• Today is: Friday, March 29, 2024

ကလေးမြို့မှာ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဓါတ်ပုံ – PDF(Kalay)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၀
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်သာရပ်ကွက် စက္ကန့်ကျေးရွာတွင် ညအိပ်ရပ်နားပြီး ကလေးမြို့ သုံးအိမ်စု ဘက်သို့ ဦးတည် လာတဲ့ အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဟာ PDF (Kalay) တပ်ဖွဲ့ အသင့်ပြင်ဆင် ထားတဲ့ မိုင်းများဖြင့် တိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
 
ကလေးမြို့ စက္ကန့်ကျေးရွာမှ သုံးအိမ်စုကျေးရွာသို့ ဆက်လက် စစ်ကြောင်းထိုး ဦးတည်လာခဲ့ရာ စစ်ကောင်စီ တပ်ဟာ ယမန်နေ့ ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သုံးအိမ်စုကျေးရွာ အရောက် PDF(Kalay) မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားတဲ့ မိုင်း ၅ လုံးဖြင့် နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရတာပါ။
 
မိုင်းဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်သေဆုံးမှု စာရင်းကိုတော့ အတည်ပြုနိုင်ဖို့ စီစစ်နေဆဲလို့ သိရပါတယ်။
 
စစ်ကောင်စီ တပ်ဖွဲ့များဟာ မိုင်းဖောက်ခွဲခံရပြီးနောက် အနီးဝန်းကျင်မှာ ၁ နာရီကြာ ရမ်းကားပစ်ခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်မှုပြုလုပ်ခဲ့တာပါ။
 
စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် နဂါးပွတ်ကျေးရွာအတွင်းရှိ အဘွားအိုပြည်သူ ၁ ဦး၊ နွား ၁ ကောင်၊ ပြည်သူပိုင်ဆိုင်ကယ် ၃ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် သုံးအိမ်စုကျေးရွာအနီး၌ ဖြတ်သန်းသွားလာသော မြို့ကြီးကုန်းကျေးရွာနေ ၁၄ နှစ်အရွယ် အပြစ်မဲ့ပြည်သူ ၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသလို မြို့လှကျေးရွာဘက်သို့ တပ်ဆုတ်ကာ အဲဒီမှာ ပြန်လည်တပ်စွဲ ထားတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီ တပ်ဖွဲ့များဟာ ပြည်သူများကို ဓါးစံခံအဖြစ် ဖမ်းဆီးမှုမျိုး ရှိလာလို့ စစ်ကောင်စီ စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်နှင့် တပ်စွဲရာ နေရာများအနီး နေထိုင်ကြတဲ့ ပြည်သူများ အနေဖြင့် ကြိုတင်ရှောင်ရှားထားရန် PDF(Kalay) သတိပေး တိုက်တွန်းထားပါတယ်။