• Today is: Friday, April 19, 2024

ဆွစ်ဇာလန် သံအမတ်က စစ်တပ်ရဲ့ ငြိမ်းချမ်းရေးကို ထောက်ခံနေလား

“ဆွစ်ဇာလန် သံအမတ်က စစ်တပ်ရဲ့ ငြိမ်းချမ်းရေးကို ထောက်ခံနေလား”

– အီဂေါဗလာဇီဗစ်

မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီးဟာ ပြည်သူတွေကို နှိပ်ကွပ် အနိုင်ယူဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်တွေကို ကူညီနေပါတယ်။

ဒါဟာ တော်တော်အရေးကြီးတဲ့ ကိစ္စဖြစ်တာကြောင့် စကားတန်ဆာမဆင်ဘဲ ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ မြန်မာနိုင်ငံက ဆွစ်သံအမတ်ကြီးလည်းဖြစ် “ငြိမ်းချမ်းရေးပူးတွဲရံပုံငွေ Joint Peace Fund” ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ H.E. Tim Enderlin မစ္စတာ တင်အန်ဒါလင်ဟာ ပြည်သူတွေကို နှိမ်နင်းနေတဲ့ စစ်အာဏာပိုင်တွေကို အားပေးကူညီနေပါတယ်။

ရုရှား စစ်ကိုယ်စားလှယ်တွေလည်း မကြာသေးခင်က မြန်မာနိုင်ငံက စစ်အာဏာပိုင်တွေကို နည်းပညာဆိုင်ရာ အကူအညီတွေပေးဖို့ ရောက်လာကြပါတယ်။

တော်လှန်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်တဲ့နည်းတွေနဲ့ ချေမှုန်းတဲ့နေရာမှာ ထိရောက်သထက် ထိရောက်လာအောင် ကူဖို့ ဖြစ်ပါတယ်။ ပြည်သူတွေကို ဘယ်လိုဝါဒဖြန့်ပြီး ထိန်းချုပ်ရမယ်၊ သတင်းတုတွေ ဘယ်လိုဖြန့်ရမယ်။

တော်လှန်အင်အားစုတွေကို ဘယ်လိုသွေးခွဲရမယ်၊ အချင်းအချင်း တိုက်ခိုက်လာကြအောင် ဘယ်လို လုပ်ရမလဲ ဆိုတာတွေကို ရုရှားတွေဟာ မြန်မာစစ်တပ်ကို သင်ပေးနေခဲ့တာပါ။

ရုရှားတွေဟာ အကြီးအကျယ် ရက်ရက်စက်စက် လူအစုလိုက်အပြုံလိုက်ကို ဒုက္ခပေးတဲ့ စစ်ပွဲတွေမှာ ကျွမ်းကျင်တဲ့ အတွေ့အကြုံ ရှိတဲ့သူတွေ ဖြစ်ကြတယ်။ အရပ်ဘက် ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးစေအောင် ဗုံးကျဲတာ မြို့ပြတွေကို မီးရှို့ပြီး ပြာချပစ်တာတွေမှာ ကျွမ်းကျင်ကြတယ်။

ဆင်ခြေဖုံးရပ်ကွက်တွေ၊ ရွာတွေ၊ အခြေခံ အဆောက်အဦတွေနဲ့ စီးပွားရေး လုပ်ငန်းတွေဟာ သူတို့ ကြောင့် ထိခိုက်ကြေမွခဲ့ ရတယ်။ ဒီလိုကိစ္စတွေမှာ ကျွမ်းကျင်တဲ့ သူတို့ဟာ ဒီလောက် အပျက်အစီး များတဲ့ စစ်ပွဲတွေကို စိတ်ဓာတ်စစ်ဆင်ရေးနည်းတွေနဲ့ပါ ပေါင်းပြီး ဆင်နွှဲကြတာဖြစ်တယ်။

မြန်မာပြည်က သူတို့ဘက်တော်သားတွေ စစ်တပ်ကို ဝေမျှစရာ ရုရှားတွေဆီမှာ အများကြီး ရှိပါတယ်။

တရုတ်ကလည်း မကြာသေးခင်က မြန်မာစစ်တပ်အတွက် တိုက်လေယာဉ်တွေ ပို့လိုက်ပါတယ်။

နောက်ထပ်နိုင်ငံအနှံ့က ရွာတွေကို ဗုံးကျဲပြီး မီးလောင်တိုက်သွင်းဖို့ပါ။ စစ်တပ်ရဲ့ ကြမ်းကြုတ်မှုတွေ

