• Today is: Friday, March 29, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 92, December 23, 2022)

 

၁။ အဖမ်းဆီးခံ ခရစ်ယာန်ဘာသာသနာ့ဝန်ဆောင် ဆရာတော်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ICNCC တောင်းဆို
December 22, 2022

စစ်ကောင်စီက တရားစွဲ ဖမ်းဆီးထားတဲ့ ခရစ်ယာန်ဘာသာသနာ့ဝန်ဆောင် ဆရာတော်များကို ခြွမ်းချက်မရှိအမြန်ဆုံး လွှတ်ပေးဖို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)က ဒီဇင်ဘာလ (၂၂)ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ဒီဇင်ဘာလ (၅) ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ဥက္ကဌဟောင်း ဖြစ်တဲ့ သိက္ခာတော်ရ ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန် ကို စစ်ကောင်စီက ဖမ်းဆီးပြီး တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ အပေါ်နဲ့ မန္တလေးမြို့က ချင်း လူမျိုးသင်းအုပ်ဆရာဖြစ်သူ သိက္ခာတော်ရ ဆရာသျှန်းလျန်ဆန်း တို့ကို ရရာပုဒ်မနဲ့ တရားရုံးက ပြစ်ဒဏ်ချမှတ်နေခြင်းဟာ ဖိနှိပ် ချုပ်ချယ်ဖို့ ကြိုးစားနေတဲ့လုပ်ရပ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့က သင်းအုပ်ဆရာဖြစ်သူ သိက္ခာတော်ရ ဆရာသျှန်းလျန်ဆန်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တင်ဘာ လ (၁၆) ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်ပြီး တရားစွဲဆိုကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် စုစုပေါင်း(၂၃) နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ အနေနဲ့ ဖိနှိပ်ခံပြည်သူ တွေနဲ့ ရပ်တည်ကြောင်းနဲ့ စစ်မှန်တဲ့ ခရစ်ယာန်ခေါင်းဆောင်မှုကို ပြသကြတဲ့ ခရစ်ယာန်ဘာသာ သနာ့ဝန်ဆောင် ဆရာတော်တွေကို ဖမ်းဆီး၊ အကျည်းချခြင်းကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတဲ့ အကြောင်းနဲ့ အမြန်ဆုံးလွှတ်ပေးရန်ကို အလေးအနက် တောင်းဆိုတဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fbid=541976851297984&set=pcb.54 1977484631254

၂၊ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်အောင်မြင်ရေး စည်းလုံးညီညွတ်စွာကြိုးပမ်းအားထုတ်ရန် ကေအန်ယူ ခေါင်းဆောင် တိုက်တွန်း
December 22, 2022

နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် ပြီးပြည့်စုံစေဖို့အတွက် ကရင်အမျိုးသားအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်း အပြင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး တခုတည်းသော ကရင်အမျိုးသား အလံအောက်မှာ တခုတည်းသော ရည်မှန်းချက် ပန်းတိုင်နဲ့ စည်းစည်းလုံးလုံး ကြိုးပမ်းအားထုတ်ကြဖို့လည်း ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖို့က တိုက်တွန်း လိုက်ပါတယ်။ ကရင်အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ အနာဂတ် အားမာန်တက်ကြွ စေဖို့အတွက် အာဏာရှင်ရဲ့ မတော် မတရားမှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတဲ့ ကရင်အမျိုးသား၊ ပြည်သူလူထု တရပ်လုံးအပြင် ကရင့်အမျိုးသားတော်လှန်ရေးကို ဦးဆောင်နေ ကြတဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေ၊ စစ်သည်တော်တွေ အားမာန်အပြည့်နဲ့ သတ္တိရှိရှိကြိုးပမ်းအားထုတ်ကြဖို့လည်း တိုက် တွန်းပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်မှာကျရောက်တဲ့ ၂၇၆၂ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ ပေးပို့တဲ့ ကေအန်ယူ ဥက္ကဋ္ဌရဲ့ သဝဏ်လွှာ မှာ အခုလို တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပြီး ကရင်အမျိုးသားတွေဟာ ဖိနှိအမှုအမျိုးမျိုးမှ ကင်းဝေးပြီး လွတ်လပ်မှုအပြင် ခေတ်နဲ့အညီ လျှော်ညီတဲ့ လူနေမှုအဆင့်အတန်း၊ အသိပညာ၊ အတတ်ပညာ၊ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်တဲ့ လူမှုအဘဝကို ပိုင်ဆိုင်နိုင်ဖို့ ခေါင်းဆောင်တွေကအခု နှစ်ပေါင်း ၇၀ ထိတိုင် ကြိုးပမ်းနေကြောင်း ဖော်ပြပါတယ်။ ဒီအမျိုးသားရေး ကြိုးပမ်းမှုမှ အားနည်းချက်တွေများစွာရှိပြီး အကြီးမားဆုံး သောအားနည်းချက်ဟာ သင်းကွဲမှုနဲ့ စည်းလုံးညီညွတ်မှုအားနည်းခြင်းကြောင့် ဖြစ်တယ်လို့ ထောက်ပြပြော ဆိုထားပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ အားမလျှော့ဘဲ အားကောင်းပြီး ပိုမိုကောင်းမွန်တဲ့ စုစည်းမှုနဲ့ အရှိန်အဟုန် မြင်တင်ပြီး ကြိုးစား အားထုတ်ကြဖို့နဲ့ လူမျိုးတိုင်း၊ ပြည်နယ်တိုင်း တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိနိုင်ဖို့ အဲဒီအခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အတိအလင်းပြဋ္ဌာန်းထားဖို့မဆုတ်မနစ် ဆက်လက်ကြိုးပမ်းအားထုတ်ကြရမယ်လို့ တိုက်တွန်းထား ပါတယ်။ ကရင် နှစ်သစ်ကူးနေ့မှာ အမှောင်ကိုပယ်ခွင်းမယ့် မီးရှုးတန်ဆောင်အဖြစ် ထွန်းညှိရင်း ဘဝတူညီနောင် တိုင်းရင်းသားတွေနဲ့ လက်တွဲ ကာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ လူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်း ရေး စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားမယ်လို့ ယုံကြည်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ၂၇၆၂ ခုနှစ် ကရင်နှစ်ကူးနေ့ကို ကြိုဆို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာပြည်တွင်း ကရင်အမျိုးသားရှိရာ နေရာတွေမှာ နှစ်သစ်ကူးပွဲတွေကျင်းပကြသလို ထိုင်းနိုင်ငံမှာလည်း ကရင်အမျိုးသားတွေ ကရင်နှစ်သစ်ကူးနေ့ကို စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ http://burmese.dvb.no/archives/570026

၃။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြပြီး တပ်ဆုတ်ခိုင်းခြင်း လက်မခံဟု SSPP ပြောဆို
December 22, 2022

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရှိ ဆနင်းနှင့် ဖောင်းဆိုင်ဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်မည် ကို အကြောင်းပြပြီး အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် တပ်များကို ဆုတ်ခွာပေးရန် စစ်ကောင်စီ၏ တောင်းဆိုမှု ကို လက်မခံ ကြောင်း SSPP/SSA က တုံ့ပြန်ပြောဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်တွင် စစ်ကောင်စီ၏ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ စရဖ (ခိုလမ်မြို့မှ ရလခ) က ဆနင်းနှင့် ဖောင်းဆိုင် ဒေသအတွင်း နယ်မြေရှင်းလင်း ရေး နှင့် မူးယစ်ဆေးဝါး တိုက်ဖျက် ရေးလုပ်ဆောင်မည်ဟု ဆိုကာ SSPP/SSA တပ်များကို ဆုတ်ခွာရန် စာပို့ညွှန်ကြားလာခြင်းဖြစ်သည်။ ယင်းကဲ့သို့ စာပို့ညွှန်ကြား ခြင်းသည် နည်းစနစ် မကျကြောင်း နှင့် SSPP တပ်ဖွဲ့ အနေဖြင့်လည်း အသိအမှတ် မပြုကြောင်း တပ်ဖွဲ့၏ ပြောရေးဆို ခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆု ကပြောသည်။ “ကျနော်တို့ တပ်ဖွဲ့ဆုတ်ဖို့ ခိုလမ်တပ် စရဖ ကနေတစ်ဆင့် စာတိုနဲ့ပဲ တံဆိပ် တုံးမရှိ လက်မှတ်မရှိဘဲ ပို့လာတာ၊ ဆနင်းဘက်မှာ ဘိန်းစိုက်ခင်းတွေ ရှိနေလို့ ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးဖို့ကို အကြောင်းပြပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လုပ်ရမှာမို့ ကျနော်တို့ တပ်ကို ဆုတ်ခွာခိုင်းရတယ်ပေါ့၊ ဒါပေမဲ့ ဒီကိစ္စမှာ ကျနော်တို့ ဘက်က အသိအမှတ်မပြုဘူး၊ သူတို့ စာရေးလာတာကလည်း နည်းစနစ်မကျဘူးလေ”ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

စစ်ကောင်စီသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအကြောင်းပြကာ ဆနင်းနှင့် ဖောင်းဆိုင်ဒေသအတွင်း နယ်မြေစိုးမိုး ရေး လုပ်ဆောင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး အဆိုပါ နယ်မြေအတွင်းသည် အာဏာသိမ်းမှု မဖြစ်မီကပင် ဒေသခံများက အခြားသီး နှံ စိုက်ပျိုးမရသဖြင့် ဘိန်းစိုက်ပျိုးမှုများ ရှိကြောင်း SSPP က ပြောသည်။ “ဒီ ဘိန်းစိုက်ခင်းတွေကလည်း အရင်ကတည်းက ဒီဒေသက ပြည်သူတွေရဲ့ ဝမ်းရေးအတွက် လုပ်ကိုင်လာကြတာ ဖြစ်တယ်။ ဒါကြောင့်မို့ အခုလို စစ်အင်အား နဲ့ ပြည်သူတွေရဲ့ လုပ်ကိုင်စားသောက်ရေးကို ဖျက်ဆီးတာထက် ဘိန်းအစားထိုး ဘာရှိမလဲ၊ ပညာပေးတွေ၊ မျိုးစေ့တွေ ၊ လုပ်ကိုင်စားသောက်နိုင်ဖို့ အခွင့်အလမ်းတွေ ဈေးကွက်တွေကို စီစဥ်ပေးမှသာ ဘိန်းစိုက်ခင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်မယ်ဆိုလည်း လုပ်ပေါ့” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လအတွင်းတွင်လည်း ဆနင်းဒေသရှိ SSPP တပ် များအား ဆုတ်ပေးရန် တောင်းဆို ခဲ့သေးသည်။ “သူတို့ဘက် ပေးပို့လာတဲ့စာက လက်မှတ်မရှိ တံဆိပ်တုံး မရှိနဲ့မို့ ကျနော်တို့ ဘက်လည်း ဘာမှ တုံ့ပြန်ဖို့ မရှိဘူး။ သူတို့ဘက်က စစ်ရေးနဲ့ ဝင်လာမယ်ဆိုရင်လည်း ထိတွေ့တိုက်ပွဲက ပြင်းမှာပဲ၊ ကျနော်တို့ အနေနဲ့ ဆုတ်ခွာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး၊ အခုချိန်ထိလည်း ကျနော်တို့နဲ့ သူတို့ (စကစ) ကြားမှာ ဘာမှ ပြောဆို ညှိနှိုင်းမှုလည်း ရှိမနေဘူး” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။ သျှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် များဖြစ်သည့် နားရိုင်း ပြည်သူ့စစ်၊ S သုံးလုံး (မဟာဂျာ) ပြည်သူ့စစ် နှင့် မတ်ကျန်း ပြည်သူ့စစ် စသည့် အဖွဲ့များသည် မူးယစ် ဆေးဝါး ထုတ်လုပ်မှုများ နှင့် ပတ်သက်ဆက်နွယ်နေသော်လည်း စစ်ကောင်စီ ဘက်က အရေးယူ နှိမ်နင်းမှု မရှိပေ။ https://b urmese.shannews.org/archives/32171

၄။ မဟာမုနိ စစ်ဘေးရှောင်စခန်းကို သေနတ်ပစ်ဖောက် ဝင်ရောက် ရှာဖွေ
December 22, 2022

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က မဟာမုနိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၀ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် သေနတ်ပစ်ဖောက် ဝင်ရောက်ရှာဖွေခဲ့သည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ မဟာမုနိ တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်က ၎င်းတို့ တပ်သားတစ်ဦးပျောက်ဆုံးသွားသည်ဟု ဆိုကာ သေနတ် ပစ်ဖောက် ဝင်ရောက် ရှာဖွေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ” သူတို့မှာ တပ်ဖွဲ့ဝင် တစ်ယောက် ပျောက်သွား တယ်လို့ပြောတယ်။ သူတို့က ဘုရားမှာ တပ်ဆွဲထားတာလေ။ အဲ့တော့ ဘုရားပေါ်ကနေ သေနတ်တစ်ချက် နှစ်ချက်ပစ်တယ်။ နောက်ပြီး စစ်ရှောင်စခန်းထဲကို ဝင်စစ်ဆေးတယ် ” ဟု ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းတွင်းသို့ ၁နာရီခန့်ကြာ တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်ရှာဖွေပြီးနောက် ည ၁၁ နာရီခန့်မှ ပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံတစ်ဦးက ပြော သည်။ စခန်းအတွင်းမဝင်ခင် သေနတ် ၂ ချက် ပစ်ဖောက်ခဲ့ပြီး ရှာဖွေနေစဉ်အတွင်းလည်း ထပ်မံပစ်ခတ်ခဲ့သည်ဟု စစ်ဘေး ရှောင်ကူညီသူများ ကပြောသည်။ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ” သူတို့ရှာဖွေတဲ့အချိန် လူတွေကို ဖမ်းစီးအနှောင့်အယှတ် ပေးတာတော့မရှိဘူး။ နည်းနည်းတော့ ကြောက်လန့်သွားတာပေါ့။ ကျန်တာတော့ဘာမှ မဖြစ်ဘူး။ သူတို့ရှာပြီး ပြန်ထွက်သွား ကြတယ် ” ဟု ပြောသည်။

