• Today is: Sunday, January 29, 2023

ဖက်ဒရယ်ယူနစ်တခုရဲ့ သင်ရိုးညွှန်းတမ်းစံနှုန်းများအညွှန်းဘောင် လုပ်ငန်းစဉ် စံနမူနာ

ဖက်ဒရယ်ယူနစ်တခုရဲ့ သင်ရိုးညွှန်းတမ်းစံနှုန်းများအညွှန်းဘောင် လုပ်ငန်းစဉ် စံနမူနာ

  • သိန်းနိုင် (ပညာရေးဆိုင်ရာ အထူးဆောင်းပါး)

(မွန်ပညာရေးဌာန အနှစ် ၅၀ ပြည့်၊ ရွှေရတု အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး)

ရောင်စုံသစ်တောထဲမှာ ရွက်ဟောင်းတို့ ကြွေလွင့်ပြီး ရွက်နုသစ်တို့ ဝေဆာနေတဲ့ သဘာဝတရားရဲ့ ဖြစ်စဉ်နဲ့ အပြိုင်ပါပဲ။ မိုးကြိုးမုန်တိုင်းတွေနဲ့ သားရဲတွေရဲ့ ဘေးအန္တရာယ်များကြားမှာ ရဲရင့် ရှင်သန်စေရုံမျှ သာမကဘဲ အပွင့်၊ အရွက်၊ အခက်အလက်တွေနဲ့ ဝေစည်ဖို့လည်း တရွေ့ရွေ့နဲ့ ပံ့ပိုးနေကြလေရဲ့။

ဒီမြေဒီရေနဲ့ပဲ ရုန်းကန်ကြီးထွား နေကြပုံများ။ ခေတ်အဆက်ဆက်မှာ ပညာရေးကို စဉ်ဆက်မပြတ် ရှင်သန်စေ နိုင်ခဲ့ကြသူတို့ဟာလည်း မိမိတို့ရဲ့  အနီးစပ်ဆုံး ရပ်ရွာ လူ့အဖွဲ့အစည်းအတွက် ကျားကုတ်ကျားခဲ ကြိုးစား ရွက်လွှင့် ခဲ့ရသူတွေပါ။ ပညာ့ဝန်တာကို မဆုတ်မနစ်၊ မမှိတ်မသုန် ဦးဆွေးဆံမြေ့ ထမ်းရွက်ခဲ့ကြသူတို့ရဲ့ ရုန်းကန်မှု စွမ်းအားကို အသိအမှတ် ပြုကြရပါလိမ့်မယ်။ သူတို့ဟာ လမ်းကြမ်းကို ဖောက်ထွင်ခဲ့ကြတယ်။

အခုအခါမှာတော့ ပညာမျိုးဆက်များကို တွဲခေါ်ခဲ့ကြပြီ။ ယုံကြည်ချက်ကို ရင်မှာပိုက်လို့ အချင်းချင်း ဖေးမ ကူညီမှုတွေနဲ့  မျိုးနွယ်စုရဲ့ ပညာခရီးကို ရှေ့ဆက် လှမ်းနိုင်ခဲ့တာဟာ စံထားဖွယ်ရာ၊ အတုယူဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာ သမိုင်းဝင်ခဲ့ပြီ။

မွန်အမျိုးသား ပညာရေးခရီးအစ

၁၉၇၀ ပြည့်လွန်နှစ်များဟာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းပဋိပက္ခတွေ အတိ ရှိနေခဲ့ပါတယ်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့တဲ့ ပြည်တွင်းစစ်ပွဲတွေဟာ အရှိန်ရလာခဲ့ပြီ။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာ မဖြေရှင်း နိုင်ခဲ့ကြဘူး။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းက စစ်အာဏာသိမ်းတဲ့ အကျိုးဆက်တွေအနေနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ပိုပြီး လျစ်လျူရှု ခံခဲ့ကြရပါတယ်။ လူမျိုးရေးအရ ဖိနှိပ်ခံခဲ့ရမှုတွေဟာ ၂၀ ရာစုရဲ့ အဆိုးဝါးဆုံး စာရင်းဝင်ခဲ့ပါတယ်။

တိုင်းရင်းသားဒေသများရဲ့ စာပေ၊ ယဉ်ကျေးမှုနဲ့ ပညာရေးဟာ နိမ့်ပါး ကျဆင်း နေရုံမျှမကဘဲ တရားဝင် စာသင်ကြားခွင့်ဟာလည်း ဆုံးရှုံးနေခဲ့တာပါ။

မွန်ပြည်နယ် အရှေ့တောင်ပိုင်း ဒေသများဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီနယ်မြေများမှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တယ်။ အဲဒီလိုနေရာမျိုးမှာ စာသင်ကျောင်းတွေ မရှိခဲ့ပါဘူး။ ကျေးရွာများစွာမှာ ကလေးငယ်တွေဟာ စာသင်ကြားခွင့် ဆုံးရှုံးနေခဲ့ရတယ်။ မဆလခေတ် အစိုးရ ကျောင်းတွေ ရှိတဲ့ ရွာတွေကျပြန်တော့ စာသင်ကြားပေးမယ့် ကျောင်းဆရာ မရှိခဲ့ပါဘူး။ ဒေသခံ မဟုတ်ကြတဲ့ ကျောင်းဆရာတွေဟာလည်း မမြဲပြန်ပါဘူး။

မွန်ရွာတွေကပဲ ကမကထ ပြုပြီးတော့ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် တနှစ်ကို စပါး တင်း ၅၀/ ၁၀၀ လောက်အထိပေးပြီး ကျောင်းဆရာ ငှါးထားခဲ့ကြရတယ်။ ရွာ့လုပ်အားနဲ့ ကျောင်းတည်တာလို့ ဆိုရမယ်။

အဲဒီလို ပြည်တွင်းစစ်ပွဲတွေ ပြင်းထန်နေခဲ့တဲ့ ကာလမှာပဲ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း EAO တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP က ပညာရေးအတွက် မွန်ပညာရေးဌာနကို ၁၉၇၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ တော်လှန်ရေး တာဝန် တပိုင်းနဲ့ မွန်ကျောင်းဆရာများရဲ့ တောတွင်းဘဝတွေဟာ မလုံခြုံခဲ့ပါဘူး။ မပြည့်စုံခဲ့ပါဘူး။  

