• Today is: Thursday, April 25, 2024

ဖိအားများအောက်က NUG နဲ့ EROs မဟာမိတ်။ ရေရှည်မဟာမိတ်ဖြစ်တည်ဖို့ ဘယ်လိုလုပ်ကြမလဲ။

ဖိအားများအောက်က NUG နဲ့ EROs မဟာမိတ်။ ရေရှည်မဟာမိတ်ဖြစ်တည်ဖို့ ဘယ်လိုလုပ်ကြမလဲ။
 
– အီဂေါဗလာဇီဗစ်
 
ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ကျွန်တော် နွေဦးတော်လှန်ရေးနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ လူပုဂ္ဂိုလ်များစွာနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။
 
လာမယ့်ရက် တွေမှာ ကျွန်တော်တွေးမိ ဆင်ခြင်မိတာတွေ မိတ်ဆွေများကို ဝေမျှချင်ပါတယ်။ အခုရေးတာက ဒုတိယမြောက် တစ်ပုဒ်ဖြစ်ပြီး နောက်ထပ် ရေးတာတွေ လာပါလိမ့်ဦးမယ်။
————————–
 
လက်ရှိ စစ်ခေါင်းဆောင်များ၏ မဟာဗျူဟာကို သုံးသပ်ခြင်း စစ်ဆင်ရေးလုပ်ငန်းတွေမှာ ထိုးစစ်တွေ ဆင်တော့မယ်ဆိုရင် မကြာခဏဆိုသလို တစ်နေရာကို တိုက်မလိုလို အယောင်ပြ ခြိမ်းခြောက်တာ မျိုးတွေ ဖြစ်နေတတ်တယ်။
 
ရည်ရွယ်ချက်ကတော့ အယောင်ပြတဲ့နေရာမှာ တစ်ဖက်ကတပ်တွေကို တစ်နေရာထဲစုနေအောင် လုပ်လိုက်ဖို့ဖြစ်ပြီး တကယ်ကျတော့ အဲဒီကို ဝင်တိုက်တာ မဖြစ်လာပါဘူး။ အဲဒီလိုလုပ်လိုက်တဲ့အခါ တစ်ဖက်ကတပ်တွေဟာ ရှေ့တန်း ကာကွယ်ရေး အားနည်းချက် လစ်ဟာချက်ရှိနေတဲ့ ယိုပေါက်တွေ ပေါ်လာတယ်။
 
အယောင်ပြခြောက်လှန့်ပြီး ရုတ်ချည်း ဝင်ကျုံးတိုက်တာကို အကွက်ကျကျ ထိထိရောက်ရောက် သုံးကြတဲ့အခါ စစ်ရေးမှာ သုံးတဲ့လူဘက်က အသာစီးရတာ၊ ရန်သူ့နယ်မြေကို သိမ်းပိုက်နိုင်တာ တွေရှိလာနိုင်ပါတယ်။
 
မင်းအောင်လှိုင်ရဲ့ ယူနီဖောင်းဝတ်ထားတဲ့ ရာဇဝတ်သားတပ်ဖွဲ့တွေဟာ သူတို့ အယောင်ပြပြီး တည်ထားတဲ့ ရွေးကောက်ပွဲအစီအစဉ်ကို တကယ်လုပ်ဖြစ်ချင်လည်း လုပ်ဖြစ်မယ်။
 
မလုပ်ဖြစ်ချင်ရင်လည်း မလုပ်ဖြစ်ဘူး။ ဒါပေမယ့် ဒီအချိန်မှာ စစ်ခေါင်းဆောင်တွေပြောနေတဲ့ ရွေးကောက်ပွဲဆိုတာဟာ ခြောက်လှန့်ပြီး တပ်လန့်တာကို ဖြစ်စေပါတယ်။ နွေဦးတော်လှန်ရေးထဲက အင်အားစု အတော်များများဟာ ဒါကို စိုးရိမ်ကြရပြီး ဒီအပေါ်မှာ အလုပ်တွေ ပိုလာပါတော့တယ်။
 