ယင်းသို့ ညအချိန်မတော် လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်ရှာဖွေခဲ့မှုများကြောင့် စစ်ဘေးရှောင်များ လုံခြုံရေး စိုးရိမ် နေကြသည်။ မဟာမုနိဘုရားပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မကြာခဏသေနတ် ပစ်ဖောက် လေ့ရှိပြီး ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ ည ၈နာရီခန့်ကလည်း စစ်ဘေးရှောင်စခန်း ပတ်လည်သို့ ဆက်တိုက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ၂ဝ၁၈ ခုနှစ်ကတည်းက ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရ သည့် မဟာမုနိစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၄၀၀ နီးပါး နှင့် လူဦးရေ ၁၆ဝဝ ကျော်ရှိသည်။ https://www.facebook. com/thanlwinkhetnews/photos/a.213591732406733/1628326447599914/

၅။ ဖရူဆိုမြို့ ဆိုသယ်ဒုက္ခသည်စခန်းမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံနေရ
December 22, 2022

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းက လူဦးရေ ၁၇၀၀ လောက်နေထိုင်တဲ့ ဆိုသယ် စစ်ဘေးဒုက္ခသည်စခန်းမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အဲဒီဒုက္ခ သည် စခန်းဟာ ရေရှားပါးတဲ့ တောင်ကုန်းတွေပေါ်မှာ တည်ရှိပြီး ဖရူဆိုဘက်က ပိုက်နဲ့ လာတဲ့ရေကို အဓိက အားထားကြရတာ ဖြစ်ပါတယ်။ ရေပိုက် ပျက်ဆီးတာတွေရှိတဲ့အတွက် ဒီဇင်ဘာလဆန်းပိုင်းကစလို့ ဒုက္ခသည်စခန်းကို ရေမရောက်ဘဲ ဖြစ်နေတာ လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။ “အဲဒီနေရာ တွေက အရင်တုန်းကတည်းက ရေက ရှားတာပေါ့နော်။ ရေရှားတယ်ဆိုပေမယ့် အရင်တုန်းက ကိုယ့်ရွာနဲ့ကိုယ်ဆိုတော့ ကိုယ့်ရေတွင်းနဲ့ ရေစုကန်နဲ့ဆိုတော့ အဆင်ပြေ တယ်ပေါ့။ အခုတော့ စစ်ဘေးရှောင်တွေက တောင်ပေါ်ဘက်ကို တက်သွားတာပေါ့နော်။ သူတို့အတွက် လုံခြုံတယ် ဆိုပေမယ့် ရေက အတော်လေးရှားတာပေါ့” သောက်သုံးရေရရှိဖို့ အတွက် နာရီနဲ့ ကြာအောင် သွားရောက်သယ်ဆောင်ကြရပြီး မူလကတည်း က ရေအရင်း အမြစ် ရှားတဲ့ဒေသဖြစ်လို့ လိုသလောက်မရဘဲ အကန့်အသတ်နဲ့ သာသုံးနေကြရတယ်လို့လည်း သူက ဆိုပါတယ်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့သူ ရှစ်သောင်းလောက်ရှိပြီး အများစုက ဖရူဆို အရှေ့ဘက်နဲ့ အနောက်ဘက်က တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ ဖရူဆိုအနောက်ဘက် ခြမ်းက ဒုက္ခသည်စခန်းတွေဟာ တောင်ပေါ်မှာရှိတာကြောင့် သောက်သုံးရေ အခက်အခဲကို အဓိကရင်ဆိုင်နေကြရတယ်လို့ ဖရူဆိုမြို့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေ လိုက်လံ လုပ်ကိုင်နေသူတစ်ဦးက ပြောပါ တယ်။ အရင်နှစ်တွေကတော့ အဲဒီဒုက္ခသည်စခန်းတွေအတွက် အလှူရှင်တွေက သောက်သုံးရေ လာရောက်လှူဒါန်းတာရှိ ပေမယ့် ဒီနှစ်မှာတော့ တိုက်ပွဲတွေပြင်းထန်တာကြောင့် သောက်သုံးရေ အလှူရှင်တွေ မလာနိုင်မှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ညွှန်ကြားရေးမှူး ကိုဗညားကတော့ လက်ရှိ စစ်ဘေးဒုက္ခသည် စခန်း တွေမှာ သောက်သုံးရေဖူလုံရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို စတင်လုပ်ကိုင်နေပြီလို့ ဆိုပါတယ်။ ကယားပြည်နယ် အတွင်း မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာနေရတဲ့ ဒုက္ခသည် နှစ်သိန်းဝန်းကျင်ရှိနေပြီး အများစုက ဖရူဆိုမြို့နယ် မှာ နေထိုင်ကြတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ https://www.facebook.com/rfabur

၆။ နှစ်သစ်ကူးနေ့ကို ကရင်ပြည်သူတွေ ဘေးကင်းလုံခြုံမှုမရှိဘဲ ဖြတ်သန်းနေရကြောင်း NUG ပြော
December 22, 2022

ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်မှုနဲ့ဖြတ်သန်းနေရတဲ့အပေါ် ဝမ်းနည်းရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပြန်ပါ တယ်။ ကရင် နှစ်သစ်ကူးနေ့အတွက် NUG က သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပြီး အဲဒီသဝဏ်လွှာထဲမှာ ဖော်ပြထားတာပါ။ ဒီလိုနှစ်သစ်ကူး အချိန် အခါဟာ ကရင်လူမျိုးတို့အတွက် ပွဲလမ်းသဘင်ကျင်းပရမယ့် ကာလဖြစ်ပေမယ့် စစ်ကောင်စီရဲ့ ဖိနှိပ်ချယ်လှယ်မှုတွေကြောင့် ကရင်နှစ်သစ်ကူးကို ဘေးကင်းလုံခြုံမှုမရှိဘဲ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ ဖြတ်သန်းနေကြရတယ်လို့ NUG က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ကရင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေကြောင့် စစ်ဘေးဒဏ်ကျရောက်နေတဲ့အပေါ် စာနာကြောင်း ဒီနေ့မှာပဲ ထုတ်ပြန်ပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲအတား အဆီးတွေကိုလည်း နှစ်ပေါင်းများစွာ အတွေ့အကြုံပြည့်ဝနေတဲ့ ကရင်ခေါင်းဆောင်းတွေရဲ့ ဦးဆောင်မှုနဲ့ ကျော်လွှားနိုင်ဖို့ ယုံကြည်တယ်လို့လည်း NLD က ဆိုပါတယ်။ ကရင်ပြည်သူတွေအပါဝင် ပြည်သူတစ်ရပ်လုံး ဖိနှိပ်ချုပ်ချယ်မှုတွေကနေ လွတ်မြောက်နိုင်ဖို့ ဆုတောင်းနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌ စောမူတူးစေးဖိုးကလည်း ကရင် နှစ်သစ်ကူးနေ့ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီနယ်မြေတွေမှာ စစ်ဘေးဒုက္ခသည်ပေါင်း သုံးသိန်းကျော်ရှိနေ တယ်လို့ KNU ရဲ့ နိုဝင်ဘာလက ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ https://www.facebook.com/rfabur mese/photos/a.10150522560153128/10162316292293128/

၇။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က မြန်မာ့အရေးပထမဆုံးခြေလှမ်းဖြစ်တယ်လို့ ဗြိတိန်သံရုံးထုတ်ပြန်
December 22, 2022

မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ထပ်လုပ်ဆောင်ချက်အတွက် အရေးကြီးတဲ့ ပထမခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကို ဖယ်ရှားဖို့နဲ့မတရား ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တိုက်တွန်းထားတဲ့ဆုံးဖြတ်ချက် ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကို ယူကေအစိုးရက ဦး ဆောင်တင်သွင်းခဲ့တာဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ ယူကေနိုင်ငံအမြဲတမ်း ကိုယ်စားလှယ် Barbara Woodward က မြန်မာနိုင်ငံ အခြေအနေကိုကိုင်တွယ်ဖြေရှင်းရာမှာလုံခြုံရေးကောင်စီက ပိုမိုပြင်းထန်စွာအရေးယူဆောင်ရွက်ဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ နိုင်ငံတကာအသိုက်အဝန်းကို စည်းလုံး ညီညွတ်စေဖို့ ကြိုးပမ်းနေတာဖြစ်ပြီး၊ လုံခြုံရေးကောင်စီရဲ့ နောက်ထပ်လုပ်ဆောင်ချက်အတွက် အရေးကြီးသောပထမ ခြေလှမ်း တစ်ရပ်ဖြစ်ပါတယ်။”လို့ ဗြိတိန်သံရုံးကထုတ်ပြန်ပါတယ်။ “မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နှစ်နှစ်နီးပါးရှိလာတဲ့အချိန်ထိ စစ်အစိုးရက ပြည်သူတွေကို ဆက်လက်မတည်မငြိမ်ဖြစ်စေပြီး ဆိုးရွားပြင်းထန်တဲ့ ဒုက္ခတွေ ပေးနေတာဖြစ်တယ်။” လို့လည်း ရေးသားဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာရှင်ကို ယူကေအစိုးရက ရှုတ်ချပြီး ဒီမိုကရေစီ လိုလားတောင်းဆိုသူ တွေအပေါ် တမင်တကာ အကြမ်းဖက်မှုတွေ သုံးပြီး နှိမ်နင်းမှုတွေကိုလည်း ရှုတ်ချတယ်လို့ ဗြိတိန်သံရုံးက ကြေညာလိုက်ပါ တယ်။ https://www.facebook.com/pvtvmyanmar/photos/a.107260768162692/499497635605668/

၈။ စစ်ရှောင်စာသင်ကျောင်းပွဲတစ်ခုမှာ လေယာဉ်အနီးကပ်လာဝဲတဲ့အတွက် ကျောင်းဆင်းပွဲကို တစ်ဝက်တစ်ပျက်နဲ့ ဖျက်သိမ်းခဲ့ရ
December 23, 2022

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စာသင်ကျောင်းပညာရေးစုံညီပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၂၃ ရက် မှာ ကျင်းပ ခဲ့ ပြီး တိုက်လေယာဉ်တစ်စီး အနီးအနားမှာ လာဝဲတဲ့အတွက် ပွဲတက်ရောက်သူတွေ ကြောက်လန့်တကြား ရှောင်ပုန်းခဲ့ရတယ်လို့ အဲဒီပွဲကို တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။ “အဲဒီကျောင်းပေါ်တစ်ဝိုက်ကိုပဲ သူက ပတ်ပြီးတော့ ဝဲနေတယ်။ အဲဒီမှာ အကြာကြီးဝဲနေတယ်။ လေယာဉ်ဆိုရင် နီးနီးလေးပဲ မြင်ရတော့တယ်။ လေယာဉ်ဆိုတာ သူ့မှာ ပစ်တဲ့ ကိရိယာတွေတပ်ထား တာတောင်မှ ကျနော်တို့ မြင်ရတယ်။ လေယာဉ်အကြီးကြီး မြင်ရတယ်ပေါ့နော။ ဒီဂျက်လေယာဉ်အပြာရောင်ပေါ့နော။ ဝဲနေ တယ်။ အဲဒီအပေါ်ကိုပဲ ဝဲနေတော့ သူတို့က အခမ်းအနားကို ရုတ်သိမ်းပြီးတော့မှ အားလုံး ရုတ်ရုတ်သဲသဲနဲ့ ပြေးပြန်ကြတယ် ပေါ့နော။ ဧည့်သည်တွေကော ကလေးတွေကော ပြေးပြီးတော့ အိမ်ပြေးပြန်ကြတယ်ပေါ့နော။” လို့ ပွဲတက်ရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။ အဲဒီ စုံညီပွဲတော်မှာ အစီအစဉ် တစ်ဝက်မရောက်ခင် နေ့လည် ၁၂ နာရီထိုးခါးနီးမှာ အခုလို ဖြစ်စဉ် ဖြစ်ပေါ်ခဲ့တဲ့ အတွက် ပွဲကိုဖျက်သိမ်းလိုက်ရတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ ပွဲစီစဉ်သူတစ်ဦးက ပြောပါတယ်။ “စိတ်တော့မကောင်း ဖူးပေါ့နော်။ ကလေးတွေအတွက်လေနော်။ ကလေးတွေခမျာသူတို့ရဲ ရှိတဲ့အားနဲ့ သူတို့က ဘယ်လိုပြောမလဲ ဟို ပြင်ဆင်ထား ပြီးသားလေနော်။ ကျတဲ့နေရာ ရ‌တဲ့နေရာကနေ သူတို့ပါဝင်ထားတယ်လေနော်။ အဲ့ခါကျတော့‌ သူတို့အတွက် စိတ်မကောင်း ဖူးပေါ့။ အဲ့တွက်ကြောင့်သူတို့ရဲ့လုံခြုံရေးအရ အခမ်းအနားကို ရပ်လိုက်ရတာပေါ့နော်” လို့ဆိုပါတယ်။

အဲဒီအပြာရောင်ဂျက်လေယာဉ်ဟာ ပစ်ခတ်တော့မယ့်ဟန်နဲ့ အနီကပ်ပျံသန်းနေပြီး ပွဲတက်ရောက်သူအားလုံး ရှောင် ပုန်းပြီးမှ တခြားနေရာကို ပျံထွက်သွားတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ရှောင်စာသင်ကျောင်းကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်းမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ဦး တက်ရောက်နေတာဖြစ်ပါတယ်။ အဲဒီရက် အခမ်းအနားမှာလည်း လူဦးရေ ၁၅၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။ “ သူတို့ စစ်သုံးလေယာဉ်ဆိုတော့ လက်နက်တွေဘာတွေ တပ်ဆင်ထားမှာပေါ့။ အဲဒီလက်နက်ကိုတော့ ကျနော်လည်းမခေါ်တတ်ဘူးပေါ့နော။ စစ်သုံးလေယာဉ်မှာ တပ်မှာပေါ့။ ဂျက်လေယာဉ်အပြာရောင်ပေါ့။ မြင်ရတယ်ဆိုတာက အချွန်ချွန်တွေပေါ့နော။ ဒုံးကျဉ်လိုလိုဘာလိုလို အဲဒီလိုမျိုးတွေတော့ မြင်နေရတယ်ပေါ့။ လှမ်းပြီးတော့ တွေ့နေရတယ် အဲဒီလိုမျိုးပေါ့။ ” လို့ ပွဲတက်ရောက်ခဲ့သူတစ်ဦးက သူမြင်တွေ့ခဲ့ရတာကို ပြောပြပါတယ်။ ဒီကနေ့ နေ့လည် ၁၂ နာရီအချိန်မှာ ဖယ်ခုံမြို့နယ် အနောက်ခြမ်းဒေသ စစ်ရှောင်ခိုလှုံနေတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတိုက်လေယာဉ်တစ်စင်း ဝဲပျံ တဲ့အတွက် ပြည်သူတွေ သတိနဲ့သွားလာနေထိုင်ကြဖို့ မိုးဗြဲ PDF က သတင်းထုတ်ပြန် သတိပေးထားတာလည်း ရှိပါတယ်။ https://www.kantarawaddytimes.org/%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80

