• Today is: Friday, April 19, 2024

ရွှေလီချိုင့်ဝှမ်းဂွင် အမှတ်တရ – ၂

ရွှေလီချိုင့်ဝှမ်းဂွင် အမှတ်တရ – ၂
 
– မောင်မောင်စိုး
 
၁၉၈၀ နောက်ပိုင်း CPB က တပ်မ ၄၈ မှ တပ်ရင်း ၃ ရင်းအား ရွှေလီချိုင့်ဝှမ်းဂွင် စေလွှတ်ခဲ့ရာမှ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း မဆလ အစိုးရက စစ်ဆင်ရေးအကြီးများဆင်နွှဲခဲ့သည်။
 
မူလက ရွှေလီချိုင့်ဝှမ်းဂွင်အပါ ရှမ်းမြောက်တွင် တိုင်းတပ်နှင့် တပ်မ ၉၉ တပ်များသာ လှုပ်ရှားရာမှ ၁၉၈၂ ခန့် တွင် ရွှေလီချိုင့်ဝှမ်းဂွင်သီးသန့် လှုပ်ရှားစစ်ဆင်ရေးအတွက် တပ်မ ၆၆ မှ တပ်ရင်း ၄ ရင်းပါ ဗျူဟာတခုကိုအသုံးပြုခဲ့သည်။
 
မိုးမိတ်၊မိုးလို၊ကျောက် မဲ၊နမ့်ဆန်၊ သီပေါ၊ သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူစယ်၊နမ့်ခမ်း တို့တွင် တိုင်းတပ်နှင့် တပ်မ ၉၉ တို့က ခံစစ်၊စခန်းထိုင်နေရာယူ ဝိုင်းပတ်ပေးပြီး တပ်မ ၆၆ မှ တပ်ရင်း ၄ ရင်းအား အပြည့်သုံးပြီး လှုပ်ရှားထိုးစစ်ဆင်ခြင်းဖြစ်သည်။
 
ထိုကာလက ထိုဂွင်အတွင် အင်အားအများဆုံးသုံးသည့် စစ်ဆင်ရေးဖြစ် သည်။ တရင်းလျင် စစ်ထွက်အင်အား ၅၀၀ ခန့်ရှိသောကာလဖြစ်၍ စစ်အင်အား ၂၀၀၀ ခန့်အသုံးပြုသော စစ်ဆင်ရေးကြီးဖြစ်သည်။
 
ထိုကာလ CPB အင်အားက ထိုဂွင်အတွင်း ၇၀၀ ခန့်ရှိပြီး KIA/PSLO အင်အား ရာအချို့လည်းရှိသည်။ နှစ်ဖက်အင်အားအရ များသည်ဟုဆိုနိုင်သော်လည်း ကျယ်ပြန့်ပြီးတောတောင်ထူထပ် သော ရွှေလီချိုင့်ဝှမ်းဂွင်အ တွင်း ကွက်ပြည့်နင်းနိုင်ခြင်းမရှိပါ။
 
လစ်ဟာနေသောနေရာများစွာရှိသည်။ တိုက်ပွဲတပွဲချင်းအရ တဖက်ဖက်က အသာရသည့် တိုက်ပွဲအချို့ရှိခဲ့သော် လည်း တခုလုံးအရ တဖက်ဖက်က အသာစီးရသွားသည့် အခြေအနေမျိုးတော့မရှိခဲ့ပါ။
 
ဤအချက်မှာလည်း ‌နယ်မြေအခြေအနေနှင့်သက်ဆိုင်သည်။ နယ်မြေသည် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသဖြင့် ခြေလျင်ချီတက်ရသည်ဖြစ်ရာ လျင်မြန်စွာ တပ်ဖြန့်ခြင်းမပြုနိုင်၊ ချီတက်ရာလမ်း တလျောက် ဖြတ်တောက်တိုက်မှုများ ပြုလုပ်နိုင်သဖြင့် ချီတက်သည့်နှုံးနှေးကွေးသည်။
 
