• Today is: Tuesday, April 16, 2024

ဖားကန့်၊ မဒဲန်ယန် (မှော်ဘုံ)မှာ ၂ ရက်ဆက် စစ်ကောင်စီနဲ့ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲ ပြန်းထန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက မဒဲန်ယန် (မှော်ဘုံ) ကျေးရွာ ဘုန်းကြီး ကျောင်းထဲမှာ ယမန်နေ့ ဒီဇင်ဘာ ၆ ရက် ညနေပိုင်း ၄ နာရီခန့်ကစပြီး တပ်စွဲ နေရာယူနေတဲ့ စစ်ကောင်စီတပ် ကို KIA, KPDF ပူးပေါင်း တပ်တို့ သွားရောက် ခဲ့လို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်လို့ ကေအိုင်အေ သတင်းရင်းမြစ်အရ သိရပါတယ်။

အင်အား ၅၀ ဝန်းကျင်ခန့် ရှိတဲ့ စစ်ကောင်စီတပ်ကို KIA, KPDF ပူးပေါင်းတပ် တို့က ယမန်နေ့ည ညနေ ၈ နာရီခန့်ကစပြီး ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး အပြန်အလှန် လက်နက် ကြီးများဖြင့်လည်း ပစ်ခိုက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားနေချိန် ဖားကန့်မြို့ပေါ်တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဗျူဟာ ကုန်းကနေလည်း ၁၂၀-မမ လက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာ ပစ်ကူ ခဲ့သလို မဇွပ်ယန် အချုပ်ထောင်မှာ တပ်စွဲနေရာ ယူထားတဲ့ ခလရ ၇၆ တပ်က လည်း ၆၀-မမ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာ အချို့ ထဲကို ကျရောက်ပေါက်ကွဲမှု ဖြစ်ခဲ့လို့ အရပ်သား နေအိမ်တချို့ ပျက်စီးခဲ့ တယ် လို့ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ မဒဲန်ယန်(မော်ဘုံ) ဘုန်းကြီး ကျောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို KIA, KPDF ပူးပေါင်းတပ်ဖွဲ့ တို့က ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါ တယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ပတ်သက်ပြီး FJM အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

မဒဲန်ယန်(မှော်ဘုံ)ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်း ထိုးလာစဉ်က ဖြတ်သန်းခဲ့တဲ့ ကျေးရွာများက အရပ်သားများကို ပေါ်တာဆွဲ ဖမ်းဆီးထိန်းသိမ်းကာ လူသားတဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး အများစုကိုတော့ စစ်ကြောရေးပို့ ဆောင်သွား ခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နေပြည်သူတဦးကလည်း စစ်ကောင်စီက အရပ်သားများကို ပေါ်တာ ဆွဲ ဖမ်းဆီး ခေါ်ဆောင်ခဲ့တာကို မျက်မြင်တွေ့ရှိခဲ့တယ်လို့ FJM ကို အတည်ပြု ပြောဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ အရပ်သားများဟာ ဖားကန့်မြို့နယ်ထဲက ခွမ်ဆိုင်၊ ဂေါ်လူယန်၊ ခရိုင်ရွန်၊ ဂတ်နွယ်နဲ့ နန့်ယား ကျေးရွာများထဲက ဒေသခံများဖြစ်ကြပြီး ယနေ့ အချိန်ထိ လွတ်မြောက်ခြင်း မရှိသေးတာကြောင့် မိသားစုဝင် များကလည်း စိုးရိမ်မှု မြင့်တက်နေကြပါတယ်။

ဓါတ်ပုံ – CJ