၉။ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့  MNDAA ထုတ်ပြန်
December 23, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်၊ ချင်းရွှေဟော်ဒေသ၊ နမ့်ဖာတောင် တဝိုက် နယ်မြေရှင်းလင်းရာမှာ စစ်ကောင်စီတပ် ဖွဲ့တွေ အသုံးပြုတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် -MNDAA က ဒီကနေ့ ထုတ်ပြန်ပါတယ်။ သိမ်ဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ ၆၀ မီလီမီတာ မော်တာကျည် ၇ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၁ လုံး၊ ကျည်ဘောက် ၉ ခု၊ ၆၉ ဒုံးပျံ ၃ လုံး၊ ဒုံးပျံပြွန် ၄ လုံး၊ ၅ ဒသမ ၅၆ မီလီမီတာကျည် ၆၂၃ တောင့်၊ ဂြိုလ်တု တည်နေရာနဲ့ လမ်းညွှန်ပြစက် တစ်လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ရိုင်ဖယ် တစ်လက်၊ လက်ကိုင်ဖုန်း ၂ လုံး စတဲ့ပစ္စည်းတွေ ဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစပြီး ကိုးကန့်ဒေသမှာ စစ်ကောင်စီအဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်ခဲ့သလို အခုချိန်အထိ စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ပိုင်းကလည်း ကိုးကန့်တပ်ဖွဲ့-MNDAA တွေရှိတဲ့ ရှမ်းပြည်နယ်၊ မုံးကိုးခရိုင် တာမုံးပေါ် ဒေသကို စစ်ကောင်စီတပ်တွေ စစ်ချီလာ တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ MNDAA ဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/MeKongNewsMM/photos/pcb.1147538949239374/1 147532749239994/

၁၀။ အင်းတော်ကြီးဒေသ ရွှေတူးဖော်မှုကြောင့် ရေလမ်းကြောင်းပျက်စီးပြီး ဒေသခံများ ရွှေ့ပြောင်းနေထိုင်ရ
December 23, 2022

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ဆယ်စုနှစ်တစ်ခုအကြာ အကြီးစား ရွှေတူးဖော်မှုများကြောင့် လူနေအိမ်များ ပြောင်းရွေ့နေရသည့်အပြင် အရေးပါသည့် ရေကြောင်းလမ်းများပါ ပျက်စီးနေပြီဟု ဒေသခံများ ပြောဆိုသည်။ ယခင်က ထိုဒေသ ရွှေတူးဖော်မှုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် သတ်မှတ်ထားသည့် နေရာကျော်လွန်းပြီး အလွန်အကျွံ တူးဖော်နေသည့်အပေါ် အလွန်းစိုးရိမ်နေရကြောင်း မိုင်းနောင်ဒေသခံတစ်ဦးက ပြောသည်။ “ဒီလိုစက်ယန္တရားတွေနဲ့သာ ဆက်တူး နေရင်တော့ နောက်ထပ်ဆယ်စုနှစ်တောင်မကြာဘူး အကုန်ရွှေ့ပြောင်းရမယ့် အနေအထားမှာ ရောက်သွားတော့မှာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အိမ်ခြံဝင်းတွေကို ရောင်းစားပြီး ဖြည်းဖြည်းချင်း တူးနေကြတယ်။ သူတို့က တစ်ဧကကို ၁ လကျော် လောက်တောင်မတူးကြဘူး။ ပြီးရင် ရွှေတူးလိုက်တဲ့နေရာတွေမှာဆို မြေကြီးတွေပြန်ဖို့ ပေးတာတွေ လုံးဝ မရှိဘူး။ ဒါကြောင့် ရေရှည်မှာ လုံးဝ အလားအလာ မရှိတော့ဘူး”ဟု ပြောဆိုသည်။ ထို့သို့ကြောင့် အကျိူးဆက်အနေဖြင့် ဒေသခံများ မှီခို အသုံးပြု နေသည့် ခေါင်းတုန်ခ၊ နမ့်တန်ခ နှင့် အင်မြန်ခ စသည့် ချောင်းရေများသည် ရေလမ်းကြောင်းများ ပျက်စီးသွားကာ ရေခမ်းခြောက် နေပြီဟု သူက ဆက်ပြောသည်။ ထို့အပြင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်မှုကြောင့် အင်းတော်ကြီး အိုင်သို့ ရွှံ့နွံများပြန်စီးဝင်ပြီး ရေတွင်းသတ္တဝါးများ အဆိပ်သင့်သေဆုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် ထိန်းသိမ်းကာကွယ်ရန် လိုအပ် ကြောင်း ပြောဆိုသည်။

လက်ရှိ ရွှေတူးဖော်လိုက်သည့် မိုင်းနောင်၊ မမုံကိုင်နှင့် လုံးတုံဒေသတို့တွင် ယခင်အစိုးရလက်ထက်က အင်းတော်ကြီး အိုင် ရေထိန်းချုပ်ရန် သစ်တောကြိုးဝိုင်း သတ်မှတ်ထားသည့် နေရာများပါဝင်သည်။ သို့သော် လက်ရှိတွင် ထိုနေရာရှိ သစ်ပင် များကို ခုတ်လှဲကာ ရွှေတူးဖော်မှုများလည်းရှိနေသည်ဟု ဒေသခံများ ပြောဆိုသည်။ ထိုနေရာများအနက် မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်းရှိ မြနန္ဒာရပ်ကွက်ဘက်သည် ရွှေတူးဖော်မှု အဆိုးရွာဆုံး ဖြစ်သည်ဟုလည်း သိရသည်။ “အရင်တုန်းကတော့ လုပ်တယ်ဆိုပေမယ့် ရွာရဲ့ နည်းနည်းအလှမ်းဝေးတဲ့နေရာမှာ လုပ်ကြတာဖြစ်တဲ့ အတွက် ခံသာတယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် အခုအာဏာသိမ်းလိုက်တဲ့နောက်ပိုင်းက ဘာထူးခြားလာလဲဆိုတော့ ရွာကျော်တာနဲ့ ရွှေကျင်းတွေကြီးပဲ။ ကျနော်တို့ ဒေသမှာ အများပိုင်းက လယ်ယာလုပ်ငန်းပဲ လုပ်ကိုင်စားသောက် ကြတယ်။ တစ်ချို့က ကျွဲ၊နွားပဲ မွေမြူကြတဲ့သူတွေအတွက်က စားကျက်မြေပျောက်သွားပြီ။ ဒေသခံတွေကြားမှာ ပြဿနာကြုံတွေ့နေရတယ်”ဟု ပြောသည်။ ယခုလို ဒေသတွင်း ရွှေတူး ဖော်ရန် ခွင့်ပြုထားသည့် အာဏာရှိသူများနှင့် လုပ်ငန်းရှင်များအနေဖြင့် ဒေသခံပြည်သူများ တားမြစ် ထားသည့် ဧရိယာအတွင်း ထဲသို့ ရွှေတူးဖော်မှုများ ရပ်တန့် ပေးရန်နှင့် တူးဖော်လိုက်သည့် ရွှေတွင်းနေရာများကိုလည်း စနစ် တကျပြန်လည် ပြန်လည် လုပ်ဆောင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။ အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်သည့် လုပ်ငန်းရှင်များထံမှ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့က တစ်လှည့်စီ အခွန်ငွေ ကောက်ခံနေ ကြောင်း လုပ်ငန်းရှင်များ ထံမှ သိရသည်။ https://burmese.kachinnews.com/2022/12/23/yl1-45/

၁၁။ စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ စစ်ရှောင်တွေကို စိတ်‌ ဖျော်ဖြေဖို့အတွက် ခရစ္စမတ်ပွဲ ပြုလုပ်
December 22, 2022

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဒီးမောဆို‌ အနောက်ခြမ်းစစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ ခရစ္စမတ်ပွဲအနည်းငယ် ကျင်းပ ခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသား၊ ကျောင်းသားမိဘတွေနဲ့ သာသနာဆရာတွေ စုစုပေါင်းလူဦးရေ ၅၀၀ ကျော် တက်ရောက် ခဲ့ကြပါတယ်။ ခရစ္စမတ်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကို အဲ့ဒီကျောင်းမှာ စာသင်နေတဲ့ ကျောင်းဆရာမ တစ်ဦးက အခုလိုပြော ပါတယ်။ ” ဒီအခုချိန်က သိတယ်မလား ဒီးမောဆိုမြို့မှာ စစ်ပွဲတအားဖြစ်တယ်ဆိုတော့ ဒီစစ်ရှောင်တွေလဲ တော်တော်များများ ဒေသခံလည်း နည်းနည်းလေးပဲပေါ့နော။ ဒီစစ်ရှောင်တွေ တော်တော်များများ စိတ်လွတ်ကိုယ်လွတ်ပေါ့နော်။ ပျော်လို့ရအောင် တစ်ရက်လေး တအားခံစားနေရတဲ့ ခံစားနေရတယ်ဆိုတော့ အဲ့ဒါ တစ်ရက်လေးဖြစ်ဖြစ်ပျော်ရအောင်ဆိုပြီးတော့မှ ပျော်ပွဲရွှင်ပွဲ သူတို့ကို ခရစ္စမတ်ပွဲလေး ဘာလေးတော့ လုပ်ပေးဖြစ်တယ်ပေါ့နော် ” လို့ ဆိုပါတယ်။

ခရစ္စမတ် ပျော်ပွဲရွှင်ပွဲကျင်းပရတဲ့အတွက် ပျော်ရွှင်ဝမ်းသားကြောင်း ဒသမတန်းမှ ကျောင်းသူတစ်ဦးက ပြောပါတယ်။ ” ပျော်တယ် ပျော်လည်းပျော်တယ်။ ပြီးတော့ သမီးတို့ သီချင်းဆို တာ အခမ်းအနားတော့ အကျယ်ကြီးမဟုတ်ရင် တောင်မှ စည်းစည်းလုံးလုံးနဲ့ သမီးတို့ သီချင်းဆိုတာ အကုန်ပျော်တယ် ” လို့ ဆိုပါတယ်။ KG ကနေ ဒသမတန်းအထိရှိပြီး ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၃၀၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%85% e1 %80%85%e1%80%ba%e1%80%9b%e1%80%be%e1%80

၁၂။ ကလေး-ရိ ကားလမ်း မနက် ၇ နာရီခွဲမှ ညန ၅ နာရီခွဲအထိသာ ဖြတ်သန်းခွင့်ပြုမည်
December 23, 2022

အိန္ဒိယနယ်စပ် ရိခေါဒါရ်မြို့နှင့် ကလေးမြို့ကြား လိုင်းပြေး ဆွဲသော၊ ကုန်တင်ကားများနှင့် ခရီးသွားပြည်သူများရဲ့ ဘေးကင်းလုံခြုံရေးအတွက် မနက် ၇ နာရီခွဲမှ ည ၅ နာရီ ခွဲအထိသာ ဖြတ်သန်းသွားလာခွင့်ပြုမည် ဖြစ်ကြောင်း Mountain Eagle Defense Force အဖွဲ့က ယနေ့ ဒီဇင်ဘာ ၂၃ တွင် ထုတ်ပြန်ထားသည်။ ညနေပိုင်းအချိန်တွင် ပြည်သူများ အသွားလာ လှုပ်ရှားမှုတွေ တွေ့မြင်သောတဲ့အခါ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဟိုင်မွာလ် ရွာဘက်ဦးတည်ပြီး ရမ်းသမ်းပစ်ခတ် လေ့ရှိတာကြောင့် ခရီးသည်တင်၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်များအနေဖြင့် ဟိုင်မွှလ်ရွာသစ်ကို မနက် ၇ နာရီခွဲမှ ည ၅ နာရီ ခွဲ အထိသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု MEDF ကဆိုသည်။

MEDF အဖွဲ့ တာဝန်ခံတစ်ဦးက “အခုလောလောဆယ်မှာတော့ ဘုရားမစ ကယ်မူတဲ့အတွက် ပြည်သူလူထု အထိအခိုက် မရှိသေးဘူး။ ဒါပေမဲ့ ပြည်သူတွေအတွက် တော်တော် အန္ဓရာယ်များတဲ့အတွက် အခုလိုထုတ်ပြန်တာ ဖြစ်ပါတယ်။ ညနေပိုင်း ကားတွေ၊ ဆိုင်ကယ်တွေ အသွားလာ နည်းနည်းရှိတဲ့အချိန်မှာ ပစ်တာ ၆၀ မမ နင့်လည်း လာပစ်တယ်၊ ၁၂၀ မမ နင့်လည်း လာပစ်တယ်။ နောက်ပြီး လက်နက်ငယ်နင့်ပစ်တာလည်းရှိတယ်။”ဟုပြောသည်။ အရေးပေါ်လူနာနှင့် ကျန်းမာရေးအခြေနေ ကြောင့် မဖြစ်မနေဖြတ်သန်း သွားလိုပါက MEDF ကို ဆက်သွယ်နိုင် သည်ဟု ၎င်းတို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ https://www.facebook.com/KhonumthungBurmese/photos/a.1811431135791587/3323771421224210/