ဒါက စစ်တပ်ဘက်ကနေ တရစပ် တိုက်ဖို့ အချက်ပြနေတာ၊ မီးခိုးဗုံးတွေ လှိမ့်သွင်းနေတာနဲ့ တူပါတယ်။ သူ့ဆွဲတဲ့ အစီအစဉ်ဘက်ကို အာရုံရောက်လာအောင်၊ တကယ့် သူနဲ့ တိုက်နေရတဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို တော်လှန်ရေးအင်အားစုတွေ အာရုံမစိုက်နိုင်ဘဲ စိတ်ကိုပျံ့လွင့်အောင်လုပ်နေတာပါ။
 
တကယ်တော်လှန်ရေးအင်အားစုတွေခက်ခဲနေအောင် သူတကယ် ဖန်တီးထားတဲ့ စစ်မှာက မျက်နှာစာက အများကြီးပါ။ တစ်ခုကတော့ လူသားချင်းစာနာထောက်ထားမှုလိုအပ်တဲ့ကိစ္စတွေ တင်းကြမ်းဖြစ်နေအောင် စနစ်တကျ တမင်တကာဖန်တီးထားပါတယ်။
 
မင်းအောင်လှိုင်ရဲ့ လူသတ်သမားစစ်တပ်ဟာ ရုရှားရဲ့ မဟာဗျူဟာပါ ဇာတ်ညွှန်းအတိုင်းလိုက်နေတာပါ။ ရုရှားဟာ ဒီလို နည်းလတွေကို ချေချင်းညှာမှာသုံးခဲ့ဖူးတယ်။ ဆီးရီးယားမှာလည်းသုံးခဲ့ပြီး အခု ယူကရိန်း မှာ သုံးနေတုန်းပဲ။ ဒီမဟာဗျူဟာကတော့ တပ်ဟာသူတိုက်နေတဲ့ ရန်သူကိုစစ်ရေးအရ မနိုင် နိုင်ဘူးဆိုရင် အရပ်သားတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်ဖို့လုပ်တာပါ။
 
အင်အားအဆမတန်သုံးပြီး အရပ်သားတွေနေထိုင်ရာအရပ်နဲ့ အရပ်သားတွေအားကိုးနေရတဲ့ အခြေခံအဆောက်အဦတွေကို ဖျက်ဆီးပစ်တယ်။ အရပ်သားနာချင်သလောက် နာပါစေ ပစ်မှတ်ကို ထိချင်ရာထိ ပစ်ခတ်တိုက်ခိုက်တယ်။ အဲဒီလိုလုပ်တာကို စနစ်တကျနဲ့လုပ်နေနိုင်ပြီး ဘယ်လိုမှ ထောက်ထားမှုဆိုတာမရှိ ပြည်သူတွေ အုံနဲ့ကျင်းနဲ့ ခံစားရအောင် တမင်လုပ်ပါတယ်။
 
ဒီနည်းဗျူဟာကြောင့် အရပ်သား အမြောက်အမြားဟာ ဆင်းရဲဒုက္ခရောက်ကြရပြီး စားဝတ်နေရေးအရ မရပ်တည်နိုင်တဲ့ အရေးပေါ်အခြေအနေတွေနဲ့ ကြုံလာရတယ်။ အသက်မွေးဝမ်းကျောင်းအလုပ်တွေကို မလုပ်နိုင်ကြတော့ဘဲ နေရပ်စွန့်ခွာထွက်ပေးကြရတာကြောင့် ဒီလူတွေ အမိုးအကာအောက် ရောက်နိုင် ဖို့ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ပခုံးပေါ်ကိုရောက်လာတယ်။
 
သူတို့ ပခုံးက သယ်နိုင်လောက်တဲ့ ဝန်တွေလည်းမဟုတ်နေကြဘူး။ ဒီလိုနည်းဗျူဟာမျိုးဟာ အခု မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်တပ်က သုံးနေတဲ့ ဗျူဟာပါပဲ။ အဲဒီလိုမျိုးမဖြစ်ဖြစ်အောင် စနစ်တကျကိုလုပ်ကိုင်နေတာပါ။
 
သူတို့သုံးနေတဲ့ နည်းလမ်းတွေထဲမှာ မုန့် ရော တုတ်ရော ပါနေတာဖြစ်ပြီး ခုပြောခဲ့သလောက်ကတော့ တုတ်အကြောင်းကိုပြောတဲ့ အခြမ်းပါ။
 
