• Today is: Friday, March 29, 2024

ရွှေလီချိုင့်ဝှမ်းဂွင် အမှတ်တရ – ၁

ရွှေလီချိုင့်ဝှမ်းဂွင် အမှတ်တရ – ၁
– မောင်မောင်စိုး
ရွှေလီချိုင့်ဝှမ်းဂွင်ဆိုတာရွှေလီမြစ်ကို အခြေပြုပြီး ခေါ်ဝေါ်သုံးနှုံးခြင်းဖြစ်သည်။ ရွှေလီမြစ်သည် မူစယ်အနီးတွင် တရုတ်ပြည်မှ မြန်မာပြည်တွင်းသို့ဝင်သည်။ မူစယ်နှင့် နမ့်ခမ်းကြား အရှေ့မှ အနောက်သို့ စီးဆင်းပြီး နမ့် ခမ်းကိုကျော်ပြီးနောက် တောင်ယွန်းယွန်းကို စီးဆင်းပါသည်။
မိုးမိတ်အထက် မဘိန်းအနီးတွင် ရွှေလီသည့် ကွေ့ဝိုက်၍ အနောက်မြောက်ဖက်သို့ စီးဆင်းပြီး ငအိုးရွာအနီးတွင် အနောက်ဖက်သို့ ပြန်လည်စီးဆင်းခါ ဧရာဝတီမြစ်အတွင်းသို့ ကသာနှင့် ထီးချိုင့်ကြားမှ စီးဝင်သွားသည်။
ရွှေလီချိုင့်ဝှမ်းဂွင်ဟု ခေါ်ဆိုကြသည့် အရပ်ဒေသသည် နမ့်ခမ်းနှင့် မဘိန်းကြား စီးဆင်းနေသည့် ရွေလီမြစ်၏ အရှေ့ဖက်ခြမ်းဒေသဖြစ်သည်။ရွှေလီမြစ်အနောက်ခြမ်းသည် တောင်တန်းများ နိမ့်၍ လွင်ပြင်များသည်။
ရွှေလီအရှေ့ခြမ်းရှိ တောင်တန်းများကတော မြင့်မားသည်။ အမြင့်ပေ ပျမ်းမျှ ၄၀၀၀/ ၅၀၀၀ ကြားရှိ သည်။ မိုးမိတ်၊ မိုးလိုအထိ ၁၉၇၅ ဝန်းကျင်ထဲက ကားလမ်းရှိသည်။မိုးလိုမှ ရွှေလီမြစ် အရှေ့ခြမ်း ကုန်းဘောင်း၊ဒွန်နို၊ ပြင်လုံမှသည် နမ့်ခမ်းအထိ မြင့်မားသော တောင်တန်းများတည်ရှိသည်။
ရွှေလီချိုင့်ဝှမ်းဂွင်၏ တောင်ဖက်ခြမ်းတွင် မိုးမိတ်မြောက်ဖက်ရှိ နှင်းထောက်၊မိုးလို၊ရေပုံး၊တုံးကြီး၊ လွယ်ရ ဒေသ၊ ကျောက်မဲ၊ နမ့်ဆန် ဒေသ၊ သီပေါ၊ နမ္မတူ၊ဘော်တွင်း ဒေသများရှိသည်။
သို့ဖြစ်ရာရွှေလီချိုင်းဝှမ်းဂွင်ဆိုသည်မှာ အနောက်ဖက် ‌ရွှေလီမြစ်၊ တောင်ဖက် မိုးမိတ်၊ကျောက်မဲ၊ သီပေါ၊ အရှေ့ဖက် လားရှိုး၊သိန္နီ၊ မြောက်ဖက် ကွတ်ခိုင်၊နန့်ဖတ်ကာ၊မူစယ်၊နမ့်ခမ်း ဒေသများကြား တွင်ရှိ သောဒေသဖြစ်သည်။
ထိုအရပ်လေးမျက်နှာကြားရှိ တောတောင်ထူထပ်သောဒေသကို ရွှေလီချိုင့်ဝှမ်းဂွင်ဟုခေါ်ခဲ့ကြသည်။ ထိုဂွင်အတွင်း ၁၉၇၅ ခုနှစ်များဆီက နမ့်ခမ်းအနီး မုန်းဝီး၊ နမ့်ဆန်၊ မန်တုံ တို့သည့် အတန်အသင့်ကြီး သည့် ရွာကြီး၊ မြို့ငယ်များဖြစ်သည်။ တောင်တောင်ထူထပ်သည်။
ထိုစဥ်က ကားလမ်းလည်းမရှိသဖြင့် သွားလာရေးခက်ခဲသည်။ ယခုတော့ သစ်ထုတ်လုပ်ရေး ကား လမ်းများ၊ ဆိုင်ကယ်လမ်းများပေါက်သည်ဟု ကြားရသည်။
