• Today is: Sunday, January 29, 2023

ရွှေလီချိုင့်ဝှမ်းဂွင် အမှတ်တရ ၈

ရွှေလီချိုင့်ဝှမ်းဂွင် အမှတ်တရ ၈
 
– မောင်မောင်စိုး
 
ပင်လုံ ၁၉၈၅
 
၁၉၈၅ ခုနှစ်မတ်လဆန်းလောက်တွင် ပြင်လုံသို့ ဒုတိယအကြိမ်ပြန်ရောက်သည်။ ဤအကြိမ်တွင် ညဖက်မှ ပင်လုံသို့ရောက်သည်။ ထိုညလကထိန်ထိန်သာနေ သည်ကိုတော့ ကောင်းစွာအမှတ်ရသည်။
 
လရောင်အောက်တွင်မြင်ရသည့် ပင်လုံသည် လွန်ခဲ့သည့် ၈ နှစ်တုံးက ပင်လုံနှင့် သိပ်ကွာလှပုံမရပေ။ ကွာသည်က ဤအခေါက်တွင် မိမိတို့အင်အားမှမနည်းလှပေ။ CPB မှတပ်ရင်း ၃ ရင်း၊ လက်နက်ကြီး တပ်ခွဲ၊ ဆေးအဖွဲ့၊ရုံးအဖွဲ့၊ ထောက်ပို့အဖွဲ့များပါသကဲ့သို့ KIA တပ်မဟာ ၄ ကလည်း ထုတ်နှုတ် စစ် ကြောင်း နှစ်ကြောင်းပါသည်။ အင်အား ၈၀၀ နီးပါးခန့်ရှိမည်ထင် သည်။
 
ရွာထဲဝင်တော့ ရွာလယ်လမ်းမမှာ မိမိတို့အား ရပ်စောင့်နေသည့် ရဲဘော်ခိုင်အောင် ခေါ် ကိုကျော်ဇောဦး ( ဗိုလ်ကျော်ဇောသား အငယ် ) နှင့် တွေ့ သည်။ သူက ဒီရွာမှာနားမယ်ဟုဆိုသည်။
 
သူအား ရဲဘော်အိုက်လွန်း (နောင် UWSA ဒုတပ်မှူးကြီးအဖြစ်တာဝန်ယူပြီး ၂၀၁၈ ခုနှစ်တွင် အနားယူသွားသူ )က ပြောလိုက်သည်ဟုဆိုသည်။ ရဲဘော်အိုက်လွန်း ခေါ် တာ့လွန်းဆိုသည်က ထိုစဉ်က ဝ နယ်ရှိ တပ်မဟာ ၇ နိုင်ငံရေးမှူးတာဝန်ယူနေသူဖြစ်ပြီး မြောက်ပိုင်းမှပြုလုပ်နေသည့် ရွှေရာအောင်စစ်ဆင် ရေးအား ခေတ္တလာရောက် ကူညီဦးစီးနေသူဖြစ်သည်။
 
သို့ဖြစ်ရာ မိမိလည်း မိမိတို့ရုံးအဖွဲ့အား ရွှေလီမြစ်ဖက်အဆင်းဖက်ရှိ လမ်းအောက်ဖက်ကအိမ်တအိမ် တွင် နားကြသည်။ လားတွေမြင်းတွေ ကုန်နှီးချသူချ၊ ဗိုက်ဆာကြ၍ ဆန်ပြုတ်ပြုတ်ရန်ပြင်သူပြင်နှင့် အလုပ်ရှုပ်နေကြစဉ် မိမိလည်း အိမ်ကပြင်တွင် မောမောနှင့် ပက်လက်လှန် အနားယူနေမိသည်။
 
အိမ်ကလမ်းဘေးတွင်ဖြစ်၍ လမ်းမမှ ရဲဘော်များသွားနေသည့် စစ်ဖိနပ်သံ၊ လားမြင်းခွါသံများကို ကြားနေရသည်။ ရဲဘော်တွေက တသုတ်ပြီးတသုတ် အောက်ဆက်ဆင်းနေသည်ကို ကြားနေရသည်။
 
အစောပိုင်းကတော့ အောက်ဖက်မှအိမ်တွေရှိသေး၍ ထိုအိမ်များတွင် နားမည်ဟု ထင်မိသေးသည်။ သို့သော်လည်း အတန်ကြာသည်အထိ တသုတ်ပြီး တသုတ် ဆက်ဆင်းနေသံကြား‌နေရသဖြင့် မိမိလည်း သင်္ကာမကင်းဖြစ်လာပြီး ရွာလည် လမ်းမထက်ထွက်လာရာ တပ်ရင်း ၆ မှ တပ်ခွဲမှူး ဝ ရဲဘော်နှင့်တွေ့တော့ တပ်အားလုံးမြစ်ကူးဖို့ဆင်းသွားကြပြီဖြစ်ပြီး သူတို့တပ်ခွဲက နောက်ဆုံး‌ နောက်ချန်တပ်ခွဲဖြစ်သည်ဟု သိလိုက်ရသည်။
 