ကို ပိုပြီးထက်မြက်လာ‌အောင်၊ ပြည်သူတွေကို ပြန်ပေးဆွဲတဲ့နေရာမှာ အစွမ်းပိုထက်လာအောင် အစွယ်လာတပ်ပေးကြတာပါ။

စစ်တပ်က သူ့လုပ်ရပ်အတွက် လိုချင်တဲ့ ညီမျှခြင်းက ရှင်းပါတယ်။ ငါတို့ရဲ့ တရားမဝင်၊ ဖိနှိပ်အနိုင် ကျင့်တဲ့ တောရိုင်းသတ္တဝါ အုပ်ချုပ်မှုကို လက်မြှောက်ပြီး ခံရင်ခံ၊ မခံရင် မင်းတို့အိမ်တွေကို ဖျက်ဆီး ပစ်ပြီး မင်းတို့ အသက်မွေးဝမ်းကျောင်းကို ဖြိုလှဲပစ်မယ် ဆိုတာပါပဲ။

တရုတ်ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးအရ အကျိုးစီးပွားတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်က ပြည်သူတွေနဲ့ တိုက်နေတဲ့ စစ်မှာ စစ်တပ်ကို ကူညီထောက်ပံ့ပေးဖို့ သူတို့မှာ အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။

ဒီအခြေအနေထဲမှာ အံ့သြစရာအကောင်းဆုံးက မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးဟာ အဲဒီပြည်သူတွေကို တိုက်နေတဲ့ စစ်တပ်ကို ကူညီနေတဲ့ အုပ်စုထဲ ပါနေတာပါပဲ။ မရှင်းတာက ဘာရစရာ အကျိုးအမြတ်တွေရှိလို့ ဆွစ်သံအမတ်အနေနဲ့ ဒီလိုလုပ်ရတာလဲ ဆိုတာပါ။

မြန်မာပြည်ရဲ့ ပဋိပက္ခနောက်ကွယ်က ကစားပွဲဟာ စနစ်တကျကို ရှိပါတယ်။ စစ်တပ်နဲ့ ပြည်သူရဲ့ စစ်ပွဲဟာ လက်ရှိမှာ ရှေ့မတိုးနောက်မဆုတ် အခြေအနေတခုကို ရောက်နေပါတယ်။

တော်လှန်ရေးသမားတွေကလည်း စစ်အာဏာရှင်ကို မဖြိုနိုင်၊ စစ်တပ်ကလည်း တော်လှန်ရေးကို မဖြိခွင်းနိုင်၊ နိုင်အောင် မတိုက်နိုင်တဲ့ အနေအထားပါ။

တော်လှန်ရေးဘက်တောင် အရှိန် ပိုတက်လာပြီး စစ်ဘက်က ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ၊ ရပ်ရွာကို စစ်တပ်က အုပ်ချုပ်နိုင်သည့် အတိုင်းအတာတွေကို လျှော့ချပစ်လာနိုင်ခဲ့တယ်။

လက်ရှိ ပါဝါမျှခြေကို ပြောင်းပစ်ဖို့ စစ်တပ်ဟာ ရုရှားနဲ့ တရုတ် တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ လောင်စာဆီတွေ၊ ထိုင်းကို ဓာတ်ငွေ့တင်ပို့ခြင်းအားဖြင့်ရလာတဲ့ ငွေမာတွေကို လိုအပ်နေပါတယ်။

စစ်တပ်အတွက် ဒါတွေနဲ့လည်း မလုံလောက်သေးပါဘူး။ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ PDF တွေ မဟာမိတ် ဖြစ်နေတာကိုလည်း ချိုးဖျက်ပစ်ဖို့ လိုနေပါတယ်။

နယ်စပ်ဒေသတွေမှာ လူမျိုးစုလက်နက်ကိုင် အချင်းချင်းကြား တည်ဆောက်ထားတဲ့ နားလည်မှုတွေ နဲ့ မြေပြန့်က တော်လှန်ရေး အင်အားစု အချင်းချင်းကြားထဲမှာလည်း သွေးခွဲပစ်ဖို့ လိုအပ်နေပါတယ်။

