• Today is: Tuesday, April 16, 2024

သူ့အတွေးသူ့အမြင် | ရွေးချယ်ရမည့် နိုင်ငံရေးစနစ်

ရွေးချယ်ရမည့် နိုင်ငံရေးစနစ်

ပါလီမန်စနစ်လော၊ သမ္မတစနစ်လော၊ ရောစပ်စနစ်လော

(ပါလီမန်စနစ်မှ သမ္မတစနစ်သို့ ခြေဦးလှည့်လာသည့် မြန်မာ့အသွင်ကူးပြောင်းမှုဖြစ်စဉ် လေ့လာဆန်းစစ်ခြင်း)

ဆလိုင်းကျဲအိုဘိခ်ထောင်း

နိဒါန်း

အရှေ့ကို လျှောက်ရင်း အနောက်ကိုမျှော်ခြင်း

လွတ်လပ်ရေးနှင့်အတူ (၂၀)ရာစု မြန်မာ့နိုင်ငံရေးကို ပါလီမန်စနစ် အိပ်မက်က လွှမ်းမိုးခဲ့ပါသည်။ ၁၉၄၇ အခြေခံဥပဒေမှအစ တောင်ကြီးမူ (၁၉၆၁)၊ ၁၉၉၀ ခုနှစ် နောက်ပိုင်း ညောင်နှစ်ပင်ညီလာခံနှင့်အပြိုင် တိုင်းရင်းသားအဖွဲ့များ ရေးဆွဲသည့် FCDCC မူအလယ်၊ ၂၀၁၀ ခုနှစ် ဝန်းကျင် UNFC မူအဆုံး တိုင်းရင်းသားခေါင်းဆောင်များက ပါလီမန်စနစ်မှ ပါလီမန်စနစ်ဟု အခိုင်အမာ ကာကွယ်ခဲ့သည်။

သို့သော် ဒီဘက်ခေတ် (၂၁)ရာစုဟု ဆိုရမလား မြန်မာ့နိုင်ငံရေးမှာ သမ္မတစနစ်က တဖြည်းဖြည်း နေရာယူလာ သည်ကိုလည်း သတိပြုမိကြပါလိမ့်မည်။ ၂၀၀၈ အခြေခံဥပဒေ၊ ၎င်းအခြေခံဥပဒေပြင်ဆင်ရေး (၄၅)ဦး ကော်မတီတွင် နိုင်ငံရေးပါတီ (၁၄)ပါတီ၏ တင်ပြချက်များနှင့် တိုင်းရင်းသားလက်နက်ကိုင် (၁၂)ဖွဲ့၏ ဖက်ဒရယ်မူ စသည်တို့တွင် သမ္မတစနစ်က တဖြည်းဖြည်း နေရာယူလာသည်ကို တွေ့ရပါမည်။

အဘယ့်ကြောင့် ယင်းကဲ့သို့ နိုင်ငံရေးအတွေးခေါ်နှင့် ရွေးချယ်မှုများ ပြောင်းလဲလာသနည်း။ စနစ်တစ်ခု ရွေးချယ်ရာတွင် အားသာချက် အားနည်းချက်၊ တနည်းအားဖြင့် နောက်ဆက်တွဲ အကျိုးဆက်က ဘာများ ဖြစ်လာနိုင်သလဲ။ နိုင်ငံတကာ အတွေ့အကြုံပေါင်းများစွာထဲက သင်ယူစရာများရှိမလား။

ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းကြောင်းနှင့် လွှတ်တော်လမ်းကြောင်းဖြင့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆောက်ရေး ညှိနှိုင်းအဖြေရှာကြရာမှာ အဆိုပါ မေးခွန်းများကို အဖြေရှာရတော့မည်ဖြစ်ရာ တကယ်ပဲ ပါလီမန်စနစ်ကို ထားခဲ့တော့မှာလား။ သမ္မတစနစ် ကျင့်သုံးသင့်သည်ဟု အတည်ပြုဖို့ လုံလောက်မှု ရှိပြီလား။ မှန်ကန်သော ရွေးချယ်မှုဖြစ်မလား။ သို့မဟုတ် ရောစပ်စနစ်ကို တီထွင်ရမလား။

၁။ ပါလီမန်စနစ် လွှမ်းမိုးခဲ့သော မြန်မာ့နိုင်ငံရေးသမိုင်း

လွတ်လပ်ရေး ကာလကတည်းက မြန်မာ့နိုင်ငံရေးကို ပါလီမန်စနစ် လွှမ်းမိုးခဲ့ရခြင်းမှာ ၎င်းစနစ်၏ ပင်ရင်း နိုင်ငံဖြစ်သည့် ကိုလိုနီ အင်္ဂလိပ်အုပ်ချုပ်မှုစနစ်၏ လွှမ်းမိုးမှုနှင့် အနည်းနှင့်အများ ဆက်စပ်မှုရှိပါမည်။ ဗမာပြည်မ (Ministrial Burma) မှာ ကိုလလိုနီခေတ်ကတည်းက ရွေးကောက်ပွဲများ (၆)ကြိမ်ခန့် (၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ နှင့် ၁၉၄၇) မိတ်ဆက် ကျင်းပပေးခဲ့ခြင်း၊ Rees Williams ဦးဆောင်သည့် ၁၉၄၇ နယ်ခြားဒေသစုံစမ်း စစ်ဆေးရေးကော်မတီ၏ မေးခွန်းများနှင့် အကြံပြုချက်များ၊ လွတ်လပ်ရေးမတိုင်ခင် တိုင်းပြုပြည်ပြုလွှတ်တော် စသည်တို့သည် ပါလီမန်စနစ်အသွင်ဆောင်ပါသည်။

နောက်နောင်မှာ ပေါ်ပေါက်လာလတ္တံ့သော ၁၉၄၇ အခြေခံဥပဒေနှင့် ဦးနု ပါလီမန် ဒီမိုကရေစီအစိုးရအပေါ် ထိုအချက်များက များစွာပုံသွင်းပေးခဲ့ပါသည်။ တကယ်လည်း အရှနိုင်ငံမှာ အင်ဒိုနီးရှားနှင့် သီရိလင်္ကာကလွဲ၍ အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့သော နိုင်ငံအားလုံးက ပါလီမန်စနစ် ကျင့်သုံးကြသည်ဖြစ်ရာ (Aurel Croissant et al., 2004, p. 8) အံ့ဩစရာမဟုတ်ပေ။

ဤနည်းဖြင့် မြန်မာနိုင်ငံ၏ အဦးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၄၇ ပါလီမန်စနစ် စစ်စစ်မူဖြစ်လာခဲ့သည်။ ၁၉၄၇ အခြေခံဥပဒေကို မူချမှတ်ပေးသော ဗိုလ်ချုပ်အောင်ဆန်း က ပင်လုံညီလာခံမှာ “သမ္မတကို တိုင်းရင်းသားတွေလုပ်ခိုင်းမယ်လေ၊ ဘယ်လိုလဲ၊ ရှမ်းကအရင်ဆုံး လုပ်ရင်မကောင်းဘူးလား” ဟု စည်းရုံးပြောဆိုကတည်းက အာဏာမရှိသော သမ္မတ ဦးသျှောင်သည့် ပါလီမန်စနစ် (Parliamentary Republics) ကို သူ့စိတ်ကူးဖြင့် ပုံဖော်ပြီးသားဖြစ်သည်ဟု ခန့်မှန်းလို့ရပါသည်။

ထိုနောက် တိုင်းရင်းသား ခေါင်းဆောင်များကလည်း ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံနှင့် နောက် ဆက်တွဲ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့က “ဆွစ်ဇာလန်နိုင်ငံနှင့် ခပ်ဆင်ဆင်ဖြစ်မည့် ပါလီမန်စနစ်ကျင့်သုံးရေး”ကို တစိုက်မတ်မတ် တောင်းဆိုလာတော့သည် (Khu Oo Reh et., 2018)။

နောက်ပိုင်း ၁၉၉၄ ညောင်နှစ်ပင်ညီလာခံနှင့်အပြိုင် တိုင်းရင်းသားများက Federal Constitution Drafting Coordinating Committee (FCDCC) ကို ဖွဲ့စည်းလျက် အနာဂတ်မြန်မာနိုင်ငံ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခဲ့ကြရာ ၎င်းတွင် “ဝန်ကြီးချုပ်ဦးဆောင်အစိုးရစနစ် ကျင့်သုံးရန်၊ အောက်လွှတ်တော်မှ ဝန်ကြီးချုပ် ရွေးချယ်ရမည်”ဟု ပုဒ်မ (၁၄/ဃ)(၁၂၁)တွင် ပြဋ္ဌာန်းထားသည်။ တနည်းအားဖြင့် ပါလီမန်စနစ်ကို ရွေးချယ်ကြသည်။

အလားတူ တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ဖွဲ့စည်းခဲ့သော United Nationalities Federal Council (UNFC) မဟာမိတ်အဖွဲ့ကလည်း ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများ” စာတမ်းတွင် ‘ဝန်ကြီးချုပ်ဦးဆောင်အစိုးရစနစ် (Parliamentary System)ဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းသင့်သည်’ဟု ထည့်သွင်းခဲ့သည်။

အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ပါတီများကို အကြိမ်ကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးပြီးမှ တိုင်းရင်းသားလူမျိုးများရေးရာစင်တာအဖွဲ့က ၂၀၁၆ ခုနှစ်တွင် ပြုစုထားသော “မြန်မာနိုင်ငံဖက်ဒရယ်စနစ် ဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများ (မူကြမ်း)” စာတမ်းတွင်လည်း “ပါလီမန်စနစ်ကျင့်သုံးသင့်သည်”ဟု ထပ်မံ ဖော်ပြထားပါသည် (ENAC,2016)။ သို့သော် “ပါလီမန်စနစ်နှင့် သမ္မတစနစ် နှစ်မျိုးလုံး၏ အားသာချက်၊ အားနည်းချက်များကို ထပ်ဆင့်လေ့လာသင့်သည်”ဟု မှတ်ချက်ပြုထားပါသည်။

စာရေးသူလက်လှမ်းမီသလောက် သုံသပ်ရလျှင် ၂၀ ရာစု မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များနှင့် အဖွဲ့အစည်းအားလုံး၏ ဒီမိုကရေစီအခြေခံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သဘောထားတင်ပြချက်နှင့် ဆောင်ရွက်ချက်များ အားလုံးသည် ပါလီမန်စနစ်အပေါ်မှာသာ အခြေခံခဲ့သည်။

၂။ သမ္မတစနစ်ဘက်သို့ ခြေဦးလှည့်လာသော လက်ရှိ မြန်မာ့နိုင်ငံရေး

 ၂၀၀၈ အခြေခံဥပဒေနောက်ပိုင်း တနည်းအားဖြင့် ၂၁ ရာစုအဝင် နိုင်ငံရေးအချင်းအကျင်းတွင် မြန်မာ့နိုင်ငံ ရေးသမားများ၏ အတွေးအခေါ်တွင် သမ္မတစနစ်က တဖြည်းဖြည်း နေရာယူလာသည်ကို အောက်ပါအတိုင်း အချက် (၃)ချက်ဖြင့် ဖော်ပြလိုပါသည်။

(၂.၁) ၂၀၀၈ အခြေခံဥပဒေထဲက သမ္မတစနစ်အငွေ့အသက်များ

အစိုးရဖွဲ့စည်းမှုစနစ်နှင့် ပတ်သက်၍ လက်ရှိအခြေခံဥဒေတွင် ပုဒ်မ(၂)၊ (၁၆)၊ (၅၇) မှ (၇၃)အထိ၊ (၁၉၉) မှ (၂၄၆)အထိနှင့် အခန်း (၁၁)နှင့် အဓိက သက်ဆိုင်လျက်ရှိပါသည်။ CIA World Facbook နှင့် Nation Master စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လေ့လာသူခပ်များများက ၂၀၀၈ အခြေခံဥပဒေကို “ပါလီမန်စနစ် (parliamentary republic)” စာရင်းထဲတွင် ထည့်သွင်းကြသည် (CIA Factbook, 2018) (Thuzar, 2013)။