မုန့်ဘက်အခြမ်းမှာတော့ အဓိက ဝင်ရောက်ကစားနေကြသူတွေကတော့ စစ်တပ်ကလွှတ်ထားတဲ့ ပွဲစားတွေပါ။ သူတို့ လုပ်နေကိုင်နေတာတွေက စစ်တပ်အကွက်တွေမှန်းသိသာလွန်းတာမို့ ရလဒ်အနေနဲ့ ထိရောက်ဖို့တော့ မလွယ်ပါဘူး။
 
မုန့်ပေးတဲ့ဘက်အခြားမှာ ဆာဆာကာဝါတို့လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အခြား ဆွေးနွေး ညှိနှိုင်းရေး ကြားခံလူတွေ၊ အကျိုးဆောင်တွေ ပါဝင်နေကြတာဖြစ်ပါတယ်။ ဒီအထဲမှာ ဆွစ်ဇာလန်နဲ့ Joint Peace Fund တို့က ထောက်ပံ့ပေးထားကြပြီး နော်ဝေနဲ့ တခြားအဖွဲ့အစည်းတွေ အလှူရှင်တွေ ပါကောင်းပါနိုင်ပါတယ်။
 
ဆာဆာကာဝါကတော့ မုန့်ကို မြင်သာထင်သာ မြှောက်ပြထားပြီး ခပ်ညစ်ညစ်ပွဲစားအကွက်တွေနဲ့ ကစားနေပါတယ်။ ဆွစ်ဇာလန်သံရုံး၊ JPF နဲ့ တခြားပါကောင်းပါနေနိုင်တဲ့ နိုင်ငံတွေကတော့ မထင်မရှား နောက်ကွယ်ကနေပြီး ခပ်လျှိုလျှိုကစားနေကြပါတယ်။
 
နောက်ထပ်အန္တရာယ်တစ်ခုကတော့ ကုလသမဂ္ဂအထူးသံနဲ့ အာဆီယံဥက္ကဌအသစ်ဖြစ်လာတဲ့ အင်ဒိုနီးရှားတို့ဟာလည်း အဲဒီ မုန့်ပြပြီးကစားတဲ့အုပ်စုထဲဝင်သွားပြီး ဆင်တူအကွက်တွေနဲ့ ကစားလာမယ့် အဖြစ်မျိုးပါ။ နိုဝယ်လင်းဟေဇာဟာ စပြီးရာထူးယူလိုက်ကတည်းက ခုချိန်ထိ ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက်အောင်မြင်ခဲ့တာမရှိပါဘူး။
 
ဒါကိုလည်းသူက စိတ်ညစ်နေနိုင်ပြီးနောက်တစ်ခါ ထပ်ပြီးကြိုးစားဖို့ အားတက်သရော ဖြစ်နေနိုင်ပါတယ်။ ကမ္ဘောဒီးယားကတော့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်ဆောင်နိုင်ဘဲ တာဝန်ပြီးဆုံးသွားချိန်မှာ အင်ဒိုနီးရှားက အာဆီယံဥက္ကဌသစ်အဖြစ်နေရာယူလာပါတယ်။
 
အင်ဒိုနီးရှားကတော့ ဝိတ်ပိုရှိပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အခြေအနေကိုရောက်အောင်လည်း သွားနိုင်တဲ့ အနေအထားရှိတဲ့နိုင်ငံပါ။ ကုလသမဂ္ဂရော အာဆီယံရောဟာ မြန်မာပြဿနာကိုဖြေရှင်းဖို့ တစ်ခုခုလုပ်ပေးချင်စိတ်ရှိနေကြပြီး မြန်နိုင်သလောက်လည်းမြန်ချင်နေကြပါတယ်။
 
လက်ရှိအချိန်ထိကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရလဒ်ကောင်းတွေ ရဖို့ဆိုရင် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးတဲ့တစ်နည်းပဲရှိတယ်လို့ လက်ခံထားကြသေးတယ်။ ဒါကတော့ မုန့်ပြတဲ့အခြမ်းမှာ ကုလသမဂ္ဂနဲ့ အာဆီယံက ဝင်ပါနေကြတဲ့ နည်းပဲ ဖြစ်ပါတယ်။
 