မိမိလည်းအတန်ငယ် ပြာသွားပြီး တပ်ခွဲမှူးအား မိမိတို့ စစ်ဦးစီးအဖွဲ့မှ အလုပ်အနည်းငယ်ရှိနေ၍ ယခုမှ ဆုတ်နိုင်မည်ဖြစ်ရာ သူတို့တပ်ခွဲအား ‌နာရီဝက်ခန့် ရွာတွင် ခံစစ်ယူထားပြီးမှ ဆင်းလာရန် ခပ်တည် တည်နှင့် ညာပြောလိုက်ရသည်။
 
တပ်ခွဲမှူးကလည်း မိမိအား စစ်ဦးစီးရုံးတွင်တွေ့နေရသည်ဖြစ်ရာ မိမိစကားကို နားထောင်၍ တော်သေးသည်။
 
မတတ်နိုင်၊ ခပ်တည်တည်နှင့် လိမ်လိုက်ရသည်။ မိမိတို့ကရုံးအဖွဲ့ စက်အဖွဲ့ များဖြစ်တော့ တိုက်ခိုက် ရေး အင်အားမဟုတ်။
ပြီးလျင် ချက်ခြင်းအိမ်သို့အပြေးပြန်ပြီး မိမိရုံးအဖွဲ့ကို အမြန်ပြင်ပြီးထွက်ဖို့ လောဆော်သကဲ့သို့ တဖက်ကလည်း ခိုင်အောင်ကို လှိမ့်ဆဲရတော့သည်။ ခိုင်အောင်ကလည်း ဆဲမနာ ဆိုမနာဆိုတော့ အေးကွာ ဘာလွဲသွားလဲ မသိဘူးဟုဆိုခါ အမြန်ထွက်ဖို့ပြင်ရှာသည်။
 
သို့နှင့် ခပ်သုတ်သုတ် အပြေးတပိုင်း ဆင်းသွားတာတောင်မှ ရွှေလီမြစ်နားရောက်မှ တပ်နှင့်ပြန်မှီသည်။ ထိုညက ရွှေလီမြစ်ကို ဝါးဖေါင် ကူပွန်တံတားထိုးပြီး ဖြတ်သည်ဖြစ်ရာ ညတွင်းချင်း တဖက်ကမ်းသို့ တပ်အားလုံးရောက်သည်။
 
ကူးပြီး သည်နှင့် ဝါးဖေါင်တံတားအား ဖျက်၍လရေတွင်မျှောလိုက်သည်ဖြစ်ရာ မိမိတို့သာ ရွာတွင်အိပ်နေမိခဲ့ပါက ရွှေလီမြစ်အ‌ရှေ့ဖက်ကမ်းတွင် လူ ၅/၆ ယောက်နှင့် ပိတ်မိပြီး ကျန်ခဲ့နိုင်သည်။
 
စိတ်ထဲတွင် မသင်္ကာဖြစ်နေ၍ ပြန်လည်စစ်ဆေးမိ၍တော်သေးသည်။ မိမိတို့တပ်ဖွဲ့အား နောက်မှ မဆလအစိုးရ စစ်ကြောင်းများကလိုက်နေသည်ဖြစ်ရာ မစူးစမ်းမဆန်းစစ်ဘဲ အိပ်နေမိလိုက်ပါက နောက်တနေ့မနက်တွင်” တိုင်းပြည်အုပ်ချုပ် မင်းလုပ်မည့်သူများ ထကြပါခင်ဗျာ” ဆိုပြီး သေနတ်နှင့်ချိန်ပြီး အနှိုးခံရနိုင်သည်။
 
စစ်မြေပြင်တွင် တပ်ကလည်း အပြင်းချီတက်နေချိန်လည်းဖြစ်၊ တဖက်စစ်ကြောင်းကလည်း ရှေ့နောက် ပိတ်ဆို့ဖို့ကြိုးစားနေချိန်လည်းဖြစ်သည့်အပြင် ညအချိန်လည်းဖြစ်သည်။
 
ထို့ပြင် တပ်ကလည်းများသဖြင် ကွပ်ကဲမှုတွင် အချိတ်အဆက်က အံချော်တတ် သည်။ စစ်မြေပြင်တွင် အပြန်အလှန် အထပ်ထပ် စစ်ဆေးနိုင်မှ တန်ခါကြသည်။ သို့နှင့် ပြင်လုံ ဒုတိယံပိအကြိမ်သည် မှတ်မှတ်ရရဖြစ်သွားခဲ့သည်။