ထိုဂွင် အတွင်းသို့ စစ်ဆင်ရေးဝင်လျင် နမ့်ခမ်း၊မုန်းဝီးဖက်မှ၎င်း၊ နန့်ဖတ်ကာမှ၎င်း၊ မိုးမိတ်ဖက်မှ၎င်း၊ ကျောက်မဲ နမ့်ဆန်မှ၎င်း၊ သီပေါ နမ္မတူဖက်မှ၎င်း ဝင်ရမည်ဖြစ်ရာ လမ်းပမ်းဆက်သွယ်ရေးနှင့်‌ ထောက်ပို့အခြေအနေသည် လိုသလို သုံး၍မရဘဲ အကန့်အသတ်ရှိသည်။
 
ထိုဂွင်သည် တောတောင်ထူထပ်သည်ဖြစ်ရာ ကျည်ကွယ်မျက်ကွယ်ပေါများသည်။ တောင်ကုန်းတောင်တန်းများပေါ်တွင် ကျည်တချက်လွဲချော်ပါက ဝေးကွာသော လျှိုမြောင်များအထိ လွဲချော်ရောက်ရှိသွားတတ် သည်။
 
တောင်ကုန်းတခုကို တဖက်ဖက်မှ ရသွားလျင်လည်း သိပ်စိတ်ပူစရာမရှိ ၊နောက်ထပ်တောင်ကုန်း များစွာ ရှိသေးသည်။ မည်သည့်ဖက်ကမှ တကုန်းပြီးတကုန်း တောက်လျောက် မရပ်မနား မတက်နိုင်၊မသိမ်းနိုင်ပါ၊ ထိုပြင် မြင့်မားသော တောင်တန်းများသာမက နက်ရှိုင်းသောလျှိုမြောင်များ ပါရှိရာ ပုန်းရှောင်ရန် လွယ်ကူသည်။
 
ရွှေလီမြစ်နှင့်အပြိုင်တောင်တန်းပေါ်ရှိ တောင်ကျော‌ပေါ်မှ ရွှေလီမြစ်ကို လှမ်းကြည့်ပါက ပျပျသာမြင်ရသည်။ တဖက်က တောင်ကျောရသွားလျင် တဖက်က နက်ရှိုင်းသော လျိုထဲသို့ ဆင်း၍ တိမ်းရှောင်၍ရသည်။ မည်သည့်ဖက်ကမှ လျှိုများထဲကို ဆင်း၍ ရှင်းလင်းနိုင်ခြင်း မရှိကြပေ။
 
ရာသီဥတုကလည်း မနက်ပိုင်း ညနေပိုင်းများတွင် တောင်ခိုများ၊မြူများ အုံ့မှိုင်းနေကြရာ လက် နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ရန် ခက်ခဲသည်။ ယခုပြောနေကြသည့် တိမ်ပင်လယ်ဆို သည်များကလည်း စစ်မြေပြင်တွင် မြင်ကွင်းအတားအဆီးများ မျက်ကွယ်များဖြစ်သည်။
 
ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း တောင်ယာသာစိုက်ပျိုးနိုင်သဖြင့် ရိက္ခာဆန် မလုံလောက်ပေ။ ဂွင်ပတ် လည်ရှိ မြို့ပြများမှ တင်သွင်းရသည်။ မဆလ အစိုးရတပ်များသည်လည်း မြို့ပြ ဆက်သွယ်ရေး လမ်းကြောင်းသို့ ပြန်ကပ်၍ ရိက္ခာထုတ်ရသဖြင့် လှုပ်ရှားသည့်အချိန်အကန့်အသတ်ရှိသည်။
 
လက်နက်ကိုင်အဖွဲ့များအဖို့လည်း ဆန်စုဆောင်းရသည်က အလုပ်တခုဖြစ်သည်။ သို့သော် တောတောင်လျှိုမြောင်များအတွင်း မြို့ပြဈေးများတွင် မရနိုင်သည့် သားငါး၊ အသီးအရွက်များရနိုင်သည်။ အပင်ပမ်းအဆင်းရဲခံနိုင်ဖို့တော့လိုသည်။
လျှိုမြောင်များကြား ခိုအောင်းရလျင် ရင်ဆိုင်ရလျင် ပြသနာတခုမှာ ဖျားနာခြင်းဖြစ်သည်။ ငှက်ဖျားကို ရှောင်မရပေ။ ထို့ကြောင့်လည်း မြင့်မား သော တောင်ထိပ်တွင်နေကြပါက အဖျားအနာ နည်းသည် ဖြစ်ရာ တောင် ထိပ်တွင် ရွာတည်ကြခြင်းဖြစ်သည်ဟုဆိုကြသည်။ ထို့ပြင် အေးမြသော ရာသီဥတုရှိရာ တောင်ထိပ်များက နေရောင်ကို စောစွာရ၍ ရာသီဥတုဒဏ်ခံနိုင်သည်။
 