သို့သော် Asia Foundation နှင့် အချို့လေ့လာသူများက ရောစပ် (hybrid) သမ္မတစနစ်ဖြစ်သည်ဟု ဆိုကြသည် (Egreteau, 2017) (Bunte, 2018)။ သို့သော် International-IDEA ကမူ “Assembly-Independent ခေါ် ရောစပ်စနစ်ဖြစ်သည်”ဟု ဆိုပါသည် (Elliot, 2019)။ ပါလီမန်စနစ် အင်္ဂါရပ်နှင့် တူညီသည့် အပိုင်းများကို ဖော်ပြရလျှင်-

ပုဒ်မ (၆၀) အရ နိုင်ငံတော်အစိုးရ/အုပ်ချုပ်ရေးအကြီးအကဲကို လွှတ်တော်မှတဆင့် ရွေးချယ်သည် (သမ္မတစနစ်) သဘောသဘာဝတွင် ၎င်းကို ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်သည်)၊

ပုဒ်မ (၂၀၃) အရ သမ္မတသည် လွှတ်တော်ကို တာဝန်ခံသည် (သမ္မတစနစ်တွင် မလိုပါ)၊

ပုဒ်မ (၁၀၅) အရ သမ္မတသည် လွှတ်တော် ဥပဒေပြုအာဏာများအပေါ် ဗီတိုအာဏာမရှိ၊

ပုဒ်မ (၁၀၄) နှင့် (၂၀၂)အရ သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုန်ပြန်နိုင်သော်လည်း လွှတ်တော်က အတည်မပြုလျှင် ပျက်ပြယ်။

သမ္မတစနစ်အင်္ဂါရပ်နှင့် တူညီသည့်အပိုင်းများကို ဖော်ပြရလျှင် –

ပုဒ်မ (၁၆) အရ သမ္မတသည် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲ (Head of Executive) ဖြစ်သည် (ပါလီမန်စနစ်တွင်E သည် ဝန်ကြီးချုပ်ဖြစ်သည်)၊

ပုဒ်မ (၁၆) တွင် အုပ်ချုပ်ရေးအကြီးအကဲ (H.E)၏ သက်တမ်းကို အတိအကျ သတ်မှတ်ထားသည် (ပါလီမန်စနစ်တွင် လွှတ်တော်သက်တမ်းအတိုင်းဖြစ်)၊

ပုဒ်မ (၇၁) နှင့် (၂၃၃) အရ သမ္မတနှင့် ဝန်ကြီးချုပ်များကို အချက် (၅)ခုနှင့် ညှိ့စွန်းခြင်းမှလွဲ၍ လွှတ်တော်က တာဝန်မှ ရပ်စဲပိုင်ခွင့်မရှိ (ပါလီမန်စနစ်တွင် လွှတ်တော် ယုံကြည်မှုကာလအပေါ် မူတည်၊ မည်သည့် အကြောင်းပြချက်မှ မလိုဘဲ လွှတ်တော်က အချိန်မရွေးဖြုတ်ပိုင်ခွင့်ရှိ)။

ပုဒ်မ (၂၃၂)(၆၂)(၆၄) အရ ဝန်ကြီးများကို အမတ်မဟုတ်သူများ ခန့်အပ်နိုင်၊ ဝန်ကြီးများ လွှတ်တော်အမတ် မဖြစ်စေရ (ဖြစ်လျှင် နှုတ်ထွက်ရန်) ပါတီလုပ်ငန်းတွင် ပါဝင်ဆောင်ခြင်းမရှိစေရ၊

ပုဒ်မ (၄၁၀) နှင့် (၄၁၇)အရ သမ္မတ (H.E)က အရေးပေါ်အခြေအနေ ကြေညာခွင့်ရှိ။

ခြုံငုံသုံးသပ်လျှင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပါလီမန်စနစ်နှင့် သမ္မတစနစ်ကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ရောစပ် (hybrid or mixed) ထားသည့်စနစ် ဖြစ်ပါသည်။ တနည်းအားဖြင့် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပုံသဏ္ဍန်အားဖြင့် ပါလီမန်စနစ် အသွင်ဆောင်သော်လည်း အနှစ်သာရအားဖြင့် သမ္မတစနစ်ကို အသားပေးသည်ဟု ဆိုနိုင်ပါသည်။

(၂.၁) သမ္မတစနစ်ဘက်သို့ အာရုံပြောင်းလသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၂) ဖွဲ့၏ မူ

NCA လက်မှတ်ရေးထိုးထားသည့် (၁၀) ဖွဲ့အပါအဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ စုစုပေါင်း (၁၂)ဖွဲ့က လွန်ခဲ့သော ဖေဖော်ဝါရီလ (၂၉)ရက်တွင် ဖက်ဒရယ် အခြေခံမူ (၂၄)ချက်ကို ဘုံသဘောတူညီချက်အဖြစ် လက်မှတ်ရေးထိုးခဲ့ရာ ယင်းစာတမ်းတွင် ‘သမ္မတစနစ်’ စစ်စစ်မူ ရွေးချယ်ထားသည်ကို တွေ့ရသည်။

၎င်း စာတမ်း (၄-ကက-၃) တွင် “ပြည်နယ်အလိုက် ပြည်သူလူထုမှ တိုက်ရိုက်မဲပေး၍ သမ္မတရွေးချယ်ရေးအဖွဲ့ (Electoral College) မှ တဆင့် ရွေးကောက်တင်မြောက်” ပြဋ္ဌာန်းပြီး (၄-ကက-၆) အရ “Elector သတ်မှတ်ရာတွင် ပြည်နယ်အလိုက် လူဦးရေနှင့် နယ်မြေအကျယ်အဝန်း နှစ်ခုလုံးကို ထည့် သွင်းစဉ်းစား၍ သတ်မှတ်ရမည်”ဟု ပါရှိသည့်အတွက် အမေရိကန်နိုင်ငံ သမ္မတစနစ်နှင့် တထပ်တည်းကျ သည်ဟု ဆိုနိုင်ပါသည်။

သို့သော် ၎င်းစာတမ်းကို “Working Document- 01” ဟု သတ်မှတ်သည့်အပြင် မှတ်ချက် တစ်ခုမှာ “သမ္မတစနစ်နှင့် ပါလီမန်စနစ်ပေါင်းစပ်ထားသည့် Hybrid Model ကိုလည်း လေ့လာထားရန်” ဟု ပါရှိသည့်အတွက် သူတို့အနေဖြင့် တရားသေကိုင်စွဲထားခြင်း မဟုတ်သေးဟု နားလည်ရပါသည်။ မည်သို့ပင်ဆိုစေ စစ်အာဏာသိမ်းမှုဖြင့် ဇာတ်သိမ်းခဲ့ရသော (၁၄)နှစ်တိုင်တိုင် ကျင့်သုံးခဲ့သည့် Westminster ပုံစံ ပါလီမန်စနစ်ကို သူတို့က ကျောခိုင်းသွာလေပြီ။

(၂.၃) ပြည်တွင်း နိုင်ငံရေးပါတီများ၏ သဘောထား ရပ်တည်ချက်များ

လက်ရှိ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်၏ တစ်ပါတီချင်းစီ၏ သဘောထားကို အကုန်အစင် မသိရှိရသော်လည်း မကြာသေးမီကာလမှာ ဖွဲ့စည်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (၄၅)ဦး ကော်မ တီတွင် NLD အပါအဝင် အနိုင်ရ (၁၄)ပါတီက တင်ပြထးသော စာတမ်းအရ ပါတီအများစုက လက်ရှိစနစ် (ရောစပ်စနစ် သို့မဟုတ် သမ္မတ အသားပေးစနစ်)ကို ပြင်ဆင် (ပယ်ဖျက်)ရန် တင်ပြဆွေးခြင်း မပြုကြပေ။

ရှမ်းပါတီ (SNLD) တစ်ခုတည်းကသာလျှင် လက်ရှိစနစ်အစား ဝန်ကြီးချုပ်ဦးဆောင် (ပါလီမန်)စနစ်ကို ကျင့်သုံးသင့်ကြောင်း တင်ပြခဲ့ပါသည်။ တနည်းအားဖြင့် ရှမ်းပါတီမှလွဲ၍ NLD နှင့် ကျန်ပါတီများက လက်ရှိစနစ်ကို လိုလား (သို့မဟုတ်) လက်ခံကြပါသည်။

၃။ နိုင်ငံတကာ အစိုးရအဖွဲ့စည်းမှုစနစ်များ လေ့လာခြင်း

ကမ္ဘာ့နိုင်ငံအသီးသီးတွင် မည်သည့်အစိုးရ ဖွဲ့စည်းမှုစနစ်ကို အများစုက အသုံးပြုသနည်း။ သမ္မတစနစ်လော၊ ပါလီမန်စနစ်လော၊ ရောစနစ်လော ဆိုသည့် အချက်နှင့် ပတ်သက်၍ နိုင်ငံတကာ နိုင်ငံရေးစနစ် လေ့လာရေးအဖွဲ့များနှင့် ပညာရှင်များအကြား စာရင်းပြုစုမှု တစ်ခုနှင့် တစ်ခုမတူကြပေ။

ယေဘုယျအားဖြင့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် မည်သည့် အစိုးရစနစ် (system of government) ကျင့်သုံးသည်ကို တိတိကျကျ ကြေညာလေ့မရှိပေ (Markus Bockenforde et al.,2011)။

ထို့ကြောင့် အချို့နိုင်ငံများကို မည်သည့် စနစ်ကျင့်သုံးသည်ဟု အငြင်းပွားမှုပင် ရှိတတ်သည်။ ဥပမာ မြန်မာနိုင်ပေါ့။

CIA World Factbook ၏ စာရင်းတွင် ပါလီမန်စနစ်ကျင့်သုံးသည့် နိုင်ငံပေါင်း (၁၁၀)နိုင်ငံခန့်၊ သမ္မတစနစ် စစ်စစ်ကျင့်သုံးသည့် နိုင်ငံ (၆၇) နိုင်ငံခန့်၊ ရောစပ် သမ္မတစနစ် (semi-presidential) ကျင့်သုံးသည့် နိုင်ငံ (၁၆) နိုင်ငံခန့်နှင့် အခြားစနစ်တစ်ခုခု (ကွန်မြူနစ်၊ ဘုရင်နှင့် စစ်အာဏာရှင်စနစ်…စသည့်) ကျင့်သုံးသည့် နိုင်ငံ (၄၃) နိုင်ငံခန့်၊ စုစုပေါင်း ၂၃၆ နိုင်ငံ (ကုလသမဂ္ဂ အသိအမှတ်မပြုသည့် နိုင်ငံများလည်းပါသည်) စာရင်းပြုထားသည်ဟု တွေ့ရှိရသည် (CIA Factbook, 2018)။

အလားတူ Oxford Constitutional Law ၏ မှတ်တမ်းတစ်ခု (Tan, 2017) တွင်လည်း ကုလသမဂ္ဂအသိအမှတ်ပြု နိုင်ငံများထဲက သမ္မတစနစ်ကျင့်သုံးသည့် နိုင်ငံပေါင်း (၆၀) နိုင်ငံခန့် စာရင်း ပြုစုထား သည်ကို တွေ့ရသည်။

ပထဝီ (တိုက်) အလိုက်ကြည့်လျှင် အာဖရိကတိုက်နှင့် လက်တင်အမေးရိကနိုင်ငံအများစုတွင် သမ္မတ စနစ်ကျင့်သုံးကြသည်ကို တွေ့ရသည်။ အာဖရိကတိုက်တွင် (၂၅)နိုင်ငံကျော်၊ လက်တင်အမေးရိကတွင် (၂၀) နိုင်ငံခန့်က အသီးသီး ကျင့်သုံးကြသည်။