ကျောင်းဥပဓိရုပ်နဲ့ စာသင်ခန်းအင်္ဂါလည်း မစုံလင်ခဲ့ပါဘူး။ ဆရာဦးရေ မလုံလောက်တဲ့အတွက် စာသင်ခန်း ၂ ခန်း/ ၃ ခန်းကို တပြိုင်နက်တည်း အတန်းတွဲ သင်ကြားနိုင်စွမ်း ရှိခဲ့ကြသူ စူပါမန်း မွန်ကျောင်းဆရာများ၊ မိုးမလုံ လေမလုံ ကျောင်းစာသင်ခန်းထဲမှာပဲ လက်နှိပ်စက် အစုတ်ကလေးနဲ့အတူ စာစီစာရိုက်ရင်း၊ ဂတ်စတာနာ လက်နှိပ်ပုံနှိပ်စက်ငယ်တွေနဲ့ ဖရောင်းတိုင်မီးကို အားပြုရင်း ကျောင်းသင်ခန်းစာတွေကို ရိုက်နှိပ်ခဲ့ရတဲ့ နှစ်ကာလများ။

လစာမဲ့ မွန်ဆရာမများဟာ တောထဲမှာ ဟင်းရွက် ခူးစားရင်း၊ အနီးက စမ်းချောင်းလေးထဲမှာ ဖားငါးရှာစားရင်း ဝမ်းရေးကို ဖြေရှင်းလို့ စာသင်ကြားရေး ကိုတော့ အပျက်မခံခဲ့ကြဘူး။ စိုက်ပျိုးမွေးမြူရင်း၊ ထောက်ပို့လုပ်ငန်းတွေ လုပ်ရင်း၊ ရွာ့လုံခြုံရေးအတွက် ကင်းစောင့်ရင်းလည်း မွန်ကျောင်းဆရာတွေဟာ စာသင်ကြားခဲ့ကြပါတယ်။ ဖြတ်လေးဖြတ်ခေတ်ကို လည်း အံတု ကျော်လွှားခဲ့ကြပြီ။

အမှောင်လွှမ်းမိုးနေခဲ့တဲ့ ၁၉၇၂ ခုနှစ်လွန် ရက်စွဲများ။ ၁၉၈၀, ၁၉၉၀, ၂၀၀၀ ပြည့်လွန်နှစ်တွေကိုလည်း နိုင်ငံရေး မုန်တိုင်းများ အကြားမှာ ပညာရေးတာဝန်ကို မွန်ပညာရေး ခေါင်းဆောင်သစ်များဟာ လက်ဆင့်ကမ်း ယူခဲ့ကြပါတယ်။

ကျောင်းပညာရေး အရွေ့

မိခင်ဘာသာစကားအခြေပြုပညာရေးကို ၁၉၇၀ ခုနှစ်လွန် ကာလများကတည်းက မွန်ပညာရေးက အကောင်အထည် ဖေါ်ခဲ့တယ်လို့ ဆိုရမယ်။ မိခင်ဘာသာစကားဟာ ပညာရေးအတွက် တံတားတစင်းဖြစ်တယ်။ လူ့အခွင့်အရေးစံလည်း ဖြစ်တယ်။ အသွေးအရောင် စုံလင်တဲ့ ကမ္ဘာကြီးအတွက် ထောင်စုနှစ်အလွန် ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂက ပြဌာန်းသတ်မှတ်ခဲ့တဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု ရည်မှန်းချက်များ SDG ၁၇ ချက်ထဲက နံပါတ် ၄ ဖြစ်တဲ့ ပညာရေး ရည်မှန်းချက်တွေ SDG4 ထဲမှာ အတိအလင်း ဖော်ညွှန်းထားပါတယ်။

 မိခင်ဘာသာစကားနဲ့ သင်ကြားခြင်းဖြင့် ကလေးငယ်ရဲ့ စဉ်းစားတွေးခေါ်မှုစွမ်းရည် တိုးပွားစေတယ်၊ မိမိကိုယ်ကိုယ် ယုံကြည်မှု ရရှိစေတယ်။ နိုးကြားတက်ကြွမှု၊ ဖန်တီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်တွေလည်း ဖြစ်ထွန်းလာပါတယ်။ ကလေးငယ်ဟာ အာမခံချက်ရှိတဲ့ ပညာရေးကို ရရှိနိုင်မှာ ဖြစ်တဲ့အပြင် မိသားစုနဲ့ လူ့အဖွဲ့အစည်းအတွက်လည်း အဖိုးတန်လေးတွေ ပျိုးထောင်နိုင်တာပါ။

မိခင်ဘာသာစကား/ တိုင်းရင်းသားဘာသာစကား သင်ကြားခြင်းအပေါ် ပြစ်မှုတခုလို ပုံဖေါ်ခဲ့ကြသူတို့ကို အံတုရင်း စစ်မှန်တဲ့ မွန်လူထုပညာရေးကို စတင်ခဲ့ကြတယ်။ မွန်စာသင်ကျောင်းတွေမှာ မွန်စာကို သင်ကြားတယ်။ ထောင်စုနှစ်ချီတဲ့ မွန်သမိုင်း သင်ကြားပေးတယ်။ ဗမာစာကိုလည်း သင်ပါတယ်။

အခြားသင်ရိုးဝင် ဘာသာရပ်တွေကိုလည်း သင်ကြားတယ်။ ကလေးတိုင်း လက်လှမ်းမီစေဖို့ အခမဲ့ပညာရေးစနစ်ကို တည်ဆောက်ရင်း အရည်အသွေးအတွက်လည်း ရရာ အကူအညီကို အားပြုရင်း ရှေ့ကို တိုးလာခဲ့ရတာပါ။ ရွာဦးက ဗုဒ္ဓဘာသာ မွန်ဘုန်းတော်ကြီးများရဲ့ ဝန်းရံပံ့ပိုးမှုတွေဟာလည်း အဓိက ကျခဲ့ပါတယ်။

မွန်မူလတန်းကျောင်းတွေ တိုးပွားလာတော့တယ်။ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေကိုလည်း တိုးချဲ့ ဖွင့်လှစ်လာနိုင်ကြတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ဆယ်တန်းလွန် post 10 သင်တန်းတွေလည်း ဖွင့်လှစ် လာနိုင်ပါတယ်။

တိုးပွားလာနေတဲ့ နိုင်ငံရေး/စစ်ရေး ပဋိပက္ခများအကြား ၂၀၂၂ ခုနှစ်မှာတော့ မွန်လူထုရဲ့ ယုံကြည်အားကိုးမှုတွေကို ပိုလို့ ရရှိနေပါပြီ။ မူ/လယ်/ထက် စာသင်ကျောင်း ၁၅၀ နီးပါး တိုးပွားလာခဲ့ပြီ။ အဲဒီအတွက်လည်း မွန်အမျိုးသားကောလိပ်ကို မွန်ပညာရေးဌာနက ခေါင်းဆောင် ဆရာမကြီးမိစာဒါးတို့အနေနဲ့ စနစ်တကျ စီမံခန့်ခွဲလို့ တည်ထောင်နိုင်ကြပါပြီ။ ပြည်တွင်းပြည်ပ မွန်လူထုရဲ့ အကူအညီက အဓိကလို့ ဆိုရမယ်။  