ကြားက ဝင်ညှိပေးနေကြသူတွေ၊ အကျိုးဆောင်တွေ၊ အတိုင်ပင်ခံတွေ၊ သံတွေ၊ တမန်တွေနဲ့ အကူအညီပေးရေးကဏ္ဍမှာ ပါဝင်နေကြသူတွေဟာ လူမျိုးစုထဲကအရေးပါသူတွေကိုချဉ်းကပ်ပြီး လူသားချင်းစာနမှုအကူအညီတွေကိုပြပြီး အပစ်ရပ်စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့ တပ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်နိုင်ခြေတွေကို လိုက်ညှိနေကြပါတယ်။
 
အပြကောင်းရုံ စတိလုပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုများကိုတောင် လမ်းကောင်းလမ်းမှန်ကိုသွားဖို့ ခြေလှမ်းတစ်လှမ်းလို့ မြင်ကြမယ့်သူတွေပါ။ တကယ်လို့ ဒီအတိုင်းသာဖြစ်လာခဲ့ရင် ကတိကဝတ် ပေးထားတာတွေ အကောင်အထည်ဖော်ဖြစ်လာပြီး လူမျိုးစုနယ်မြေတွေထဲက အရပ်သားတွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် အကူအညီတွေရမယ်။
 
အပစ်ခဏရပ်လိုက်ရင် စစ်အာဏာပိုင်တွေဘက်က အလှူရှင်တွေပေးမယ့် အကူအညီတွေလူမျိုးစု ဒေသတွေဆီရောက်အောင် လမ်းဖွင့်ပေးဖို့ အခွင့်အရေးရလာမယ် လို့ ဆွယ်နေကြပါတယ်။
 
EROsတွေဘက်ကကြည့်ရင်လည်း ဒါဟာ စဉ်းစားစရာဖြစ်နေတဲ့ ကိစ္စဖြစ်နေတာလည်း အမှန်ပါ။ ဒုက္ခရောက်နေတဲ့ အရပ်သားရာပေါင်းထောင်ပေါင်းများစွာ သူတို့နယ်မြေထဲမှာ အမိုးအကာမဲ့ ဖြစ်နေတယ်၊ စားစရာမဲ့၊ ဆေးဝါးမဲ့ အခြေအနေမှာ အများကြီး သောကရောက်နေကြရတယ်။
 
ပြေးရလွှားရလွန်းလို့မောလည်းမောပန်းနေကြပြီး ဖြတ်လေးဖြတ်ရဲ့ ညှင်းဆဲမှုအောက်မှာ အကြီးအကျယ် ဆင်းဆင်းရဲရဲ နေကြရတယ်။ အဲဒီအထဲမှ ဗုံးလာကျဲတဲ့ အဖြစ်တွေက နေလို့မရလောက်အောင် ခြောက်လှန့်နေကြတယ်။
 
စစ်တပ်ဘက်ကလိုချင်တာကတော့ တချို့ EROs တွေအနေနဲ့ သူတို့ ကမ်းလှမ်းလာတာကို လက်ခံလိုက်ဖို့ပါပဲ။ တစ်ဖွဲ့ကစပြီး လက်ခံလိုက်ရင် နောက်တစ်ဖွဲ့ကလည်း အခြေအနေကို ပြန်ပြီးတွက်ဆလာရတော့မယ်။
 
တကယ်လို့ EROsနှစ်ဖွဲ့ သုံးဖွဲ့လောက်က လူသားချင်းစာနာမှုအကူအညီဘက်ကို ခေါင်းငြိမ့် လိုက်ပြီ ဆိုရင် ရှေ့ဆက်ပြီး ဒိုမီနိုဆက်တိုက်အပြိုနဲ့ ဖြိုရလွယ်လာမယ်။ အဲဒီအခါ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ယာယီ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ဘက်ကို လိုက်မှ ရတဲ့အဖြစ်မျိုးကိုရောက်လာနိုင်တယ်။
 
