• Today is: Saturday, April 20, 2024

စစ်ကောင်စီက ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာများထဲသို့ လက်နက်ကြီးများ ပစ်ခတ်လို့ အရပ်သား နေအိမ်များ ထိခိုက်ပျက်စီး၊ အိမ်မွေး တိရိစ္ဆာန်တချို့သေဆုံးမှုဖြစ်

ဓါတ်ပုံ – KNU (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၇

စစ်ကောင်စီက ဒူးပလားယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာများထဲသို့ လက်နက် ကြီးများ ပစ်ခတ်လို့ အရပ်သား နေအိမ်များ ထိခိုက်ပျက်စီးကာ၊ အိမ်မွေး တိရိစ္ဆာန်တချို့လည်း သေဆုံးမှု ဖြစ်ခဲ့တယ်လို့ KNU က သတင်းထုတ် ပြန်ပါတယ်။

ကော့ကရိတ်မြို့နယ် ဘော်ဒိုင်းကျေးရွာ အတွင်းသို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁) ရက်နေ့ နံနက် (၁၀) နာရီအချိန် က ကော့ကရိတ်အ‌‌ခြေစိုက်အမြှောက်တပ်ရင်းမှ ၁၂၀ မမ ဖြင့် (၄) လုံး ပစ်ခတ်ခဲ့တာကြောင့် သက်ကြီး ပိုင်းတဦး ဦးခေါင်းထိခိုက်ဒဏ်ရာ(စိုးရိမ်) ရရှိကာ ၎င်း၏ နေအိမ် ပျက်စီးသွားတယ်လို့ သိရပါတယ်။

အလားတူ ဒီဇင်ဘာလ (၂) ရက်နေ့မှာတော့ ဘော်ဒိုင်းကျေးရွာထဲသို့ ကော့ကရိတ်အ‌ခြေစိုက် အမြှောက် တပ်ကုန်းမှ လက်နက်ကြီး ၁၂၀ မမ ဖြင့် ထပ်မံပစ်ခတ်တာကြောင့် ကျေးရွာထဲ လက်နက်ကြီး(၂) လုံးကျ ရောက်ပေါက်ကွဲပြီး လူနေအိမ် (၈) လုံး၊ နွား (၄)ကောင်၊ စပါးခြွေလှေ့စက် နှင့် ကား တစ်စီးထိခိုက် ပျက်စီးခဲ့တာပါ။

ထိုသို့ပစ်ခတ်ခဲ့ပြီးနောက် ညသံခေါင် (၁၂) နာရီ အချိန်ခန့်ကလည်း ဖားကျ ကျေးရွာထဲကို စစ်ကောင်စီ အမြှောက်တပ်က ၁၅၀ မမ ဖြင့် ထပ်မံဖြစ်ခတ်တာကြောင့် ကျေးရွာထဲ လက်နက်ကြီး (၄) လုံး ကျရောက် ပေါက်ကွဲကာ အရပ်သားနေအိမ် များထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ တချို့လက်နက်ကြီး များ ကတော့ တောင်ကြာအင်း ပဲဆီကုန်း ရောဘာြခံအတွင်း ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဒါ့အပြင် ဒီဇင်ဘာ (၃) ရက် နေ့ မနက် (၉း၅၅) အချိန်ခန့်မှာတော့ စစ်ကောင်စီတပ်ဟာ တောင်ကြာအင်း အုပ်စု ကျွန်းတော်ကျေးရွာထဲ လက်နက်ကြီး ထပ်မံ ပစ်ခတ်တာကြောင့် ကျေးရွာထဲက အရပ်သားနေအိမ် (၂) လုံး ကျည်စ ထိမှန်မှုကြောင့် ခေါင်မိုး ခေါင်းရင်း နံရံများ ပျက်ဆီးသွားကာ အိမ်စီးကား HONDA Fit တစ်စီးလည်း အမိုးနှင့် ကားနောက်ပိုင်း ကျည်စထိမှန်ခဲ့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အလားတူ ကျေးရွာထဲက မွေးတိရိစ္ဆာန်များဖြစ်တဲ့ နွားမ (၁) ကောင် ပွဲချင်းပြီးသေဆုံးပြီး နွားထီး (၂) ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

စစ်ကောင်စီက အခုလို ကျေးရွာထဲ အရပ်သားများကို ရည်ရွယ်ချက် ပစ်မှတ်ထားပြီး တိုက်ခိုက်လာ တာကြောင့် တောင်ကြာအင်းအုပ်စုနှင့် လောင်းကိုင်အုပ်စုက ဒေသခံများ အသက်ဘေး လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။