• Today is: Sunday, January 29, 2023

နွေဦးမှသည် ဖက်ဒရယ်အခြေပြုဦးဆောင်မှုဆီသို့ (စကားဝိုင်း) အနှစ်ချုပ်

နွေဦးမှသည် ဖက်ဒရယ်အခြေပြုဦးဆောင်မှုဆီသို့ (စကားဝိုင်း) အနှစ်ချုပ်
 
(၁) မြန်မာပြည်ရဲ့ နှစ် (၇၀) ကျော်ကြာ ပြည်တွင်းစစ် တောက်လောင်နေတဲ့ အခြေအနေက အဓိက ဘယ်လို အရင်းခံ ပြဿနာကြောင့်လို့ ပြောလို့ရမလဲ။
 
– ဆရာမလွေးပိုးငယ် (ဖက်ဒရယ်အရေးတက်ကြွလှုပ်ရှားသူ၊ WBL)
 
အမျိုးသားတန်းတူရေးကို အလေးမထားဘဲ လူမျိုးကြီးဝါဒကို ကိုင်စွဲပြီး တိုင်းရင်းသားတွေရဲ့ တောင်း ဆိုသံကို နားမထောင်ဘဲနဲ့ အတင်းပေးစားတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် ပြည်တွင်း စစ်ကြီးက ရပ်တန့်သွားမှာ မဟုတ်ပါဘူး။
 
ပြဿနာတွေကို ဖြေရှင်းတယ်ဆိုရင် အမျိုးသားတန်းတူရေးကို အလေးထားပြီးတော့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်ခွင့်တွေကို တပြည်သားလုံးကို ပေးအပ်ဖို့ လိုပါတယ်။
 
၂) စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးဟာ၊ စစ်ကောင်စီက မဲမသမာ မှုကြောင့် အာဏာထိန်းတာလို့ပြောဆိုမှုအပေါ် လက်ခံလို့မရတဲ့အတွက် အတိုက်အခံလုပ်ရတာလို့ဘဲ ပြောရင် လုံလောက်လား။ အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ဘယ်လို အကျိုးဆက်တွေ ဖြစ်သွားစေတယ်လို့ ပြောလို့ရမလဲ။
 
– ဆလိုင်းပီတာထန်း တွဲဖက်အတွင်းရေးမှူး၊ ပြန်ကြားရေး၊ ချင်းလန်းကာကွယ်ရေးပူးတွဲကော်မတီ)
 
လွတ်လပ်ရေးရပြီးနောက် ထွက်ပေါ်လာတဲ့တော်လှန်ရေးကို ပြန်ကြည့်မယ်ဆိုရင် (၁) ပင်လုံစာချုပ်မှာ ပါခွင့်မရခဲ့တဲ့ ကရင်၊ မွန်စတဲ့ တိုင်းရင်းသားတွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်အတွက် တိုက်ခိုက်တဲ့ တော်လှန်ရေး၊ (၂) ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားတွေအနေနဲ့ ပင်လုံ ကတိကဝတ်ကို မတည်ခဲ့တဲ့အတွက် တော်လှန်ရေး (ရှမ်း၊ ချင်း၊ ကချင်)၊ (၃) ဗမာနိုင်ငံရေး ကြား အယူဝါဒမတူညီမှုအပေါ်အခြေခံတဲ့ တော်လှန်ရေး၊ ဆိုပြီးတွေ့ခဲ့ပါတယ်။
 
စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာသိမ်းမှုကို အစပြုခဲ့တာ မဟုတ်ဘဲ ဗမာနိုင်ငံရေးခေါင်းဆောင်တွေက ဖက်ဒရယ်ကို မတည်ဆောက်လိုတဲ့အတွက် စစ်တပ်ကို ကြားခံအာဏာသိမ်းခိုင်းအပေါ် စစ်တပ်က အာဏာအရသာကြိုက်ပြီး ထပ်တလဲလဲ ပြုလုပ်လာတာ ဖြစ်ပါတယ်။
 