ရွှေလီချိုင့်ဝှမ်းအလယ်ဟုဆို၍ရသော မန်တုံ၊ ထားချက်၊ မန်နား-ခိုမုန်း၊ ကျယ်ဂေါင်၊ နားအော်ကြီး၊ နာအော်လေး ဒေသများသည်လည်း တောတောင်ထူထပ်သည်။ ဒေသတွင်း လူဦးရေအများစုမှာ တအာင်းပလောင်လူမျိုးများဖြစ်သည်။
ပလောင်လူမျိုးများက ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းအ မြင့်ဆုံးတောင်တန်းများတွင် ရွာတည်နေကြသည်။ ရွာကြီးများစွာတွေ့ရသည်။ နမ့်ခမ်းတောင်ဖက် ရွှေလီမြစ်ဘေးရှိ မုန်းခက်၊ မန်တုံတောင်ဖက် ကျောက်ဖြူချောင်းဘေး နှင်းထောက်တဝိုက်နှင့် နမ္မတူဖက်က ချောင်း ဘေးမြေပြန့်များတွင် ရှမ်းရွာအနည်းငယ်ကို တွေ့ရသည်။
ရွှေလီချိုင့်ဝှမ်းဂွင် အတွင်း ရှမ်းရွာများများစားစားမတွေ့ရပေ။ ရွှေလီချိုင့်ဝှမ်းဂွင်၏ မြောက်ဖက် နမ့်ခမ်း၊ မူစယ်၊ အရှေ့ဖက် သိန္နီ၊ လားရှိုး၊ တောင်ဖက် ကျောက်မဲ၊သီပေါတို့တွင်သာ အများစု နေထိုင်ကြသည်ကို တွေ့ရသည်။နမ့်ခမ်း၊ ကွတ်ခိုင် နှင့်မိုးမိတ်အနီး ပေ ၂၀၀၀/၃၀၀၀ ခန့်မြင့်သည့် အလယ်အလတ်တောင်ကြောများတွင် ကချင်လူမျိုးများ နေထိုင်ကြသည်ကို တွေ့ရသည်။
ထိုဂွင်အတွင်း လူဦးရေ အနည်းဆုံးကတော့ ဂေါ်ရခါးများဖြစ်သည်။ ရွာအနည်းငယ်သာရှိပြီး တရွာလျင် အိမ်ခြေ ၂ အိမ်၊ ၃ အိမ်ခန့်သာရှိသည်။ အဓိက နွားမွေးမြူကြသည်။
ဂေါ်ရခါးရွာအများစုက မိုးမိတ်၊မိုးကုတ်ဖက်တွင်ရှိသည်။ တအာင်းပလောင်၊ ကချင်၊ရှမ်းလူမျိုးများက တော့ လယ်၊တောင်ယာနှင့် လဘက်စိုက်ပျိုးခြင်း၊တောလိုက်ခြင်းတို့ဖြင့် အသက်မွေးကြသည်။
၁၉၇၅-၁၉၈၀ ကာလက အသွားအလာခက်ခဲသကဲ့သို့ ၅ ရက်တဈေးသာရှိသည့်ဒေသဖြစ်သည်။ ထိုဈေးများသည်ပင် သေနတ်သံများကြားလျင် ဈေးပျက်သွားတတ်သည်။ ထိုဂွင်အတွင်း CPB က ၂၀၂ စစ်ဒေသဟု ၁၉၆၈ ခုနှစ်ကထဲက စတင်ထိုးဖေါက်အခြေချခဲ့ပြီး ၁၉၈၉ ခုနှစ် ပြိုကွဲခဲ့သည့်အထိ လှုပ်ရှားခဲ့သည်။
CPB တပ်များရွှေလီမြစ်နှင့်နီးသည့် ရွှေလီချိုင့်ဝှမ်းဂွင် အနောက်ခြမ်းတကျောလုံးနှင့် မြောက်ခြမ်း အချို့နေရာများတွင် လှုပ်ရှားသည်။ PSLO/PSLA ကတော့ ရွှေလီချိုင့်ဝှမ်းဂွင် အရှေ့ တောင်ဖက် ခြမ်းတွင်လှုပ်ရှားသည်။
KIAကတော့ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊မူစယ်၊ နမ့်ခမ်း စသည့် ရွှေလီချိုင့်ဝှမ်းဂွင် မြောက်ဖက်ခြမ်းနှင့် မိုးမိတ်အနီး ရွှေလီချိုင့်ဝှမ်းဂွင်တောင်ခြမ်းတွင်လှုပ်ရှားသည်။ SSPP ကတော့ ရွှေလီချိုင့်ဝှမ်းဂွင်တောင်ဖက် မိုးမိတ်ကွင်းအတွင်းရှိကွန်ခါတဝိုက်တွင်လှုပ်ရှားသည်။