အဲဒါတွေက ထွက်ပေါ်လာမယ့် ရလာဒ်တွေအတွက် အရေးကြီးပါတယ်။

ဒါကြောင့်မို့လို့ စစ်တပ်ဟာ သူ့ကစားကွက် သူဖော်နေတာပါ။ ရုရှားနဲ့ တရုတ်ကနေ အကူအညီတွေ တိုးပြီးရလာတာမို့ ပိုပြီး ယုံကြည်မှု ရှိလာပါတယ်။ ရုရှားကျွမ်းကျင်သူတွေဆီကနေ နည်းပညာ အကြံတွေ ရနေတာမို့ မြန်မာစစ်တပ်ဟာ ပိုပြီး အကြမ်းဖက် ရက်စက်လာသလို ဖျက်ဆီးတာလည်း ပိုလုပ်လာပါတယ်။

တချိန်တည်းမှာပဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း ပိုလုပ်လာပါတယ်။

ဒါကြောင့်မို့လို အောက်ခြေ စစ်သားတွေဟာ ရပ်ထဲရွာထဲက နည်းနည်းသြဇာရှိ နာမည်ရှိတဲ့သူတွေကို ဖမ်းပြတာ သတ်ပြတာတွေ ပိုလုပ်လာပါတယ်။ (ဥပမာ စစ်တပ်ကိုဆန့်ကျင်ပြီး ရပ်ရွာထဲမှာ ကျောင်းဖွင့်ပြီး စာသင်နေတဲ့ လူတွေလေးစားတဲ့ ဆရာကို သတ်ပစ်တာမျိုး)။

အဲဒီလိုသတ်တဲ့နေရာမှာလည်း အင်မတန်ရက်စက်တဲ့နည်းတွေနဲ့ သတ်ပြပြီး ခေါင်းပြတ်နေတဲ့ ခန္ဓာကိုယ်ကို စွန့်ပစ်ခဲ့တာမျိုးတွေ လုပ်ကြပါတယ်။ စစ်တပ်ဟာ သူ့အလိုပြည့်ဖို့ ကချင် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲ တီးဝိုင်းကို ဗုံးကြဲသတ်ဖြတ်တာတွေ လုပ်ခဲ့ပါတယ်။

လူပေါင်းများစွာကို ရမ်းသမ်း ဗုံးကြဲခဲ့တယ်။ ကျော်ကြားတဲ့သူတချို့နဲ့ ရပ်သိရွာသိလူတွေ သေတဲ့အထဲ ပါသွားခဲ့တယ်။ အခုလည်း တရုတ်ရဲ့ ရုရှားက သူတို့ဘက်ပါနေလို့ပဲ စစ်တပ်ဟာ ကျောင်းသားလူငယ် တွေကို သေဒဏ်ပေးဖို့ ပြင်နေတယ် ဆိုတာကို ကောလာဟလ ထုတ်လွှင့်လာခဲ့တာဖြစ်တယ်။

ဒါတွေအကုန်လုံးဟာ တဆက်တစပ်တည်းဖြစ်နေတဲ့ စနစ်ကျကျ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ရပ်ကြီး ဖြစ်ပါတယ်။ စစ်တပ်ဟာ ပြည်သူတရပ်လုံးကို ရန်သူလို့ပဲ မြင်တယ်။ ရည်ရွယ်ချက်ကလည်း ဒီပြည်သူတွေရဲ့ စိတ်ကို အကြမ်းဖက်မှုတွေနဲ့ တရပ်စပ်တိုက်ခိုက်နေပြီး ချောက်ခြားသွားဖို့ပဲ။

တချိန်တည်းမှာ စစ်တပ်ဟာ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို လမ်းကြောင်းအမျိုးမျိုးကနေ ဝင်ရောက်ပြီး NUG နဲ့ လက်တွဲဖြတ်ဖို့ကို အပေးအယူတွေ လိုက်ပြီး ကမ်းလှမ်းနေတယ်။

တနိုင်ငံလုံးရဲ့ စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးမှာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ ပါဝင်နေတာကို ရပ်လိုက်ပြီး တပ်နဲ့ပဲ ညှိတဲ့နည်းနဲ့ သွားဖို့ လိုက်တိုက်တွန်းနေတယ်။

ရှင်းရှင်းပြောရရင်တော့ သူတို့ဘယ်လိုပဲ ကြော်ငြာ ကြော်ငြာ၊ ဒါတွေဟာ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းမှုတွေ မဟုတ်ပါဘူး။ ဒါတွေဟာ အဂတိခေါင်းစဉ်အောက်က အပေးအယူတွေပါပဲ။

