• Today is: Thursday, March 28, 2024

ကျိုက်ထိုမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ နေအိမ်(၄)လုံး ပျက်စီးပြီး၊ ဒေသခံပြည်သူ (၄၀၀၀) ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၅

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ သထုံခရိုင် တပ်မဟာ (၁)၊ ကျိုက်ထိုမြို့နယ်ထဲက စစ်ကောင်စီတပ် သိမ်ဇရပ်အခြေစိုက် (အမတ−၃၁၀) တပ်စခန်းဟာ ကျောက်ဖျာ ကျေးနယ်နှင့် ဇီးပြောင်း ကျေးနယ် အတွင်းသို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂) ရက်နေ့ ညအချိန်ခန့်က လက်နက်ကြီးများ ပစ်ခတ်ခဲ့လို့ အရပ်သား များတချို့ မစိုးရိမ်ရ ထိခိုက်မှုရှိခဲ့ပြီး နေအိမ် (၄) လုံး လက်နက်ကြီး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ KNU က သတင်းထုတ် ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂) ရက်နေ့ ည (၉း၁၈) မိနစ် အချိန်ခန့်မှာ ကျောက်ဖျာကျေးနယ် အတွင်း ပထမ အကြိမ် လက်နက်ကြီး (၇)လုံးခန့် ပစ်ခတ်ခဲ့သလို၊ ဒုတိယအကြိမ် ည (၁၂း၂၁) မိနစ် အချိန်မှာ တော့ ဇီးပြောင်းကျေးနယ် (၅) ဇီးပြောင်းအနီး လက်နက်ကြီး (၉) လုံးခန့် ထပ်မံပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်လိုက် တဲ့ လက်နက်ကြီး (၉) လုံးမှာတော့ (၂) လုံး ဟာ ရေထဲကျကာ ပေါက်ကွဲခဲ့ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တို့က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီး ကျေးရွာများအတွင်းသို့ လက်နက် ကြီး များ ပစ်ခတ်တိုက်ခိုက်လာတာကြောင့် ကျောက်ဖျာကျေးနယ် နှင့် ဇီးပြောင်း ကျေးနယ်က ဒေသခံပြည်သူ (၄၀၀၀)ကျော်ဟာ ညတွင်းခြင်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
စစ်ကောင်စီတပ်ဖွဲ့တို့ဟာ ကေအဲန်ယူနယ်မြေထဲ စစ်ကြောင်းထိုးတော့မည်ဆိုပါက လက်နက်ကြီးများ အရင်ပစ်ခတ်မှု ပြုလုပ်တက်တယ်လို့ ကေအဲန်ယူ- ကျိုက်ထိုမြို့နယ် သတင်းနှင့် ပြန်ကြားရေးဌာန ခွဲတာဝန်ခံက ပြောပြထားပါတယ်။
“ည ၉ နာရီ ကျော်မှာ လက်နက် ကြီး တစ်ကြိမ်ပစ်တယ် ၁၂ နာရီ ဝန်းကျင်မှာ နောက်ထပ်တစ်ကြိမ် ထပ်ပစ် တယ်။ ဒီလို လက်နက်ကြီးတွေ ပစ်ပြီဆို စစ်ကြောင်းထိုးတော့မယ်ဆိုတဲ့သဘောပဲ အရင်တုန်းကလဲ ဒီလိုပဲ လက်နက်ကြီး ပစ်ပြီးရင် စစ်ကြောင်းထိုး နေကြဘဲ”လို့ သူက ပြောပါတယ်။
အင်အား ၂၀၀ ဝန်းကျင်ခန့် ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်း ပျဥ်းကတိုးကုန်း ကျေးနယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နေသလို၊ သိမ်ဇရပ် အခြေ စိုက် (အမတ-၃၁၀) နှင် (ခမရ -၂၀၇)မှ လက်နက်ကြီးများ မကြခဏ ပစ်ခတ်ခဲ့လို့ ဒေသခံများဟာ မိသား စု စားဝတ် နေရေးအတွက် တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်းများပင် မလုပ်ရဲတော့ဘဲ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။