ဆရာဒေါက်တာပညာမွန်၊ ဆရာမင်းသိန်းဝင်း၊ ဆရာမမိလှိုင်နွန်၊ ဆရာထောအောင်ချမ်း၊ ဆရာမမိမွန်ချိုင်း၊ ဆရာနိုင်ကဆော့မွန်၊ ဆရာမမိထောချမ်းတို့ရဲ့  ပညာရေးဆိုင်ရာ ဦိးစီးဦးဆောင်ပြုမှုနဲ့အတူ အနီးအဝေးက နည်းပြများစွာနဲ့ သင်ကြားရင်း မွန်လူငယ်များစွာအတွက် ဘွဲ့ကြိုသင်တန်းတွေမှာ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနေပါပြီ။

အထူးပြု မေဂျာတွေ အထဲမှာ အရှေ့တောင်အာရှ ဒေသအတွင်း အထင်ကရဖြစ်ခဲ့တဲ့ ရှေးခေတ်ဦိး မွန်လူမျိုးများရဲ့ ရွေ့လျားပျံ့နှံ့လာခဲ့မှု ancient Mon migration၊ ရှေးဟောင်း မွန်မြို့ပြယဉ်ကျေးမှု Mon civilization နဲ့ အင်ပါယာသမိုင်းစဉ်အရ မဖြစ်မနေ လေ့လာကြရမယ့် မွန်သမိုင်း၊ မွန်ရိုးရာယဉ်ကျေးမှု၊ မွန်နိုင်ငံရေးနဲ့ မွန်စာပေကိုလည်း အထူးပြုလေ့လာနိုင်တဲ့ ဗဟိုဌာနတခု ဖြစ်လာနိုင်ပါတယ်။ ပညာဘူမိနက်သန်မှန်ရာ စိမ်းလန်းတဲ့ ညီစားပညာရပ်ဝန်းဒေသမှာပါ။

ပူးပေါင်းဆောင်ရွက်တဲ့ MNEC

ဖက်ဒရယ်နိုင်ငံရေး မျှော်မှန်းချက်နဲ့အတူ ပညာရေးပေါင်းကူးကိုလည်း စဉ်ဆက်မပြတ်ပဲ ကြိုးစားခဲ့ကြတဲ့ သူတွေပါပဲ။ NMSP အပစ်အခတ်ရပ်စဲခဲ့တဲ့ ၁၉၉၅ ခုနှစ်မှာ နအဖခေတ် ဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့ နှုတ်မိန့်တွေနဲ့ပဲ ပညာရေး သဘောတူညီချက် ၅ ချက်အရ အစိုးရကျောင်းတွေရဲ့ ကျောင်းချိန်ပြင်ပမှာ မွန်စာကို စတင် သင်ကြားတာပါလာတယ်။

မွန်စာသင်ကျောင်းများက ၁၀ တန်းအောင်တဲ့ ကလေးတွေကို တက္ကသိုလ်တက်ဖို့ အခွင့်အလမ်း ရှိလာခဲ့တယ်။ ကျောင်းအကူးအပြောင်းတွေ ရှိလာခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာလည်း မွန်ပြည်နယ်အစိုးရနဲ့ ပြည်နယ်ပညာရေးဌာနက ဦးစီးပြုစုတဲ့ အစိုးရကျောင်းများ အတွက် ဒေသသင်ရိုး local curriculum မှာ မွန်ပညာရေးဌာနက ကျွမ်းကျင်သူတွေဟာ ပါဝင် ကူညီပေးခဲ့ဖူးပါတယ်။

သို့ပေတဲ့ တိုးပွားလာနေခဲ့တဲ့ မွန်အမျိုးသား စာသင်ကျောင်းများအတွက်တော့ အကူအညီ တစုံတရာကို ဘယ် အစိုးရဆီကမှ မရရှိခဲ့ပါဘူး။ ပညာရေးဥပဒေအရ အကာအကွယ်၊ တရားဝင် အသိအမှတ်ပြုမှုနဲ့ ကျောင်းအတွက် တရားဝင် အကူအညီမျိုး ပေးဖို့ရာ တွန့်ဆုတ် ပျက်ကွက်ခဲ့ကြပါတယ်။

မွန်လူထုအားနဲ့ ကျောင်းပညာရေးခရီးကို ဆက်နေခဲ့ရတာပါ။ မွန်ပညာရေးဌာနရဲ့ ရုန်းကန် ကြိုးစားမှုကို အသိအမှတ်ပြု လာကြတဲ့အခါမှာတော့ နိုင်ငံတကာက ပညာရေး အကူအညီ နည်းနည်း ရရှိလာခဲ့တယ်။ သင်ကြားရေး ဝန်ထမ်း တစ်ထောင်ကျော် ရှိလာတဲ့အခါ ကျောင်းဆရာလစာနဲ့ ကျောင်းရပ်တည်ရေးအတွက် စိန်ခေါ်ချက်တွေကို လူထုပါဝင်နည်းနဲ့ ဖြေရှင်းကြရတာဟာ အင်မတန်မှ ကြီးလေးတဲ့ တာဝန်ယူမှုပဲ ဖြစ်တယ်။ စိန်ခေါ်ချက်တွေဟာ ဒုနဲ့ဒေးနဲ့။

နှစ်ကာလများစွာပဲ မွန်ပညာရေးဌာနဟာ အာဏာရအစိုးရတွေကို ဖက်ဒရယ်ပညာရေးအတွက်၊ တိုင်းရင်းသား စာပေ သင်ကြားခွင့်များအတွက် တိုက်တွန်း ပြောဆိုခဲ့တာပါ။ မြို့နယ်အဆင့် ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ကလေးငယ် များအတွက် လုပ်ဆောင်ခဲ့တယ်။

၂၀၁၅-၂၀၂၁ ကာလများမှာ ပညာရေးဝန်ကြီးဌာနနဲ့ အမျိုးသားပညာရေး မူဝါဒကော်မရှင် NEPC၊ မွန်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးတင်ပြမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ရုန်းကန်နေရတဲ့ တိုင်းရင်းသား ပညာရေးဌာနတွေအတွက် ပိုမိုကောင်းမွန်တဲ့ မူဝါဒတွေ၊ အကူအညီတွေနဲ့ လုပ်ငန်းစဉ်တွေဟာ လိုအပ်နေခဲ့ပါတယ်။