အလားတူ အရှေ့အလယ်ပိုင်းတွင် (၁၀)နိုင်ငံခန့်က ကျင့်သုံးကြသည်။ သို့သော် အာရှတိုက်နှင့် ဥရောပ တိုက်က နိုင်ငံအများစု (နိုင်ငံအားလုံးနီးပါး)တွင်မူ ပါလီမန်စနစ်ကို ရွေးချယ်ကြသည်ကို တွေ့ရှိရပြန် သည်။ ဥရောပသမဂ္ဂနိုင်ငံများထဲတွင် ဆိုက်ဖရက်နိုင်ငံသာ သမ္မတစနစ် စစ်စစ်ကျင့်သုံးပြီး ပြင်သစ်နိုင်ငံနှင့် အခြားနိုင်ငံ (၃)နိုင်ငံက ရောစပ်သမ္မတစနစ်ကို ကျင့်သုံးကြသည်။

ကျန် ဥရောပနိုင်ငံ (၂၀)ခန့်သည် ပါလီမန်စနစ် ကျင့်သုံးကြသည်။ အာရှတိုက်တွင် အင်ဒိုနီးရှား၊ တောင်ကိုးရီးယား၊ ဖိလိပိုင်၊ ထိုင်ဝမ်၊ မလီဒိဖ်နှင့် လာအို နိုင်ငံကသာ သမ္မတစနစ် ကျင့်သုံးပြီး ကျန်နိုင်ငံအား လုံးတွင် ပါလီမန်စနစ် ကျင့်သုံးကြသည် (ကွန်မြူနစ်၊ ဘုရင်စနစ်နှင့် စစ်အာဏာရှင်စနစ်နိုင်ငံအချို့မှ လွဲ၍)။

ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံအများစုက ပါလီမန်စနစ် ကျင့်သုံးကြသည်ကိုလည်း စိတ်ဝင်စားဖွယ်တွေ့ရပါသည်။ ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ် ကျင့်သုံးသည့်နိုင်ငံပေါင်း (၂၈) နိုင်ငံခန့်ရှိရာတွင် (၁၇)နိုင်ငံခန့်က ပါလီမန်စနစ် ကျင့်သုံးလျက်ရှိပြီး (၁၁) နိုင်ငံခန့်ကသာ သမ္မတစနစ် ကျင့်သုံးကြသည်။

ဖက်ဒရယ်စနစ်ကျင့်သုံးသည့် ကမ္ဘာ့နိုင်ငံ (၂၈) နိုင်ငံ

သမ္မတစနစ်ကျင့်သုံးသည့် ၁၁ နိုင်ငံ –

Unite State of America, Argentina, Brazil, Comoros, Mexico, Nigeria, Russia, South Sudan, Sudan, Venezuela, and Congo.

ပါလီမန်စနစ် ကျင့်သုံးသည့် ၁၇ နိုင်ငံ –

India, Germany, South Africa, Malaysia, Australia, Austria, Belgium, Bosnia and Herzegovina, Canada, Iraq, Spain, Nepal, Pakistan, Saint Kitts and Nevis, Switzerland, Ethiopia, Federated States of Micronesia.

ခြုံငုံသုံးသပ်ရလျှင် အကြောင်းကြောင်းကြောင့် လက်ရှိတွင် ပါလီမန်စနစ်ကျင့်သုံးသည့် နိုင်ငံသည် ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ပြီး ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံအများစုတွင်လည်း ပါလီမန်စနစ်ကို ရွေးချယ်ကြသည်ကို တွေ့ရသည်။ ပါလီမန်စနစ်ကို ပိုကောင်းသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။

(၃.၁) ပါလီမန်စနစ်နှင့် သမ္မတစနစ်၏ အခြေခံကွာခြားမှု

ကမ္ဘာ့နိုင်ငံရေးအသိုင်းအဝိုင်းတွင် ပါလီမန်စနစ်နှင့် သမ္မတစနစ်မှာ မည်သည့်စနစ်က ပိုကောင်းသည်၊ တည်ငြိမ်မှုရှိသည်၊ ထိရောက်သည် စသည်ဖြင့် ယနေ့အထိ ငြင်းခုန်နေဆဲအရာဖြစ်သော်လည်းတကယ့် လက်တွေ့ တွင် ကိုယ့်ရေးခံမြေခံ အနေအထားအပေါ်မူတည်၍ ရွေးချယ်ကြသည်ချဉ်းသာ ဖြစ်ပါသည်။

ထို့ကြောင့် နောက်ပိုင်းတွင် နိုင်ငံသစ်များက ကိုယ့်နိုင်ငံရေးစံတန်ဖိုးများနှင့်အညီ ပုံစံအမျိုးမျိုးဖြင့် မွန်းမ့ကြရာ ရောစပ်စနစ် (hybrid system—semi-, quasi-, mixed) အများအပြားပင် ပေါ်ပေါက်လာကြသည်။

အခြေခံအားဖြင့် သမ္မတစနစ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင် (executive branch) နှင့် ဥပဒေပြု မဏ္ဍိုင် (legislative branch) တို့သည် သီးခြားရွေးကောက်ပွဲများဖြင့် ပေါ်ပေါက်လာသည့်အတွက် မဏ္ဍိုင်နှစ်ခုကြား အာဏာခွဲဝေမှုနှင့် ထိန်းညှိမှု (separation of powers check and balance) အားကောင်းလေ့ရှိသည်။

ဆန့်ကျင်ဘက်အားဖြင့် ပါလီမန်စနစ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင် (အစိုးရ) ကို ဥပဒေပြုမဏ္ဍိုင် (လွှတ်တော်)ကတဆင့် ရွေးကောက်သည့်အတွက် (လူထုက တိုက်ရိုက်ရွေးကောက်ခြင်းမဟုတ်) အာဏာရောထွေးပေါင်းစပ်မှု (fusion) ရှိသည် (Markus Bockforde et al., 2011)။

တနည်းဖြင့် သမ္မတစနစ်တွင် အုပ်ချုပ်ရေးအကြီးအကဲ (သမ္မတ)ကို ပြည်သူများက popular vote ဖြင့် တိုက်ရိုက်ရွေးချယ်သည့်အတွက် အစိုးရအားကောင်းမောင်းသန်ရှိပြီး ပါလီမန်အစနစ်တွင် အစိုးရသည် လွှတ်တော်က ခန့်အပ်ပြီး မလိုတော့လျှင် အယုံအကြည်မရှိမဲ (noconfidencevote) ဖြင့် အချိန်မရွေး ပြန်ဖြုတ်နိုင်သည့်အတွက် (Tan, 2017) တနည်းအားဖြင့် လွှတ်တော်က သနာသည့် ကာလအတွင်းသာ အစိုးရ ချမ်းသာပြီး အသက်ရှင်သည့်သဘော ဖြစ်သည်။

ထိုကြောင့် သမ္မတစနစ်နှင့် မတူဘဲ ပါလီမန်စနစ်တွင် အစိုးရသည် သက်တမ်းတိတိကျကျမရှိဘဲ လွှတ် တော်က ယုံကြည်လက်ခံသည့် ကာလအတွင်းသာ ထိုင်ခုံမြဲပါသည်။ အသေးစိတ် အင်္ဂါရပ်များကို ဤနေရာမှာ ဖော်ပြရာလိုအပ်လိမ့်မည် မထင်ပါ။

(၃.၂) ရောစပ်စနစ်များ (Semi-Presidential and Semi-Parliamentary Systems)

အလွယ်အားဖြင့်ဆိုရလျှင် ဗြိတိန် (UK) နိုင်ငံကို ကမ္ဘာ့ပါလီမန်စနစ်၏ မိခင်ဟု တင်စားလေ့ရှိပြီး အမေရိကန်နိုင်ငံကို သမ္မတစနစ်နှင့် ဖက်ဒရယ်စနစ်၏ ဖခင်ဟုခေါ်ဆိုလေ့ရှိသည်။ သို့သော် ဤနှစ်နိုင်ငံတို့ကို စံတင် နှိုင်းယှဉ်လေ့ရှိသည်။

သို့သော် နောက်ပိုင်းတွင် ၎င်းစနစ်နှစ်ခုကြားတွင် အလယ်အလတ်မျှခြေကို ကိုယ့်နည်းကိုယ်ဟုန်ဖြင့် ရှာကြရင်း ရောစပ် သမ္မတစနစ် (semi-presidential system) နှင့် ရောစပ် ပါလီမန်စနစ် (semi-parliamentary system) ဟူ၍ အသီးသီးပေါ်ပေါက်လာရာ ယခုတွင် နိုင်ငံပေါင်း (၂၀) ဝန်းကျင်ရှိနေပါပြီ။

တနည်းအားဖြင့် ရောစပ်သမ္မတစနစ်၏ ရည်ရွယ်ချက်သည် သမ္မတစနစ်နှင့် ပါလီမန်စနစ်ကြားက အလယ်အလတ် လမ်းကြောင်းကို ခင်းပေးထားခြင်းဖြစ် ပါသည် (Richard Stacey at le.,, 2014)။ ပညာရှင် ယွန်လင်စ့် ၏ အဆိုတွင် “သမ္မတစနစ်၏ အားနည်းချက်အခါ ရောစပ် သမ္မတစနစ်ကို ဖန်တီးခြင်းဖြစ်ပါသည်ဟု ဆိုထားသည်။ (Linz, 1994, p. 33)။

ပညာရှင် Maurice Duverger အဆိုအရ ရောစပ် သမ္မတစနစ်တွင် အောက်ပါ (၃) ချက်ပါဝင်ရမည် (က) သမ္မတကို လူထုက တိုက်ရိုက်ရွေးချယ်ရမည်၊ (ခ) သူ့မှာ အာဏာ အတန်အသင့်ရှိရည်၊ (ဂ) သို့သော် လွှတ်တော်ကသနားမှ ချမ်းသာ(ထိုင်ခုံတည်မြဲ) သော ဝန်ကြီးချုပ်နှင့် သူ့ဝန်ကြီးများရှိရမည် (Duverger, 1980)။

ရောစပ်သမ္မတစနစ်တွင် အစိုးရအာဏာက လွှတ်တော်ကို တိုက်ရိုက်တာဝန်ခံသည့် ဝန်ကြီးချုပ်နှင့် လူထုကို တိုက်ရိုက်တာဝန်ခံသည့် သမ္မတက ပူးတွဲကိုင်တွယ်ခြင်း (dual executive) (Richard Stacey at el.,, 2014) နှင့် လွှတ်တော်က ဝန်ကြီးချုပ်နှင့် သူ့ဝန်ကြီးချုပ်များကို ဖြုတ်ပိုင်ခွင့်ရခြင်းစသည်တို့ကြောင့် အုပ်ချုပ်ရေး မဏ္ဍိုင်၏ အာဏာကိုကန့်သတ်စေသည်ဟု ယူဆရသော်လည်း လက်တွေ့မှာ ဆန့်ကျင်ဘက်တွေဖြစ်တတ်သည်။

ပြင်သစ် နှင့် ရုရှားကဲ့သို့သော နိုင်ငံများတွင် ၎င်းအစိုးရအကြီးအကဲကို သမ္မတကိုယ်တိုင် ရွေးချယ်ပြီး ပြင်သစ် နိုင်ငံဆိုလျှင် သမ္မတက လွှတ်တော်ဖြုတ်သိမ်းခွင့်အထိ အာဏာရှိသည့်အတွက် အမေရိကန်နိုင်ငံထက်ပင် အုပ်ချုပ်ရေးအာဏာ ပိုမိုမြင့်သည်ဟု ဆိုကြသည် (Tombs, 2017)။