၁၃။ ဖားကန့်စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း အဆင်မပြေမှုကြောင့် စွန့်ပစ်မြေစာပုံများတွင် နေရာချပေးရန် လိုလား
December 23, 2022

နေရာထိုင်ခင်း အခက်အခဲကြောင့် ဖားကန့်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို စွန့်ပစ်မြေစာပုံများပေါ်တွင် နေရာချ ပေးစေလိုကြောင်း စစ်ရှောင်ပြည်သူများပြောသည်။ ယခုနှစ် သြဂုတ်လကတည်းက ဖားကန့်မြို့နယ် မှော်ဘုံ(မဒဲ့ယန်)၊ မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ၊ နမ္မဖြစ်၊ လုံးခင်း စသည့်ကျေးရွာများတွင် စစ်ဘေးရှောင်လာကြသည့် ဆယ်ဇင်း ပြည်သူများသည် စစ်ရှောင်ကာလ ၅ လနီးပါး ကြာမြင့်လာပြီးနောက် နေရာထိုင်ခင်း ပိုမိုခက်ခဲလာနေသည့် အတွက် ယခုလို ဆန္ဒရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် လူမှုကူညီရေးအသင်းတစ်ခု တာဝန်ရှိသူက ပြောသည်။ “အခုလောလာဆယ် အဓိကလိုအပ်နေတာက ကိုယ်ပိုင်နေရာ လိုအပ်နေတယ်။ အခု ကုမ္ပဏီ တော်တော် များများက မြေစာတစ်ခါစွန့်ပစ်လိုက်ရင် သူတို့က ပြန်လှည့်မကြည့်တော့ဘူး။ အဲ့စွန့်ပစ်မြေစာပုံ နေရာတွေမှာ စစ်ရှောင်တွေကို အကွက်ချပြီးတော့မှ နေရာပေးလိုက်ရင် သူတို့ရဲ့နေရာထိုင်ခင်း ပိုအဆင်ပြေသွားမယ်။ အခုက ဘုန်းကြီးကျောင်းတွေမှာဆိုတော့ ခက်ခဲလာတယ်”ဟု စစ်ရှောင်ကူညီရေး အသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းစစ်ရှောင်ပြည်သူအများသည် ကျေးရွာဘုန်းကြီးကျောင်းများ၊ ခရစ်ယာဘာသာရေး အဆောက်အဦးများတွင် ယာယီခိုလုံနေထိုင်နေပြီး လူဦးရေများသည့် နေရာများတွင် ခက်ခက်ခဲခဲနေထိုင်နေရသည့်အပြင် ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ကျောင်းဆောင်များတွင်လည်း ပွဲလမ်းသဘင် နှင့်အခြားဘာသာရေးကိစ္စရပ်များအတွက် အဆောက်အဦး အသုံးလိုနေ သည့်အခါတွင် အခက်အခဲဖြစ်နေသည့်အတွက် ကိုယ်ပိုင်နေရာပေးစေလိုကြောင်း စစ်ရှောင်ပြည်သူ တစ်ဦးက ပြောသည်။ “အဓိက အများစုက ဘုန်းကြီးကျောင်းတွေမှာနေရတော့ ဘုန်းကြီးတွေအတွက်လည်း ကြာလာတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာ တယ်။ ဒါကြီးက ဘယ်ချိန်ထိဖြစ်နေမလဲမသိဘူး။ အရမ်းကြာနိုင်မယ့် အခြေအနေဆိုပိုပြီးခက်လာဖို့ပဲရှိတယ်။ အဲ့ကြောင့် စွန့်ပစ် မြေစာပုံတွေမှာ တစ်မိသားစုကို ပေ ၃၀၊ ပေ ၄၀ ဖြစ်ဖြစ်ပေါ့ မိုးကာတဲလည်းထိုးပြီးနေရရင်တောင် အဆင်ပြေတယ်။ ကိုယ်ပိုင် နေရာလေးနဲ့ဆိုတော့ စားဖို့သောက်ဖို့ ကတော့ နေရာရသွားရင်ရှာကြံစားလို့ရတယ်”ဟု ဟောင်ပါးကျေးရွာရှိ စစ်ရှောင်ပြည်သူ တစ်ဦးက ပြောသည်။ စစ်ရှောင်ပြည်သူများအတွက် နေရာချထားပေးမည်ဆိုပါက တဲထိုးရန်မိုးကာ၊ အိုးခွက်ပန်းကန်စသည့် အိမ်သုံး ပစ္စည်းများပါ ထောက်ပံ့လျှူဒါန်းပေးရန် လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။ ဆယ်ဇင်းစစ်ရှောင် ပြည်သူများ အတွက် နေရာ ထိုင်ခင်းအပြင် ယခုနောက်ပိုင်းအစားအ သောက်ကူညီပေးသည့်လူမှုအဖွဲ့အစည်း၊ အလှူရှင်များလည်း ပိုမိုနည်းပါးလာ သည့်အတွက် အစားအသောက်အကူအညီများလည်း လိုအပ်နေကြောင်းသိရသည်။ https://burmese.kachinnews.com/20

၁၄။ ကျောက်ဖြူမြို့နယ် ကုလားဘာကျေးရွာနေ သားအမိ ၃ ဦး ရေနစ်သေဆုံး
December 23, 2022

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာနေ သားအမိ ၃ ယောက် ဥယျာဉ်ခြံဘေးက ချောင်းမှာ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ရေနစ် သေဆုံးခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ ဒေါ်မဖြူတင် (၃၆ နှစ်)၊ သမီးဖြစ် သူ မစုမြတ်လှိုင် (၁၆နှစ်) နဲ့ မစုမြတ်နှင်း (၄ နှစ်) တို့ဟာ ရွာရဲ့တောင်ဘက်ရှိ သူတို့ရဲ့ ဥယျာဥ်ခင်းနားက ချောင်းမှာ ရေမြုပ် သေဆုံးနေတာလို့ ကုလားဘာကျေးရွာသား ဦးကျော်လှထွန်း က ပြောပါတယ်။ “ရွာရဲ့ တောင်ဘက်မှာ သူတို့မှာ ဥယျာဥ် စိုက်ထားကြတာတွေ ရှိတယ်။ အဲဒီအနားမှာ ချောင်းငယ်လေးတခုရှိတယ်။ အဲဒီချောင်းက ၈ တောင်လောက်တော့ နက်တယ်။ အဲဒီမှာ သူတို့ ဥယျာဉ်ခင်းကို ရေပေးရင်း ရေနစ်ကြတာလို့ ယူဆရတယ်။ မျက်မြင်တွေကတော့ ဘယ်သူမှ မရှိတော့ တိတိကျကျ တော့ မပြောနိုင်ဘူး။ ရေနစ်တာက နေ့လယ် ၁၂ နာရီလောက်မှာ ဖြစ်မယ်လို့ ခန့်မှန်းရတယ်။ အချိန်လွန်လို့ အိမ်မရောက် တာကြောင့် ယောကျ်ားဖြစ်သူက သွားရှာပြီးမှ ရေနစ်တာ သိရတာ။” သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ညနေ ၃ နာရီ လောက် ပြန်လည်တွေရှိခဲ့ပြီး အခု ညတွင်းချင်း သင်္ဂြိုဟ်ဖို့ လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။ ဇွန်လ တုန်းက လည်း ကျောက်ဖြူမြို့၊ သဗ္ဗာန်ချောင်းရပ်ကွက်က အသက် ၁၅ နှစ်အရွယ် မောင်ပိုင်စိုးမိုး နဲ့ အသက် ၁၀ နှစ်အရွယ် မောင်စိုးမိုး တို့ နှစ်ဦး ဖောင်တော်မှာ ရေဆင်းကူးစဉ့် ရေနစ်ပြီး သေဆုံးခဲ့ကြပါတယ်။ http://burmese.dvb.no/archives/570117

၁၅။ တနင်္သာရီမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးပစ်သဖြင့် ပြည်သူအချို့ ဒဏ်ရာရ
December 22, 2022

တနင်္သာရီတိုင်း‌၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ စစ်‌ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာနေပြည်သူတချို့ လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာ ၂၁ ရက် မနက် ၈ နာရီလောက်မှာ ညောင်ပင်ကွင်းကျေးရွာကို စစ်ကောင်စီတပ် အင်အား ၃ဝ ကျော်လောက်က လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၆ ဦးဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “မနက် ၈ နာရီကျော်လောက်ကပဲ လာပစ်သွားတာ။ လက်နက်ကြီး ထိမှန်တဲ့လူ‌တွေ လည်း ရှိတယ်။ အခုဆို သူတို့ နောက်တကြိမ် လာပြီးတော့ ထပ်ပစ်မှာကိုလည်း ကြောက်နေရတယ်။” စစ်ကောင်စီတပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား နှစ်ဖက် တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့လာရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ညောင်ပင်ကွင်းကျေးရွာမှာ အရင်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ်တာကြောင့် ဒေသခံပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင် ခဲ့ရဖူးတယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/570045

၁၆။ ကိုယ့်မွေးရပ်မြေမှာ စစ်ကောင်စီက မီးရှို့ဖျက်စီးနေတာတွေ မြင်ရပြီးနောက် CDM ပြုလုပ်လာတဲ့ ရဲဘော်ငြိမ်းချမ်း
December 23, 2022

တပ်မ (၇၇) လက်အောက်ခံ ခမရ (၁၀၅) မှာ ၃ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော် မောင်ငြိမ်းချမ်းဟာ ဒီဇင်ဘာ ၇ ရက်က ကရင်နီဒီမိုကရက်တစ်တပ်ဦး-KDF ထံ CDM ပြုလုပ်ခိုလှုံခဲ့ပါတယ်။ သူ့ဇာတိမြေဖြစ်တဲ့ လွိုင်ကော်ကို ပြောင်းရွေ့ဖို့ တာဝန်ကျတဲ့ လွန်ခဲ့တဲ့ (၉) လက စတင်ပြီး CDM လုပ်ဖို့ စဉ်းစားခဲ့တာလို့ သိရပါတယ်။ “ကျတော် လွိုင်ကော်ဇာတိပါပဲ။ ကျတော် မွေးတဲ့ ပြည်နယ်မှာ စစ်ကောင်စီက ဒီလိုမီးတွေရှို့ ဖျက်စီးနေတာတွေ့ရတယ်၊ ကျတော့်ငယ်သူငယ်ချင်းတွေလည်း တော်လှန် ရေးလုပ်နေကြပြီ၊ အဲဒီတော့ ကျတော်သူငယ်ချင်းလို ကိုယ့်ဇာတိ အတွက် တာဝန်ကျေချင်တဲ့ စိတ်ကြောင့် ခုလို CDM လုပ်ပြီး ပြန်တော်လှန်ဖို့ စဉ်းစားမိတာပါ” လို့ ရဲဘော် မောင်ငြိမ်းချမ်း က ပြောပြပါတယ်။ လွိုင်ကော်ကို စတင်ပြောင်းရွေ့ရတဲ့ လွန်ခဲ့တဲ့ (၉) လကပင် CDM ပြုလုပ်ဖို့ ကြံစည်ခဲ့သော်လည်း အခက်အခဲများကြောင့် ယခုမှ အကောင်အထည်ဖော်ပြီး အဲဒီကြားကာလ တွေမှာ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို ကရင်နီပူးပေါင်းတပ်များထံ သတင်းပေးခဲ့တယ်လို့ သူကပြောပြပါတယ်။ “တိုက်နေကြ တဲ့အထဲမှာ ကျတော့်သူငယ်ချင်းတွေ ပါတာကိုး၊ သူတို့နဲ့ message ကတဆင့် အမြဲ ဆက်သွယ်ဖြစ်တယ်။ ဟိုတပ်ထဲမှာက တာဝန်ကျနေတဲ့အချိန် ဖုန်းပြောရဖို့ မလွယ်ဘူးဗျ။ အဲဒါကြောင့် ကိစ္စရှိရင် စာလှမ်းလှမ်းပို့တယ်။ လေယာဉ်ကြဲမယ်လို့ သိရတာ မျိုးတွေ၊ လက်နက်ကြီးပစ်ဖို့ ပြင်နေကြတာမျိုးတွေဆို ကျတော့်သူငယ်ချင်းတွေကို ရောက်နေတဲ့နေရာကနေ အကာအကွယ်ယူ ထားဖို့ လှမ်းအသိပေးတာပါ။”လို့ ရဲဘော် မောင်ငြိမ်းချမ်းက ပြောပြပါတယ်။

သူကိုယ်တိုင် CDM မပြုလုပ်နိုင်ခင်ကလည်း KGZ တပ်ဖွဲ့ထံ CDM လုပ်လာတဲ့ ရဲဘော်ကို ကူညီခဲ့တာကြောင့် စစ်ကောင်စီတပ်အတွင်း အကျယ်ချုပ်ကျခဲ့ရတယ်လို့ ဆိုပါတယ်။ “KGZ ကို သေနတ်တဲ့ CDM ဝင်လာတဲ့ တယောက်ဆို သူ ထွက်တဲ့ညက ကျတော်နဲ့အတူ ကင်းစောင့်တာ။ ကျတော်သူ့ကို လမ်းကြောင်းတွေ လူရှင်းမရှင်းတွေ ကူညီပေးလိုက်တယ်။ အဲဒါပြီး ၂ လလောက် ကျတော် အကျယ်ချုပ်နေလိုက်ရတယ်။ CDM လုပ်ဖို့ တွေးနေတာကို ဘယ်သူ့ကိုမှလည်း မပြောဖြစ်ခဲ့ဘူး။ ဘယ်သူ့ကိုယုံရမလဲ မသေချာဘူးလေ။ ကိုယ့်အတွေးနဲ့ကိုယ် စီစဉ်တာပေါ့။ အခြားသူတွေလည်း CDM လုပ်ချင်ရင် ကျတော့်လိုပဲ ကြိတ်တွေးနေကြမယ်ထင်တယ်။ ဘယ်နှယောက်ရှိနေမလဲ ကျတော်လည်း မပြောတတ်ဘူး။” လို့ ရဲဘော်မောင်ငြိမ်းချမ်းက သူ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ လူငယ်များစွာ ပါဝင်နေတဲ့ တော်လှန်ရေးမှာ အသက် ၂၂ အရွယ် CDM ရဲဘော် မောင်ငြိမ်းချမ်း ဟာ လူငယ်တယောက်အနေနဲ့ တာဝန်ကျေဖို့ သူ့ငယ်သူငယ်ချင်း တော်လှန်ရေးရဲဘော်များနဲ့အတူ ဆက်လက် ပါဝင် တော်လှန်သွားဖို့ ဆုံးဖြတ်ထား တယ်လို့ သူ့အနာဂတ် အစီအစဉ်အကြောင်း ပြောပြခဲ့ပါတယ်။ KDF တပ်ဖွဲ့အတွင်းမှာ ယခု CDM ရဲဘော် မောင်ငြိမ်းချမ်း အပါအဝင် CDM ပြုလုပ်ပြီးနောက် စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေတဲ့ ရဲဘော် ၄ ဦး ရှိပြီ ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=200424289176838&set=a.169994352219832