မွန်ရွာ တရွာတည်းမှာ ပုံစံမတူတဲ့ စာသင်ကျောင်း ၂ ကျောင်း/ ပညာရေးစနစ် ၂ မျိုး ရှိနေခဲ့တဲ့အခါ ညှိနှိုင်းမှုတွေ၊ ကလေးများရဲ့ ရှေ့ဆက်ပညာရေးအတွက် စီစဉ်မှုတွေဟာ အရေးကြီးလာပါတယ်။ အမျိုးသား သွေးစည်းညီညွတ်မှုအတွက် ဘယ်လို ဖြစ်နိုင်ပါသလဲ။

မွန်ပညာရေးဌာနဟာ အခြားသော တိုင်းရင်းသားများနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သမိုင်းလည်းရှိခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ ခန့်၊ နယ်စပ်ဒေသ ၁၉၉၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ EAOs နဲ့ ဒီမိုကရေစီအင်အားစု ၂၈ ဖွဲ့ တို့ စုဖွဲ့ခဲ့ကြတဲ့ အမျိုးသား ကျန်းမာရေးနှင့် ပညာရေးကော်မီတီ NHEC (ပညာရေးတပ်ပေါင်းစု) မှာလည်း တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။

ကရင်၊ ကချင်၊ ရခိုင်၊ ရှမ်း၊ ကရင်နီ EAOs ပညာရေးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ ကျွန်တော် စတင် တာဝန်ယူခဲ့တဲ့ NHEC ပညာရေးအစီအစဉ်တွေမှာလည်း NMSP မွန်ပညာရေးဌာနက ဆရာနိုင်အောင်မင်း၊ ဆရာနိုင်ဝင်းလှ၊ ဆရာဒေါက်တာနိုင်ရွှေသိန်း၊ ဆရာနိုင်စိုးသန်း၊ ဆရာမင်းအောင်ဇေ (ဆရာဇေ)၊ ဆရာနိုင်ကောင်းလဝီ၊ ဆရာကြီးနိုင်ဂျနှုမွန် (နိုင်ငွေသိမ်း)၊ ဆရာကြီး နိုင်စိုက်ထော (ဦးသန်းညွန့်)၊ ဆရာမကြီးဒေါ်မိအိမ်ရိုင်း၊ ဆရာမကြီး မိစာဒါး၊ ဆရာမကြီး မိကရက်နွန်တို့က NHEC ကော်မီတီနဲ့ ပရိုဂရမ်တွေမှာ၊ မွန်နယ်မြေမှာ တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အမျိုးသား ပညာရေးစနစ်နဲ့ ဖက်ဒရယ်ပညာရေး၊ ပြည်နယ်ပညာရေးနဲ့ သင်ရိုးညွှန်းတမ်း လုပ်ငန်းစဉ်တွေ ကိုလည်း မွန်ပညာရေးသမားများနဲ့ အတူတကွ ကျွန်တော် သွားရောက် လေ့လာခွင့်တွေ ရရှိခဲ့တယ်။

နယူးဒေးလီမြို့က NHEC ပညာရေးတာဝန်ခံ ကိုမြတ်သူ၊ ABSDF က ရဲဘော်ဒေါက်တာအောင်ကျော်ဦိး၊ ရဲဘော်သူရ၊ ရဲဘော်ဇင်နိုင်၊ ရဲဘော်နေမျိုးတို့ရဲ့ အကူအညီနဲ့ အိန္ဒိယ-မြန်မာနယ်စပ်၊ ၂၀၀၇-၂၀၀၈ ရခိုင်-ချင်း-နာဂတောင်တန်း ဆရာအတတ်ပညာ သင်တန်းတွေမှာလည်း MNEC နည်းပြဆရာကြီးတွေဟာ ကျွန်တော်နဲ့အတူ ခရီးရှည် သွားရောက်လို့ ပါဝင် ကူညီခဲ့ကြ  ပါတယ်။

အခြားသော တိုင်းရင်းသား ပညာရေးဌာနများနဲ့ ပူးပေါင်းလို့ နယ်စပ်ဖြတ်ကျော် ပညာရေးအကူအညီတွေ cross-border humanitarian assistances၊ ဆရာအတတ်ပညာရေး အစီအစဉ်တွေ၊ ပညာရေးသုတေသန လုပ်ငန်းတွေကို အကောင်အထည် ဖေါ်ခဲ့ကြတယ်။ NHEC Curriculum standards framework CSF သင်ရိုးညွှန်းတမ်း စံနှုန်းများ အညွှန်းဘောင်တို့ကို လက်တွဲ ပြုစုခဲ့နိုင်ကြတယ်။

နောက်ဆက်တွဲအနေနဲ့ တိုင်းရင်းသား ဒေသများမှာ အရည်အသွေးမြင့် ဆရာအတတ်ပညာနဲ့ သင်ရိုးညွှန်းတမ်းလုပ်ငန်းတွေ စတင် လာခဲ့ကြပါတယ်။ ဖက်ဒရယ်နိုင်ငံရေး စနစ်အရ ကိုယ့်ဒေသ အတွက် ကိုယ်ပိုင် သင်ရိုးညွှန်းတမ်းတွေ တည်ဆောက်ခြင်း လုပ်ငန်းစဉ်တွေကို အဦိးအစ အကောင်အထည် ဖော်ခဲ့တာလို့ ဆိုရမယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် စုစည်းမှုနဲ့ တွန်းအားကြီးမားခဲ့တဲ့ NNER  နိုင်ငံလုံးဆိုင်ရာပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ယက်မှာလည်း တိုင်းရင်းသားပညာရေး အဖွဲ့အစည်းကြီး တခုအနေနဲ့ မွန်ပညာရေးဌာန ခေါင်းဆောင်များဟာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးအတွက် မူဝါဒဖွံ့ဖြိုးလာစေဖို့ အစဉ်အဆက် အစိုးရများကို NNER က တိုက်တွန်း လှုံ့ဆော်ခဲ့တယ်။ Thinking Classroom Foundation TCF တည်ထောင်သူ၊ ဆရာအတတ်ပညာ တက္ကသိုလ်အဓိပတိ ပညာရေးပညာရှင်ဆရာကြီး ဒေါက်တာသိန်းလွင်ရဲ့ အကြံပေးမှု၊ လမ်းညွှန်မှုများ၊ နည်းပညာ အကူအညီများနဲ့လည်း မွန်လူထုပညာရေး မူဝါဒတွေကို ရေးဆွဲ ချမှတ်ကြပါတယ်။