အလားတူ သမ္မတကို လွှတ်တော်က ဖက်ထုတ် (impeach) ခွင့်ရှိသည် ဆိုသော်လည်း ပါလီမန်စနစ်ကဲ့သို့ အများစု (simple majority) မဲဖြင့် ကြိုက်သလို ဖြုတ် (no confidence vote) ၍ မရဘဲ super majority ခေါ် ထက်ဝက်ထက်ပိုသည့် မဲဖြင့်သာ ဖက်ထုတ်၍ ရသည်။

လီသိုးနီးယားနိုင်ငံတွင်သာ လွှတ်တော်၏ ငါးပုံ သုံးပုံ မဲ လိုအပ်ပြီး ကျန်သည့် ရောစပ်သမ္မတ နိုင်ငံများတွင် သုံးပုံနှစ်ပုံ (သို့မဟုတ်) ငါးပုံလေးပုံနှင့်အထက် သဘောတူညီချက်လိုအပ်သည် (Richard Stacey at el.,, 2014)။ ထို့ကြောင့် သမ္မတကို လွှတ်တော်မှ ဖြုတ်နိုင်ရေးဆိုသည်မှာ မဖြစ်နိုင်သလောက် ခက်ခဲပါသည်။

ရောစပ်သမ္မတစနစ်ကဲ့သို့ပင် ရောစပ်ပါလီမန်စနစ် (semi-parliamentary) ရှိသည်ဟု ဒီဘက် ခေတ်ပညာရှင်တချို့က ခွဲခြမ်းစိတ်ဖြာလာကြရာ ကိုင်းဟုပ်၏ သတ်မှတ်ချက်စာရင်းအရ ဂျပန်၊ ဩစတေးလျနှင့် နိုင်ငံအချို့ကို ထည့်သွင်းခဲ့သည် (Ganghof, 2017)။

သူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ရောစပ်ပါလီမန်စနစ်သည် (က) လွှတ်တော်နှစ်ရပ်လုံးကို လူထုက တိုက်ရိုက်ရွေးချယ်ခြင်း (ခ) လွှတ်တော် တရပ်ရပ်ကသာ အများအားဖြင့် အောက်လွှတ်တော်က အစိုးရကို အယုံအကြည်မရှိအဆိုဖြင့် ဖြုတ်ချခွင့် (ဂ) ဘဏ္ဍရေး ဘီလ်ကလွဲ၍ ကျန်သည့် ဥပဒေများတွင် အထက်လွှတ်တော်က ဗီတိုအာရှိသည်ဟု ဆိုသည်။

အချို့က Israel နိုင်ငံတွင် ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ကျင့်သုံးခဲ့သော Prime Ministerial စနစ်ခေါ် လူထုက လွှတ်တော်နှင့် ဝန်ကြီးချုပ်ကို တပြိုင်တည်း ရွေးချယ် (သမ္မတစနစ်ကဲ့သို့) ပြီး ဝန်ကြီးချုပ်ကို လွှတ်တော်က အယုံအကြည်မရှိမဲဖြင့် အချိန်မရွေး ဖြုတ်ချနိုင်သည့် စနစ်ကိုလည်း ရောစပ်ပါလီမန်စနစ်ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ၎င်းသည် နိုင်ငံတကာပညာရှင် အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံခြင်း မရှိသေးပေ။

(၃.၃) အားသာချက်၊ ခြားနားချက်များနှိုင်းယှဉ်ခြင်း

မည်သည့် နိုင်ငံရေးစနစ်မဆို အားသာချက်နှင့် အားနည်းချက်များ ကိုယ်စီရှိသည့်နည်းတူ ဤစနစ်များသည်လည်း ခြွင်းချက်မဟုတ်ပေ။ ဤအပိုင်းတွင်လည်း မြန်မာ့ရေခံမြေခံပေါ် အခြေခံ၍ထည့်သွင်း စဉ်းစားသင့်သည်ဟု ယူဆသောအချက်များကိုသာ လိုရာစွဲ၍ဆွေးနွေးသွားပါမည်။

(၃.၃.၁) အင်စကျူးရှင်း နှင့် တကိုယ်တော် (Institutionalized vs Personalized)

ပါလီမန်စနစ်သည် ပါတီအုပ်စုအလိုက် အာဏာစုစည်းတည်ဆောက်ခြင်းကို ဗဟိုပြုသည့်အတွက် ပါတီ အဖွဲ့အစည်းတည်ဆောက်မှု (institutionalized) အားပေးသည်ဟုဆိုပြီး သမ္မတစနစ်တွင်မူ နိုင်ငံရေး သမားတစ်ဦးချင်းစီ၏ လွတ်လပ်စွာ မျှောပါမှုကို ဗဟိုပြုသည့်အတွက် တစ်ဦးကောင်းတစ်ယောက်ကောင်း (personalized) ဦးဆောင်မှုစတိုင်ကို အားပေးသည်ဟုဆိုကြသည် (John Gerring et al., 2009) (Juan, 1990)။

အင်စတီကျူးရှင်း ဖြစ်ခြင်းသည် ဒီမိုကရေစီတည်ဆောက်ရေးတွင် မရှိမဖြစ်လိုအပ်သည့်အရာဟု ယူဆရသော်လည်း နက်ရှိုင်းရှုပ်ထွေး၍ အကျင့်ပျက်သည့် အင်စတီကျူးရှင်း ကြီးကြီးများကြားမှာ နိုင်ငံရေး အာဏာများ နစ်မြုပ်သွားပါက လူထုနှင့် နိုင်ငံရေးသမားများအကြား အဆက်ပြတ်သွားတတ်ပြန်သည်။ ထိုကဲ့သို့သော အခြေအနေမှ လွတ်မြောက်ရန် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း နိုင်ငံရေးသမားက သမ္မတကို တိုက်ရိုက်ရွေးချယ်သည့် လမ်းကြောင်းဖြင့် လူစွမ်းကောင်းလုပ်နိုင်သည်ဟု ယူဆကြသူများလည်း ရှိသည်။ ထို့ကြောင့် သမ္မတစနစ်တွင် နိုင်ငံရေးသမားများသည် လူပိန်းကြိုက်သွေးထိုးနိုင်ငံရေး (populism) ကို အင်အားအဖြစ် အသုံးပြုတတ်သည် (Juan, 1990)။

(၃.၃.၂) မည်သည့်စနစ်က ပါတီအင်အား ပိုကောင်းစေသနည်း

သမ္မတစနစ်သည် နိုင်ငံသူနိုင်ငံသားအကုန်ယူစနစ်ဖြစ်သည့်အတွက် ရှုံးတဲ့သူက အကုန်လုံးရှုံးသည် (loser loses all) ဟု ပညာရှင် ယွန်လင်စ် ကဆိုသည်။ (Linz, 1994)။ ပါလီမန်စနစ်တွင် ပါတီ သို့မဟုတ် အစုအဖွဲ့ဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ပြီး အစိုးရကိုလည်း စုပေါင်းအင်အားဖြင့် ဖွဲ့စည်းသည်။

တခါတရံ တစ်ပါတီတည်းက အစိုးရ မဖွဲ့နိုင်ဘဲအခြား ပုဂ္ဂိုလ်/ပါတီများနှင့် ပူးပေါင်းပြီး မဖြစ်မနေ ညွန့်ပေါင်းအစိုးရဖွဲ့ရန် လိုအပ်သည့်အခါလည်း ရှိသည်။ ပါတီငယ်များက လူနည်းစု ညွန့်ပေါင်းအစိုးရ (minority government) ဖွဲ့သည့် ဖြစ်ရပ်မျိုးလည်း မကြာခဏကြုံတွေ့တတ်သည်။

၁၉၄၆ မှ ၁၉၉၉ ခုနှစ်အထိ ကမ္ဘာ့ ပါလီမန်စနစ်အခြေခံ အစိုးရဖွဲ့စည်းမှု၏ ၂၂ ရာခိုင်နှုန်းသည် လူနည်းစုအစိုးရဖြစ်သည် (Cheibub et al., 2002)။ ထို့ကြောင့် ပါလီမန်စနစ်ကျင့်သုံးသည့် နိုင်ငံများတွင် သာမန်အားဖြင့် ပါတီပေါင်းစုံရှိတတ်သည် (Linz, 1994, p. 34)။

သို့သော် ပါတီနည်းခြင်း၊ များခြင်းသည် အစိုးရဖွဲ့စည်းမှုစနစ် တစ်ခုတည်းနှင့် သက်ဆိုင်သည်တော့မဟုတ်ချေ။ ရွေးကောက်ပွဲစနစ်ဖြစ်သည့် နိုင်သူအကုန်ယူစနစ် (FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) စနစ်တစ်ခုခု ရွေးချယ်ကျင့်သုံးမှုအပေါ်မှာလည်း များစွာမူတည်သည်။ ထို့ကြောင့် သမ္မစနစ် ကျင့်သုံးသော လက်တင်အမေရိကနိုင်ငံ (၉)ခုမှာ နှစ်ပါတီထက်ပိုသည့် ပါတီစုံကို တွေ့ရှိရကြောင်း ပညာရှင် လင်စ့် ကပင် ဆက်လက်ထောက်ပြပါသည်။

ခြုံပြောရလျှင် သမ္မတစနစ်တွင် နိုင်ငံရေးစုစည်းမှုအားနည်း (Carey, 2007) ပြီး အုပ်ချုပ်ရေး (သမ္မတ) ကို သီးခြား ရွေးချယ်ခြင်းကြောင့် နိုင်ငံရေးပါတီစုစည်းမှု အားနည်းတတ်သည် (Shugart, 1998)။ အာဏာအလွန်ပျော့ ပြောင်းသော နှစ်ပါတီ (tow-party system)စနစ်ကို သာမန်အားဖြင့် ကျင့်သုံးလေ့ရှိသည်။

ပြောင်းပြန်အားဖြင့် ပါလီမန်စနစ်တွင် နိုင်ငံရေးပါတီများသည် စည်းကမ်းတကျဖွဲ့စည်းထားပြီး ပါတီခေါင်းဆောင်များက တင်းကြပ်စွာ ဦးဆောင်လေ့ရှိသည် (Aurel Croissant et al., 2004)။ ထို့အပြင် ပါတီငယ်များ ရှင်သန်ခွင့်ပိုပေးထားသည်။ အမှန်စင်စစ် ပါလီမန်စနစ်တွင် လွှတ်တော်မှာ အာဏာရှိသည် ဆိုသော်ငြားလည်း တကယ့်အာဏာအရင်းခံသည် အနိုင်ရပါတီဖြစ်ပါသည်။

(၃.၃.၃) မြန်ဆန်မှုနှင့် တည်ငြိမ်မှု (Speed & Stability)

အထက်တွင် ဖော်ပြထားပြီး ဖြစ်သည့်အတိင်း သမ္မတစနစ်တွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို သီးခြားရွေးကောက်ပွဲဖြင့် ဖွဲ့စည်းထားသည့်အတွက် အာဏာခွဲဝေမှုနှင့် ထိန်းကျောင်းမှုရှိရာ အစိုးရ (အုပ်ချုပ်ရေး) အားကောင်းပြီး ထိရောက်မြန်ဆန်မှုရှိသည်ဟု ယေဘုယျအားဖြင့် ဆိုကြသည်။

ပါလီမန်စနစ်တွင် အစိုးရသည် သူတာဝန်ခံထားသည့် လွှတ်တော်ထံ သွားသွားညှိ့နေရသည့်အတွက် ကြန့်ကြာတတ်သည်။ တဘက်မှာ သမ္မတ စနစ်တွင် လွှတ်တော်နှင့် အစိုးရ (သမ္မတ)မှာ အနိုင်ရသည့် ပါတီ/အုပ်စုမူတသည့်အခါ နိုင်ငံရေးအားပြိုင်မှု (friction) မြင့်မားလေ့ရှိပြီး (Novak, 2014) တခါတရံ သောင်တင် (deadlock)သည် အထိပင် ရှိတတ်ပြန်သည် (သာဓက-အမေရိကန်နိုင်ငံ)။

