• Today is: Thursday, March 28, 2024

Part 3 : တိုက်တွန်း နှိုးဆော်ချက်

တော်လှန်ရေးအတွက် အရေးအကြီးဆုံး NUG နဲ့ EROs မဟာမိတ်ဖြစ်တည်မှု။ ဖိအားတွေအောက်မှာ ဘယ်လိုခရီးဆက်ကြမလဲ။
 
– အီဂေါဗလာဇီဗစ် (သူ့အတွေးသူ့အမြင်)
 
Part 3 : တိုက်တွန်း နှိုးဆော်ချက်
——————————-
 
လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ တော်လှန်ရေးအတွက် မဟာမိတ်အုပ်စုတွေကြားမှာ မရေရာတဲ့ အနာဂတ်အကြောင်း ငြင်းခုံ‌ဆွေးနွေးကြရင်း သဘောထားကွဲလွဲမှုတွေနဲ့ အေးခဲတုံ့ဆိုင်းနေခဲ့ကြတယ်။
 
အဲဒီလို ဖြစ်နေကြမယ့်အစား ရောက်လာတော့မယ့် ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်အပေါ် ပြန်အာရုံစိုက် ကြဖို့ပါ။
 
အခုလုပ်ဖို့လိုအပ်နေတာက နွေဦးတော်လှန်ရေးမှာပါဝင်နေကြတဲ့ အစုအဖွဲ့တွေ (နယ်မြေထိန်းချုပ် နိုင်သူ၊ သေနတ်ကိုင်ထားသူနဲ့ ပြည်သူ့ထောက်ခံမှုရထားသူ)တွေ အားလုံးလုပ်ဖို့လိုတာက မြဲမြံတဲ့ သန္နိဌာန်နဲ့ အင်တိုက်အားတိုက် မဟာမိတ်အဖြစ် ရပ်တည်ကြဖို့ပါ။
 
အဲဒီမဟာမိတ်အနေနဲ့ တော်တော် အရေးတကြီးလုပ်ရမယ့်ကိစ္စက နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေကို တစ်ယောက်တစ်ပေါက်မဟုတ်ဘဲ ညှိညှိနှိုင်းနှိုင်း မဟာဗျူဟာကျကျ စုစည်းပြောဆိုကြဖို့ပါ။
 
အဲဒီလို မလုပ်နိုင်ရင် နွေဦးသူရဲကောင်းတွေ စတေးပြီး ယူပေးခဲ့တဲ့ အနာဂတ်ဟာ ဘယ်တော့မှ ရောက် လာမှာ မဟုတ်ပါဘူး။ အဲဒါကိုမလုပ်နိုင်ရင် မြန်မာနိုင်ငံသားတွေရဲ့ ဖက်ဒရယ်နဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အိပ်မက်ကို ပြီးပြည့်စုံစေမယ့် ဒီသမိုင်းဝင်အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားပါလိမ့်မယ်။
 
အဲဒီလို မလုပ်နိုင်ရင် အကြောက်တရားနဲ့ ဖိနှိပ်ချုပ်ချယ်မှုကင်းတဲ့ တိုင်းပြည်မှာ နေထိုင်လိုတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ဒီမိုကရက်တစ် မျှော်မှန်းချက်ဟာ နောက်အနှစ် ၂၀ အထိ နှောင့်နှေးသွားလိမ့်မယ်။
 
နိုင်ငံရေးအရ ပါဝင်ပတ်သက်နေကြတဲ့ ဒီမိုကရက်တစ် အင်အားစုတွေ နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အင်အားစု တွေထဲက လူတွေအားလုံး အခုအချိန်မှာ တကယ်လုပ်ဖို့လိုတာက အချင်းချင်း တွေ့ဆုံကြဖို့ပါပဲ။ လူချင်း တကယ် တွေ့ဆုံကြဖို့။ zoom meeting မှာ တွေ့ဆုံကြဖို့ မဟုတ်ဘူး။
 
( ဒီတော်လှန်ရေးကို ) ကျနော်တို့ အတူတူ နိုင်တဲ့အခါ ကျနော်တို့ ကြိုးစား ရုန်းကန်ခဲ့ကြတဲ့ အသီးအပွင့်တွေ လူတိုင်းရရှိဖို့ ကျနော်တို့ အချင်းချင်း တဖက်နဲ့တဖက် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးကြရမယ်။
 
သံသယတွေ နာကြည်းချက်တွေနဲ့ တော်လှန်ရေးကို အားပျော့ တုံ့ဆိုင်းနေစေမယ့်အစား နိုင်ငံရေးအရ အဓိက ပါဝင်နေကြသူတွေ အားလုံးက ယုံကြည်သစ္စာရှိမှုနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ အကောင်းမြင် သဘောထားတွေနဲ့ လုပ်ကြရပါမယ်။
 
စစ်အာဏာရှင်ကိုတော်လှန်ရေးနေကြတဲ့ အစုအဖွဲ့တွေဟာ လက်ရှိ နိုင်ငံရေး မဟာမိတ်ဖွဲ့တည်မှုကို ပြန်ပြီး ခိုင်မာအောင်လုပ်ကြဖို့လိုပါတယ်။
 
ယူကရိန်းပြည်သူတွေကို သမ္မတ ဇာလန်စကီးက တစ်ချိန်လုံး ဦးဆောင်မှုပေးနေသလို ဒီမဟာမိတ် ကလည်း စိုက်လိုက်မတ်တပ် ဦးဆောင်မှုပေးနိုင်ရမှာဖြစ်ပါတယ်။
 