လက်ရှိနွေဦးတော်လှန်ရေးဟာ မဲမသမာမှုကို အကြောင်းပြပေမဲ့ အရင်က စစ်အာဏာသိမ်းမှု ဖြစ်စဉ်နဲ့ အလွန်တူတာကြောင့် အာဏာသိမ်းမှုဖြစ်စဉ်မှာ တိုင်းရင်းသားအပါအဝင် လူအများစု ပါဝင်လာကြတာ ဖြစ်ပါတယ်။
 
လက်ရှိအခြေအနေမှာတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြန်အသိအမှတ်ပြုရုံနဲ့တော့ တော်လှန်ရေးဟာ ပြီးသတ်သွားမှာ မဟုတ်ဘဲ အမျိုးသားတန်းတူရေးကို အာမခံပေးနိုင်မဲ့ ဖက်ဒရယ်ရရှိရေးအထိ သွားရမှာ ဖြစ်ပါတယ်။
 
– ကိုဖြိုး (နွေဦးရဲဘော်)
 
လူငယ်တွေအနေနဲ့ အရင်က တိုင်းရင်းသားတွေအနေနဲ့ ဘာကြောင့် အခွင့်အရေးဆုံးရှုံးနေတယ်၊ ကိုယ်တွေမှာ ဘာအခွင့်အရေးတွေ ဆုံးရှုံးနေလဲ ဆိုတာမသိခဲ့ဘူး။
 
မဲမသမာမှုကို အကြောင်းပြုပြီး အာဏာသိမ်းမှုကြောင့် လမ်းပေါ်တက် ဆန္ဒပြခဲ့ပေမဲ့ တော်လှန်ရေး ကာလမှာ လူငယ်တွေ အပါအဝင် ပြည်သူတွေအနေနဲ့ အမျိုးသားတန်းတူရေးတွေ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတာကို သိလာရတယ်။
 
ဒါကြောင့် နွေဦးတော်လှန်ရေးဟာ NUG , NLD ကို အာဏာပြန်လွဲပေးရုံနဲ့ ပြီးပြတ်သွားမှာ မဟုတ်ဘဲ အမျိုးသားတန်းတူရေးနဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိမဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ အတွက် ဆက်ပြီး ကြိုးပမ်းသွားမှာ ဖြစ်တယ်။
 
(၂) ဗမာမဟုတ်တဲ့ တိုင်းရင်းသားအင်အားစုတွေ ပြောလာတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဟာ နွေဦးတော်လှန်ရေးဖြစ်လာတော့ အခုဆို အညာ ဒေသ အပါအဝင် တတိုင်းပြည်လုံး ကြွေးကြော်ပြောဆိုနေကြပြီလို့ မြင်ရတယ်။ နွေဦးတော် လှန်ရေးနဲ့ ဖက်ဒရယ်စနစ် ဘယ်လို ဆက်စပ်နေလဲ။
 
– ဗိုလ်နဂါး (ဦးဆောင်သူ၊ မြန်မာ့တော်ဝင်နဂါးတပ်တော်)
 
မြန်မာပြည်ဟာ တိုင်းရင်းသားတွေ အားလုံးအတူနေကြတဲ့ ပြည်နယ်လည်း ဖြစ်တယ်။ လက်ရှိ တော်လှန်ရေးကြောင့် အညာဒေသတစ်ခုလုံးဟာ စစ်တလင်းဖြစ်ပြီး ပြာပုံရောက်နေရတာကို အားလုံး အသိဘဲ ဖြစ်ပါတယ်။ အညာဒေသမှာ တော်လှန်ရေးပြုလုပ်ရတာဟာ အလွန်ကို ခက်ခဲပါတယ်။
 