ပြောင်းပြန်အားဖြင့် ပါလီမန်စနစ်တွင် လွှတ်တော်နှင့် အစိုးရသည် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းသည့်အခါမျိုးမှလွဲ၍ တစ်ပါတီတည်း (တစ်သားတည်း) ဖြစ်သည့်အတွက် ပိုမိုမြန်ဆန်တတ်သည်ဟု ယူဆသူများလည်းရှိသည်။

တည်ငြိမ်မှုအပိုင်းနှင့် ပတ်သက်၍ သမ္မတစနစ်တွင် အစိုးရနှင့် လွှတ်တော်ကြားမှာ အလွန်အကျွံ အားပြိုင်မှု နှင့် ထိန်းကျောင်းမှုကြောင့် ရှေ့မတိုးနိုင် (deadlock) ဖြစ်တတ်သည်။

ပါလီမန်စနစ်တွင် deadlock မရှိပါ။ Yale University မှ ပညာရှင် Cheibub နှင့် သူ့မိတ်ဆွေ၏ လေ့ လာ တွေ့ရှိချက်အရ deadlock ကြုံတွေ့သည့် သမ္မတ စနစ်ကျင့်သုံးသော (၂၆) နိုင်ငံတွင် တစ်နိုင်ငံနှုန်းဖြင့် ဒီမိုကရေစီစနစ် ကျဆုံးရာတွင် deadlock မကြုံသည့် နိုင်ငံပေါင်း (၃၁) နိုင်ငံတွင် တစ်နိုင်ငံနှုန်းသာ ဒီမိုကရေစီကျဆုံးသည်ဟု ဖော်ပြသည် (Cheibub et al., 2002, p. 4)။

၎င်းကို ကောက်ချက်စွဲလျှင် သောင်တင်မှု (deadlock) ဖြစ်ပေါ်တတ်ခြင်းသည် ဒီမိုကရေစီကျဆုံးခြင်းဆီသို့ တစုံတရာ တွန်းပို့စေတတ်သည်။ လက်တင် အမေရိကနိုင်ငံများတွင် ဒီမိုကရေစီ ခိုင်ခန့်မှုမရှိခြင်းသည် သမ္မတစနစ် မတည်ငြိမ်မှုအကျိုးဆက်ဖြစ်သည်ဟု သုံးသပ်သူများလည်း ရှိသည်။

တဘက်တွင် ပါလီမန်စနစ်တွင်လည်း ရွေးကောက်ပွဲမှာ ပါတီတစ်ခုတည်းက အပြတ်သတ် အနိုင်မရနိုင်၍ အစိုးရမဖွဲ့နိုင်ခြင်း (သို့မဟုတ်) အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရာ တခါတလေ မူဝါဒချင်းမတူ၍ ညှိမရဖြစ်ခြင်းနှင့် အစိုးရကို ဖြုတ်ချခြင်း….စသည့် မညတ်မငြိမ်မှုများကြုံတွေ့တတ်ပါသည်။

မည်သို့ပင်ဆိုစေ ၁၉၄၆ နှင့် ၁၉၉၉ ကြား ရာစုနှစ် ထက်ဝက်နီးပါးကာလအတွင်း သမ္မတစနစ် ကျင့်သုံးသည့် (၂၃)နိုင်ငံတွင် (၁) နိုင်ငံနှုန်းဖြင့် ကျဆုံး (အာဏာရှင်စနစ်သို့ ကူးပြောင်း)ရာမှာ ပါလီမန်စနစ်ကျင့်သုံးသည့် (၅၈)နိုင်ငံတွင် တစ်နိုင်ငံနှုန်းသာ ကျဆုံးခဲ့ပါသည် (Cheibub et al., 2002)။ စာရင်းအရဆိုလျှင် ပါလီမန်စနစ်က ပို၍တည်ငြိမ်သည်ဟု ဆိုရမည်။

(၃.၃.၄) မည်သည့်စနစ်တွင် အစိုးရအာဏာ ပိုရှိသနည်း

အခြေခံအားဖြင့် သမ္မတစနစ်တွင် အစိုးရသည် လူထုတိုက်ရိုက်ရွေးချယ်သည့် လူတစ်ဦးတစ်ယောက်၏ လက်အောက်တွင် ရှိသည်။ ဆိုခဲ့ပြီးသည့်အတိုင်း ပါလီမန်စနစ်တွင် အစိုးရသည် လွှတ် တော်က အစုအဖွဲ့အလိုက် ရွေးချယ်ထားသည့်အတွက် သာမန်အားဖြင့် လွှတ်တော်ကို အာခံဝံ့လောက်သည့် အာဏာမရှိပေ။

ထို့ကြောင့် သမ္မတစနစ်တွင် အစိုးရက ပိုပြီးအာဏာရှိသည် (powerful) ထိရောက်မြန်ဆန်မှု ပိုမိုရှိသည်ဟု ယေဘုယျအားဖြင့် သုံးသပ်ကြသည်။ တဘက်မှာ လွှတ်တော်တွင် အခြားပါတီက အင်အားကောင်းနေလျှင် သမ္မတ၏ အာဏာကို ချိနဲ့သွားစေသည့်အခါလည်း ရှိတတ်ပါသည်။

ပါလီမန်စနစ်တွင် အစိုးရ (ဝန်ကြီးချုပ်) သည် လွှတ်တော်မှာ အနိုင်ရသည့်ပါတီ ခေါင်းဆောင်ဖြစ်သည့်အတွက် တသားတည်းဖြစ်ပြီး ပို၍ပင် အာဏာရှိသည်ဟု သုံးသပ်သူများ လည်းရှိသည်။ ထို့ကြောင့် ဗြိတိန် ဝန်ကြီးချုပ်သည် အမေရိကန် သမ္မတထက် အာဏာပိုရှိသည်ဟု ဆာဂျင်တစ်က မှတ်ချက်ပြုခဲ့သည် (Sargentich, 1993)။

အခြားတဘက်မှာ သမ္မတစနစ်တွင် ဝန်ကြီးချုပ် ဦးဆောင်စနစ်နှင့်မတူဘဲ အစိုးရ (သမ္မတ) သည် အရေးပေါ်ကာလ ကြေညာပိုင်ခွင့်၊ ဗီတိုအာဏာနှင့် ဒီဂရီအာဏာတို့ကို ပိုင်ဆိုင်လေ့ရှိသည်။ အထက်တွင် ဖော်ပြပြီးသည့်အတိုင်း အချို့ရောစပ်သမ္မတစနစ်နိုင်ငံများတွင် လွှတ်တော်တရပ်လုံးကိုပင် သမ္မတက ဖျက်သိမ်းပိုင်ခွင့်ရှိသည့်အတွက် ထိုသို့သော အပိုင်းများတွင် သမ္မတစနစ်သည် ပို၍ဩဇာအာဏာရှိကြောင်း တွေ့ရသည်။ အလွန်အကျွံအာဏာရှိသည်ဟုပင် ထောက်ပြသူများရှိသည်။

ပါလီမန်စနစ်တွင် အထူးသဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းသည့် ကာလများတွင် ဝန်ကြီးချုပ်သည် သူ့ဝန်ကြီးများထက်ပိုပြီး အာဏာများများစားစား မပိုင်ဆိုင်တတ်ပေ (Juan, 1990)။ သမ္မတစနစ်တွင်မူ ဝန်ကြီးများသည် သမ္မတဦးဆောင်မှုအောက်တွင် တသွေးတသံတမိန့်ဖြင့် ပြားပြားဝပ်နေရသည်။

ပါတီစုံဖြင့် ဇာတ်ကနေရသော ပါလီမန်စနစ်တွင် အငြင်းပွားဖွယ်ရာ အကြောင်းအရာများအပေါ် သဘောထားရပ်တည်ချက် ထားရှိခြင်းနှင့် ငြင်းခုန်ခြင်းများကို ရှောင်ရှားလေ့ရှိ (Sargentich, 1993) ပြီး ရဲရင့်သော ဦးဆောင်မှုကို မပေးနိုင်ဟု ဝေဖန်ထောက်ပြသူများရှိသည်။

(၄.၃.၅) ကိုယ်စားပြုမှု (Legitimacy) အပိုင်း

သမ္မတစနစ်၏ အဓိကရပ်တည်ချက် နှစ်ခုထဲက တစ်ခုသည် အုပ်ချုပ်ရေး/အစိုးရအကြီးအကဲ (head of executive of government) ကို လူထုက တိုက်ရိုက်ရွေးချယ်ခြင်းဖြစ်သည့်အတွက် လူထုကိုယ်စားပြုမှု (legitimacy) အခိုင်အမာ ရရှိခြင်းဖြစ်သည် (Juan, 1990, p.52)။

ပါလီမန်စနစ်တွင် ၎င်းကို လွှတ်တော်ကတဆင့် ရွေးချယ်ရသည်။ သို့သော် သမ္မတစနစ်သည် နိုင်သူအကုန်ယူစနစ်ဖြစ်သည်နှင့်အညီ အချိုးကျကိုယ်စားပြု (PR) စနစ်ကျင့်သုံး၍မရ ဖြစ်သည့်အတွက် တချို့အပိုင်းတွင် သမ္မတ၏ ပြည်သူအပေါ် ကိုယ်စားပြုမှုကို မေးခွန်းထုတ်စရာရှိပါသည်။ ဥပမာ- သမ္မတလောင်း A, B, C, D နှင့် E တို့ ဝင်ပြိုင်ရာမှာ (A) က စုစုပေါင်းမဲ၏ ၃၅ ရာခိုင်နှုန်းဖြင့် အနိုင်ရသည်ဆိုပါစို့၊ မဲအများစုမရဘဲ ပြည်သူကို အမှန်တကယ်ကိုယ်စားပြုပါသလော….စသည်ဖြင့်။ ၎င်းမဲပေးရွေးချယ်နည်းကို နိုင်သူ အကုန်ယူစနစ် (FPTP) ထဲက plurality voting ဟုခေါ်သည်။

ထို့ကြောင့် ၎င်း (FPTP) စနစ်ထဲက Absolute Majority ခေါ် ၅၀ ရာခိုင်နှုန်းကျော် မဲရမှ သမ္မတအတည်ပြုသည့် စနစ်ကို နောက်ပိုင်းတွင် ကျင့်သုံးမှုများလာသည်။ နှစ်ကြိမ် မဲထည့်နိုင်သည့် စနစ် (Two-round System) ဟုလည်း ခေါ်ကြသည်။

နောက်ထပ်စဉ်းစားစရာတစ်ခုမှာ ပါလီမန်စနစ်၏ no confidence motion ဖြင့် အစိုးရ (ဝန်ကြီးချုပ်) ကို ဖြုတ်ချခွင့်ရှိခြင်းနှင့် အချို့သော သမ္မတစနစ်တွင် လွှတ်တော်ကိုဖြုတ်သိမ်း (dissolve) ပိုင်ခွင့်ရှိခြင်းဆိုသည့် အချက်ဖြစ်ပါသည်။

စဉ်းစားစရာမှာ လူထုတိုက်ရိုက်ရွေးချယ်သည့် သမ္မတ (တစ်ဦး) နှင့် လူထုရွေးချယ်ထားသည့် ကိုယ်စားလှယ်ပေါင်း ရာနှင့်ချီဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်၊ မည်သူက လူထုကိုပို၍ ကိုယ်စားပြုပြီး မည်သူ့ကို အာဏာပိုပေးသင့်သနည်းဆိုသည့် အချက်ဖြစ်သည်။ တဖက်တွင် ကိုယ်စားပြုမှုအပြင် အထက်မှာ တင်ပြပြီးဖြစ်သည့် တည်ငြိမ်မှုနှင့် ထိရောက်မှုဆိုသည့်အပိုင်းကိုလည်း ဤနေရာတွင်ထည့်တွက်ပေးရပါမည်။