ဒီပညာရေး မူဝါဒတွေကို အခြေခံပြီး သင်ရိုးညွှန်းတမ်းနဲ့ ကျောင်းပညာရေးစနစ်ကို ဆက်လက် အကောင်အထည် ဖေါ်ကြတယ်။ TCF က သင်ကြားပေးတဲ့ စဉ်းစားတွေးခေါ်မှုကို မြှင့်တင်တဲ့ RWCT သင်ကြား နည်းလမ်းများကိုလည်း မွန်နည်းပြများဟာ ဆင့်ပွား သင်တန်းတွေ ပေးကြပါတယ်။

ပညာရေးတက္ကသိုလ်၊ စိတ်ပညာပါမောက္ခ (ငြိမ်း) ဆရာကြီးဒေါက်တာသိန်းလွင်၊ နည်းပြဆရာမ ဒေါ်ဥမ္မာတင်၊ CCA နည်းပြဆရာမ မိလေးနွယ်တို့ရဲ့ သင်တန်းများကလည်း မွန်ပညာရေးအရွေ့ကို အရှိန် ရစေခဲ့ပါတယ်။ အရှေ့တိုင်းပညာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာအာကာမိုးသူနဲ့ တက္ကသိုလ်ဆရာများရဲ့ အခါအားလျော်စွာ သင်ကြားရေးမှာ ကူညီပံ့ပိုးမှုတွေကလည်း တက္ကသိုလ်ဝင်တန်း MNEC မွန်ကျောင်းသားများအတွက် ခွန်အားဖြစ်စေတယ်။

မွန်အမျိုးသားပညာရေးကော်မီတီ MNEC က ဦးစီးပြီး တိုင်းရင်းသားအဖွဲ့စုံညီ ပညာရေးစီမီနာ Inter-Ethnic Education Seminar ကိုလည်း ၂၀၁၉ ခုနှစ်မှာ မော်လမြိုင်မြို့မှာ ကျင်းပခဲ့တယ်။ အတွေ့အကြုံများ ဖလှယ်ခွင့် ရရှိကြပြီး ပညာရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေကြတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် NCS-s-EAOs တိုင်းရင်းသားအဖွဲ့များနဲ့လည်း “ဖက်ဒရယ်ပညာရေးနှင့် ငြိမ်းချမ်းရေး” လို ခေါင်းစဉ်တွေမှာ ဦးဆောင်ပါဝင် ဆွေးနွေးခဲ့တယ်။ မွန်ဒေသတွင်း CSOs အရပ်ဖက် လူမှုအဖွဲ့အစည်းများ နဲ့အတူ မွန်ပညာရေးဌာနဟာလည်း ၂၀၃၀ ပညာရေး မဟာဗျူဟာတွေကို ချမှတ် ရေးဆွဲ နိုင်ခဲ့ပါတယ်။

၂၁ ရာစွမ်းရည်တွေထဲက communication ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် collaboration ပူးပေါင်းဆောင်ရွက်ခြင်းတွေကို ကျောင်းသင်ရိုးညွှန်းတမ်း စံနှုန်းတွေမှာ ထည့်သွင်းရင်း မွန်ပညာရေးဌာန MNEC ဟာလည်း ကိုယ်တိုင်ကျင့်ကြံမှုနဲ့ မျိုးဆက်သစ်များကို လမ်းပြ နေခြင်းပါပဲ။

ဖက်ဒရယ်ယူနစ်အတွက် စံပြုစရာ ပြည်နယ်/ လူမျိုးအခြေပြု သင်ရိုးညွှန်းတမ်းစံနှုန်းများအညွှန်းဘောင်

ဒီနေရာ မွန်ပညာရေးဌာနရဲ့ မျှော်မှန်းချက် ကြီးမားတဲ့ သင်ရိုးညွှန်းတမ်းအညွှန်းဘောင် Curriculum Standards Framework (Primary) လုပ်ငန်းစဉ်ကို တင်ပြပါရစေ။ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် လူထုရဲ့ မျှော်လင့်ချက်တွေ ပြင်းထန်နေတဲ့ အခုလိုကာလမှာ မွန်ပညာရေးဌာနရဲ့ သင်ရိုးညွှန်းတမ်းလုပ်ငန်းစဉ်တွေဟာ ဖက်ဒရယ်ယူနစ်တခုရဲ့ အဦးအစ သဖွယ်ပါ။

ကိုယ်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ကို အာမခံရမယ့် ဖက်ဒရယ်နိုင်ငံရေးစနစ်အရ ဖက်ဒရယ်ပညာရေးကို အကောင်အထည် ဖော်ဆောင်ခြင်းလို့လည်း ဆိုနိုင်တယ်။ ဖက်ဒရယ်စံနှုန်းများကို အခြေခံပြီး ဒေသနဲ့ ကိုက်ညီတဲ့ သင်ရိုးစံနှုန်းများကို ဆက်လက် ဖန်တီးတည်ဆောက်ခွင့်၊ စီမံခွင့်ကို ဖက်ဒရယ်ယူနစ်များအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အပ်နှင်းရမှာပဲ ဖြစ်တယ်။

၂၀၁၅-၂၀၁၆ ခုနှစ်များမှာ စတင်ခဲ့တဲ့ မွန်အမျိုးသား သင်ရိုးညွှန်းတမ်းစံနှုန်းများ ပြုစုရေးဆွဲခြင်းလုပ်ငန်းစဉ်မှာ ကျွန်တော်ဟာ Education Consultant တဦးအနေနဲ့ ပါဝင်ဆောင်ရွက်ခွင့် ရရှိခဲ့ပါတယ်။

မွန်ပညာရေးသမားများ၊ နည်းပြများနဲ့အတူ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ထိုင်း၊ အိန္ဒိယနိုင်ငံများ အပါအဝင် စင်္ကာပူ၊ သြစတြေးလျားနဲ့ ဖက်ဒရယ်နိုင်ငံအချို့ရဲ့ သင်ရိုးညွှန်းတမ်း စံနှုန်းများအညွှန်းဘောင်တွေ၊ ပညာရေးမူဝါဒတွေကို စုပေါင်း လေ့လာပြီး မွန်ကလေးများအတွက် သင့်တော်ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်း စံနှုန်းများကို စတင်ပြုစု ရေးဆွဲခဲ့တာပါ။

နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအပါအဝင် မွန်ပညာရေး စစ်တမ်းတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြတယ်။ မွန်ကလေးများရဲ့ ပစ္စုပ္ပုန်နဲ့ အနာဂတ် ရှင်သန်မှုအပေါ် စေ့ငု သုံးသပ်တယ်။