ပြည်တွင်းစစ်ကြောင့် တိုင်းပြည်မှာ ရှိတဲ့ သယံဇာတတွေဟာ ပျက်စီးသွားခဲ့ရတယ်။
 
နိုင်ငံတော်တည်ဆောက်ရေးတွေလည်း မလုပ်နိုင်နဲ့ တိုင်းပြည်ဟာ ဆင်းရဲနေကြရတယ်။
(၃) နွေဦးတော်လှန်ရေးနှင့်တူ Dejure / De facto ပေါင်းစပ်ထားတဲ့ တော်လှန်ရေးအစိုးရ ဖြစ်တဲ့ NUG ပေါ်လာတယ်။ NUG က ပိုအားကောင်းလာအောင် ဘာတွေပြုပြင်သင့်သလဲ၊ ဘယ်လိုဝိုင်းဝန်း ပံ့ပိုးသင့်သလဲ။
 
– ဆရာမလွေးပိုးငယ် (ဖက်ဒရယ်အရေးတက်ကြွလှုပ်ရှားသူ၊ WBL)
 
ဖက်ဒရယ်စနစ်အရ Dejure / De facto ကိုအခြေခံတဲ့ အစိုးရကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ချင်းပြည်နယ်မှာ ရှိသော ပြည်သူလူထုသည် မူလပိုင်ရှင်ဖြစ်သည်။ ဒါကြောင့် ပြည်သူလူထုကို အခြေခံပြီး ပြည်နယ်အစိုးရကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။
 
အပေါ်ကနေ လာပြီး ဖွဲ့စည်းပေးလို့ မရပါဘူး။ အနိုင်ရပါတီတွေ ပြည်ထောင်စုတွေက ပြည်နယ်အရေးကို ဝင်ရောက်စွက်ဖက်လို့ မရပါဘူး။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးစတဲ့ ရေးရာတွေမှာ ခွဲခြားဆက်ဆံမှုမရှိတဲ့ လူ့အသိုင်းအဝိုင်းကို တည်ဆောက်ရပါမယ်။ ခွဲခြားဆက်ဆံခြင်းကို ကာကွယ်ဖို့အတွက် ဥပဒေကို လိုအပ်ပါတယ်။
 
တဖက်မှာလည်း မိမိတို့ လိုချင်တဲ့ တိုင်းရင်းသားလူမျိုးအားလုံးပါဝင်တဲ့ ဖက်ဒရယ်အစိုးရကို တည်ဆောက်နိုင်ဖို့ လိုပါတယ်။ ပြုပြင်အောင်လည်း ဝိုင်းဝန်းပြီး ဝေဖန်ထောက်ပြဖို့ လိုပါတယ်။
 
(၄) နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး ပြောရင် NUG က တာဝန်အရှိဆုံးလို့ နားလည်ပါတယ်။ ဆိုတော့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကိုင် တပ်ဖွဲ့ တွေဖြစ်တော့ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းကျင့်ဝတ်နဲ့အတူ NUG အနေနဲ့ ဘယ်လိုစည်းနှောင်အား ကောင်း ကောင်းနဲ့ ပံ့ပိုး ဦးဆောင် ထိန်းသိမ်းဖို့ လိုမလဲ။
 
– ဆလိုင်းပီတာထန်း (တွဲဖက်အတွင်းရေးမှူး၊ ပြန်ကြားရေး၊ ချင်းလန်းကာကွယ်ရေးပူးတွဲကော်မတီ)
 
တော်လှန်ရေးအစပိုင်းမှာ ဖက်ဒရယ်အာမီကို တည်ဆောက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး မျှော်လင့် ချက်တွေ ရှိပါတယ်။ ဖွဲ့ဖြစ်တဲ့အချိန်မှာတော့ PDF တွေ ထွက်လာတာပေါ့နော်။ တနည်းပြော ရမယ်ဆိုရင် NUG ရဲ့ PDF ဟာ ဗမာတပ်မတော်အဖြစ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။
 
ဘာကြောင့်လည်းဆိုတော့ တိုင်းရင်းသား အသီးသီးမှာ အမျိုးသားရေးအခြေပြုတပ်တွေ ရှိပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ဖက်ဒရယ်အာမီကို တည်ထောင်ဖို့ အကောင်းဆုံးအချိန်ပါ။
 