၁၇။ မောင်တော ဝက်ကျိန်း(မြို)ကျေးရွာမှ မီးရှို့ခံလိုက်ခံရသည့် နေအိမ် ၇ လုံးတည်ဆောက်ရန် အကူအညီများ လိုအပ်နေ
December 22, 2022

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်က ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွား နေချိန်အတွင်း မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝက်ကျိန်း(မြို) ကျေးရွာမှ မီးရှို့ခံလိုက်ရသည့် နေအိမ် ၇ လုံးကို ပြန်လည်တည် ဆောက်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်း ကျေးရွာသားများက ပြောသည်။ ကျေးရွာသားတစ်ဦးက “တိုက်ပွဲဖြစ် နေလို့ ကျနော်တို့ ခုံတိုင်ကျေးရွာကို ထွက်ပြေးနေကြတဲ့ အချိန်မှာ မီးရှို့ခံလိုက် ရတာပါ။ ရွာသားတွေအားလုံးက ထွက်ပြေးနေ ကြတဲ့အချိန်မှာ ဖြစ်တာပါ။ အိမ်မီးရှို့ ခံထားရတဲ့ သူတွေအထဲက အိမ်မရှိတော့လို့ အခုထိရွာကို ပြန်မလာ ကြသေးတာလည်း ရှိပါတယ်။ နေမယ့်အိမ်လည်း မရှိတော့ သူများရွာက နေအိမ်တွေမှာ ခိုကပ်နေရတယ်လေ။ အကူအညီ ပေးကြရင်တော့ ကျေးဇူး အရမ်းတင်မိမှာပါ။ အခုအိမ်တွေ ပြန်ဆောက်ဖို့ အခက်အခဲအရမ်း ဖြစ်နေကြပါတယ်။ တိုက်ပွဲဖြစ်နေလို့ အလုပ်အကိုင်လည်း မဖြစ်ဘူးလေ။ အိမ်ကိုတော့ပြန်ချင်တာပါပဲ။ အိမ်ပြန်မဆောက်နိုင်သေးတော့ အိမ်ကိုမလာနိုင်ကြတာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်၊ ညနေလေးနာရီခန့်က ဝက်ကျိန်းကျေးရွာ အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲများပြင်းထန်နေသည့်အချိန်တွင် ဝက်ကျိန်းကျေးရွာမှ လူနေအိမ် ၇ လုံး မီးရှို့ခံခဲ့ရသည်။ ကျေးရွာသားများမှာ ဘေးလွတ်ရာလုံခြုံမည့် အနီးအနား ကျေးရွာများသို့ ထွက်ပြေးနေကြ၍ နေအိမ်များကို မည်သူမည်ဝါက မီးရှို့လိုက်သည်ကို မသိရှိရကြောင်း ရွာသားများကပြောသည်။ မီးရှို့ခံလိုက်ရသည့် နေအိမ် ၇ လုံးအထဲတွင် သွပ်မိုး၊ ပျဉ်စီပျဉ် ထောင် အိမ်တစ်လုံးပါဝင်ပြီး ကျန်နေအိမ်များ သစ်၊ ဝါး၊ ဒမနိမိုးအိမ်များ ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါနေအိမ် များကို ပြန်လည်တည်ဆောက်ရန်အတွက် ကျေးရွာသားများမှာ အခက်အခဲများရှိနေပြီး အထောက်အပံ့ အကူအညီများလိုအပ် နေသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။ “ ကျွန်တော်တို့မှာ အလုပ်အကိုင်လည်းမရှိဘူး။ တောတောင်တွေကို တက်ပြီး သစ်တွေ ဝါးတွေခုတ်ဖို့ကလည်း မဖြစ်နိုင်ဘူး။ တောတောင်တွေကို သွားဖို့က အန္တရာယ်များတယ်။ ဒါကြောင့် ကျွန်တော်တို့ရွာက မီးလောင်သွားတဲ့ အိမ်တွေကို ပြန်ဆောက်ဖို့ ကူညီပေးစေချင်ပါတယ်”ဟု ပြောသည်။ အဆိုပါ ဝက်ကျိန်းမြိုကျေးရွာအုပ်စုတွင် အိမ်ခြေ ၇၀ ရှိပြီး အဆိုပါ အိမ်ခြေများအထဲတွင် ဒိုင်းနက်လူမျိုးအိမ် ၂ ဆောင်လည်းပါဝင်ကြောင်း သိရသည်။ https://burm ese.narinjara.com/…/63a41a7fee079837ab605995

၁၈။ လွိုင်ကော်အခြေစိုက် ဆေးတပ်သား ၁ ဦး KDF ထံ ခိုလှုံ
December 21, 2022

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့အခြေစိုက် ဆေးတပ် (တဆရ) မှ တပ်သား ၁ ဦး ဖြစ်သည့် မောင်ငြိမ်းချမ်း (ခ) ဖိုးလပြည့်သည် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ထံ ခိုလှုံလာခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ KDF ပြန်ကြားရေး တာဝန်ခံက “သူကတော့ အခုလို မခိုလှုံခင်ထဲက ကျနော်တို့ရဲ့ တပ်တွင်းဖရဲသီးလို့ ပြောလို့ရတယ်။ တပ်တွင်းက သတင်းအချက် အလက်တွေ ပေးတယ်။ အခုမှ သူတို့တပ်တွေက ထွက်ဖို့ နည်းနည်းခက်လာတယ်လို့ ပြောတယ်။ အရင်ကတည်းက CDM လုပ်ဖို့ ပြောထားတာကြာပြီ။ တောက်လျှောက်ကတော့ သတင်းပေးတယ်။ ဘယ်လိုပဲ သတင်းပေးပေး ကျနော်တို့ဆီလာတော့ သေချာ စောင့်ကြည့်မှုတော့ လုပ်နေတယ်။ အခု နှစ်ပတ်လောက်ရှိမှ ကျနော်တို့ ထုတ်ပြန်တာဖြစ်တယ်” ဟု ပြောသည်။ စစ်ကောင်စီ ဘက်မှ ပြည်သူ့တပ်ဖွဲ့များထံ ခိုလှုံခြင်းသည် တော်လှန်ရေးအောင်မြင်နိုင်ရေးအတွက် ထိရောက်မှုရှိကြောင်းနှင့် မည်သူကိုမဆို သေချာစိစစ်၍ လက်ကမ်းကြို နေမည် ဖြစ်ကြောင်း KDF က ဆိုသည်။ https://www.facebook.com/theirrawaddyburmese/ photos/a.142225162488311/6320990151278417/

၁၉။ မတူပီမြို့အတွင်း လျှပ်စစ်မီးတစ်ပတ်ကျော်လာသည်အထိပျက်တောက်လျှက်ရှိနေ
December 21, 2022

ချင်းပြည်နယ်၊ မတူပီမြို့တွင် လျှပ်စစ် မီးပျက်နေသည်မှာ တစ်ပတ်ကျော်ခန့်ရှိ‌ပြီဖြစ်‌၍ ပြည်သူများအခက်ခဲ ကြုံတွေ့ နေရကြကြောင်းသိရသည်။ “မတူပီ တစ်မြို့လုံး မီးမလာတာ တစ်ပတ်ကျော်ရှိနေပြီ၊ ခက်တေ့ာခက်တယ်။ တောမသွားရဲ‌တာနဲ့ ထင်းလည်းသွားခွေလို့မရတေ့ာ အိမ်မှာရှိနေတဲ့ ထင်းတွေနဲ့ ချက်ပြုရတယ်၊ ဒေသထွက်မီးသွေး တွေက တစ်အိတ်ကို ၁၅,၀၀၀/- ကျပ်ရှိတယ်၊ မီးမလာတေ့ာ Sola၊ ဘက်ထရီ သုံးရတယ်၊ အရင်က ၄၀,၀၀၀/- နဲ့ ရောင်းတဲ့ ဘက်ထရီက ခုဆို ၁၀၀,၀၀၀/-ပေါက်တယ် ‌ဒါတောင်ဝယ်ဖို့မရှိပါဘူး” ထို့အတူ လျှပ်စစ်မီးဖြင့် လည်ပတ်နေသောဆိုင်များလည်း အခက်ခဲများနဲ့ရင်ဆိုင်နေရ ကြကြောင်းသိရသည်။ ” လျှစ်စစ်သုံးတဲ့ ဆိုင်တွေ၊ မိတ္တူဆိုင်တွေဆိုလည်း မီးစက်နဲ့ လည်ပတ်တေ့ာ ခါတိုင်းထက်ပိုပြီး ဈေးကြီး‌ တယ်၊ ဓာတ်ဆီဈေးလည်း တစ်လီတာ ကို ၅,၀၀၀/- လောက်ပေးရတယ်၊ တစ်လီတာလည်း မပြည့်ပါဘူး” “လျှပ်စစ်မီးက မင်းတပ် (၅)မိုင်မှာ ပျက်‌နေတာ သွားမပြင်နိုင်ကြသေးဘူး ကြားတယ်၊ တပ်ထဲမှာလည်း သူတို့ မီးစက်ပဲ သုံးကြတာ‌လားတေ့ာ မသိဘူး” ဟုလည်း မတူပီမြို့နေ ဒေသခံပြည်သူများထံမှ သိရသည်။ https://www.facebook.com/photo?fbid=593323806

၂၀။ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပေးမည်မှာ မှန်ကန်မှု မရှိကြောင်း ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ထုတ်ပြန်
December 23, 2022

” နွေရာသီ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပေးမည်၊ တစ်ယောက်ကို သင်တန်းကြေး ဘယ်လောက် ပေးရမည်” ဆိုသည့် သတင်းများသည် လုံးဝ မှန်ကန်မှုမရှိကြောင်း ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်က ဒီဇင်ဘာလ ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန် ထားသည်။ ယင်းကဲ့သို့ ကိုယ်ကျိုးကို အမြတ်ထုတ်ရန်ကြံစည်၍ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေ၍ ငွေများလိုက်လံကောက် ခံနေခြင်းသည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်နှင့် သက်ဆိုင်မှုမရှိဘဲ မသမာသူတချို့၏ လုပ်ကြံမှုသာဖြစ်ကြောင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင် ၂၀၁၈ ခုနှစ်မှ စ၍ ဗုဒ္ဓ၏ အဆုံးအမများကို ပါရဂူဘွဲ့(Ph.D)၊ မဟာဝိဇ္ဇာ ဒဿနဘွဲ့ (M.Phil) နှင့် မဟာဝိဇ္ဇာဘွဲ့ (M.A) တို့ကို သင်ကြား ပေးနေပြီး ၂၀၂၀ ခုနှစ်တွင် ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma) ပါဠိနှင့် ဗုဒ္ဓစာပေလေ့လာခြင်းနှင့် ဝိဇ္ဇာဘွဲ့ (B.A) ရှမ်းဗုဒ္ဓဘာသာ၊ ပုရပိုက်စာပေလေ့လာခြင်းတို့ကို လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် စာကြည့်တိုက်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma in Library information and Management) အတန်းကို လည်းကောင်း အခမဲ့ တိုးချဲ့သင်ကြားပေးနေကြောင်း သိရသည်။ https://www.facebook.com/ kanbawzatai/photos/a.341002449440761/2022717577935898/

၂၁။ စစ်ကြောရေးတွင်နှိပ်စက်ခံရ၍ တောင်ကုတ်ဒေသခံတစ်ဦး ဘယ်ဖက်နံရိုးကျိုးသွား၍ ဆေးကုသမှုခံယူရ
December 23, 2022

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မှိုဟင်းတောကျေးရွာမှ မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံ ထားရသည့် ဒေသခံတစ်ဦး စစ်ကြောရေးတွင်စစ်ဆေးစဉ် နှိပ်စက်ခံရ၍ ဘယ်ဖက်နံရိုးကျိုးသွားကာ ဆေးကုသမှုခံယူ နေရ ကြောင်းသိရသည်။ တောင်ကုတ်မြို့နယ် မှိုဟင်းတောကျေးရွာ ချောင်းနားလမ်းနေ အသက်၄၀ ကျော်အရွယ် ဦးသန်းထွန်း ဖြစ် ကြောင်းသိရသည်။ ၎င်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်ကပင် ၎င်း၏နေအိမ်မှ တောင်ကုတ်မြို့ အခြေစိုက်တပ်စခန်း တစ်ခုသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးစဉ်အတွင်း ၎င်း၏ ဘယ်ဖက်နံရိုးကျိုးသွား ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။ တောင်ကုတ်အခြေစိုက်တပ်ရင်းတစ်ခုတွင် ဖမ်းဆီးထားပြီး နိုဝင်ဘာလ ၁၈ ရက်မှ တောင်ကုတ်မြို့မရဲစခန်းသို့ လွဲပြောင်းပေးခဲ့ကာ နိုဝင်ဘာ ၂၂ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်ဟု သိရ သည်။ ရုံးချိန်း ရုံးထုတ်ရာတွင် မိသားစုနှင့်တွေ့ခွင့်ရ၍ ဆေးကုသမှု ခံယူလိုကြောင်း ပြောကြားလာသဖြင့် စခန်းမှူးအား တင်ပြခဲ့ ရာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်က တောင်ကုတ် ဆေးရုံကြီးတွင် ပြသခွင့်ရခဲ့ပြီး ယမန်နေ့ဒီဇင်ဘာလ ၂၂ ရက်က နောက်ထပ် တစ်ကြိမ် ဆေးခန်းပြသခွင့် ရခဲ့သည်ဟု သိရသည်။