လိုလားအပ်တဲ့ စွမ်းရည်များနဲ့ အနာဂတ် ဘဝ၊ အလုပ်အကိုင်တွေအတွက် ပြင်ဆင်ပေးရမယ့် အသိပညာ၊ ဗဟုသုတတွေ knowledge၊ စွမ်းရည်တွေ skills၊ ခံယူချက်တွေ attitude၊ နဲ့ ကျွမ်းကျင်မှု competencies တွေကို စူးစမ်း ဖော်ထုတ်ကြတယ်။

မိခင်ဘာသာစကားသင်ကြားရေး မူဝါဒတွေကိုလည်း ပြုစုကြတယ်။ ဘာသစကား ၃ မျိုး သင်ကြားရေးအတွက် ဖြစ်တန်ချေတွေကို နိုင်ငံတကာပညာရေး စနစ်များဆီက အတုယူလို့ ပြုစုကြတယ်။

ကျွန်တော်နဲ့အတူ ဘာသာရပ်အလိုက် နည်းပြများနဲ့ အလုပ်အဖွဲ့ငယ်တွေ စုဖွဲ့ပြီး လေ့လာကြပါတယ်။ ကျောင်းသားများအတွက် အနိမ့်ဆုံး စံအားဖြင့် တတ်မြောက်ရမယ့် ဘာသာရပ်အလိုက် Strands စံနှုန်းနယ်ပယ်ကြီးတွေ၊ standards စံနှုန်းတွေနဲ့ indicators အညွှန်းကိန်းတွေကို တည်ဆောက်ပါတယ်။

တနှစ်တာကာလ အချိန်ယူပြီး အလုပ်ရုံ ဆွေးနွေးပွဲ ၅ ကြိမ်လောက် ကျင်းပ ပြုလုပ်ပြီးတဲ့ အခါမှာတော့ စာမျက်နှာ ၂၅၀ ရှိတဲ့ ဖက်ဒရယ်ယူနစ်တခုအတွက် စံနမူနာ တင်ထိုက်ဖွယ်ရာ MTBMLE မိခင်ဘာသာစကား အခြေပြု သင်ရိုးညွန်းတမ်း အညွှန်းဘောင် (မူလတန်းအဆင့်) ကို အောင်မြင်စွာ ပြုစုနိုင်ခဲ့ကြပါတော့တယ်။

ဒီသင်ရိုးညွှန်းတမ်း စံနှုန်းများအညွှန်းဘောင်ကို အခြေခံလို့ နောက်ဆက်တွဲအနေနဲ့ ၂၀၁၇-၂၀၂၂  MNEC စီမံကိန်းကာလများမှာ သင်ရိုးဝင်ဘာသာရပ်တွေအတွက် ပထမတန်းက စတင်လို့ ပဉ္စမတန်းအထိ (အတန်း ၅ တန်းအတွက်) သင်ရိုးမာတိကာများ syllabi နဲ့အတူ MTBMLE ဖတ်စာအုပ် အမျိုးအစားပေါင်း ၈ မျိုး/ ၈ ဘာသာအတွက် ကျောင်းဖတ်စာအုပ် ၄၀ ကို ပြုစုခဲ့ကြပြန်ပါတယ်။

သင်ရိုးဝင်ဘာသာရပ်တွေကတော့ မွန်စာ၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ လူနှင့် လူ့အဖွဲ့အစည်း (ပေါင်းစည်းသင်ရိုး integrated curriculum)၊ အထွေထွေသိပ္ပံ၊ ကျန်းမာရေးနှင့် ကာယပညာ၊ အနုပညာ၊ ဗုဒ္ဓဘာသာတို့ ဖြစ်တယ်။ မြန်မာစာကိုလည်း ပြည်တွင်းဖတ်စာအုပ်အတိုင်း ညှိနှိုင်းပြီးသင်ပေးတယ်။ တနှစ်တာအတွင်း သင်ကြားတဲ့ အချိန်ခွဲဝေမှု time allocation ကိုလည်း စနစ်တကျ/ အချိုးညီ ရေးဆွဲရပါတယ်။

မွန်ပန်းချီဆရာများနဲ့ စာအုပ်ဒီဇိုင်းနာတွေရဲ့ အကူအညီကိုလည်း ရယူပြီး မွန်မှုအနုပညာတွေ၊ မွန်ကလေးငယ်ရဲ့ အနီးစပ်ဆုံး မိသားစုနဲ့ ရပ်ရွာဒေသ ရုပ်ပုံတွေ ရရှိဖို့ အားထုတ်ကြပါတယ်။

မွန်သင်ရိုးညွှန်းတမ်း အလုပ်အဖွဲ့ဝင်တွေဟာ အနီးအဝေး ခရီးထွက်လို့ ပထဝီဘာသာရပ်အတွက် drone camera ဒရုန်းကင်မရာနဲ့ မြင်ကွင်းကျယ် မြို့ရွာ ဓါတ်ပုံတွေကိုလည်း ရိုက်ကူးကြပါတယ်။ မွန်စာသင်ခန်းတွင်း၊ မွန်ရပ်ရွာအတွင်း၊ မွန်ယဉ်ကျေးမှုနဲ့ မွန်ဒေသ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဓါတ်ပုံများကိုလည်း သင်ရိုးနဲ့ ဖတ်စာအုပ်များအတွက် ရိုက်ယူ စုစည်းရတယ်။

၂၁ ရာစု ကျောင်းပညာရေးဟာ ကျယ်ပြန့်နက်ရှိုင်းလို့ လာပါတယ်။ သင်ရိုးညွှန်းတမ်းဆိုင်ရာ စိန်ခေါ်ချက်တွေ တိုးလာတယ်။ သင်စရာတွေ များပြားလာပါတယ်။

နည်းပညာခေတ် ကလေးတွေအတွက် သင်ရိုးညွှန်းတမ်းဟာ ရှုတ်ထွေးနေပါပြီ။ ဘာသာရပ်တွေ ဖေါင်းပွ မနေဘဲ အဓိကအသိပညာ key knowledge နဲ့ အနီးစပ်ဆုံး ရပ်ရွာအကြောင်း၊ ကမ္ဘာကြီး အကြောင်းကို သင်ကြားဖို့ စီစဉ်ရတာဟာ မလွယ်ကူလှပါဘူး။ သတင်းအချက်အလက် နည်းပညာခေတ်မှာ ကလေးတွေကို သင်ကြားဖို့အတွက် ဘာအချက်အလက် တွေက အရေးကြီးပါသလဲ။ ဘယ်လိုသင်ကြားပေးမလဲ။ ဘယ်လို စစ်ဆေးနိုင်မလဲ။

လူနဲ့ လူအဖွဲ့အစည်း Human and Society မူလတန်းဘာသာရပ်ကိုတော့ နယ်ပယ်ကြီး ၇ ခုနဲ့ ဖွဲ့စည်းတည်ဆောက်လို့ integrated curriculum အနေနဲ့ ဆန်းသစ်ထားတာပါ။