၄။ နားလည်ရခက်ခဲသော တိုင်းရင်းသားများ ရပ်တည်ချက်တချို့

တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများ တင်ပြသော နိုင်ငံရေးသဘောထားများနှင့် ရပ်တည်ချက်များတွင် အခြေခံအားဖြင့် မတူညီသော ပါလီမန်စနစ်နှင့် သမ္မတစနစ်၏ အင်္ဂါရပ်များ ပေါင်းစပ် (ရောထွေး) လေ့ရှိသည်ကို တွေ့ရသည်။

တချို့အချက်များသည် ရောစပ်စနစ်၏ (mixed, hybrid of semi -) သဘောဖြစ်သည်ဟု ယူဆလို့သော်လည်း တချို့သည် မရောထွေးအပ်သည့် အရာများဖြစ်သည်ဟု မိမိအနေဖြင့် နားလည်ရပါသည် (မိမိမသိ ဗဟုသုတက လိုက်မမီသည်လည်း ဖြစ်နိုင်ပါသည်)။

(၄.၁)   ပါလီမန်စနစ်ရွေးချယ်ရင်း အာဏခွဲခြားမှုနှင့် ထိန်းကျောင်းမှုလိုလားခြင်း

တိုင်းရင်းသား အဖွဲ့အစည်းများ ရွေးဆွဲသော ဖက်ဒရယ်မူနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ခပ်များများတွင် အထက်ပါဆန့်ကျင်ဘက်စနစ် နှစ်မျိုးရောစပ်ထားသည်ကို တွေ့ရသည်။ သာဓကအားဖြင့် FCDCC ၏ ဖက်ဒရယ်အခြေခံဥပဒေ (မူကြမ်း) ပုဒ်မ (၁၂၁) မှ (၁၂၃) အထိတွင် ပါလီမန်စနစ် (အောက်လွှတ်တော်က ရွေးချယ်သော ဝန်ကြီးချုပ် ဦးဆောင်သည့်အစိုးရစနစ်) ကျင့်သုံးမည်ဟုပါရှိရာ ပုဒ်မ (၅) တွင် ‘မဏ္ဍိုင်သုံးရပ်၏ အာဏာတို့ကိုခွဲခြားကျင့်သုံးစေရမည့်အပြင် အာဏာတရပ်နှင့်တရပ်အကြား အပြန်အလှန်ထိန်းညှိမှုရှိစေရမည်’ဟု ပြဋ္ဌာန်းထားပြန်သည်။

အထက်တွင် ဖော်ပြပြီးသည့်အတိုင်းအ ပါလီမန်စနစ်၏ အခြေခံစံနှုန်းတစ်ခုသည် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်အကြား အာဏာ စီးကူးခြင်း (fused) ဖြစ်ပါသည်။ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်အကြား အာဏာခွဲခြားမှု (separation of powers) နှင့် မဏ္ဍိုင်သုံးရပ်အကြား အပြန်အလှန် ထိန်းကျောင်းမှု (check and balance) တို့သည် မိမိဉာဏ်မီသလောက်ဆို သမ္မတစနစ်မှာသာ ကျင့်သုံးလေ့ရှိပါသည်။

(၄.၂)   ရှမ်းပါတီ (SNLD) ၏ ပါလီမန်စနစ်ထဲက သုံးချက်

တောင်ကြီးမူနှင့် သမိုင်းစဉ်ဆက် တိုင်းရင်းသားများ၏ နိုင်ငံရေးမူကို တင်းတင်းကြပ်ကြပ်ကိုင်စွဲတတ်သော ကွန်ဆာဗေးတစ်ပါတီအနေဖြင့်မူ ဝန်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်စနစ် (parliamentary system) လိုလားကြောင်း အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီတွင် တင်ပြလင့်ကစား ပါလီမန်စနစ်များတွင် သာမာန်အားဖြင့် ကျင့်သုံးလေ့မရှိသော အချက်တချို့တင်ပြထားသည်ကို တွေ့ရပြန်သည်။

မထမအချက်အနေဖြင့် ပုဒ်မ (၂၀၀)(င)(၃)ကို ပြင်ဆင်လိုကြောင်း တင်ပြရာတွင် “ဝန်ကြီးချုပ် သို့မဟုတ် ပြည်ထောင်စုအစိုးရ တစ်ဖွဲ့လုံးကို အယုံအကြည်မရှိအဆို (no-confidence motion) တင်သွင်းပါက အောက်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံထောက်ခံရမည်”ဟု ဆိုထားသည်။

သာမာန်အားဖြင့် ပါလီမန်စနစ်တွင် အယုံအကြည်မရှိအဆိုကို အောက်လွှတ်တော်ကိုယ်စားလှယ်အများစု (absolute majority) မဲဖြင့် အတည်ပြုလေ့ရှိသည်။ သာဓက- မြန်မာနိုင်ငံ၏ ၁၉၄၇ အခြေခံဥပဒေ၊ FCDCC စာတမ်းနှင့် ဗြိတိန်နိုင်ငံ စနစ်။ ယခုလို super majority ဖြင့် တခါးဝကန့်သတ်မှု (threshold) ပြုလုပ်ခြင်းသည် သာမာန်အားဖြင့် သမ္မတစနစ် တွင်သာ ကျင့်သုံးလေ့ရှိသည်။

ဒုတိယအနေဖြင့် ပုဒ်မ (၂၀၀)(ခ)(၂)တွင် ဝန်ကြီးချုပ်က ဝန်ကြီးများကို “လွှတ်တော်ကိုယ်စား လှယ် ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူဖြစ်စေ ခန့်အပ်နိုင်သည်”ဟု အဆိုပြုထားသည် (NLD ပါတီကမူ ၎င်းစကားရပ်ကို ပယ်ဖျက်ရန် တင်ပြခဲ့သည်)။ ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံတွင် ရှမ်းကိုယ်စားလှယ်များက တင်ပြသည့်အဆိုပြုချက် အမှတ် (၅)မှာလည်း “ဝန်ကြီးချုပ်များသည် ပါလီမန်အမတ်များသာ ဖြစ်ရမည်”ဟု ပါရှိခဲ့သည်။

သို့သော် West minister စနစ် မကျင့်သုံးသည့် နော်ဝေး၊ ဘေလီဂျီယန်၊ နေသာလန် နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံ ပါလီမန်စနစ်များတွင် လွှတ်တော်အမတ် မဟုတ်သူများ ဝန်ကြီးခန့်အပ်ခွင့်ပြုထားသည်လည်း တွေ့ရှိပါသည် (Bulmer, 2019)။

နိုင်ငံရေးယဉ်ကျေးမှု နှိုင်းယှဉ်ချက်သဘောအရဆိုလျှင် အများအားဖြင့် ပါလီမန်စနစ်တွင် လွှတ်တော်ကိုယ်စားလှယ်ထဲကသာလျှင် ဝန်ကြီးများကို ခန့်အပ်လေ့ရှိပြီး အမတ်မဟုတ်သူများ ခန့်အပ်ခွင့်ကို သာမာန်အားဖြင့် သမ္မတစနစ်တွင်သာ ကျင့်သုံးလေ့ရှိပါသည်။

တတိယအနေဖြင့် သမ္မတ၏ အာဏာကိုမြှင့်တင်ပေးခြင်းဖြစ်သည်။ သာမန်အားဖြင့် Parliamentary Republics ခေါ် ဘုရင်မထားရှိသည့် ပါလီမန်စနစ်တွင် သမ္မတကို နိုင်ငံဦးသျှောင် (Figurehead) သက်သက်ဖြင့် ထားရှိရာ ဝန်ကြီးချုပ်ကို အုပ်ချုပ်ရေးအာဏာ ပုံအပ်လေ့ရှိပါသည် (ဥပမာ-အိန္ဒိယနိုင်ငံ)။

သို့သော် ရှမ်းပါတီ တင်ပြချက်တွင် သမ္မတကို အထက်လွှတ်တော်က သီးသန့်ရွေးချယ်စေပြီး သူ့ကို နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးတွင် အာဏာပိုပေးထားပါသည်။ သာဓကအားဖြင့် ပုဒ်မ(၄၁၀) နှင့် ပတ်သက်၍ SNLD တင်ပြချက်တွင် သမ္မတက ကာလုံနှင့်ညှိပြီး “အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။

ပါလီမန်စနစ်တွင် ပါတီက ဦးဆောင်ရမည် ဆိုသည့် ပါလီမန်စနစ်အင်္ဂါရပ်ဖြင့် ဘောင်ခတ်ထားသလို ဖြစ်ပြန်သည့်အတွက် ရှုပ်ထွေးမှုရှိသည်ဟု သုံးသပ်မိပါသည်။

(၄.၄)   လွှတ်တော်နှစ်ရပ် အာဏာတူ ပေးရေးမူ

သာမာန်အားဖြင့် ပါလီမန်စနစ်တွင် အထက်လွှတ်တော်သည် အားနွဲ့တတ်သည်။ အထူးသဖြင့် တပြည်ထောင် (unitary) ပါလီမန်စနစ်မှာ ပိုဆိုးသည်။ သို့သော် ရောစပ်သမ္မတစနစ် ကျင့်သုံးသည့် ပြင်သစ် ကဲ့သို့သော နိုင်ငံများတွင်လည်း အထက်လွှတ်တော်အားနည်းပါသည်။

တပြည်ထောင်စနစ် ကျင့်သုံးသည့် နိုင်ငံ ဖြစ်ခြင်းနှင့်လည်း သက်ဆိုင်လိမ့်မည်။ ဦးနု ပါလီမန်စနစ်ခေတ် ၁၉၄၇ အခြေခံဥပဒေလည်း ထိုနည်း၎င်းပင် ဖြစ်ခဲ့သည်။

ထိုကဲ့သို့ ခါးသီးသော သင်ခန်စာရရှိထားသည့် တိုင်းရင်းသားခေါင်းဆောင်များက နောက်ပိုင်းတွင် “လွှတ်တော်နှစ်ရပ်အာဏာတူပေးရေး” မူ၊ တနည်းအားဖြင့် အထက်လွှတ်တော် အား ကောင်းရေးမူကို တစိုက်မတ်မတ် ပြောဆိုလာတော့သည်။ တကယ်လည်း ဖက်ဒရယ်စနစ်နှင့် သမ္မတစနစ်ကျင့်သုံးသော နိုင်ငံများတွင် အားကောင်းသော အထက်လွှတ်တော်တည်ဆောက်လေ့ရှိသည်။

အားလုံးသိရှိသည့်အတိုင်း အထက်လွှတ်တော်ဆိုသည်နှင့် လူနည်းစုများအတွက် ဒီဇိုင်းလုပ်ထားခြင်းဖြစ်ပါသည်။ Consociationalism ဒီမိုကရေစီစနစ်ကို ပုံဖော်သည့်အနေဖြင့် လူဦးရေအချိုး အစား မညီမျှသည့်အုပ်စု အချင်းချင်းအကြား အများစုက ခြယ်လှယ်မှုမရှိအောင် အထက် လွှတ်တော် ယန္တရားဖြင့် ထိန်းကျောင်းခြင်းနှင့် မျှခြေ (leverage) ပြုလုပ်ခြင်းဖြစ်ပါသည်။

တိုင်းရင်းသားလက်နက်ကိုင် (၁၂) ဖွဲ့က သမ္မတစနစ် ရွေးချယ်ခြင်းသည်ပင်လျှင် အားကောင်းမောင်းသန် ရှိသော အထက်လွှတ်တော်ကို မက်မော၍ ဖြစ်တန်ရာ၏ တိုင်းရင်းသားများသည် လူဦးရေအရ ထက်ဝက်ပင် မကျော်သည့်အတွက် မည်သည့်စနစ် (ပါလီမန်၊ သမ္မတ) ပင် ကျင့် သုံး အုပ်ချုပ်ချုပ်ရေး (အစိုးရ) အကြီးအကဲနေရာရရန် မဖြစ်နိုင်သလောက်ခက်ခဲပါသည်။