” နိုဝင်ဘာ ၁၈ ရက်နေ့ရောက်တုန်းက ရဲစခန်းကို ရွှေ့လာပြီလို့ကြားပေမယ့် တွေ့လို့လည်းမရခဲ့ဘူး၊ အချုပ်ကိုရောက် တယ်လို့ပဲ ကြားရတာ။နိုဝင်ဘာ ၂၂ ရက်နေ့ရုံးချိန်းမှာတော့ စကားပြောခွင့်ရတော့ ဆေးကုချင်တယ်လို့ သူကစခန်းမှူး ဆီမှာ အကြောင်းကြားထားတယ်ဆိုပြီးပြောတယ်။ မနေ့ကတော့ ဆေးခန်းက ဆေးတစ်လစာ ပေးလိုက်ပါတယ်။ အရင်တခါကတော့ ဓာတ်မှန်တွေဘာတွေရိုက်ရတယ်။ ဆေးခန်းသွားပြတဲ့အခါမှာတော့ တုတ်တုတ်နဲ့သွားရတယ်၊ ရဲသားသုံးယောက်လောက် ကတော့ လိုက်ပေးတယ်” ဟုပြောသည်။ ဦးသန်းထွန်းအား မတရားအသင်း ဆက်သွယ် မှုပုဒ်မဖြင့် တောင်ကုတ် အခြေစိုက် ခမရ ၃၄၆ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုလုပ်ကာ တရားစွဲထားခြင်းဖြစ်ကြောင်းသိရသည်။ ” ဒီလိုမျိုးနောက်ထပ် လူ တွေကိုလည်း အဖမ်းမခံစေချင်ဘူး။ ကိုယ်ကတခုမှ မလုပ်ဘဲနဲ့ လူများ လက်ညိုးထိုးပြီး ချောက်ချရုံနဲ့ ဒီလိုမျိုးအဖမ်းခံရတာက ပြည်သူတွေ ထမင်းစားနေဖို့တောင် မကောင်းတော့ဘူး။ နောက်ထပ်လည်း ဒီလိုမျိုးမဖြစ်စေချင်ဘူး။ မှန်ကန်တဲ့ဥပဒေနဲ့ မှန်ကန် တဲ့ လုပ်ရပ်မျိုးပဲ လုပ်စေချင်တယ်” ဟုပြောသည်။ လက်ရှိတွင် ၎င်းအားတောင်ကုတ်မြို့မရဲစခန်း အချုပ်တွင် ထိန်းသိမ်းထားပြီး လာမည့်ဒီဇင်ဘာလ ၂၆ ရက် အား ရုံးချိန်းထပ်မံချိန်းဆိုထားကြောင်းသိရသည်။ https://burmese.narinjara.com/…/63a53 098e e079837ab60599c

၂၂။ တန့်ယန်း ယာဉ်တိမ်းမှောက် ကလေးအပါအဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရ၊ အမျိုးသား ၁ ဦးသေဆုံး
December 22, 2022

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အဝင် မုခ်ဦးအကျော်တွင် အိမ်စီးကားတစ်စီး တိမ်းမှောက်ပြီး ကားပေါ်လိုက်ပါသူ ၁၀ နှစ် ကလေးငယ် အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခွဲအချိန် တန့်ယန်း–ပန်ဆန်း ပြည်ထောင်စု ကားလမ်းမပေါ်တွင် အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်လာသော အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်လိုက်ပါလာသူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ရင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ ကျနော်တို့ တန့်ယန်းကနေ ပန်ဆန်းသွား လမ်း မုခ်ဦး အကျော်နားမှာဘဲ မှောက်သွားတာ။ သူတို့ကားမောင်းတာ နည်းနည်း အရှိန်များသွားမယ်ထင်တယ်။ လမ်းကလည်း အဖြောင့်ပဲ အကွေ့အကောက်လည်းမရှိဘူး။ ကားပေါ်လိုက် ပါတဲ့ ၁၀ နှစ်အောက် ကလေးတစ်ယောက်ရယ် အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၃ ယောက်ထဲက ၁ ယောက်က တော့ ဆေးရုံမှာဆုံးသွားတယ် “ ဟု ၎င်း တာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူများကို လက်ရှိမှာ တန့်ယန်းပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။ ထို့အပြင် ယာဉ်တိမ်းမှောက်မှု နှင့် ပတ်သက်ပြီး မတော်တဆ ယာဉ်တိမ်းမှောက်မှု မဖြစ်ပွားအောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာပြီး မောင်းနှင်ပေးရန် လိုအပ်ကြောင်း ၎င်းကတိုက်တွန်း ထားသည်။ သျှမ်းပြည် တန့်ယန်းမြို့နယ်အပြင် လားရှိုး၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ တာချီလိတ် စသည့်ဖြင့် ယာဉ်တိုက်မှု၊ ယာဉ်တိုက်မှုမှာ နေ့စဉ်နှင့်အမျှ ဖြစ်နေပြီး သေဆုံးမှုများလည်း နေ့တိုင်း ရှိနေကြောင်း သိရသည်။ https://burmese.shannews.org/archives/32164

၂၃။ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများပြား
December 23, 2022

ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်နှင့်‌‌ တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင် စီဘက်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သား ထိခိုက်‌သေဆုံးမှုများပြားကြောင်း ကော့ကရိတ်မြို့ခံ များက ပြောသည်။ ကော့ကရိတ်မြို့အနီး ကော့နွဲကျေးရွာဘက်တွင် ယခုရက်ပိုင်းတိုက်ပွဲများပြင်းထန်နေပြီး ယမန်နေ့ တွင်လည်း ကော့ကရိတ်မြို့အမှတ်(၇)တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်က လက်နက်ကြီး အပြင် လေကြောင်း ဖြင့် အဆက်မပြတ် လာရောက်ပစ်ခတ်မှုတို့ကြောင့် မြို့ခံပြည်သူအများအပြား သေဆုံးဒဏ်ရာ ရရှိနေကြောင်း ကော့ကရိတ်မြို့ခံ တစ်ဦးက ယခုလို ပြောသည်။ “အရင်ကတော့မြို့ပြင် မှာပဲ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီကတော့ လက်နက်ကြီးတွေ အဆက် မပြတ်ပစ် နေတာပဲ။ မနေ့က တော့ အမှတ်(၇)မှာ တိုက်ပွဲ ထပ်ဖြစ်တော့ စစ်ကောင်စီလက်နက်ကြီးပစ်တာ ပြည်သူ ၉ ဦးထိပြီး ၁ ဦးသေသွားတယ် ကြားတယ်။ မနက်ပိုင်းမှာတော့ ကော့နွဲရွာ အာရှလမ်းဘက်မှာလည်း လက်နက်ကြီးထိလို့ တစ်ဦးသေတယ်”ဟု ပြောသည်။ ထို့အပြင် တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ထဲအပြင် မြို့အနီးကျေးရွာများတွင် ပြည်သူများလည်း အများအပြား ထိခိုသေဆုံးမှု ရှိပြီး တိုက်ပွဲ ကြောင့် တိမ်းရှောင်ကြသည့် ဒေသခံစစ်ဘေးရှောင်များလည်း လက်ရှိတွင် အစားအသောက်နှင့် အဝတ်အထည်များ လိုအပ်နေ ကြောင်း စစ်ဘေးရှောင်ဒေသခံများက ပြောသည်။

စစ်ရှောင်ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာတော့ အဆက်မပြတ်ပဲ။ မြို့တွင်းမြို့ပြင် ပြည်သူတွေလည်း အများ အပြား ထိနေတယ်။ ရွာမှာနေမရဲတော့ဘူး။ တောထဲစစ်ဘေးရှောင်သူလည်း ရာသီဥတုလည်း အေးတယ်။ အစား အသောက်လည်းမရှိ တော့ဘူး။ ဝယ်စားလို့လည်းမရဘူး။ အဓိကတော့ အစားအသောက်လိုအပ်နေတယ်”ဟု ပြောသည်။ ယမန်နေ့ နံနက်က ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအနီး ဖြစ်ပွားသော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်သူအပါအဝင် အများအပြား သေဆုံး ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်း စစ်ဒေသသတင်းနှင့် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ https://kicnews.org/2022/12/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1

၂၄။ KNPP ပြုလုပ်တဲ့ အပတ်စဉ် (၆) တစ်လတာ ပါတီကေဒါ သင်တန်း ပြီးဆုံး
December 21, 2022

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ ပြုလုပ်တဲ့ ပါတီကေဒါ သင်တန်းဆင်းပွဲကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ထိန်းချုပ်နယ်မြေဖြစ်တဲ့ တလဲဒူဆို (ညာမို)မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ သင်တန်း သား၊ သင်တန်းသူ ၁၈ယောက်နဲ့ လေ့လာသူတချို့ကို သင်ကြားပို့ချပေးခဲ့ပြီး လက်ရှိနိုင်ငံရေးဖြစ်စဉ်ကို လူထုတွေ နားလည်သိ မြင်ဖို့ ရှင်းပြချပြနိုင်ဖို့ အခုလိုသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ရတာဖြစ်တယ်လို့ သင်တန်းကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး ခူပလူးရယ်က ပြောပါတယ်။ “ အမှန်က လူထုတွေ ရဲ့ခံစားချက်၊ လူထုတွေရဲ့ လိုလားချက်တွေပေါ့။ ကျနော်တို့ သိဖို့လိုတယ်။ ဒါကြောင့်ကျနော်တို့ အခုချိန်မှာတော့ ဒါအားလုံး ကတော့ အကြမ်းဖျင်းပေါ့နော။ သိနေကြတယ်။ မြင်နေကြတယ်ဆိုပေမယ့် အသေးစိတ် သူတို့ လူထုတွေရဲ့ အသေးစိတ် ခံစားချက်တွေကို မထုတ်ဖော်နိုင်ဘူး။ ယေဘုယျအားဖြင့် ပြောနေကြတယ်။ ခန့်မှန်းနေကြတယ်။ အဲဒီလိုဖြစ်တယ်ပေါ့။ အဲဒီလုပ်ငန်းတွေက သူတို့ လုပ်ရမှာတွေ ရှိတယ်ပေါ့နော။ ” လို့ ခူပလူးရယ်က ပြောပါတယ်။

“ ကျနော်တို့ နိုင်ငံရေးအကြောင်းအရာတွေပေါ့နော။ ပထဝီနိုင်ငံရေး ဒီကမ္ဘာမြေကြီးနဲ့ ဆိုင်တဲ့ ကျနော်တို့ နိုင်ငံရေး ပေါ့နော။ အဲဒါတွေလည်း သင်ယူလေ့လာခွင့်ရရှိတယ်။ အရင်တုန်းက ကျနော်တို့ ပထဝီဆိုတာက သင်ယူရရှိတာက ရိုးရိုး ကမ္ဘာကြီးအကြောင်းပဲပေါ့။ အခုက ဒီပထဝီနဲ့ နိုင်ငံရေးက ဘယ်လိုဆက်စပ်လဲဆိုတာကို ထဲထဲဝင်ဝင်နဲ့ ပိုပြီးတော့ လေ့လာရ ရှိခဲ့တယ်။ ပိုပြီးတော့ ပညာအများကြီး ရရှိတယ်ပေါ့။ ဆိုတော့ နောက်တစ်ခုပြောရမယ်ဆိုရင်တော့ ကျနော်တို့ ဖွဲ့စည်းပုံပေါ့နော။ လက်ရှိမှာက ကျနော်တို့ NUG ကအစ ကျနော်တို့ KSCC မှာက ဒီအစီအမံတွေ Chapter တွေရှိတယ်။ ဆိုတော့ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဖွဲ့စည်းပုံအကြောင်းတွေ ပိုပြီးတော့ လေ့လာခွင့်ရရှိတဲ့ အတွက်ကြောင့် ဒီအကြောင်းအရာတွေ Chapter တွေနဲ့ လူငယ်တွေ အားနည်းချက် အားသာချက်တွေနဲ့ အများကြီး ပိုပြီးတော့ သိမြင်တယ်ပေါ့နော။ ဆိုတော့ ဖွဲ့စည်းပုံ တစ်ခုရဲ့ အားနည်းချက် အားသာချက်တွေ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအကြောင်းတွေ သုံးခုစလုံး လေ့လာဖြစ်တယ်ပေါ့။ ” လို့ ခူးလူရယ်ဒူက ပြောပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဌ ခူဦးရယ်ကလည်း ပါတီကေဒါသင်တန်း ပြီး မြောက်သွားသူတွေဟာ KNPP ရဲ့ အမာခံဖြစ်သွားတဲ့အတွက် ကရင်နီသမိုင်းနဲ့ ပတ်သက်ပြီး ဆက်လက်လေ့လာဖို့ အဖွင့် မိန့်ခွန်းမှာပြောကြားသွားခဲ့ပါတယ်။ https://www.kantarawaddytimes.org/knpp-%e1%80%95%e1%80%bc%e1% 80% af%e1%80%9c%e1%80%af%e1%

၂၅။ စပါးအထွက်နှုန်းမကောင်း၍ ရခိုင် လယ်သမားများ စိုက်/ ဘဏ်ချေးငွေ ပြန်ဆပ်နိုင်ရေး တွေးပူနေကြ
December 22, 2022