တော်လှန်ရေးကိစ္စမှာ အများကြီးသိမြင်နှံ့စပ်တဲ့ ထက်ထက်မြက်မြက်သုံးသပ်နိုင်တဲ့ သူတစ်ယောက် ကတော့ စစ်တပ်ဟာ NUG နဲ့ EROs တွေကြားက မဟာမိတ်ဖြစ်နေတာကို ပြိုကွဲအောင်လုပ်ဖို့လိုမယ် မထင်ဘူးလို့ ပြောပါတယ်။
 
စစ်တပ်ဘက်က ခုလိုအချိန်မှာ ဒီလိုသွေးကွဲအောင်မလုပ်နိုင်ဘူး လုပ်လို့လည်းမရဘူးဆိုတာကို သဘော ပေါက်ထားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့်စစ်တပ်ဘက်က ဒီလို မဟာမိတ်ဖြစ်နေတာကို အားပျော့ လာအောင်တော့ လုပ်နိုင်ပါတယ်။
 
လုပ်ငန်းဆောင်တာကိုအတူတကွ ဆောင်ရွက်ဖို့ လက်တွေ့မှာ မဖြစ်နိုင်တာနဲ့ အမျှ ပူးပေါင်းတာမှာ အခုအခံရှိနေတာနဲ့အမျှ စုစည်းမိဖို့ မလွယ်တာကိုတပ်ဘက်က သိမှာပါ။
 
ဒီလိုသွေးမစည်းတဲ့အခြေအနေလောက်တောင် တပ်အတွက် တော်တော် အဆင်ပြေနေပါပြီ။
တစ်ဝက်တစ်ပျက်ညှိလို့ရလာတဲ့ အပစ်အခတ်ရပ်စဲခြင်းတွေ၊ ဆွေးနွေးညှိနှိုင်းတာတွေနဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေအားဖြင့် စစ်တပ်ရဲ့ ပွဲစားတွေဟာ EROs ခေါင်းဆောင်တွေနဲ့ တပ်အကြီးအကဲတွေကို စီးပွားရေးလုပ်ငန်းတွေနဲ့ ဆွယ်ကြဖို့ လမ်းပွင့် သွားနိုင်ပါတယ်။
 
လူသားချင်းစာနာထောက်ထားမှုအကူအညီကတိကဝတ်တွေ အနောက်မှာတော့ လာဘ်ပေး လာဘ်ယူ ကိစ္စတွေ လိုက်လာနိုင်ပါတယ်။ မင်းအောင်လှိုင်ရဲ့ ပွဲစားတွေနဲ့ တပ်အကြီးအကဲတွေဟာ သူတို့ကို လက်ခံပြီးစကားပြောတဲ့သူတွေ အကုန်လုံးဆီကို လာဘ်ပေးလာဘ်ယူ စီးပွားရေးလုပ်ငန်း လိုင်စင် တွေနဲ့ ချမ်းသာအောင်လုပ်ပေးမယ့် အစီအစဉ်တွေ ပေးပစ်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။
 
သူတို့ ရည်မှန်းချက်ကတော့ နိုင်ငံရေးနဲ့ စစ်ရေးဘက်က အရေးပါတဲ့သူတွေကို “ရွေးကောက်ပွဲ လမ်းကြောင်းနဲ့ ပုံမှန်အခြေအနေကိုရောက်အောင်ပြန်သွားကြဖို့” ပဲဖြစ်ပါတယ်။ တပ်ဘက်က နှပ်ကြောင်းပေးတဲ့အတိုင်း ပါသွားဖို့ ရှမ်းအမျိုးသားများဒီမိုကရက်တစ်ပါတီနဲ့ PNO ခေါင်းဆောင်တွေ ဘယ်လို စီးပွားရေးလုပ်ငန်းတွေနဲ့ လိုင်စင်တွေရခဲ့သလဲလို့ မေးကြည့်လိုက်ရင်လွယ်ပါတယ်။
 
EROs တပ်တွေနဲ့ ရင်ဆိုင်ရတဲ့ စစ်နယ်မြေတွေမှာ အပစ်အခတ်ရပ်စဲလာနိုင်ပြီး စစ်ရှိန်လျှော့ချ လာနိုင် တာနဲ့ အမျှ စစ်တပ်ဟာ စစ်ကိုင်းနဲ့ မကွေးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို ရက်ရက်စက်စက် နှိမ်နင်းပစ်ဖို့ သူ့အင်အားကို ပိုပြီး စုစည်းလာနိုင်ဖို့ လမ်းတွေပွင့်လာမှာ ဖြစ်ပါတယ်။
 