ထို့ကြောင့် အမေရိကန်ကဲ့သို့ အားကောင်းသည့် အထက်လွှတ်တော်မျိုး ဖန်တီးပြီး ၎င်းကို တိုင်းရင်းသားများ ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်လျှင် တော်လောက်ပြီဟု ယူဆသည်လည်းဖြစ်နိုင်သည်။

မိမိပြည်နယ်မှာ မိမိတိုင်းရင်းသား နိုင်ငံရေးအင်အားဖြင့် အစိုးရဖွဲ့နိုင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရပြီး၊ ပြည်ထောင်စုမှာ အားကောင်းသည့် အမျိုးသားလွှတ်တော်ကို ထိန်းချုပ်နိုင်လျှင် လူနည်းစု တိုင်းရင်း သားများအတွက် လုံလောက်ပါပြီ၊ ဗဟိုအစိုးရ (head of executive) ကို မမျှော်လင့်ပါဘူးဆိုသည့် ယူဆချက်သည်လည်း ကျိုးကြောင်းဆီလျှော်မှုရှိပါသည်။

ဤနည်းဖြင့် လွှတ်တော်နှစ်ရပ် အာဏာတူပေးပြီး အပြန်အလှန် ဗီတိုအာဏာ (mutual veto) သုံးခွင့်ကို တိုင်းရင်းသားများက တင်ပြကြသည်။ အာဏာတူပေးရေးသည် မူအားဖြင့် မှန်ကန် သော် လည်း ထည့်တွက်စဉ်းစားသင့်သည့် အချက် (၂)ချက်ရှိပါသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ (၁၀၁)(၁၃၆) နှင့် (၁၅၆) အရ ပြည်သူ့နှင့် အမျိုးသားလွှတ် တော်ကို ဥပဒေပြုအာဏာတူပေးထားသလို ဖြစ်မသွားရန် အရေးကြီးပါသည်။ အပြန်အလှန်ပယ်ချခွင့် (mutual veto) ပေးထားသည်ဆိုလျှင်လည်း ရှေ့မတိုးနိုင်ဖြစ်သွားလျှင် မည်ကဲ့သို့ကျော် လွှားမလဲဆိုသည့် ယန္တရား (deadlock breaking mechanism) ရှင်းလင်းဖို့ လိုအပ်ပြန်သည်။

၂၀၀၈ အခြေခံဥပဒေကဲ့သို့ ပူးပေါင်းလွှတ်တော် (joint session) ခေါ်ပြီး မြခွဲလျှင် အမျိုးသားလွှတ် တော် နစ်နာမည်မှာ သေချာသည်။ (ဤနေရာမှာ ဩစတေးလျနိုင်ငံ နမူနာကို ကြည့်ရမည်ဆိုလျှင် အောက်လွှတ်တော်က တင်ပြသည့် ဥပဒေအဆိုပြုချက်ကို အထက်လွှတ်တော်က နှစ်ကြိမ်တိုင်တိုင် ပယ်ချလျှင် ဝန်ကြီးချုပ်အကြံပေးချက်ဖြင့် အထွေထွေအုပ်ချုပ်ရေးမှူး (နိုင်ငံအကြီး အကဲ)က လွှတ်တော်နှစ်ရပ်လုံးကို ဖြုတ်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပပေးရမည်။

၎င်းမှ ပေါ်ပေါက်လာသော အထက်လွှတ်တော်အသစ်က ၎င်းအဆိုကို တတိယအကြိမ်အဖြစ် ထပ်မံပယ်ချပါက လွှတ်တော်နှစ်ရပ် ပူးပေါင်းအစည်းအဝေး (Joint Session) ခေါ်ပြီး တက်ရောက် (လွှတ်တော်နှစ်ရပ်လုံး) အမတ်အားလုံး၏ ၅၀ ရာခိုင်နှုန်းကျော် (Absolute Majority) သဘောတူမဲဖြင့် ဆုံးဖြတ်သည်။ တနည်းအားဖြင့် နောက်ဆုံးတွင် မဲပိုများသော လွှတ်တော် (အောက်လွှတ်တော်) က အသာစီးရစမြဲဖြစ်သည်။

FCDCC ၏ အခြေခံဥပဒေမူကြမ်း ပုဒ်မ (၅၆)တွင် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် (အထက်လွှတ်တော်၊ အောက်လွှတ်တော် ပူးပေါင်းအစည်းအဝေး) ဆန္ဒမဲ ရယူခြင်းနှင့် စပ်လျှင်း၍ “အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်မှ တက်ရောက်လာကြသော လွှတ်တော်တရပ်ချင်းစီမှ ကိုယ်စားလှယ်များ၏ အများစု ဆန္ဒမဲ ရရှိစေရမည်”ဟု ပြဋ္ဌာန်းထားသည်။

သို့သော် ပုဒ်မ (၆၆)(ဂ)တွင် “ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် လိုအပ်သော ကိစ္စရပ်များ၌ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အထောက်အထားပြု၍ မဲအရေ အတွက် တူညီနေသောအခါ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် သဘာပတိသည် … အနိုင်မဲကို ပေးရမည်”ဟု ထပ်မံထည့်သွင်းပြန်သည်။

ဤနေရာတွင် ပုဒ်မ(၅၆) အရ လွှတ်တော်တရပ်ချင်းစီ၏ အများစုဆန္ဒမဲ ရယူမည်ဖြစ်ရာ မည်ကဲ့သို့ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲနေလျှင် သဘာပတိက အဆုံးအဖြတ်ဖြင့် မဲပေးမည်ဆိုသည့် သဘောမျိုးလော၊ ဩစတေးလျ ကဲ့သို့ လွှတ်တော်နှဏ်ရပ်စုပေါင်း မြပေးခိုင်ခြင်းမျိုးလား၊ အခြားနည်းလည်း တစ်ခုခုလား၊ ရှင်းလင်းမှု မရှိဖြစ်နေသည်။

တိုင်းရင်းသားလက်နက်ကိုင် (၁၂)ဖွဲ့၏ ဖက်ဒရယ်မူတွင် “လွှတ်တော်နှစ်ရပ် ဥပဒေပြုခွင့်အာဏာတူ” ရှိရမည်ဟု သတ်မှတ်ပြီး “လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးခေါ်ယူပြီး မဲခွဲဆုံးဖြတ်ခြင်း မရှိစေရ” ဟု ပြဋ္ဌာန်းထားသည်။ Mutual Veto ခေါ် အပြန်အလှန် ပယ်ချခွင့်လည်း ပေးထား သည်။

FCDCC မူထက် ရှင်းလင်းမှု ပိုရှိသည်ဟုဆိုရမည်။ သို့သော် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့်အခါ လွှတ်တော်တစ်ရပ်ရပ်က သဘောမတူမချင်း ၎င်းကို ဆိုင်းငံ့မည်လား။

မဖြစ်မနေဆုံဖြတ်သင့်သောအရာ ဖြစ်လာလျှင်မည်ကဲ့သို့ ဖြေရှင်းမနည်း။ ဩစတေးလျ ကဲ့သို့ လွှတ်တော်ဖြုတ်သိမ်းမည်လား၊ ပိတ်ဆို့မှု ကျော်လွှားနိုင်မည့် ယန္တရား (deadlock breaking) မရှိလျှင် ဘေးကြပ်နံကြပ်ဖြစ်မလား။

မိမိအမြင်ကို တင်ပြရလျှင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်များကို အာဏာတူရှိသည်ဟု ယေဘုယျဆန်ဆန် သတ်မှတ်မည့်အစား လွှတ်တော်တရပ်ချင်းစီအား လုပ်ပိုင်ခွင့်အာဏာများကို အခြေခံအားဖြင့် သီးခြားစီ အပ်နှင်းစေသင့်ပါသည်။

တိုင်းရင်းသား (၁၂) မူ ပုဒ်မ (၃-ခ-၅)တွင် “အမျိုးသားလွှတ်တော်သည် ပြည်ထောင်စုအစိုးရ၏ လုပ်ဆောင်ချက်များကို ထိန်းကျောင်းနိုင်သော လုပ်ပိုင်ခွင့် “အထူးအားဏာ” ရှိရမည် (ဥပမာ – နိုင်ငံတကာ စာချုပ်စာတမ်းများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အခြားအရေးကြီးသော ထိပ်တန်းရာထူးများ ခန့်အပ်ခြင်း၊ ကော်မရှင်ဖွဲ့စည်းခြင်းများ…စသည်ဖြင့်) ဟု မူချမှတ်ထားသော်လည်း တိကျရှင်းလင်းမှုမရှိဟု မြင်မိပါသည်။

တိုင်းရင်းသားများစိုးရိမ်နေသည့် အချက်များကို အထက်လွှတ်တော်အား တိကျရှင်းလင်းစွာ သီးခြား(အထူး) အာဏာအဖြစ် အပ်နှင်းခြင်းမျိုး ပြုလုပ်သင့်ပါသည်။ ဥပမာ – အမျိုးသားလွှတ်တော်ကို ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေး၊ တိုင်းရင်းသားလူနည်းစုများအခွင့်အရေး (စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာသာသနာ၊ မြေယာ) နှင့် အစိုးရ ရာထူးခန့်အပ်ခြင်းဆိုင်ရာ စသည်တို့ကို အထူး (သီးခြား) အာဏာအပ်နှင်းပြီး အောက်လွှတ်တော်ကို ကက်ဘိနက်အစိုးရဖွဲ့စည်းခြင်း၊ ငွေကြေး၊ ဘဏ္ဍာရေး၊ စီမံကိန်း စသည့် စီးပွားရေးဆိုင်ရာ အထူးအာဏာများကို ပေးသင့်သည်။

ကျန်ရှိသော ပြည်ထောင်စုဥပဒေပြု အာဏာများအားလုံးကို လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးလျှင် ပြဿနာမရှိတော့ချေ။

ဤသို့ ဖော်ပြခြင်းသည် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ ရေးဆွဲထားသည့် မူနှင့် တင်ပြချက်များ မှားယွင်းသည်ဟု ဆိုလိုခြင်း လုံးဝမဟုတ်ပါ။ ရှေ့ပိုင်းတွင်လည်း ဖော်ပြခဲ့ပြီးဖြစ်သလို အစိုးရဖွဲ့စည်းပုံစနစ်သည် ကမ္ဘာပေါ်မှာ မူကွဲအများအပြားရှိပြီး မိမိရေခံမြေခံအပေါ် မူတည်၍ စိတ်ကြိုက် ပုံသွင်းကြသည်ချဉ်းသာဖြစ်ပါသည်။

တဖန် ရှမ်းပါတီ၏ တင်ပြချက်ကို အထူးဖော်ပြရသည့် အကြောင်းအရင်းသည်လည်း တိုင်းရင်းသား ပါတီများထဲတွင် ဩဇာအကြီးဆုံးနှင့် အခြေခံဥပဒေရေးရာတွင် စနစ်တကျပြင်ဆင်မှု အကောင်းဆုံးပါတီဖြစ်သည့်အတွက် လေးစားသောအားဖြင့် ဖြစ်ပါသည်။

၅။ နိဂုံးချုပ်၊ သုံးသပ်ချက်များ

သမိုင်းတလျှောက် မြန်မာနိုင်ငံ၏ “ပါလီမန်စနစ်လော၊ သမ္မတစနစ်လော” ဆိုသည့် အစိုးရဖွဲ့စည်းမှုစနစ် ရွေးချယ်မှု (အထူးသဖြင့် တိုင်းရင်းသား အုပ်စုများ၏ ရပ်တည်ချက်များ) နှင့် ပတ်သက်၍ အောက်ပါအတိုင်း အချက် (၄) ချက်ကိုဖြင့် သုံးသပ်အကြံပြုလိုပါသည်။