လက်ရှိ စစ်ကောင်စီ တပ်ကို လုံးဝလက်ခံလို့ မရတော့ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးကို ပြုလုပ်တဲ့ အချိန်မှာလည်း လက်နက်ကိုင်စည်းကမ်းတွေကို မဖြစ်မနေ လိုက်နာဖို့ လိုပါတယ်။
 
(၅) လက်နက်ကိုင်တော်လှန်ရေးကာလမှာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ဘယ်လို လုပ်ဆောင်သင့်ပါသလဲ။
 
– ကိုဖြိုး (နွေဦးတော်လှန်ရေးရဲဘော်)
 
တော်လှန်ရေးရဲဘော်တွေအနေနဲ့ လက်နက်ကိုင်စည်းမျဉ်းတွေကို လိုက်နာဖို့၊ အမိန့်နာခံမှု အားကောင်း ဖို့လိုအပ်ပါတယ်။ ထိုအတွက် NUG နဲ့ EAO ခေါင်းဆောင်တွေအနေနဲ့ မြေပြင်ကွပ်ကဲရေးကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။
 
– ဗိုလ်နဂါး (ဦးဆောင်သူ၊ မြန်မာ့တော်ဝင်နဂါးတပ်တော်)
 
လက်ရှိရန်သူဟာ တချိန်က ဗမာပြည်လွတ်မြောက်ရေးကို တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်မတော်ကနေ အဆင့်ဆင့် ပေါက်ပွားလာတာဖြစ်ပါတယ်။ အချိန်ကြာလာတဲ့အမျှ အာဏာအလွဲသုံးစားမှုတွေ ဖြစ်လာပြီးတော့ လက်နက်ကို အားကိုးပြီး နိုင်ငံရေးကို ဗိုလ်ကျဖို့ ကြိုးစားကြသည်။
 
လက်နက်ကိုင်သူတွေအနေနဲ့ နိုင်ငံရေးကို ပိုသိမှသာ တိုင်းပြည်ကို ချစ်တဲ့စိတ်၊ စည်းမျဉ်းကို လိုက်နာတဲ့စိတ်နဲ့ အလွဲသုံးစားမလုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးရဲဘော်တွေအနေနဲ့ နိုင်ငံရေးအသိ ပိုရှိဖို့ လိုပါတယ်။ ထိုအတွက်လည်း ကြိုးပမ်းဖို့ လိုပါတယ်။
 
(၆) လက်ရှိ နိုင်ငံရေးအရ ဦးဆောင်သူတွေအနေနဲ့ ဘယ်လိုအရည်အချင်းမျိုးတွေ ရှိဖို့လိုသလဲ။ နွေဦး တော်လှန် ရေးအပေါ်မှာရော ဘယ်လို တာဝန်ယူဖို့ လိုသလဲ။
 
– ဗိုလ်နဂါး (ဦးဆောင်သူ၊ မြန်မာ့တော်ဝင်နဂါးတပ်တော်)
 
လက်ရှိခေါင်းဆောင်တွေအနေနဲ့ အားလုံးတန်းတူညီမျှမှုနဲ့ ခွဲခြားဆက်ဆံမှုမရှိတဲ့ ဖက်ဒရယ်ပြည်ထောင် စုကို တည်ဆောက်ဖို့ လိုပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန်ဖက်ဒရယ်ဆိုပြီးတော့ အတုအယောင်ဖက်ဒရယ်ကို လုံးဝလက်မခံနိုင်ပါဘူး။
 
မကြာခင် စစ်ကောင်စီက ပြုလုပ်မဲ့ တရားမဝင်ရွေးကောက်ပွဲကို ဝင်ရောက်မယှဉ်ပြိုင်ဖို့၊ မဲမထည့်ဖို့နဲ့ ဆန့်ကျင်ကန့်ကွက်ဖို့ လိုအပ်ပါတယ်။
 
ကြားကာလမှာလည်း ဖက်ဒရယ်စနစ်တည်ဆောက်နိုင်မဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံနိုင်မဲ့ စာချုပ်၊ အခြေခံဥပဒေတွေကို စတင်ထားဖို့ လိုပါတယ်။ တော်လှန်ရေးမှာ မျှော်လင့် ချက်အလွဲအမှားတွေ မပေးဘဲ တော်လှန်ရေးကို အဆုံးအထိ သွားနိုင်ဖို့ လိုပါတယ်။
 