ဒါကိုနိုင်ငံတာ အကူအညီပေးရေးအေဂျင်စီတွေဟာ မမြင်ကြပါဘူး။ ဒါမှမဟုတ် မမြင်ချင်ယောင် ဆောင်နေကြပါတယ်။ စစ်တပ်နဲ့ လူမျိုးစုလက်နက်ကိုင်တပ်တွေကြားမှာ ယာယီအပစ် အခတ်ရပ်စဲ တာတွေဟာ ပဋိပက္ခပြေလည်စေမယ့် လမ်းကြောင်းဆီကို ဦးတည်ရောက်ရှိနိုင်မှာ မဟုတ်ပါဘူး။ ထင်သလို ဖြစ်လာဖို့ မရှိပါဘူး။
 
EROs နယ်မြေတွေနဲ့ စစ်ကိုင်း၊ မကွေးအစရှိတဲ့နေရာတွေမှာ အရပ်သားတွေကို ပိုပြီးရက်စက် ပိုပြီး ကြမ်းကြုတ်တဲ့ ချေမှုန်းသတ်ဖြတ်ခြင်းတွေသာ ဖြစ်လာမှာပါ။
 
စစ်ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲဟာ ဖြစ်ချင်မှလည်း ဖြစ်လာမှာပါ။ ဒါပေမယ့် ခုချိန်မှာ ရွေး ကောက်ပွဲဆိုတဲ့ အကြံဟာ တော်လှန်ရေးအင်အားစုတွေကို မျက်စိလည်အောင်လုပ်နေတာပါ။
တကယ့် အဖြစ်မှာတော့ စစ်တပ်ဟာ အယောင်ပြ ခြောက်လှန့်နေတာမဟုတ်ဘဲ အရပ်သားတွေ အပေါ်ကို လေကြောင်းနဲ့ တိုက်ခိုက်နေတာပါ။
 
တစ်ချိန်တည်းမှာ EROs တွေကို လူသားချင်းစာနာမှုအကူအညီကမ်းလှမ်းပြီး ယာယီအပစ်အခတ် ရပ်စဲတာကို လက်ခံဖို့ လီဆယ်တဲ့ပရိယာယ်နဲ့ တိုက်တွန်းနေကြပါတယ်။ ဒီလို အရပ်သားပြည်သူကို ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်နေတာတွေဟာ NUG နဲ့ EROs တို့ကြားက မဟာမိတ်ဖွဲ့တည်မှဒကို ဖိအားရသလောက်ပေးဖို့ရည်ရွယ်ချက်ပါ။
 
မဟာမိတ်ဖွဲ့တည်မှုအားပျော့လာတာနဲ့ အမျှ သူတို့လိုချင်တာ ရလာဖို့ပါ။ မဟာမိတ်ဖွဲ့တည်မှု လုံးလုံးပြိုကွဲသွားရင်တော့ တပ်က ပိုတောင် ကြိုက်ဦးမှာပါ။ ရွေးကောက်ပွဲ အတုအယောင်ကို ထိထိရောက်ရောက်ဆန့်ကျင်နိုင်ဖို့နဲ့ တပ်ဟာ အရင်တုန်းကလို သွေးခွဲအုပ်ချုပ်တဲ့နည်းကို အစဉ် အလာအတိုင်းပြန်သုံးလို့မရနိုင်အောင်လုပ်ကြဖို့ဆိုရင် တပ်ကိုဆန့်ကျင်တော်လှန် နေကြတဲ့ သူတွေအားလုံး မဟာမိတ် အဖြစ် ညီညွတ်ကြမှ ဖြစ်မှာပါ။
 
အထူးသဖြင့် နယ်မြေအရ၊ လူထုထောက်ခံမှုအရ၊ လက်နက်အင်အားအရ တကယ့် အင်အားကို တည်ဆောက်ထားနိုင်ကြတဲ့ အဓိကအဖွဲ့အစည်းတွေကြားမှာ မဟာမိတ်ဖြစ်မှုဟာ အသည်းအသန် လိုအပ်ပါတယ်။