(၅.၁) လူနည်းစုများ၏ နိုင်ငံရေးပါဝင်မှုထည့်တွက်သင့်

တိုင်းရင်းသားပါတီနှင့် နိုင်ငံရေးသမားများက ဗဟိုအဆင့်တွင် မည်သည့် အတိုင်းအတာအထိ မျှော်လင့်သနည်း။ မည်သည့်စနစ်က မိမိတို့ နိုင်ငံရေးကိုယ်စားပြုမှုကို ပိုမိုထိရောက်အောင် ဖန်တီးပေးနိုင်မည်ဆိုသည်ကို တိုင်းရင်းသားခေါင်းဆောင်များက အထူးစဉ်းစားရန်လိုအပ်သည်။

နိုင်ငံတော် အုပ်ချုပ်ရေးအကြီးအကဲ (Head of Executive) အထိ မျှော်မှန်းနိုင်မား (နှစ်ပေါင်း ၇၀ ကျော်ကြာ ယနေ့အထိ တိုင်းရင်းသားများက တကြိမ်တခါမှ မရဖူးသေးပါ) သို့မဟုတ် ညွန့်ပေါင်းအစိုးရအခင်းအကျဉ်းမျိုး ဖန်တီးနိုင်ရေး မျှော်လင့်နိုင်မလား။

သို့တည်းမဟုတ် အားကောင်းမောင်းသန် အထက်လွှတ်တော်ဖြစ်ရေးနှင့် ၎င်းကို လွှမ်းမိုးနိုင်ရေးကိုသာ လက်တွေ့ကျကျအာရုံစိုက်ကြမလား။ ၎င်းနိုင်ငံရေး မျှော်မှန်းချက်များအပေါ် မတည်၍ နိုင်ငံရေးရွေးချယ်မှုပြုလုပ်ရပေမည်။

(၅.၂)   နိုင်ငံတော် တည်ငြိမ်မှု (stability) ကိုလည်း ထည့်တွက်သင့်

အခြားတဘက်တွင် နှစ်ပေါင်း (၅၀)ကျော် စစ်အစိုးရအောက်မှာ ချွတ်ခြုံနေသည့် မြန်မာနိုင်ငံအတွက် မည်သည့်စနစ်က ဒီမိုကရေစီစနစ်ကို ပိုမိုခိုင်မာစေပြီး မည်သည့်စနစ်က မတည်မငြိမ်မှုကို ဖန်တီးနိုင်ခြေ ပိုရှိ သနည်း ဆိုသည်ကိုလည်း နိုင်ငံတကာအတွေ့အကြုံနှင့် ကိုယ့်ရေခံမြေခံအနေအထားတို့ ပေါင်းစပ်၍ ထည့်သွင်း စဉ်းစားရမည်။

(၅.၃)  တစ်သံတည်းထွက်ရေး၊ ရပ်တည်ချက်တည်ငြိမ်ရေး

တိုင်းရင်းသားများအတွက် အဓိက စိန်ခေါ်မှုတစ်ခုသည် အဖွဲ့အစည်းများအချင်းချင်းအကြား တူညီသော နိုင်ငံရေးဘုံရပ်တည်ချက် ဖန်တီးနိုင်ရေးဖြစ်သည်။ ယခုကိစ္စသည်လည်း အလားတူ ဖြစ်ပါသည်။ နောက်ထပ် စိန်ခေါ်မှုတစ်ခုမှာ အခြေခံမူ (မူဝါဒ) ရပ်တည်ချက်များ တည်မြဲအောင် ကိုင်စွဲနိုင်ရေးဖြစ်ပါသည်။

ယခု ဆွေးနွေး သည့် အကြောင်းအရာအပြင် အခြားသော (ဥပမာ- ပြည်နယ်ဖွဲ့စည်းရေးမူ၊ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး၊ သယံဇာတ ခွဲဝေရေးစသည့်အချက်များတွင် တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းများသည် အလုပ်ရုံ ဆွေးနွေးပွဲ သို့မဟုတ် ညီလာခံတစ်ကြိမ်နှစ်ကြိမ် ကျင်းပတိုင်း ပုံစံသစ်တမျိုး တီထွင်လေ့ရှိသည်။ ယင်းသည် တိုးတက်မှုအဖြစ် ရှုမြင်၍ရသော်လည်း စိန်ခေါ်မှုဖြစ်ပါသည်။

ဖြစ်ပေါ်တိုးတက်မှု၊ သတင်း အချက်အလက်နှင့် လေ့လာသင်ယူမှု ကျယ်ပြန့်လာသည်နှင့်အမျှ နိုင်ငံရေး ရပ်တည်ချက်များ အထိုက်အလျောက် ဆန်းသစ်မှုပြုရန်လိုအပ်သကဲ့သို့ နိုင်ငံရေးညှိနှိုင်းမှုဖြစ်စဉ်တွင် အခြေခံ ရပ်တည်ချက် တည်မြဲမှုသည်လည်း ထပ်တူအရေးကြီးသည်ဟု သုံးသပ်မိပါသည်။

(၅.၄)  အချိန်ယူပြီး ဆက်လက်လေ့လာသင့်

အထက်တွင် ဖော်ပြပြီးသည့်အတိုင်း အစိုးရဖွဲ့စည်းမှုစနစ်သည် ဗြိတိန်စနစ်လား၊ အမေရိကန်စနစ်လား ဆိုသည့် အခြေခံနှစ်ချက်ထဲက တစ်ခုခုကို ရွေးချယ်ရုံသက်သက်မဟုတ်ဘဲ မူကွဲများစွာနှင့် ရောစပ်စနစ်အများ အပြားဖြင့် လွန်စွာ နက်နဲရှုပ်ထွေးလှသည့် နိုင်ငံတကာသီအိုရီများနှင့် အတွေ့အကြုံများကို လေ့လာသင့်ပါသည်။

ထို့အပြင် ၎င်းနှင့်သက်ဆိုင်သော ရွေးကောက်ပွဲစနစ်အမျိုုးမျိုးကိုလည်း လေ့လာရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ တွင် လူများစု၍ လူနည်းစုပြဿနာအပြင် လူနည်းစုထဲက လူနည်းစုအထိ မညီမျှသည့် အုပ်စုပေါင်းများစွာ နေထိုင် သည့်အတွက် ရွေးကောက်ပွဲနှင့် မဲခွဲဆုံးဖြတ်သည့် စနစ်များတွင် နည်းမျိုးစုံလေ့လာ ကျင့်သုံးရန်လိုအပ်ပါသည်။

ဤအတွက်အထူးသဖြင့် တိုင်းရင်းသားပညာရှင်များအပြင်  နိုင်ငံရေးခေါင်းဆောင်များ ကိုယ်တိုင် ပိုမိုလေ့လာရန် လိုအပ်သည်။

အစိုးရအုပ်ချုပ်မှုစနစ်များဖြစ်သည့် ပါလီမန်စနစ်၊ သမ္မတစနစ်နှင့် ရောစပ်စနစ်များဆိုင်ရာ အတွေးအခေါ် များ၊ လက်တွေ့ကျင့်သုံးပုံကျင့်သုံးမှု၊ သမိုင်းတလျှောက် မြန်မာ့နိုင်ငံရေးအစုအဖွဲ့များ၏ ရပ်တည်ချက်များနှင့် ရေခံမြေခံအနေအထားများနှင့် ရွေးချယ်မှုများသည် အင်မတန်မှ နက်နဲလှပါသည်။

မိမိသည် နိုင်ငံရေးသိပ္ပံပညာရှင်မဟုတ်ဘဲ သာမန်နိုင်ငံရေးသမားသက်သက်ဖြစ်သည့်အတွက် ၎င်းကို နှိုက်နှိုက်ကျွတ်ကျွတ်လေ့လာ အဖြေထုတ်နိုင်ခြင်းမရှိပါ။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်နှင့်အတူ ဆက်လက်ညှိနှိုင်းရွေးချယ်ရမည့်အပိုင်း ဖြစ်သဖြင့် ပါဝင်ပတ်သက် စိတ်ဝင်စားသူများအတွက် လေ့လာသုံးသပ် ရာတွင် အထောက်အကူပြုနိုင်ရန် ပုံဖော်ပေးခြင်းသက်သက်ဖြစ်ပါသည်။

Bibliography

Aurel Croissant et al. (2004). Political Party Formation in Presidential and Parliamentary System. Institute for Political Science of the University of Heidelberg. Philippine: Friedrich Ebert Stiftung. Bulmer, E. (2018) State of Emergencies. International IDEA. Retrieved from http://aceproject.org/reo- en/emergency-powers-international-idea-2018

Bunte, M. (2018). Perilous presidential or precarious power-sharing? Hybrid regime dynamics in Myanmar. Contemporary Politics, 24(3).

Carey, J. M. (2007, January). Competing Principals, Political Institutions, and Party Unity in Legislative Voting. American Journal of Political Science, 51(1), 92-107.

CIA Factbook. (2018). Government types. Retrieved from The World Factbook: https://www.cia.gov/library/pubications/the-world-factbook/fields/299.html

Duverger, M. (1980). A New Political System Mobel: Semi-Presidential Government. European Journal of Political Research, 8(2), 142.

Egreteau, R. (2017). Parliamentary Development in Myanmar: An Overview of the Union Parliament, 2011-2016. 40: Asia Foundation. Retrieved from https://asiarliamentary-Development-in-Myanmar. pdf?fbclid=IwARopzWFPV5sZxSgEWxU2UCiJJtp2oegKIKGSJKwfj8M2H92C9MWU-Tr8 Elliot, B. (2019, September). Should Ministers be Members of Legislature? IDES- Institute for Democracy and Electoral Assistance.

ENAC. (2016). Key Principles and Characteristics for a Federal Union of Burma (Draft). Ethnic Nationalities Affairs Council.

Ganghof, S. (2017, July). A new political system model: Semi-parliamentary government. European Journal of Political Research.

John Gerring et al. (2009). Are Parliamentary Systems Better? Comparative Political Studies (SAGE Journal), 42(3), 332.

Jose Antonio Cheibub et al. (2002, June). Democratic Institutions and Regime Survival: Parliamentary and Presidential Democracies Reconsidered. Annual Review of Political Science, 5(1)< 151-179.

Juan, L. (1990). The Perils of Presidentialism, Journal of Democracy, 1(1), 56.

Khu Oo Reh et al. (2018). Panglong Handbook: Defining Panglong Agreement, Panglong Promises, and Panglong Spirit. Panglong Handbook Drafting Team.

Linz, J.J. (1994). Presidential of Parliamentary or Parliamentary Democracy: Does it Make a Difference? In e. J. Linz and A. Valenzuela, In The Failure of Presidential Democracy. Baltimore, MD: The Johns Hopkins University Press.

Markus Bockenforde et al. (2011). A Practical Guide to Constitution Building. International Institute for Democracy and Electoral Assistance (International IDEA).

Novak, M. (2014). Major differences between the presidential and parliamentary republics. Czech Republic: Metropolitan University Prague.

Richard Stacey et el., (2014, June). Semi-Presidential Government in the Post-Authoritarian Context. NYU School of Law.

Sargentich, T. O. (1993). The Presidential and Parliamentary Models of National Government. American University International Law Review, 8(2), 588.

Shugart, M. S. (1998). “The Inverse Relationship Between Party Strength and Executive Strength: A Theory of Politicians’ Constitutional Choices.” British Journal of Political Science, 28, 1-29.

Tan, K.Y. (2017, February). Presidential Systems. Retrieved from Oxford Constitutional Law: https://oxcon.ouplaw.com/view/10.1093/law-mpeccol/law-mpeccol-e430

Thuzar, M. (2013). The Role of Parliament in Myanmar’s Reforms and Transition to Democracy. Institute of Southeast Asian Studies. Retrieved from https://www.researchgate.net/publication/259630630_The_Role_of_Parliament_in_Myanmar’s_Reforms_and_Transition_to_Democracy

Tombs, R. (2017, May 2). France’s Presidency Is Too Powerful to Work. Retrieved from Foreign Policy: https://forignpolicy.com/2017/05/02/francs-presidency-is-too-powerful-to-work-emmanuel-macronelections/