တကယ်လို့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ ဘက်ပြောင်းခဲ့မယ်ဆိုရင် သူတို့ လူမျိုး အရပ်သားတွေကို တိုက်ခိုက်နေတာ ရပ်ပေးမယ်။ ဆုလာဘ်အဖြစ် နိုင်ငံတကာအဖွဲ့အစည်းတွေက ပေးမယ့် အကူအညီတွေကို ရစေမယ်ဆိုတာက ရပ်တည်ချက် ပျက်‌အောင်လုပ်တာပါပဲ။

စစ်တပ်ဟာ အခုဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချပြီး စစ်ကို အဆုံးသတ်ဖို့အတွက် ဒီလို အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး အပေးအယူတွေကို ဟိုတစ ဒီတစ လုပ်နေတာ မဟုတ်ပါဘူး။ စစ်တပ်ဟာ သူ့ တပ်အင်အားကို သူပြန်စုဖို့ လုပ်နေတာတွေပါ။

တနေရာနဲ့ ညှိလို့ရရင် တခြားနေရာက အရပ်သားတွေကို ပိုပြီး ကြမ်းကြမ်းတမ်းတမ်းနှိမ်နင်းဖို့ ပရိယာယ်ပါ။ စစ်ကို ပိုပြီး ပြင်လာနိုင်ဖို့၊ ပိုပြီး ဖျက်ဆီးပစ်တာတွေ၊ ရက်စက်ကြမ်းကြုတ်တာတွေ လုပ်ဖို့၊ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အချိန်ပို ရသွား မှာပါ။ ဗမာမြေပြန့်ဒေသတွေမှာ အရပ်သားတွေကို ပိုပြီး ချေမှုန်းဖို့ အခြေအနေကို ရသွားမှာပါ။

စစ်တပ်ဟာ စစ်ကိုင်းနဲ့ မကွေးက စိတ်ဓာတ်ခိုင်မာတဲ့ တော်လှန်ရေးသမားတွေကို အပြီးချေမှုန်းချင်နေပါတယ်။ ဒါကို လုပ်နိုင်ဖို့ အတွက် EAO-PDF တွဲပြီး တိုက်ပွဲဝင်နေတာကို ယာယီဖြတ်တောက်နိုင်ဖို့ ကြိုးစားနေတာသာ ဖြစ်ပါတယ်။ သူတို့ လိုရင်းဟာ ဒါပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ “ငြိမ်းချမ်းရေးနဲ့ အကူအညီ” ဘတ်ဂျက်ကိစ္စမှာ ဝင်ပါနေတဲ့ ဘယ်သူမဆို ဒါတွေကို မသိဘူးလို့ ဟန်လုပ်ပြီး ငြင်းလို့မရပါဘူး။

ဒီလိုအခြေအနေမျိုးမှာ ဆွစ်သံအမတ်လိုလူ ပေါ်လာတာပါ။ မြန်မာပြည်ထဲကို ငွေ၊ သံတမန်ဖိအားနဲ့ နိုင်ငံတကာ အကူအညီ ပွဲစားလုပ်ငန်းကြီးတခုလုံး သယ်လာမယ်။ ပြီးတော့ ဘက်ပြောင်းတဲ့ EAO တွေကို မက်လုံးပေးပြီး တော်လှန်ရေးသမားတွေနဲ့ လက်တွဲနေရာကနေ အကျင့်ပျက်မှု ကြီးစိုးတဲ့၊ တိုင်းပြည်ရဲ့ ဓနဥစ္စာကို စစ်ဗိုလ်ချုပ်တစုက ထိန်းထားတဲ့ စစ်တပ်ဘက် ပြောင်းဖို့ တွန်းအားပေးမယ်။

အဲဒီအခါ ဒေသခံပြည်သူတွေရဲ့ နာခံမှုကိုရထားတဲ့ လူမျိုးစုပြည်သူ့စစ်တွေဟာ စစ်ဗိုလ်ချုပ်ကြီးတွေ ဝေစုခွဲပေးတဲ့ သယံဇာတဝေစု နည်းနည်းပါးပါး ရကြမယ်။ ပြီးတော့ ကိုယ့်နယ်မြေထဲမှာကိုယ် အုပ်ချုပ်ရေးအာဏာ အတိုင်းအတာတခု ရလာနိုင်တယ်။ (စီးပွားရေးအရ အရင်းအမြစ်ပိုင်ဆိုင်မှု များများမရှိတဲ့နေရာ၊ အာရှနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ စီးပွါးရေး လမ်းကြောင်း နေရာမဟုတ်ရင် လွတ်လပ်ခွင့်ပိုရနိုင်တယ်)။