မွန်လူ့အဖွဲ့အစည်းအကြောင်း၊ မွန်လူ့အဖွဲ့အစည်းရဲ့ စိန်ခေါ်ချက်များ၊ ပထဝီဝင်၊ ပြည်သူ့နီတိ၊ သမိုင်း၊ စီးပွားရေးပညာ၊ အာဆီယံအကြောင်း၊ စာကြည့်တိုက်နှင့် စာဖတ်ခြင်းစွမ်းရည် တို့ကို စုစည်းပြီး ဘာသာရပ်ကြီး တခုအနေနဲ့ ဖွဲ့စည်းထားတယ်။

 

ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ အနာဂတ်မျှော်လင့်ချက် အားမာန်၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ သင်ခန်းစာ ယူစရာ အနေနဲ့ သမိုင်းဘာသာရပ်ကို ချည်းကပ်ပါတယ်။

အမုန်းတရားတွေ၊ လူမှုပဋိပက္ခတွေ၊ လူမှုရေးအနိဌာရုံတွေကို ကျော်လွှားနိုင်ကြဖို့လည်း သင်ကြားကြ ပါလိမ့်မယ်။ ကျန်းမာရေးနှင့် ကာယပညာမှာတော့ ရိုးရာကစားနည်းများကိုလည်း ထည့်သွင်းကြပါတယ်။ အနုပညာမှာ ပြဇာတ်၊ အက၊ ဂီတနဲ့ ပုံဆွဲခြင်းတို့ကို ထည့်သွင်းထားတယ်။ ဘာသာရပ်တိုင်းမှာ ကလေးရဲ့ ကိုယ်ပိုင်ပရော့ဂျက်တွေ၊ အုပ်စုလုပ်ဆောင်ချက်တွေ၊ ရပ်ရွာအတွင်း စူးစမ်းလေ့လာချက်တွေကို ထည့်သွင်းထားတာဟာ သင်ရိုးညွှန်းတမ်း တန်ဖိုးကို ပိုမို မြင့်တက်စေပါလိမ့်မယ်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံများမှာ သင်ရိုးညွှန်းတမ်းကို နှစ်ကာလ အပိုင်းအခြား (၄/၅ နှစ်တကြိမ်) ပုံမှန်ပဲ ဆန်းသစ် မွမ်းမံကြရပါတယ်။ “ပရော့ဂျက်သင်ခန်းစာ project based learning”, “ကျွမ်းကျင်မှုအခြေပြု သင်ရိုးညွှန်းတမ်း competencies based education”, “thinking classroom တွေးခေါ်စဉ်းစားနေတဲ့ စာသင်ခန်း”, “flipped classroom အိမ်မှာ စာဖတ်/ ကျောင်းမှာစာသင်” နည်းစနစ်များ, ICT based learning အိုင်တီအင်တာနက် ချိတ်ဆက်နိုင်ရေး, မြန်မာစာကို ဒုတိယဘာသာစကား သင်ကြားနည်းလမ်းများ, ထိုင်းဘာသာစကားအခြေခံ သင်ကြားရေး, လူ့အခွင့်အရေး၊ ဂျဲန်ဒါ၊ အသွေးအရောင်စုံပညာရေး GEDSI  နဲ့ “ကိုယ်တိုင်တက်ကြွသင်ယူကြ active learning activities နည်းလမ်း” တွေကို ပိုမို ထည့်သွင်းနိုင်ဖို့အတွက်  ၂၀၂၂ ခုနှစ်မှာတော့ လွန်ခဲ့တဲ့ ၆ နှစ်က ပထမဆုံးအကြိမ် ပြုစုရေးဆွဲခဲ့တဲ့ MNEC သင်ရိုးညွှန်းတမ်း စံနှုန်းများ အညွှန်းဘောင်ကို မွမ်းမံ ပြင်ဆင်ရေးဆွဲ နေကြပါပြီ။

တိုင်းနိုင်ငံတွေကို ဦးစီးဦးဆောင် ပြုခဲ့ကြဖူးသူ ရာဇဝင်ထဲက ရှေးမွန်ဘိုးဘွားတို့ရဲ ဇာတိနဲ့ အစဉ်အလာ မြတ်နိုးဖွယ်ရာ စွမ်းဆောင်ရည်များနဲ့ ၂၁ ရာစု 5Cs စီငါးလုံး စွမ်းရည်တွေကိုလည်း ပေါင်းစပ် ထည့်သွင်းလို့ သင်ရိုးစံနှုန်းကို ပြင်ဆင်နေကြတယ်။

အလယ်တန်း/ အထက်တန်း အဆင့်တွေမှာ မွန်စာနဲ့ မွန်သမိုင်းကို ဆက်လက် သင်ကြားနိုင်ဖို့ရာလည်း သင်ရိုးစံနှုန်းတွေ ဖေါ်ထုတ်ကြပါတယ်။ မွန်သမိုင်းပညာရှင်/ ပညာရေးသမားများ ဖြစ်ကြတဲ့ ဆရာကြီးနိုင်စိုက်လွှိန်း၊ နိုင်အောင်ဂျနိုင်၊ အမေရိကန်က နိုင်စိုက်လွင်၊ ဒိန်းမတ်နိုင်ငံက နိုင်ဘီထော၊ သြစတေးလျားနိုင်ငံက နိုင်ဗညားဟောင်စာတို့ရဲ့ လေ့လာထားမှု များကို မျှဝေကြတာဟာလည်း သင်ရိုးကို ပိုမို ပြီးပြည့်စုံလာစေပါတယ်။

မွန်ပြည်နယ်ပညာရေးမှူး အငြိမ်းစားများ ဖြစ်ကြတဲ့ ဆရာကြီး နိုင်အောင်မောင်း၊ ဦးမျိုးတင့်အောင်၊ နိုင်အောင်တိုးနဲ့ ပညာရေးကောလိပ်ဌာနမှူး ဆရာမကြီး မိမြင့်မြင့်သန်းတို့ရဲ့ ဘဝအတွေ့အကြုံ၊ စေတနာ၊ ဉာဏ်ပညာတို့နဲ့လည်း သင်ရိုးညွှန်းတမ်း၊ ဖတ်စာအုပ်များ၊ ဆရာလမ်းညွှန်များ ပြုစုခြင်းနဲ့ လူထုအမြင်ဖွင့်ခြင်းလုပ်ငန်းတွေမှာ ကူညီပါဝင်ကြပါတယ်။

