဖြင့် တာဝန်ခံဆောင်ရွက်သင့်ပါတယ်။

(မှတ်ချက်- NUG, NUCC သည် ပြည်ထောင်စုအဆင့်အစိုးရ ဖြစ်တာကြောင့် ဗမာပြည်နယ်ဖော်ပေါက်ရေးကို တိုက်ရိုက်ကိုင်တွယ်ဖော်ထုတ်ရန် အပြည့်အဝ တာဝန်မရှိပေ။

တချိန်တည်းတွင် ဗမာအမျိုးသားများအတွက် NUG အစိုးရသည် ပြည်ထောင်စုအစိုးရ တစ်ရပ်အနေနဲ့သာ သက်ဆိုင်ပြီး အမျိုးသားအစိုးရ (တနည်း တိုက်ရိုက်အစိုးရ) မဟုတ်ကြောင်း သတိချပ်စေလိုသည်။ ထို့ကြောင့် မိမိတို့ ပြည်နယ်ပေါ်ပေါက်ရေးနှင့် ပြည်နယ်ဖြစ်ပေါ်ရေးကို ဗမာနိုင်ငံရေး ခေါင်းဆောင်၊ ဗမာဒေသက တော်လှန်ရေးခေါင်းဆောင်တွေသာ တိုက်ရိုက်ဆောင်ရွက်သင့်ပြီး NUG နှင့် NUCC ကို တိုင်ပင်ဆွေးနွေးသင့်ပါကြောင်း) တချိန်တည်းမှာ အမြင်မတူနိုင်မှုကို နားလည်မှုအပြည့်ဖြင့် နိုင်ငံရေး စိတ်ဆန္ဒရိုးရှင်းစွာ ဗမာပြည်နယ်ထွက်ပေါ်လာရေးကို လုပ်ဆောင်သင့်ပါတယ်။

ဗမာအမျိုးသားရေး သရုပ်လက္ခဏာ ( ဗမာတံဆိပ်၊ ဗမာဝတ်စုံ၊ ဗမာဘာသာ၊ ဗမာစကား၊ ဗမာယဉ်ကျေးမှု၊ ဗမာဓလေ့ထုံးတမ်း၊ ဗမာအမွေအနှစ်၊ ဗမာသမိုင်း၊ ဗမာ့နိုင်ငံရေး၊ ဗမာ့အမျိုးသားတည်ဆောက်မှုဆိုင်ရာအခြေခံများ ) ကို အတိအကျ ပြဌာန်းသင့်သလို ဗမာနယ်မြေ သတ်မှတ်မှုအတွက်လည်း သမိုင်းကြောင်းအရ သတ်မှတ် ဖော်ထုတ်သင့်ပါတယ်။ ဗမာသမိုင်းကြောင်းအရ ဗမာနယ်မြေသည် စစ်ကိုင်း၊ မကွေးနှင့် မန္တလေး တိုင်း တွင် ဖော်ဆောင်သင့်ပြီး အားလုံး သဘောတူမျှအောင် ဆက်လက်ဆွေးနွေးသင့်ပါတယ်။

ဗမာအမျိုးသားနိုင်ငံရေးကိုလည်း နိုင်ငံရေးရပ်တည်ချက် ရှင်းလင်းခိုင်မာစွာ တည်ဆောက်ဖို့ လိုသလို ဗမာနိုင်ငံရေးတွင် မည်သူတို့က ဗမာအမျိုးသားနိုင်ငံရေးကို ကိုယ်စားပြုသော အဖွဲ့အစည်း၊ ဗမာအမျိုးသား နိုင်ငံရေးကို ကိုယ်စားမပြုသော အဖွဲ့အစည်း ဆိုတာတွေကို အတိအကျ ပြောဖို့ လိုပါတယ်။

ဗမာအမျိုးသား နိုင်ငံရေးကို ကိုယ်စားမပြုသော အဖွဲ့အစည်းများအနေနဲ့ ဗမာအမျိုးသားရေးသရုပ်လက္ခဏာကို ရည်ရွယ် ချက်နဲ့ သုံးစွဲလျှင်လည်း လက်မခံကြောင်း ရှုတ်ချဖို့လိုပါတယ်။( ဥပမာ- စစ်တပ်သည် ဗမာအမျိုးသား လူမျိုးကို ကိုယ်စားပြုသော စစ်တပ်မဟုတ်ကြောင်း ထုတ်ပြန်ဖို့လိုပါတယ်။ ထိုသို့ ထုတ်ပြန်နိုင်ရန်လည်း ဗမာအမျိုးသားနိုင်ငံရေးအဖွဲ့အစည်း၊ ဗမာအမျိုးသားနိုင်ငံရေးရပ်တည်ချက်ရှိဖို့ လိုပါတယ်။)