ဒါမှသာ ဒီမဟာမိတ်ဟာ ပြည်သူတွေက စစ်အစိုးရကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ငြင်းဆန်ပြီး အာဏာဖီဆန်တာတာတွေ ဆက်ရှိနေဖို့ စုစည်းထားနိုင်မှာဖြစ်တယ်။
 
တော်လှန်ရေးအစုအဖွဲ့တွေရဲ့ နိုင်ငံရေး မဟာမိတ်ဖွဲ့မှုဟာ မ အ လ ရဲ့ စစ်တပ်ပြိုလဲတဲ့အထိ ခေါ်ဆောင်သွားပြီး ရာဇ၀တ်မှုတွေကျူးလွန်နေတဲ့ စစ်အစိုးကို အနိုင်ယူနိုင်မှာ ဖြစ်တယ်။
 
ဒီ နိုင်ငံရေးမဟာမိတ်ဟာ နိုင်ငံတကာကလူတွေနဲ့ ဆက်ဆံရာမှာ အားနည်းနေတဲ့ အနေအထားမှာ ရပ်ပြီး အကူအညီတွေ တောင်းနေကြရမယ့်အစား ဒီတိုင်းပြည်ရဲ့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ စစ်မှန်တဲ့ အချုပ်အခြာ အာဏာပိုင်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်တယ်။
 
လူတိုင်းက အနိုင်ရတဲ့ မြင်းကိုလောင်းချင်ကြတာကြောင့် ဒီတော်လှန်ရေးထဲမှာ တခြားသူတွေအားလုံး ပါဝင်ပူးပေါင်းဖို့ ဒီနိုင်ငံရေးမဟာမိတ်က တိုက်တွန်းအားပေးရပါမယ်။
 
ဒီမိုကရေစီတိုက်ပွဲဝင်ခေါင်းဆောင်တွေဟာ နိုင်ငံရေး သတ္တိရှိရှိနဲ့ ဒီသမိုင်းဝင်အခွင့်အရေးကို လက်လှမ်းမီဖို့ရာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ကြရမှာဖြစ်ပါတယ်။
 
လူမျိုးစု အစုအဖွဲ့တွေနဲ့ ပတ်သက်လာရင်လည်း နောင် မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ လူမျိုးစုတွေဟာ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့စဉ်ကတည်းက တိုက်ယူနေခဲ့ရတဲ့ မိမိကြမ္မာမိမိဖန်တီးခွင့်ကိုရရှိနိုင်ကြောင်း ဒီခေါင်းဆောင်တွေဟာ ယုံကြည်လောက်တဲ့ ကတိကဝတ်ပြုပြီး၊ မြဲမြံတဲ့ သန္နိဌာန်နဲ့ ရှင်းရှင်းလင်းလင်း သတင်းစကားပါးရမှာ ဖြစ်ပါတယ်။
 
ကိုယ်ပိုင်ပြဌာန်းခွင့်ကို အစဉ်တစိုက် တောင်းဆိုခဲ့ကြတဲ့ လူမျိုးစု ခေါင်းဆောင်များကလည်း မိမိတို့ လူမျိုးစုရပ်တည်ရေးကို အခြေခံတောင်းဆိုတဲ့ အထိုင်ကနေ ခွာကြည့်ပြီး အနာဂတ်မှာ အားလုံးအတွက် အပေါင်းလက္ခဏာကိုဆောင်တဲ့ ပိုမိုနက်ရှိုင်းကျယ်ပြန့်တဲ့ အမျိုးသားရေး လုပ်ငန်းစဉ်အတွက် ရင်းနှီးမြှုပ်နှံကြဖို့ အချိန်ဖြစ်နေပါတယ်။
 
စစ်တပ်ကို နိုင်ငံရေးနဲ့ စီးပွားရေးကနေ ဖယ်ရှားလိုက်ပြီးသွားလို့ မြန်မာနိုင်ငံမှာ မ အ လ ရဲ့ ယူနီဖောင်းဝတ် အကျင့်ပျက် ကိုယ်ကျိုးရှာဂိုဏ်းက ထိန်းချုပ်၊ ဖိနှိပ်ချုပ်ချယ်၊ လုယူခြင်းတွေ မရှိတော့တဲ့အခါ တိုင်းပြည်သစ်မှာ ပိုပြီး တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းလို့ရကြတဲ့ အခြေအနေတွေ ပိုမိုဖြစ်ထွန်းလာမှာပါ။
 
ဒီအခါမှာ စေ့စပ်ညှိနှိုင်းဖြေရှင်းဖို့လုံလောက်တဲ့ အခင်းအကျင်း နဲ့ တစစီဖြစ်နေတဲ့ ဘဝတွေကို ပြန်လည်ထူထောင်ဖို့လည်း ဓနဥစ္စာတွေ ရှိလာကြမှာပါ။
 
အဲဒီအခါ လူတဦးချင်းစီ ရဲ့ လူမှု စီးပွါး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖြစ်နိုင်ခြေတွေ ရှိလာမှာပါ။ လူမျိုးစု အသီးသီး၊ ယုံကြည်ကိုးကွယ်မှုအသီးသီးက လူတိုင်းဟာ ဒါကို ခံစားကြရမှာပါ။
 
—————-
Part 1: လက်ရှိ စစ်ခေါင်းဆောင်များ၏ မဟာဗျူဟာကို သုံးသပ်ခြင်း
 
https://www.federaljournalmm.org/fj-mm-11768-2/
 
Part 2: NUG – EROs မဟာမိတ်ဖြစ်တည်မှုမှာ ပေါက်လာနိုင်တဲ့ အက်ကြောင်းများ
 
https://www.federaljournalmm.org/fj-mm-11817-2/