သင်ရိုးညွှန်းတမ်းစံနှုန်းများ အညွှန်းဘောင်နဲ့အတူ ကျောင်းဖတ်စာအုပ် ၄၀ ကျော်ကို ပြုစု ရေးဆွဲကြတဲ့အပြင် Broad Based Capacity Development BBCD အစီအစဉ်က မိခင်ဘာသာ/ တိုင်းရင်းသားဘာသာ ဖွံ့ဖြိုးရေးအတွက် သူငယ်အဆင့် သင်ရိုးအညွှန်းဘောင်နဲ့ အခြေခံပညာရေး ဘာသာစကားဆိုင်ရာ မူဘောင်တွေ၊ စံနှုန်းတွေနဲ့ မွန်စာနဲ့ ရေးသားပြုစုထားတဲ့ ကလေးများအတွက် မိခင်ဘာသာ ဖတ်စာ ပုံပြင်/ ဗဟုသုတ စာအုပ် ၆၀ ကိုလည်း ထုတ်ဝေကြပါတယ်။

ဆရာအတတ်ပညာရေး အပါအဝင် အခြားသော စီမံချက်များကလည်း ကျောင်းဆရာများနဲ့ စာသင်ကျောင်းများအတွက် လက်စွဲစာအုပ်တွေ၊ သင်ကြားရေး၊ စစ်ဆေးရေးနဲ့ ကျောင်းလုပ်ငန်းစဉ်ဆိုင်ရာ စာအုပ်စာတမ်းတွေကို စဉ်ဆက်မပြတ် ပြုစုရေးသား ထုတ်ဝေနိုင်ကြပါတယ်။

ကျေးဇူးတင်စရာကောင်းတဲ့ မြန်မာ့ပညာရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Myanmar Education Consortium MEC နိုင်ငံတကာ ပညာရေးအကူအညီနဲ့ လူထုအခြေပြုပညာရေးစနစ်ရဲ့ ပေါင်းစပ်မှုကြောင့် ရရှိတဲ့ အောင်မြင်မှုလို့ ဆိုရမယ်။

လုပ်ငန်းခွင်အကြို ဆရာြဖစ်သင်တန်းတွေ၊ လုပ်ငန်းခွင်တွင်း ဆရာမွမ်းမံသင်တန်းတွေ၊ ဆရာ့တတ်ကျွမ်းမှုစံ TCSF အပါအဝင် ခေါင်းစဉ်အလိုက် ပညာရေး အလုပ်ရုံဆွေးနွေးပွဲများနဲ့လည်း အရည်အသွေးတိုးတက်လာဖို့ကို ဖြည့်ဆည်းပေး နေပြီ။

ပညာရေးညီလာခံ​၊ ပညာရေးစီမီနာ၊ မြို့နယ်အဆင့် ပညာရေးဆွေးနွေးပွဲများကိုလည်း ပုံမှန် ကျင်းပနိုင်ပါတယ်။ လူထုရဲ့ ပညာရေး အသိအမြင်တွေ နိုးကြားလာစေဖို့လည်း Awareness Activities တွေ လုပ်ဆောင်ကြပါတယ်။ ပညာရေးရဲ့ မူလအဓိပ္ပါယ်ဖြစ်တဲ့ ဦးဆောင်ဦးရွက်ပြုခြင်းနဲ့ ရှေ့ဆောင်လမ်းပြခြင်းအဓိပ္ပါယ်တွေကို MNEC ဟာ ဖော်ကျူးပြသနေတယ်။

၂၀၂၂ ခုနှစ်မှာတော့ မွန်ပြည်သစ်ပါတီ NMSP ရဲ့ ဗဟိုကော်မီတီဝင်တဦးဖြစ်ပြီး ပညာရေးဌာနကို နှစ်ကာလကြာရှည် ဦးစီးဦးဆောင်နေတဲ့ ဆရာမကြီး မိစာဒါးနဲ့အတူ MNEC ကော်မီတီဝင်များ၊ ပရိုဂရမ်ခေါင်းဆောင်များဖြစ်ကြတဲ့ ဆရာမမိကရက်နွန်၊ ဆရာဇေ၊ ဆရာမမိလှိုင်နွန်၊ ဆရာမမိညီစား၊ နိုင်အိုက်ကွန်း၊ နိုင်တလနွန်၊ ဆရာမမိအိုက်ပွန်း တို့အပါအဝင် BBCD မိခင်ဘာသာစကားဖွံ့ဖြိုးရေး အစီအစဉ်က ဆရာမင်းရော့အောင်မွန်၊ ဆရာမမိစိုက်ပွန်း၊ ဆရာအတတ်ပညာ အစီအစဉ်က ဆရာမမိဂျောစဂျင်း၊ သုတေသနနဲ့ သင်ရိုးညွှန်းတမ်းအစီအစဉ်က ဆရာမမိကျဲရော့နဲ့ ပရော့ဂျက်ဝန်ထမ်းများ၊ မွန်ကျောင်းဆရာ တစ်ထောင်ကျော်တို့ရဲ့ ပညာရေးဆိုင်ရာ ဦိးဆောင်မှုနဲ့ စီမံခန့်ခွဲမှုများနဲ့အတူ ဒီဖက်ခေတ် MNEC ကို လူထုပညာရေး အရွေ့တခုဆီ ဦးတည်ဆောင်ရွက်နေကြတယ်။

ဒေသခံတိုင်းရင်းသားတွေ ကိုယ်တိုင် ဦးဆောင်လို့ ကိုယ့်ဒေသရဲ့ ကလေးများအတွက် ပညာရေးစနစ်ကို တည်ဆောက် နေကြပုံများဟာဖြင့်ရင် မြန်မာ့ဖက်ဒရယ်ပညာရေးအတွက် ရှေ့ဆောင် လမ်းပြကြယ်များပဲဖြစ်တယ်။

အနာဂတ်ကာလ ဖက်ဒရယ်အစိုးရများနဲ့ ပညာရေးသမားများအတွက် ငြိမ်းချမ်းတဲ့ ဖက်ဒရယ်နိုင်ငံရေးစနစ်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးအတွက် “အတုယူစရာ” တပုံတပင်ကို နှစ် ၅၀ မွန်ပညာရေးဌာန အတွေ့အကြုံများက အပ်နှင်းထားခဲ့ပါပြီ။

အခုလို နှစ် ၅၀ ပြည့် ရွှေရတု မင်္ဂလာ အခါသမယမှာ NMSP/ MNEC မွန်ပညာရေးဌာနရဲ့ ၂၁ ရာစု လူထုပညာရေး ခရီးလမ်းမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း အောင်မြင်မှုတွေ ဆက်လက် ရရှိပါစေကြောင်း ဆုတောင်း ဆန္ဒပြုအပ်ပါတယ်။