ယခုနှစ် ရခိုင်မှာ ရာသီဥတုဖောက်ပြန်ခြင်း၊ စိုက်ပျိုးရေးစရိတ် ဈေးနှုန်းမြင့်တက်မှုဒဏ်တို့ အပါဝင် စပါး အထွက်နှုန်း ထက်ဝက်ခန့် ကျဆင်းခဲ့ခြင်း စသည့် အထွေထွေအကျပ်အတည်းများကြောင့် လယ်သမားများ တွက်ခြေမကိုက်ဘဲ အရှုံးနှင့် ရင်ဆိုင်နေရသည်။ ယင်းအပြင်စစ်ရေးပဋိပက္ခကြောင့် လယ်ယာမြေများကိုကောင်စွာပြုစုမလုပ်ကိုင်နိုင်ခြင်း နေရပ်ခွာထွက်ပြေး နေရမှုတို့ကြောင့်လည်း လယ်သမားများမှာ စိုက်ပျိုးရေးစရိတ် ချေးငွေများကို ပြန်လည်ပေးသွင်း နိုင်မည့် အနေထားမရှိ ဖြစ်နေ ကြသည်။ ရသေ့တောင် မြို့နယ်မှ တောင်သူ ဒေါ်စောသန်းအေးက “ လယ်လုပ်ငန်းတွေ ကို သေသေချာချာနဲ့ မလုပ်နိုင်သရွေ့ တော့ စိုက်ပျိုးရေးချေးငွေကို ဆပ်နိုင်မှာမဟုတ်ဘူး။ ကျမတို့လည်း ယူထားတဲ့ ငွေကို မပေးသွင်းနိုင်သေးပါဘူး။ သူများဆီက ချေးယူပြီး လယ်ထဲကိုသွင်းလိုက်တယ်။ စပါးထွက်လာတော့လည်း ဘာမှမရတော့ အကြွေးပဲတင်ကျန်ခဲ့ပါတယ် ” ဟု ပြောသည်။ ထိုသို့ အခက်အခဲများကြောင့် စိုက်ပျိုးရေး စရိတ် ချေးငွေများကို ပြန်ဆပ်ချိန်အား သတ်မှတ်ချိန်ထက် တိုးပေးရန် လိုလား နေကြကြောင်း မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာသား လယ်သမား ဦးစိုးနိုင်ကပြောသည်။ “ အစိုးရက စိုက်ပျိုးရေး ချေးငွေတွေ ကို ထပ်ဆောင်း တောင်းခံနေပြီဆိုရင် ကျနော်တို့မှာ ဆိုးဆိုးရွားရွား ဖြစ်သွားမယ်။ လယ်သမား တွေအတွက် အစိုးရဘက်က တစ်ခုခုလျော့ပေါ့ပေးဖို့ တောင်းဆိုချင်ပါတယ်။ ချေးငွေကို မဆပ်နိုင်ဘဲ နှစ်ကြာလာတာနဲ့အမျှ အတိုးနှုန်းကတက် လာတော့ ဆပ်လို့ ပြီးတော့မှာ မဟုတ်ပါဘူး ” ဟု ၎င်းက ပြောသည်။

ယခုနှစ် ရခိုင်မှ လယ်သမားအများစုမှာ အရှုံးနှင့်ရင်ဆိုင်နေရသည့်အတွက် စိုက်ပျိုးရေးချေးငွေကို လယ်သမား အနည်းစု သာ ပြန်လည်ပေးသွင်းနိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ တာဝန်ရှိသူက ပြောသည်။ ထိုသို့ စိုက်ပျိုးရေး ချေးငွေပြန်ဆပ်ရန် အခက်အခဲရှိနေသော လယ်သမားများကို အခြေခံပြီး အစိုးရမှ တဆင့်ချင်း လျှော့ပေါ့ပေးပါက တောင်းသူများအတွက် တချို့တဝက်အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်လုံး ဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။ “ ဒီနှစ်မှာ စိုက်ပျိုးရေးချေးငွေကို ဆပ်နိုင်ဖို့ လုံးဝမသေချာဘူး။ ဆိုတော့ ပထမတစ်ခုက စပါး လုံးဝ မစိုက်ပျိုးရတဲ့သူတွေကိုဆိုရင် ချေးငွေကို လုံးဝ လျှော့ပေးသင့် ပါတယ်။ နောက်တဆင့်က အနည်းဆုံး ၃ နှစ်လောက် စပါး အထွက်နှုန်း မကောင်းတာ၊ တစိုက်မတ်မတ် မလုပ်ကိုင် နိုင်တဲ့သူတွေကို အတိုးနှုန်းလျှော့ပေါ့ပေးသင့်တယ်။ လယ်သမားတွေရဲ့ အကျပ်အတည်းကို အစိုးရက တာဝန်ယူ ဖြေရှင်းသင့်တယ် ” ဟု ၎င်းက ပြောသည်။ နှစ်စဉ် မိုးရာသီ စိုက်ပျိုးရေးချေးငွေများကို စပါးပေါ်ရာသီမှစ၍ ဧပြီလ လယ်အထိ နောက်ဆုံးထား ပေးသွင်းရသည်။ သို့သော်လည်း ရခိုင်ကလယ်သမားများမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယူထားသည့် စိုက်ပျိုးရေးချေးငွေများကိုလည်း လက်ရှိအချိန်ထိ ပြန်လည် မပေးသွင်းနိုင်သေးကြောင်း သိရသည်။ https://www.facebook.com/dmgnewsagency/photos/pcb.2479379768881086/2479379305547799/

၂၆။ အောင်ပန်းမြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းနှင်းသူသေဆုံး
December 22, 2022

ရှမ်းပြည်နယ်တောင်းပိုင်း အောင်ပန်းမြို့တွင် ဒီဇင်ဘာ(၂၁)ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်အချိန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဆိုင်ကယ်မောင်းနှင်းလာသူအမျိုးသားတစ်ဦး အခင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီး သေဆုံးသွား ကြောင်းသိရသည်။ အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက် ပထမပုဂ္ဂလိကဘဏ်အနီးလမ်းပေါ် ည ၉ နာရီခွဲ အချိန်တွင် ကားနှင့် ဆိုင်ကယ် တိုက်မှုပြင်းထန်သည့်အတွက် ဆိုင်ကယ်သမား အသက်(၃၂)အရွယ် ဟင်္သာတမြို့ဇာတိ ကိုကျော်မင်းဝင်း(ခ)အောင်ကျော် ဆိုသူ သည်သေဆုံးသွားကြောင်း သိရသည်။ “ကားသမားက မန္တလေးကလို့တော့ ပြောတယ်ဗျ ကျွန်တော်တို့ရောက်ချိန် ဆိုင်ကယ် သမားကိုတော့ တခြားအဖွဲ့စည်းကားနဲ့တင်သွားပြီ ဆေးရုံရောက် တော့ ဒီလူကိုမသိဘူးပေါ့နော် လိုင်းပေါ်တင်ပေးပါဆိုလို့တင်ပြီး ကြေညာပေးလိုက်တယ်ဗျ”ဟု အောင်ပန်းမြို့နာရေး ကူညီမှု အသင်းမှ တာဝန်ရှိသူအမျိုးသားတစ်ဦးက ပြောသည်။ ယာဉ်တိုက်မှု အခင်းမဖြစ်ပွားခင်သည် ဆိုင်ကယ် မောင်းနှင်းသူကိုကျော်မင်းဝင်း (ခ)အောင်ကျော်ကအရက်အနည်းငယ်သောက်ထားသည် ဟုဆိုသည်။ သေဆုံးသွား သော အသက်(၃၂) အရွယ် ကိုကျော်မင်းဝင်း(ခ)အောင်ကျော်သည် ဟင်္သာတမှအောင်ပန်းမြို့ကို အလုပ် လာလုပ်ပြီး ညောင်ပင်ထောင်ရပ်ကွက် ချယ်ရီလမ်းတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။ https://www.facebook.com/Kh amSarNgor/photos/pcb.2230228987147011/2230228860480357/

၂၇။ ၁၂ ရက်အတွင်း စစ်ကောင်စီက သတင်းမီဒီယာသမား ခြောက်ယောက်ကို ထောင်ဒဏ်ချမှတ်ခဲ့
December 22, 2022

ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ ၁၂ ရက်အတွင်း စစ်ကောင်စီက သတင်းမီဒီယာသမား ခြောက်ယောက်ကို ထောင်ဒဏ်အမိန့် ချခဲ့ပါတယ်။ တပ်တွင်းဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ – (က) နှစ်မှုနဲ့ ထောင်ငါးနှစ် ချမှတ်ခံထား ရတဲ့ ဦးစည်သူအောင်မြင့် အပါအဝင် နောက်ထပ်သတင်းထောက် ငါးဦးကို စစ်ကောင်စီက ထောင်ဒဏ် ချမှတ်ခဲ့တာပါ။ စစ်တပ်ကို ဝေဖန်တဲ့ဆောင်းပါးများရေးသားတဲ့ ဝါရင့်သတင်းစာဆရာဦးစည်သူအောင်မြင့်ကို ရာဇသတ်ကြီး ပုဒ်မ- ၁၂၄ (က) နဲ့ ထောင်ဒဏ် ခုနှစ်ချမှတ်ခဲ့ပြီး ကျန်သတင်းထောက် ငါးဦးကိုတော့ အလုပ်နဲ့နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပါ တယ်။ သင်္ဃန်းကျွန်းပို့စ်က အယ်ဒီတာချုပ်နဲ့ တာဝန်ခံအယ်ဒီတာများဖြစ်ကြတဲ့ မထက်ထက်အောင်နဲ့ ကိုဝေလင်းတို့ နှစ်ယောက်ကို ပေါက်ကွဲစေတတ် သော ဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ နဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ်ငါးနှစ်စီချမှတ်ခံခဲ့ရပါတယ်။ အဲဒီနေ့ တစ်ရက်တည်းမှာပဲ ရန်ကုန်မြို့က အလွတ်တန်း သတင်းထောက် ကိုစိုးရာဇာထွန်းကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)ဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး လေးလကြာထိန်းသိမ်းခံရပြီးနောက် လွတ်မြောက် လာခဲ့တဲ့ ယခုနှစ်မတ်လမှာ ပြန်လည်ဖမ်း ဆီးခံခဲ့ရတာဖြစ်ပါတယ်။ ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ပြောက်ကြား သပိတ်ကို သတင်းယူနေရင်း စစ်ကားတိုက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့သတင်းထောက် ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်း ကိုလည်း ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပါတယ်။ မမှူးရတနာခက်မို့မို့ထွန်း မှာ ဖမ်းဆီးခံရ မှုအတွင်း အကြမ်းဖက်ခံရတာကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒါ့ပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ ဆက်လက်အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်း အမိန့်ချခဲ့တဲ့ သတင်းမီဒီယာသမား ခြောက်ယောက် အပါအဝင် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ခဲ့တဲ့ သတင်းမီဒီယာသမား ပေါင်း ၃၂ ဦးရှိ ပါတယ်။ အဲဒီထဲကမှ ငါးဦးက ပြန်လည်လွတ်မြောက်ပြီး ဖြစ်ပါတယ်။ ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တာရိုကူဘိုတာအပါ အဝင် ၂၀၂၁ ခုနှစ် နှစ်စ ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် လေးဦးကတော့ လွတ်ရက်စေ့ခါနီးမှာ လွတ်ငြိမ်းနဲ့ လွတ်မြောက် လာခဲ့ပြီး ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=533671555447044&set=a.478 726164274917

၂၈။ သံလွင်မြစ်တွင်းက အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်
December 22, 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယမန်နေ့ည ၇ နာရီခန့်က သံလွင်မြစ်တွင်းမှ အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်ဟု လူမှုကူညီရေးအဖွဲ့မှ ကိုဇင်ယော်က ပြောသည်။ အဆိုပါ အမျိုးသမီးသည် သံလွင်ဈေး ဆိပ်တံတား အောက် မှ တစ်ဆင့် သံလွင်မြစ်အတွင်း ဆင်းသွားသည်ကို မျက်မြင်တွေ့ရှိသူများ၏ သတင်းပေးမှု ကြောင့် ရာမည Diving Team၊ မော်လမြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မော်လမြိုင်မြို့ပေါ်ရှိ လူမှုကူညီရေးအဖွဲ့များက ရှာဖွေ ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။ ကိုဇင်ယော်က “ ကောင်မလေးကို သံလွင်ဈေးတံတား အောက်က တိုင်မှာ ဖက်လျက်ပြန်တွေ့ခဲ့တာပါ။ အခုတော့ သတိပြန်ရ လာပြီ၊ သိပ်မစိုးရိမ်ရတော့ဘူး ” ဟု ပြောသည်။ ရာမည လူမှု့ကူညီရေး လူနာတင်ယာဉ်ဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။ အသက် (၃၃) နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် မော်လမြိုင်မြို့တွင် နေထိုင်သူဖြစ်ပြီး မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ရရှိပြီ ဖြစ်သည်ဟု ကူညီသူများ က ပြောသည်။ https://www.facebook.com/thanlwinkhetnews/photos/pcb.1628401454259080/1628400274259198/

