• Today is: Wednesday, April 24, 2024

ကချင်ခေါင်းဆောင်ရဲ့ ပြောကြားချက်

“KIO တခုတည်းတင်မကဘဲ ကျနော်တို့ ကချင်တိုင်းရင်းသားတွေအားလုံးက NUG နဲ့ CRPH တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကျနော် ပြောချင်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ ကိစ္စရပ်တွေအားလုံးကို အဆက်မပြတ် ပူးပေါင်းဆောင်ရွက်နေပါတယ်။”
– Igor Blazevic
ဒါဟာ အရေးကြီးတဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့အလွန်အရေးကြီးတဲ့ ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။
အခု လိုနေတာက NUG မှ အဆင့်မြင့်ကိုယ်စားလှယ်အချို့ နဲ့ CRPH နဲ့ NLD မှ အဆင့်မြင့်ကိုယ်စားလှယ်အချို့တို့က အနာဂတ်မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုများအတွက် ဖက်ဒရယ် နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာအခြေခံမူတွေကို လေးစားထိုက်တဲ့ ကချင်ခေါင်းဆောင်ရဲ့ ပြောကြားချက်နဲ့အညီ ကတိပြုဖို့ ဖြစ်ပါတယ်။
ဒီလုပ်ရမယ့် ကတိကဝတ်ကို တံခါးပိတ် zoom အစည်းအဝေးတွေ နဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ မူကြမ်းတွေကို ဆွေးနွေးရုံ ဆွေးနွေးလို့ မရပါဘူး။
နိုင်ငံရေးသတ္တိရှိရှိနဲ့ အဓိပ္ပာယ်အမျိုးမျိုးမထွက်စေဘဲ တိကျရှင်းလင်းပြတ်သားစွာ လူသိရှင်ကြား ဖော်ပြသင့်ပါတယ်။
CRPH နဲ့ NLD ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည် ( Lady ) လွတ်လာပြီး ဘာပြောမလဲဆိုတာနားထောင်ဖို့ စောင့်မနေပါနဲ့ ။
သမိုင်းဝင်အခွင့်အရေးအတွက် နိုင်ငံရေးတာဝန်ကို ယူကြရမယ်။ ဗိုလ်ချုပ်ဂွမ်မော် လုပ်ပြသလို၊ ပြောသလိုခေါင်းဆောင်မှု နဲ့ သတ္တိကို ( CRPH နဲ့ NLD ခေါင်းဆောင်တွေက ) ပြသသင့်တယ်။
ဒီလိုမှ မလုပ်ကြရင် အနာဂတ်ဆိုတာ မရှိတော့ဘူး။ဒေါ်အောင်ဆန်းစုကြည်လဲ ထောင်ကလွတ်တော့မှာမဟုတ်ဘူး။
NUG ရဲ့ ကိုယ်စားလှယ်တွေကနေတဆင့်၊ NLD ရဲ့ အထက်တန်း ကိုယ်စားလှယ်တွေကနေတဆင့် ပြည်သူတွေကို ရှင်းရှင်းလင်းလင်း သိအောင် လူသိရှင်ကြား ပြောကြမယ်ဆိုရင် တခြား တိုင်းရင်းသားတွေဖြစ်တဲ့ ကရင်၊ ကရင်နီ၊ ချင်းတို့လည်း ပါလာမှာ သေချာပါတယ်။
အခြားသူတွေ အားလုံးလည်း မကြာမီ ပါဝင်လာမှာ ဖြစ်တယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အဓိကပါဝင်ပတ်သက်သူတွေဟာ အချင်းချင်းပြောဆိုနေကြတာတွေကို ရှောင်ကြဉ်သင့်တယ်။
ဒီသမိုင်းဝင်အခွင့်အရေးကို ဒီလူတွေ တာဝန်ယူသင့်တယ်။ နွေဦးတော်လှန်ရေးမှာ အသက်စွန့်ပေးသွားခဲ့တဲ့ လူငယ်တွေ အကျိုးအတွက်၊ မြန်မာပြည်သူတွေ အကျိုးအတွက် နဲ့ ကျနော်တို့ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်အကျိုးအတွက် အချင်းချင်း( တယောက်နဲ့ တယောက် ) ယုံကြည်မှု ရှိကြရပါမယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါတဲ့ ကျွန်တော်တို့အားလုံးဟာ ဘယ်တော့မှဖြစ်လာမှာမ ဟုတ်တဲ့ အနာဂတ်အကြောင်း အတောမသတ်ဆွေးနွေးပြီး သဘောမတူဖြစ်နေတာကို ရပ်သင့်ပါတယ်။
