• Today is: Wednesday, April 24, 2024

သူ့အတွေးသူ့အမြင် | နိုင်ငံရေးဟာ မင်းနဲ့ဆိုင်တယ်

နိုင်ငံရေးဟာ မင်းနဲ့ဆိုင်တယ်
 
– People’s Message (သူအတွေးသူ့အမြင်)
 
နိုင်ငံရေးဟာ ပြည်သူအားလုံးနဲ့ဆိုင်တယ်။
 
လူကြီးတွေလုပ်စရာရှိတာလုပ်လိမ့်မယ်ဆိုပြီး ငါတို့နဲ့မဆိုင်သလို လွှတ်ထားလို့ မရဘူး။
 
နိုင်ငံရေးနဲ့ ကိုယ်နဲ့မဆိုင်ဘူးဆိုလို့ နိုင်ငံရေးနဲ့ဆိုင်တယ်ဆိုတဲ့သူတွေပဲ နိုင်ငံရေးကိုလုပ်ချင်ရာ လုပ်ကြတဲ့တနေ့ ဒီလိုအာဏာရှင်စနစ်တွေ ပြန်ပေါ်လာလိမ့်မယ်။
 
“နိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူး . . ငါတို့ကတော်လှန်ရေးပဲလုပ်တာ နိုင်ငံရေးမလုပ်ဘူး” စသဖြင့် နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်သလို “တော်လှန်ရေး နဲ့ နိုင်ငံရေးကို ခွဲမြင်ကြ ခွဲပြောနေကြတာတွေ” ကြားဖူးကြမှာပါ။
 
အဲဒီလို “နိုင်ငံရေးဟာငါတို့နဲ့မဆိုင်ဘူး .. ကိုယ်လုပ်မှကိုယ်စားရတာ” ဆိုတဲ့ အယူအဆတွေလွှမ်းမိုးခဲ့ လို့ လူထုနိုင်ငံရေးနိမ့်ပါးခဲ့ရတာဟာ အာဏာလုခံခဲ့ရတဲ့အကြောင်းရင်းများစွာထဲက အဓိကအချက် တခု ဖြစ် ကြောင်း လက်တွေ့သိမြင်နေကြရပြီလို့ ယူဆပါတယ်။
 
တဘက်မှာလည်း “နိုင်ငံရေးစနစ်ကောင်းတခုမတည်ဆောက်နိုင်ခဲ့ခြင်းကြောင့်” ၂၀၂၁ မှာ လက်နက် အားကိုးနဲ့ ပြည်သူ့အာဏာလုယူခံရပြီး ခုလိုနွေဦးတော်လှန်ရေးပေါ်ပေါက်လာရတဲ့ (ဖြစ်ရပ်) အပြင် “နှစ်ပေါင်း (၇၀) ကျော်ကြာ နိုင်ငံရေးပြဿနာရင်းမြစ် (ဖြစ်စဉ်)” တွေကိုပါ သတိပြုနားလည် လာကြ မှသာ လိုအပ်ချက်တွေကို အမြန်ဆုံး ပြင်ဆင်ဖြည့်ဆည်းပြီး တော်လှန်ရေးအမြန်ဆုံး အောင်မြင်နိုင်မှာ ဖြစ်တယ်ဆိုတဲ့အချက်ကို လေးလေးနက်နက် စဥ်းစားကြဖို့ အချိန်တန်ပါပြီ။
 
၂ နှစ်တာအတွင်းမှာ တော်လှန်ပြည်သူတို့ကိုယ်တိုင် အရင်းအနှီးကြီးကြီးမားမား ပေးဆပ်ရတဲ့ အတွေ့ အကြုံ တွေအရ အခြေခံအားဖြင့် နွေဦးတော်လှန်ရေးရဲ့အဓိကကျတဲ့ဘုံရည်မှန်းချက်ဟာ “စစ်အာဏာ ရှင်စနစ် ကျဆုံးရေး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး” တို့ ဖြစ်ကြောင်း သိမြင်လာကြတာနဲ့ အတူ လူထု နိုင်ငံရေး ဟာ အနေအထားတခုဆီကို ပြန်တိုးတက်လာနေပြီဆိုတာကိုလည်း တွေ့နေရပါ တယ်။
 
“နိုင်ငံရေးဟာ နိုင်ငံရေးသမားများနဲ့သာသက်ဆိုင်တာမဟုတ်ပဲ ပြည်သူပြည်သားများ အားလုံးနဲ့ပါ သက်ဆိုင်ကြောင်း” ပြောဆိုပြုမူလာကြတဲ့ တော်လှန်ပြည်သူတွေရှိလာတာနဲ့အတူ ပြည်သူတွေရဲ့ နိုင်ငံရေး အတွေးအခေါ်တွေ စဥ်ဆက်မပြတ်တိုးတက်နေ သတိရှိနေကြမှသာ နိုင်ငံရေးစနစ်ကောင်း တခု ပြန်လည် တည်ဆောက်နိုင်ကြမှာဖြစ်တယ်လို့ နားလည်မိပါတယ်။
 
ဒါမှသာ အာဏာလု/သိမ်းဖြစ်ရပ်တွေအပါအဝင် အမျိုးမျိုးသော အာဏာရှင်စနစ်တွေ သက်ဆိုးရှည် သံသရာ လည်နေတဲ့ နိုင်ငံရေးဖြစ်စဥ်ကနေ ရပ်တန့်ဖောက်ထွက်နိုင်ကြမှာဖြစ်တယ်လို့ ယုံကြည် ပါတယ်။