၂၉။ အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်
December 23, 2022

အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ လေးရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် က ပြောပါတယ်။ အပစ်ရပ် ခုနစ်ဖွဲ့ဘက်က မဟုတ်ဘဲ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဖိတ်ကြားလာ တာလို့ ဆိုပါတယ်။ တွေ့ဆုံမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆွေးနွေးမှာဖြစ်သလို တိုင်းရင်းသားတွေဘက်က သီးခြားလိုလာတဲ့ အချက်တွေကိုပါ ဆွေးနွေးမှာဖြစ်တယ်လို့ PPST ပြောရေးဆိုခွင့်ရှိသူ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ (KNLA-PC) က ဗိုလ်မှူးကြီး စောကျော်ညွှန့် က ပြောပါတယ်။ “ကျနော်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့က ကြိုးပမ်းတာကတော့ ဖိတ်ခေါ် ဆွေးနွေးမှုကအစ နေရာ၊ နေ့ရက် ဆွေးနွေးမယ့်အကြောင်းအရာကို နှစ်ဖက်စလုံးကနေ ကြိုတင်ညှိနှိုင်းပြီးမှ နှစ်ဖက်စလုံး အတွက် အဆင်ပြေနိုင်မယ့် အခင်းအကျင်းပေါ့လေ၊ ကျနော်တို့သွားချင်တာပေါ့နော်။ အခုက ဆွေးနွေမယ့် အကြောင်းအရာက စာထဲမှာ ပါတဲ့အတိုင်းပဲပေါ့နော်။ ကျနော်တို့နဲ့ ကြိုတင်ညှိနှိုင်းထားတာမရှိပါဘူး။ သူတို့ရဲ့ဖိတ်ခေါ်စာမှာတော့ အဲဒါတွေဆွေး နွေးမယ် ဆိုပြီးတော့ ရေးလာတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ခုနစ်ဖွဲ့ကလည်းပဲ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေ တုန်း ဖြစ်ပါတယ်” အဖွဲ့တစ်ခုချင်းစီက ခေါင်းဆောင် အပါအဝင် ကိုယ်စားလှယ် သုံးဦးစီ တက်ရောက်ဖို့ ဖိတ်ကြားထား တယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီက ဖိတ်ကြားတဲ့ NCA အပ်ပစ်ရပ် ခုနစ်ဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည် လွတ်မြောက် ရေး ပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ မွန်ပြည်သစ်ပါတီ (MNSP) တို့ ပါဝင်ပါတယ်။ နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီဆွေးနွေးပွဲဟာ ပြည်သူလူထုအတွက်တော့ အကျိုးမထူးနိုင်ဘူးလို့ ဝေဖန်ပါတယ်။ “အခုတွေ့တဲ့အဖွဲ့တွေ ကလည်း စစ်ကောင်စီနဲ့ ဘာပြဿနာမှလည်း မရှိဘူး။ စစ်ရေးမှာ အရန်အင်အားအနေနဲ့ ပြည်သူ့စစ်တွေဖွဲ့ထားသလို နိုင်ငံရေး မှာလည်း သူ့အတွက် အရန်အင်အားလို သဘောထားတဲ့ ဒီအဖွဲ့တွေကို လိုအပ်ချက်အရ အခုလိုခေါ်ပြီး ဆွေးနွေးနေတာ။ ပြည်သူ လူထုအတွက်တော့ ဒီဆွေးနွေးပွဲက ဘာမှ သိပ်ထူးခြားမှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံပြင်တယ်ဆိုတာက လွှတ်တော်ရှိမှ ပြင်လို့ရ တာ။ အခုက သူ့ကိုထောက်ခံတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ သူတို့လိုချင်တာကို အတင်းပြင်မယ့် ပုံစံဖြစ်နေတယ်” အပစ်ရပ်ခုနစ်ဖွဲ့ က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံဖို့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်တောင်းဆိုခဲ့တာပါ။ စစ်ကောင်စီဘက်က တွေဆုံဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာ ငြင်းပယ်ခဲ့ပြီးနောက် အခုလို ပြန်လည်ဖိတ်ကြားလာတာလည်း ဖြစ်ပါတယ်။ အခု အပစ်ရပ်ခုနစ်ဖွဲ့ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နှစ်ကြိမ်စီ တွေ့ဆုံဆွေးနွေးပြီးဖြစ်တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ https://www.rfa.org/burmese/news/ceasefire-in-myanmar-12232022053507.html

၃၀။ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ပစ်ခတ်သံများကြားရ၍ ဒေသခံများစိုးရိမ်
December 23, 2022

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ယနေ့ (ဒီဇင်ဘာ ၂၃) ရက်နေ့ နံနက် ၅ နာရီ ခန့်က စတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။ ထိုလက်နက် ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းမှ ကြားနေရခြင်းဖြစ်ပြီး တမန်းသား၊ ကြိမ်ချောင်း၊ မင်္ဂလာညွန့် စသည့် ကျေးရွာများမှ ကြားရခြင်းဖြစ်သည်။ တမန်းသား ကျေးရွာသားတစ်ဦးက “ ဒီနေ့ နံနက်ပိုင်းကစပြီးတော့ ဘင်္ဂလားဒေ့ရှ် ဖက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကြားရပါတယ်။ အခုချိန်ထိလည်း ပစ်နေပါတယ်။ ပစ်ခတ်သံတွေ ကြား တော့ စိုးရိမ်မှုရှိတာပေါ့။ ဘာဖြစ်လို့ ပစ်နေတယ်ဆိုတာတော့ မသိဘူး ” ဟု ဆိုသည်။ ထိုသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေခြင်းမှာ မည်သည့်အတွက်ကြောင်း ဖြစ်သည်ကို ရှင်းရှင်းလင်း မသိရသေးသော်လည်း ဘင်္ဂလားဒေရှ် အာဏာပိုင်များ က စစ်ရေးလေ့ကျင့်မှုပြု လုပ်နေမှုများ ဖြစ်နိုင်ကြောင်း ရခိုင်ဒေသခံများက ခန့်မှန်းနေကြသည်။

“ပထမ လက်နက်သံကြားတော့ စိုးရိမ်သွားတာပေါ့။ အပစ်အခတ်ရပ်စဲထားတာလည်း မကြာသေးဘူးလေ။ ပြန်ပြီးတော့ တိုက်ပွဲဖြစ်လားဆိုပြီးတော့ စိုးရိမ်မှုရှိတာ။ ကျနော်တို့ ထင်တာကတော့ အဲဒီဖက်မှာ စစ်ရေးလေ့ကျင့် မှုတွေ ပြုလုပ်နေတယ်လို့ ယူဆရတယ်။ အခုအချိန်ထိလည်း ပစ်ခတ်သံတွေကြားနေရဆဲပါ”ဟု မင်္ဂလာညွန့် ကျေးရွာသားတစ်ဦးကပြောသည်။ မောင်တော ဒေသသည် မြန်မာစစ်တပ်နှင့် AA တို့ ယခုနှစ် တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားရာဒေသတခုဖြစ်ခဲ့ပြီး ပြင်းထန်သော တိုက်ပွဲ များနှင့်အတူ နယ်စပ်တလျောက်ရှိ မြန်မာစစ်တပ် နယ်ခြားစောင့် စခန်းအချို့ကို AA က သိမ်းပိုက်ထား မှုများရှိခဲ့သည်။ အဆိုပါ တိုက်ပွဲများတွင် မြန်မာစစ်တပ်ဘက်က လက်နက်ကြီး အပါဝင် တိုက်လေယာဉ်၊ ရဟတ်ယာဉ် အသုံးပြုကာ အင်အားသုံး တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ပွဲဖြစ်စဉ် များအတွင် လက်နက်ကြီး ကျည်ဆံများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ထဲသို့ ကျရောက်မှု ကြောင့် နယ်စပ်ဒေမှာ နေထိုင်သည့် မွတ်ဆလင်ဒုက္ခသည်များ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။ https://www.facebook. com/dmgnewsagency/photos/a.466679383484478/2480079072144489/

၃၁။ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတွေကို ရိုးရာဝတ်စုံယက်လုပ်နည်းသင်ကြားပေးနေ
December 23, 2022

ကရင်နီအမျိုးသားတိုးတက်ရေးပါတီထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာရှိနေတဲ့ အမျိုးသမီးတွေ တစ်ဖက်တစ်လှမ်းကနေ ဝင်ငွေရစေဖို့အတွက် ကယားရိုးရာဝတ်စုံ ယက်လုပ်နည်းသင်တန်းကို သင်ကြားပေးနေ ပါတယ်။ ကရင်နီအမျိုးသားကောလိပ် ( KnNC) ဒုတိယနှစ်ကျောင်းသူ ၅ ဦးကနေ လာရောက်သင်ကြားပေးတာ ဖြစ်ပြီး ကျောင်းမှာ ပြုလုပ် ရတဲ့ ပရောဂျက်အရ လာရောက်သင်ကြားပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့က စတင်သင်ကြား ပေးခဲ့တာဖြစ်ပြီး သုံးလတာ သင်ကြားပို့ချပေးသွားမယ်လို့ ဆိုပါတယ်။ လာရောက်သင်ကြားပေးနေတဲ့ မော်မီမြာကတော့ “ အခုက သူတို့ နည်းနည်းလုပ်တတ်လာပြီ။ ကျမ သူတို့ကို ချည်လိမ့်နည်းတွေ သင်ပေးတော့ သူတို့ ချည်လိမ့်တတ်လာတယ်။ အင်္ကျီတွေလည်း ယက်လုပ်တတ်လာတယ်။ နောက်ကျရင် သူတို့ ပိုလုပ်တတ်လာမယ်လို့ မျှော်လင့်တယ်ပေါ့။ ချည်တွေကတော့ သိပ်တော့ မလုံလောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ဒီလိုရိုးရာယက်ကန်းသင်ကြားပေးတဲ့ ပရောဂျက်လုပ်တာက ဒီတစ်ကြိမ်ပထမဆုံး ဖြစ်တယ်။ ” လို့ ဆိုပါတယ်။ “ ကျမလုပ်တတ်သွားရင်တော့ တခြားသူတွေကို သင်ပေးမယ်။ နောက်ပြီး တော့ အခုက ဒီလိုရိုးရာအင်္ကျီတွေကို ဝယ်ရတာလည်း စျေးကြီးတယ်။ အဲဒီတော့ ကျမကလေးတွေဝတ်နိုင်ဖို့အတွက် ကိုယ်တိုင် ယက်လုပ်ပေးမယ်ပေါ့။ ကျမကိုယ်တိုင်ကလည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် ကျမက သိပ်မမှတ်မိတော့ မြန်မြန်မလုပ် တတ်ဘူး။ စိတ်ဝင်စားတာကတော့ စိတ်ဝင်စားတယ်။ ” လို့ စေးမေဖောက ပြောပါတယ်။

လူဦးရေ နှစ်ထောင်ကျော်ရှိနေတဲ့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ စိတ်ပါဝင်စားသူတွေထဲက အမျိုးသမီး ၁၅ဦးကို ရွေးချယ် သင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကနေ လက်ရှိအချိန်အထိ အမျိုးသား၊ အမျိုးသမီးဝ တ် ကယားရိုးရာအင်္ကျီ ၁၅ ထည်၊ လွယ်အိတ်အလုံး – ၃၀ ကို ယက်လုပ်ပြီးသွားပြီဖြစ်ပြီး ဆက်လက် ယက်လုပ်သွားဖို့ လည်း ရှိတယ် လို့ ဆိုပါတယ်။ ယက်လုပ်ပြီးတဲ့ အဝတ်တွေကို ဝင်ငွေရဖို့ ပြန်လည်ရောင်းချရာမှာ အခက်အခဲရှိခဲ့ရင် တခြားနိုင်ငံကို ရောက်ရှိနေပြီး ကရင်နီရိုးရာဝတ်စုံတွေကို ဝယ်ယူချင်သူတွေနဲ့ ချိတ်ဆက်ပေးသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။ ကရင်နီ ပြည်မှာဆိုရင် စစ်ဘေးဒုက္ခသည်နှစ်သိန်းကျော်ရှိနေပြီး လက်ရှိအချိန်အထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးသလို အလှူရှင်တွေရဲ့ အထောက်အပံ့တွေကလည်း နည်းလာနေတဲ့အတွက် တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိနိုင်မယ့် နည်းလမ်းတွေကို ကြိုးစားနေကြတာ ဖြစ်ပါတယ်။ www.kantarawaddytimes.org

၃၂။ တိုက်ပွဲငြိမ်သက်သွားသဖြင့် နမ့်ဆန်မြို့က စစ်ဘေးရှောင်များ နေရပ်ပြန်
December 23, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့ ဒီဇင်ဘာ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ငြိမ်သက်သွားတာ ကြောင့် ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်သွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။ “တိုက်ပွဲက ငြိမ်သွားတော့ အပျက်အစီးများတဲ့ ကုန်းသာရွာကလွဲရင် ကျန်တဲ့ရွာတွေ အကုန်နေရပ်ပြန်သွားကြပြီ။ နမ့်ဆန်မြို့ခံတွေကလည်း စစ်ဘေးရှောင် တွေ နေရပ်ပြန်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးခဲ့ကြတယ်” လို့ နမ့်ဆန်မြို့ခံတဦးက ပြောပါတယ်။ တအာင်း(ပလောင်)ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာဘက်ကို ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး လေကြောင်းကပါ တိုက်ခိုက်လာတာကြောင့် TNLA တပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

တိုက်ပွဲတွေကြောင့် ကုန်းသာ၊ မန်လုံ၊ ဟူးမန်း၊ ပိန်းလုံ၊ ပန်အလောတ်၊ တာလတ်ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူ တွေဟာ အိုးအိမ်စွန့်ခွာပြီး နမ့်ဆန်မြို့ဘက်ကို တိမ်းရှောင်ခဲ့ရပါတယ်။ လက်ရှိ စစ်ဘေးရှောင်တွေ နေရပ်ပြန်ကြပြီ ဆိုပေမယ့် တိုက်ပွဲအတွင်း အပျက်အစီးများခဲ့တဲ့ ကုန်သာကျေးရွာက ပြည်သူတွေ နေရပ်ပြန်ဖို့ ခက်ခဲနေဆဲပဲလို့ ဒေသခံတွေက ပြောပါ တယ်။ “ကုန်းသာရွာက ဘုန်းကြီးကျောင်းကော၊ စာသင်ကျောင်းကော လူနေအိမ်တွေကို အားလုံးနီးပါး ကျည်ထိမှန်ပျက်စီးတာ တွေရှိတယ်။ လုံး၀ မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေလည်းရှိသလို အိမ်တိုင်း လိုလိုလည်း ကျည်ထိထားတာတွေရှိတယ်။ ဒီတော့ အဲ့ဒီရွာက ပြည်သူတွေကတော့ နမ့်ဆန်မှာပဲ ဆက်နေနေ သေးတယ်။ နေအိမ်တွေ ဘာတွေပြင်ပြီးမှ ပြန်ကြမယ်ပြောတယ်။ အားလုံးကလည်း ပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းကူညီနေကြတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီတပ် ရဲ့ ထိုးစစ်ကြောင့် ဘုန်းတော်ကြီး ကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့တဲ့ ကုန်းသာရွာကို ပြန်လည် ထူထောင်ရေးလုပ်ဆောင်နိုင်ဖို့ ပြည်တွင်း ပြည်ပ တအာင်း(ပလောင်) လူမျိုးစုတွေအပြင် အခြားသော ပြည်သူတွေကလည်း ထောက်ပံ့ငွေတွေ ထည့်ဝင်လှူဒါန်းကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ http://burmese.dvb.no/archives/570181

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။