၁၉၇၆ မတိုင်ခင်အထိ အဆိုပါ CPB/KIA/PSLO တို့သည် မဆလအစိုးရနှင့် တိုက်နေသကဲ့သို့ CPB ကတဖက်၊ KIA နှင့် PSLO ကတဖက်စစ်ရေးပဋိပက္ခ ဖြစ်နေသဖြင့် ပတ်လည်စစ်ပွဲဖြစ်နေသည့် ဂွင်ဖြစ်သည်။ အဖွဲ့များ၏ နယ်မြေများမှာလည်း ဆက်စပ်ရောနှောနေသဖြင့် ပဋိပက္ခတခု ပြီးတခုတက်ခါ အလွယ်မဖြေရှင်းနိုင်ခဲ့ပေ။
၁၉၆၈ မှ ၁၉၇၆ ကြား ၈နှစ်အတွင်း အကြိမ်ကြိမ်ဆွေးနွေးပြီး ၁၉၇၆ ခုနှစ် လေးကြိမ်မြောက် ဆွေးနွေးပွဲတွင်မှ CPB/KIA/PSLO တို့ကြား အပစ်ရပ်၍ နယ်မြေကိစ္စရှင်းလင်းနိုင်ပြီး တပ်ပေါင်းစုဖွဲ့နိုင်ခါ ပတ်လည်စစ်ပွဲရပ်သွားခဲ့သည်။
ချုပ် ၍ဆိုရလျင် ရွှေလီချိုင့်ဝှမ်းဂွင်သည် ၁၉၆၀ ခုနှစ်များမှသည် ၁၉၈၉/ ၉၀ ကာလအထိ တောတောင် ထူထပ်သော‌ဒေသဖြစ်သည်။ ပေ၄၀၀၀/၅၀၀၀ ကျော်မြင့်မားသည့် တောင်စဉ်တောင်တန်း များဆက်နေ သည်။ တတောင်ဆင်းလျင် နောက်တတောင်တက်ဖို့ ပြင်ရသည်။ တောင် ကြောများကြား ဖြတ်သန်း စီးဆင်းနေသော မြစ်ချေင်းဘေးတွင် မြေပြန့်အနည်းငယ်သာရှိတတ် သည်။
များများစားစားမရှိပေ။ ထို‌ပြင် တောထူ သည်။ သစ်ဝါးများထူထပ်စွာပေါက်ရောက်နေသော တောများရှိသည်။ ထိုစဉ်က သစ်ထုတ်လုပ်တင်ပို့မှုမရှိသဖြင့် primary ဟုခေါ်သည့် မူရင်း သစ် တောများ ရှိသည့်ကာလဖြစ်သည်။ အရပ်သားများ မိမိအိမ်သုံးအတွက်ခုတ်ခြင်းနှင့် တောင်ယာ စိုက်ပျိုးမှုကြောင့်သာ သစ်တောဆုံးရှုံးမှုအနည်း ငယ်သာရှိသည့်ကာလဖြစ်သည်။
ထိုတောတောင်များတွင် သားရဲတိရိစ္ဆာန်ပေါကြွယ်သည်။ ဆင်၊ကျား၊ကျားသစ်၊ပြောင်၊စိုင်၊ ဆတ်စသည့် အကောင် ကြီးများမှသည် ဂျီ၊ မျောက်၊ဖျံ စသည့် အကောင်ငယ်များအထိ သတ္တဝါစုံ၊ အရွယ်စုံပေါများသည်။ ထိုစဥ်ကလမ်းပမ်းဆက်သွယ်ရေးခက်ခဲသည်။ လမ်းလျောက်ရသည့် ခြေလျင်လမ်းက အများစုဖြစ်ပြီး ပစ္စည်းများကို လား၊မြင်းများဖြင့် သယ်ပို့ကြရသည်။
ထိုပြင် ထိုဂွင်အတွင်း လက်နက် ကိုင်အဖွဲ့များပြားပြီး တိုက်ပွဲများ မပြတ်ဖြစ်ပွါးနေသော ဒေသ ဖြစ်သည်။ ထိုဂွင်သည် သေနတ်သံနှင့်ရင်းနှီးသည်။ ထိုအရပ်တွင် သေနတ်သံသည် အထူးအဆန်း မဟုတ်ပေ။ ထိုအရပ်တွင် သေနတ်သံများကြားရပါက လူကသားရဲတိရိစ္ဆာန်ကို ပစ်သည်လော လူအချင်းချင်းပစ်သည်လော ခွဲခြားရန်သာရှိသည်။
ဆက်လက်ဖော်ပြမည်။