• Today is: Saturday, April 20, 2024

လီဒိုလမ်းမအနီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို KIA ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်

ဓါတ်ပုံ – တနိုင်းမြို့နယ် လမုန်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့ တပ်ချနေရာချထားသည့် နေရာကို KIA အဖွဲ့ မီးရှို့ဖျက်ဆီးခဲ့သည့် မြင်ကွင်း။
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၉
 
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက လီဒိုလမ်းမအနီးရှိ ကျေးရွာဖြစ်တဲ့ နမ်ဖျက်နဲ့ နောင်လုံ ကောင်ရာ ကျေးရွာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် ၉ နာရီခန့်မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည် သူ့စစ်အဖွဲ့၏ စစ်ကြောင်း ယဉ်တန်းကို ကေအိုင်အေ တပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေ သတင်းအရင်းအမြစ်အရ သိရပါတယ်။
 
တနိုင်းမြို့နယ်ထဲက ရှာဒူဇွပ်မှာ တပ်စွဲနေရာယူထားတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ် ခလရ ၂၉၇နဲ့ လက်ကိုင် တုတ်ဖြစ်တဲ့ ဝါရာဇွပ် ပြည်သူ့အဖွဲ့ပူးပေါင်းအဖွဲ့က စစ်ယာဉ်များ အသုံးပြုကာ စစ်အင်အား၊ လက်နက်ခဲယမ်းများဖြင့် လီဒိုလမ်းတစ်လျှောက် သွားလာလှုပ်ရှားနေစဉ် KIA တပ်ဖွဲ့က ၂ နေရာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။
 
အဆိုပါ စစ်ကောင်စီ ယာဉ်တန်းကို KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၄၃ တပ်ရင်းအဖွဲ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်ဘက်က ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၇ ရက်နေ့မှာလည်း ကေအိုင်အေတပ်မဟာ ၂ တပ်ရင်း ၁၄ နယ်မြေဖြစ်တဲ့ လမုန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ တပ်စခန်းရှိ နေအိမ်တစ်လုံးကို ကေအိုင်အေတပ်မှ မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
 
အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေ့ နေ့လည် ၁ နာရီခန့်က တံတားဦးလေတပ်စခန်းကနေ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ကေအိုင်အေဌာနချုပ်နယ်မြေ ဆိုင်းမိုင်ကွင်းဘက်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာတော့ ကွတ်ခိုင်မြို့နယ် နမ့်ဖါလုံတောင်အနီး စစ်ယာဉ် တန်းများဖြင့် ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ကို KIA, KPDF ပူးပေါင်းတပ်မှ ကြားဖြတ်မိုင်းဆွဲ တိုက် ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။