• Today is: Friday, April 19, 2024

ဒီးမော့ဆို၊ အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းထဲ လက်နက်ကြီးကျရောက်လို့ အမျိုးသမီးတဦး သေဆုံး 

ဓါတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် (ထုတ်ပြန်ချက်)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၅
 
ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းရှိတဲ့ နေရာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ၏ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလို့ စစ်ရှောင်နေသူ အသက် (၅၅) နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီ ဒီးမော့ဆိုအမြောက်တပ်က ရမ်းသမ်းပစ်ခတ်လိုက်တယ်လို့ ယူဆရတဲ့ အတွဲလိုက်ပစ် လက်နက်ကြီးဟာ စစ်ရှောင်တဲများရှိရာသို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ည ၇ နာရီချိန်ခန့်မှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီမော့ဆို ပြန်ကြားရေး တာဝန်ခံတဦးက ပြောပါတယ်။
 
“စပြီးပစ်တာကတော့ ၇ နာရီ ဝန်းကျင်ကနေ စပစ်တာပေါ့၊ ပစ်တာများတော့ ဘယ်အလုံးမြောက်က ထိသွား သလဲဆိုတာတော့ ပြောဖို့ခက်တယ်၊ ထိတာတော့ ထိသွားပြီး အသက် ၅၅ နှစ်အရွယ် စစ်ရှောင် အမျိုးသမီး တဦးဆုံးသွားတာပေါ့၊ ဒီစစ်ရှောင်စခန်းဘက်ကို လက်နက်ကြီးတွေကို ပစ်ခတ်လိုက် တာကတော့ ဒီးမော့ဆို အမြောက်တပ်ဘက်ကလို့ ယူဆရပါတယ်၊ 122 လို အတွဲလိုက်ပစ် လက်နက်ကြီး လိုမျိုး ဆက်တိုက် ကျရောက် ပေါက်ကွဲလာတာပါ” လို့ သူက ပြောပါတယ်။
 
လက်နက်ကြီး ထိမှန် သေဆုံးသွားခဲ့တဲ့ အမျိုးသမီးဟာ သူမအပါအဝင် မိသားစုဝင် ၄ ဦးရှိပြီး အမျိုးသား နှင့် သားယောက်ျား ၂ ဦးတို့ ဖြစ်ကြတာပါ။
 
ဒါ့အပြင် ၎င်းတို့မိသားစုဟာ အဲဒီစစ်ရှောင်စခန်းသို့ ပြောင်းရွှေ့ နေထိုင်ခဲ့တာလည်း (၁)လကျော်ခန့်သာ ရှိနေသေးပြီး အခုလို မမျှော်လင့်ပဲ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာလို့ မြေပြင်သတင်း အချက်အလက် စုဆောင်းရေး အဖွဲ့ထံမှ သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ အခုလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားများနေထိုင်တဲ့ စစ်ရှောင်စခန်းများသို့ ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခြင်းများဟာ အာဏာသိမ်းမှုအလွန် ခပ်စိပ်စိပ် ပြုလုပ်လာ တယ်လို့ လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေက ဆိုထားသလို စစ်ရှောင် စခန်းတိုင်းမှာ ဗုံးခိုကျင်းများ အရန်သင့် တူးဖော်ထားဖို့ စခန်းတာဝန်ရှိသူများက ညွန်ကြားထားတာပါ။ ဒါ့အပြင် လေယာဉ်သံ၊ လက်နက်ကြီးသံ ကြားပါက ဗုံးခိုကျင်းထဲသို့ ချက်ချင်းပုန်းခိုရန်အတွက် တိုက်တွန်း နိုးဆော် ထားကြပါတယ်။
 
တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု အဖွဲ့၏ လေ့လာတွေ့ရှိချက်များအရ စစ်အဏာသိမ်းမှု အလွန် ကရင်နီဒေသမှာ စစ်ကောင်စီ၏ လက်နက်ကြီးအပါအဝင် လေကြောင်း ပစ်ခတ်မှုတို့ကြောင့် သော် လည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံအစားအစာ လိုအပ်ချက်များ ကြောင့် သော် လည်းကောင်း စစ်ရှောင်နေရင်း သေဆုံးသူများဟာ ( ၁၂၆ )ဦးထိ ရှိလာပြီလို့ သိရပါတယ်။