(၇) ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်ရင် နွေဦးတော်လှန်ရေး အောင်မြင်တယ်လို့ ပြောလို့ ရနိုင်မလား။ အဲဒီအခြေအနေက မြန်မာပြည်ကို ဘယ်လိုတက်ရောက်မှုမျိုး ဖြစ်သွားစေနိုင်မလဲ။
 
– ဆလိုင်းပီတာထန်း (တွဲဖက်အတွင်းရေးမှူး၊ ပြန်ကြားရေး၊ ချင်းလန်းကာကွယ်ရေးပူးတွဲကော်မတီ)
 
တော်လှန်ရေးနှင့် အချုပ်အခြာအာဏာအတွက် အရေးကြီးဆုံးက ပြည်သူတွေပါ။ ပြည်သူတွေ ကိုယ်တိုင်ပါဝင်လာတဲ့ ဖက်ဒရယ်ကိုတည်ဆောက်ရမှာ ဖြစ်ပါတယ်။ အကယ်လို့ တော်လှန်ရေးကို
 
မအောင်မြင်ဘူးဆိုရင် နောက်ဆုံးအရင်းခံက ပြည်သူတစ်ရပ်လုံး မပါဝင်လာခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအားလုံး နိုင်ငံရေးအံတုမှုတွေ ကြံ့ကြံ့ခိုင်ဖို့ လိုပါတယ်။
 
တော်လှန်ရေးမအောင်မြင်ဘူးဆိုရင် တိုင်းပြည်ကြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်ရုံသာမကဘဲ ပြည်တွင်းစစ်ကြီး မီးပိုတောက်လာပါလိမ့်မယ်။
 
(၅) နောက်ဆုံး ဖြည့်စွက်ချက်အနေနဲ့ နွေဦးမှသည် ဖက်ဒရယ်အခြေပြုဦးဆောင်မှုဆီသို့ ဆိုသည့် အတိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး အဆုံးသတ် ပန်းတိုင်က ဘယ်လိုဖြစ်သင့် သလဲ။
 
-ကိုဖြိုး (နွေဦးတော်လှန်ရေးရဲဘော်)
 
စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကြီးကို မတည်ဆောက်နိုင်ဘူးဆိုရင် ခေတ်အဆက်ဆက် တော်လှ န်ရေးနဲ့ နွေဦးတော်လှန်ရေးကြီးဟာ အလဟဿ ဖြစ်သွားမှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကြောင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တော်လှန်ရေးတိုက်ပွဲကြီးလမ်းပေါ်ကို ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဘီးတပတ်လည်နေတဲ့ တော်လှန်ရေးသမိုင်းကြီးကို အဆုံးသတ်ဖို့ လိုပါတယ်။
 
– ဗိုလ်နဂါး (ဦးဆောင်သူ၊ မြန်မာ့တော်ဝင်နဂါးတပ်တော်)
 
ဖက်ဒရယ်မရှိလို့ ပြည်တွင်းစစ်တွေ အဆုံးမသတ်နိုင်ဘူး၊ စစ်အာဏာရှင်စနစ်တွေကို အဆုံးမသတ် နိုင်ဘူး။ လက်ရှိမှာ ပြည်သူတွေအားလုံး သိနေပြီဆိုပေမဲ့ နှလုံးသားထဲမှာအထိ တည်ရှိနေဖို့လိုပါတယ်။ မှန်ကန်တဲ့အသိတရား၊ မျှတတဲ့စိတ်ထား၊ ရိုးရှင်းတဲ့ နည်းလမ်းများကို ခေါင်းဆောင်တွေရော ပြည်သူ တွေရော ရှိပြီး ကြံ့ကြံ့ခိုင်ဖို့ လိုပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ အားလုံးအင်တိုက်အားတိုက် တိုက်ပွဲဝင်ဖို့ လိုပါတယ်။