အဲဒီအစား အနာဂတ်ကိုဖြစ်လာအောင်ဖန်တီးပေးမယ့် ရှင်းလင်းပြီးပြတ်သားတဲ့ နိူင်ငံရေးမဟာမိတ်မှာ ကျွန်တော်တို့အတူတကွပေါင်းစည်းသင့်ပါတယ်။
လောဘကြီးတဲ့လူသတ်သမားမင်းအောင်လှိုင်မပါတဲ့အနာဂတ်။ စစ်အာဏာရှင်မပါတဲ့အနာဂတ်။ နိူင်ငံရေးမှာစစ်တပ်မပါတဲ့အနာဂတ်။ စီးပွါးရေးမှာ စစ်တပ်မပါတဲ့အနာဂတ်။ ဖက်ဒရယ်အနာဂတ်။
ဒီမိုကရေစီကျတဲ့ အနာဂတ်။ ဆရာ၀န်တွေနဲ့ကျောင်းဆရာတွေက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး CDM လုပ်စရာမလိုတဲ့အနာဂတ်။
လူငယ်တွေက ထောင်ထဲမှာ အနှိပ်စက်ခံရမယ့်အစား တက္ကသိုလ်တွေ တက်ပြီး နိူင်ငံခြားက ပညာသင်ဆုတွေရတဲ့ အနာဂတ်။
ရက်ပ်အဆိုတော်တွေ ကြိုးပေးအသတ်မခံရပဲ ဂီတပွဲကြီးတွေမှာသီဆိုကြတဲ့အနာဂတ်။
လယ်သမားတွေက မီးရှို့ခံရတဲ့ရွာတွေကနေ ထွက်ပြေးရတာ မျိုးမဟုတ်ပဲ သူတို့လယ်ယာတွေ လက်ဖက်ခင်းတွေမှာ လုပ်ကိုင်ခွင့်ရတဲ့အနာဂတ်။
ရေနံနဲ့သဘာ၀ဓာတ်ငွေ့ကရတဲ့ ပိုက်ဆံတွေကို ရုရှားနဲ့တရုတ်ဂျက်လေယာဉ်တွေအတွက် မသုံးပဲ လမ်းတွေ၊ကျောင်းတွေနဲ့ ဆေးရုံတွေမှာရင်းနှီးမြှုပ်နှံတဲ့အနာဂတ်။
တရုတ်၊ရုရှား၊ အိန္ဒိယ၊ထိုင်းနဲ့ အခြားစီးပွါးရေးသမားတွေနဲ့ပေါင်းပြီးကိုယ့်ပြည်သူတွေကို ခေါင်းပုံဖြတ်တာမျိုးမဟုတ်ပဲ ကိုယ့်ပြည်သူ ကို အကာအကွယ်ပေးပြီး အလုပ်အကျွေးပြုမယ့် အစိုးရမျိုးရှိတဲ့အနာဂတ်။
အာဏာသိမ်းစစ်အုပ်စုကို ချေမှုန်းနိူင်ပါတယ်။ စစ်တပ်ကို အရပ်သားရဲ့ထိန်းချုပ်မှုအောက်မှာထားနိူင် ပါတယ်။ တိုင်းပြည်ရဲ့စီးပွါးရေးက ပြည်သူတွေအတွက်အလုပ်ဖြစ်နိူင်ပါတယ်။
တိုင်းရင်းသားလူမျိုးတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးနိူင်ပါတယ်။ သဘာ၀သယံဇာတတွေကရတဲ့ ချမ်းသာကြွယ်၀မှုတွေကို မျှမျှတတ ခွဲဝေနိူင်ပါတယ်။
မြန်မာနိူင်ငံဟာ အလျင်အမြန်ပြိုကွဲနေတဲ့နိူင်ငံအစား အလျင်အမြန်တိုးတက်တဲ့နိူင်ငံဖြစ်နိူင်ပါတယ်။
လူတွေအနေနဲ့ သူတို့လိုလားသူကိုရွေးကောက်တင်မြှောက်နိူင်ပြီး စစ်တပ်က အတင်းရွေးပေးသူတွေကို ရွေးကောက်စရာမလိုပါဘူး။
ဒါတွေအားလုံး မြန်မာပြည်သူတွေကိုပေးမယ့်သူတွေက နိူင်ငံခြားသားတွေ၊ နိူင်ငံတကာအသိုင်းအ၀န်းတွေ မဟုတ်ပါဘူး။
မင်းအောင်လှိုင်နဲ့ သူ့ရဲ့လူသတ်ဓားပြတိုက်တဲ့ဂိုဏ်းကလည်း သူတို့ကိုယ်သူတို့နဲ့ သူတို့ရဲ့ပျက်စီးနေတဲ့သားသမီးတွေကလွဲလို့ ဘယ်သူ့ကိုမှ ဘာမှပေးမှာမဟုတ်တာက ကျိန်းသေ ပေါက်ပါပဲ။
လက်ရှိစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးမှာ ပါ၀င်ပတ်သက်နေသူအားလုံးက မြန်မာပြည်သူတွေကို အဲဒါတွေပေးနိူင်ပါတယ်။
ပြီးရင် သူတို့တွေဟာ လွတ်လပ်ပြီးဖက်ဒရယ်ဒီမိုကရေစီထွန်းကားပြီး ချမ်းသာကြွယ်၀တဲ့မြန်မာပြည်ရဲ့ အနာဂတ်မျိုးဆက်တည်ထောင်သူ မိခင်ဖခင်တွေအဖြစ် ထာ၀ရအမှတ်ရပြီး ချီးမွမ်းခံကြရမှာဖြစ်ပါတယ်။