လျှိုမြောင်များသည် ပုံးခိုရန်ကောင်းသော်လည်း နေရောင်ချည်ရချိန်နည်းပါးသည်။ အေးစိမ့်နေသည့် ရာသီ ဥတုဒဏ်ခံရသည်။တချို့နေရာများသည် တနေကုန် နေအလင်းရောင်မရတတ်ပေ။
 
သို့သော်လည်း တိုက်ပွဲဖြစ်ပွါးပါက ထိုတောင်ထိပ်တောင်ကုန်းများကို အရယူလေ့ရှိရာ လူသူ လက်နက် အင်အားမမျှလျင် လျှိုမြောင်တွင်းဆင်းရလေ့ရှိသည်။ ထိုအခါ ရာသီဥတု ဒဏ်နှင့်ငှက်ဖျား ဒဏ်ကို ရင်ဆိုင်ရသည်။ ထိုစဉ်ကာလကဖြစ် သည်။
 
ယခုတော့ ရွှေလီချိုင့်ဝှမ်းဂွင် တောင်ကြောများတွင် သစ်ထုတ်သည့်ကားလမ်းများ ဥဒဟိုပေါက် နေသည် ဟုကြားရသည်။ ဆိုင်ကယ်လမ်းများလည်း ရွာတိုင်းသို့ ပေါက်နေသည်ကိုတွေ့ရသည်။ လက်နက်ကိုင်တပ်များ၏ လှုပ်ရှားမှုများက ယခင်ကထက်မြန်ဆန်သွက်လက်လာသည်ဟုသိရ သည်။
 
တပ်ဖက်ကလည်း ရဟတ်ယဉ်များသုံး၍ သယ်ယူပို့ဆောင်ခြင်း၊ လေယဉ်များကလည်း ဂျီပီအက်စ် သုံး၍ နေ့နေ့ညညဗုံကြဲတိုက်ခိုက်နိုင်သည့်ကို တွေ့နေရသည်။ သို့သော်လည်း မြေပြင်အခြေအနေ အားလုံးကို ကျော်လွှားနိုင်သည်တော့မဟုတ်ပေ။ လက်ရှိသုံးနေကြသော ဂျီပီအက်စ် ဆိုသည် မှာ အမေရိကန် အစိုးရက ခွင့်ပြုထားသည့် အရပ်သုံး ဂျီပီအက်စ်ဖြစ်သည်။
 
အမေရိကန်စစ်သုံးဂျီပီအက်စ်မဟုတ်ပေ။ စစ်သုံးနှင့်ဆိုလျင် ၆ ပေခန့်ကွာသည်ဟု တတ်ကျွမ်းသူများ ကဆိုကြသည်။ မြေပြန့်တွင် ၆ ပေသည်ပြသနာ သိပ်မကြီးလှပေ။ တောင်တန်းဒေသတွင် တောင်ထိပ်၊တောင် ကြောနှင့် ၆ ပေခန့်လွဲလျင် အမြောက်ဆံ၊ဗုံးဆံများသည် အလွန်ဝေးကွာသည့် လျှိုမြောင်ထဲသို့ ရောက်သွားတတ်သည်။
 
သို့ဖြစ်ရာ ယခင်ရော ယခုပါ ရွှေလီချိုင့်ဝှမ်းဂွင်သည် တောတောင်ရေမြေအနေအထားအရ နှစ်ဖက် စစ်ကစားရန် အားသာချက်၊ အားနည်းချက် ကိုယ်စီရှိသောနေရာဖြစ်သကဲ့သို့ စစ်ကစားနိုင်သည့် နေရာလည်း ဖြစ်နေပေတော့သည်။
 
ဆက်လက် ဖော်ပြမည်။