ဒီအတိုင်းသာဆိုရင် ဆွစ်သံအမတ်ဟာ စစ်တပ်ရဲ့ တော်လှန်ရေးဘက်ကို တဖြည်းဖြည်း ချေမှုန်းဖို့ ကစားကွက်တွေမှာ တိုက်ရိုက်ကူညီနေပါတယ်။ ပြည်သူတွေ စစ်တပ်ကိုမလှန်နိုင်အောင် ပိပြားသွားစေဖို့၊ ဖိနှိပ်နိုင်စွမ်းကို ပိုပြီး စုစည်းမိဖို့ လုပ်နေတဲ့ စစ်တပ်ကို တိုက်ရိုက် အားပေးသလို ဖြစ်နေပါတယ်။

လူထုတော်လှန်ရေးကျရှုံးဖို့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” လမ်းကြောင်း၊ လူသားချင်းစာနာမှု အကူအညီလမ်းကြောင်း အပျော့နည်းနဲ့ သူက တဘက်က လုပ်နေပြီး တရုတ်တို့ ရုရှားတို့က အမာနည်းအတွက် စစ်တပ်ကို လေယာဉ်တွေ၊ လက်နက်တွေ၊ ခဲယမ်းတွေ ပေးနေကြပါတယ်။

ဘာလို့ ဆွစ်သံအမတ်ကြီးဟာ ဒီလိုလုပ်ရတာလဲ။ မသိနိုင်ပါဘူး။ မြန်မာမိတ်ဆွေတွေဆီက ခဏခဏကြားနေရတာက မြန်မာနိုင်ငံထဲမှာ ဒီဆွစ်သံအမတ်ကြီးလောက် မောက်မာပြီး မျက်မှောက်အခြေအနေကို မျက်စိပိတ်နေတဲ့သူ မရှိဘူး ဆိုတာပါပဲ။

သူသိပ်မသိတဲ့ နိုင်ငံတခုရဲ့ အရေးမှာ ဝင်ပါချင်တဲ့ ကိုလိုနီလက်သစ် လူဖြူတယောက်ရဲ့ ကြီးမားလွန်းတဲ့ အတ္တကပဲ အကြောင်းရင်းဖြစ်ဖို့ များပါတယ်။ ဒါပေမယ့် ဒီထက်ပိုကောင်းတဲ့ အကြောင်းရင်းလည်း ရှိနိုင်ပါတယ်။ အဲဒါကိုတော့ သံအမတ်ကြီး ဒါမှမဟုတ် သံရုံးက တယောက်ယောက်က ရှင်းပြဖို့ လိုပါမယ်။

အခုရေးတဲ့စာဟာ လူမျိုးစုတွေနဲ့ ဗမာတော်လှန်ရေးသမားတွေကြားထဲမှာ စိတ်ဝမ်းကွဲဖို့ ဖန်တီးနေတဲ့ စစ်တပ်ကို ဘာ့ ကြောင့် ကူညီနေရသလဲဆိုတာ သံအမတ်ကြီးအနေနဲ့ ဖြေရှင်းဖို့ သံအမတ်ကြီးကြားအောင် တောင်းဆိုလိုက်တဲ့စာပါ။

ဆွစ်နိုင်ငံရဲ့ ငြိမ်းချမ်းမှုကိုရှေးရှုတဲ့ အစဉ်အလာကို ဘာလို့ တလွဲသုံးပြီး ဆွစ်နဲ့ တခြားနိုင်ငံတွေရဲ့ အကူအညီ ငွေတွေကို တရားမဝင်တဲ့ မြန်မာစစ်အာဏာရှင်တွေဆီ ရောက်မယ့်လမ်းနောက် လိုက်နေတာ ဘာ့ကြောင့်ပါလဲ။

(အီဂေါဗလာဇီဗစ်ဟာ ချက်သမ္မတနိုင်ငံ၊ ပရပ်မြို့ အရပ်ဘက်လူ့အဖွဲ့အစည်း စင်တာရဲ့ အကြီးတန်းအကြံပေး ဖြစ်ပါတယ်။ ၂၀၁၁ နှင့် ၂၀၁၆ ကြားကာလတွေမှာ မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ခဲ့တဲ့ the Educational Initiatives မှာ ဦးဆောင်ပို့ချသူ ဆရာတဦးဖြစ်ပါတယ်။)

ဓါတ်ပုံ – (၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် ဆွစ်ဇာလန် သံအမတ် တွေ့ဆုံစဉ်)