• Today is: Friday, April 19, 2024

သူ့အတွေးသူ့အမြင် | ဒီ/ချုပ်နဲ့ လက်နက်ကိုင်လမ်းစဉ်

〓 ဒီ/ချုပ် နဲ့ လက်နက်ကိုင်လမ်းစဉ်
 
– မင်းသေ့(သူ့အတွေးသူ့အမြင်)
 
လက်ရှိ NUG ထဲမှာ ဒီ/ချုပ်ထဲက လူတွေ ဘယ်လောက်ပဲ ပါဝင်နေပါစေ၊ တချိန်မှာ ဒီ/ချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်ကို ငြင်းပယ်ကြောင်း ထင်ထင်ရှားရှား ထုတ်ဖော်ပြောကြားလိမ့်မယ်ဆိုတဲ့ သံသယက ဗမာမဟုတ်သောလူမျိုးစုတွေထဲမှာ ရှိနေသေးတယ်။
 
ယခု လောလောဆယ် အခြေအနေကတော့ — တော်လှန်ရေးဒီရေ အမြင့်ဆုံး အချိန်ကို ရောက်နေတာ တစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဟာ ရေပန်းအစားဆုံး တော်လှန်ရေးလမ်းကြောင်းဖြစ်နေတာ တစ်ကြောင်း၊ ဒီ/ချုပ်ထဲမှာ ခေါင်းခံဦးဆောင်တဲ့ ခေါင်းဆောင်မှု ပျောက်ဆုံးနေတာ တစ်ကြောင်း — စတဲ့ အကြောင်း (၃) ပါးကြောင့်၊ ဒီ/ချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ပတ်သက်ပြီး တစ်ဖက်မှာ ရပ်ခံသလိုလိုနဲ့ တစ်ဖက်မှာလည်း ဒီ/ချုပ် လျှောက်တဲ့လမ်းစဉ် မဟုတ်ကြောင်း အကြောင်းပြချက် ရှာထားပြီးသားဖြစ်ပါတယ်။
 
ဒီဖြစ်စဉ်ကို ဒီ/ချုပ် က NUCC ထဲကနေ ထွက်တာနဲ့ပတ်သက်ပြီး အထင်အရှားတွေ့နိုင်တယ်။ နောင်တချိန်မှာ — ဒီ/ချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးအားလုံးရဲ့ တရားခံ မဖြစ်လိုဘူး။
 
လက်နက်ကိုင်တပ်အားဖြင့် စုစည်းထားတဲ့ နိုင်ငံရေးပါတီလည်း မဖြစ်လိုဘူး။ ဒါဟာ ဒီ/ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု နောက်ကိုလိုက်တဲ့ ဒုတိယတန်း ခေါင်းဆောင်အားလုံးရဲ့ သဘောထားဖြစ်တယ်။
 
လောလောဆယ် ဒီ/ချုပ်ရဲ့ ဒုတိယတန်းခေါင်းဆောင်တွေထဲမှာ — ဦးအောင်ကြည်ညွန့် တစ်ယောက် ဟာ ထဲထဲဝင်ဝင် ရှိတယ်လို့ ပြောနိုင်တယ်။ ယခု NUG ထဲမှာ ပါဝင်နေတဲ့ ဒီ/ချုပ် ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေဟာ — ဒီ/ချုပ်ရဲ့ အလယ်အလတ်တန်းခေါင်းဆောင်တွေထဲမှာပဲ ရှိတဲ့သူတွေ ဖြစ်တယ်။
 
■ ဦးအောင်ကြည်ညွန့်ရဲ့ ပြောဆိုချက်အရ – ဒီ/ချူပ် ပါတီဝင်တွေဟာ တစ်ဦးချင်းအလိုက် လက်ရှိ နွေဦးတော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ထိထိရောက်ရောက်ပါဝင်နေတာဖြစ်လို့ ဒီ/ချုပ်ကလည်း လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေတယ်လို့ မှတ်ယူနိုင်အောင် ပြောဆိုသည့်တိုင် ဒီ/ချုပ်ရဲ့ မူဝါဒအားဖြင့် လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းတယ်လို့ အတိအကျ မပြောနိုင်ပါဘူး။
 
ဒါကိုလည်း ဒီ/ချုပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ဖမ်းဆီးခံထားရတာဖြစ်လို့ — မူဝါဒလမ်းစဉ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ခွင့်မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆင်ခြေပေးထားပါတယ်။
 
လက်ရှိ လ-က်နက်ကိုင်လျှောက်လမ်းထဲမှာ သက်ဆိုင်ရာ ဒေသ/မြို့နယ်အသီးသီးမှာ ဒီ/ချုပ် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေက ထဲထဲဝင်ဝင် ပါဝင်နေပါတယ်။
 
သို့သော်လည်း ဒီလိုပါဝင်ခြင်းဟာ ဒီ/ချုပ် အနေနဲ့ ပါဝင်နေခြင်းထက် လူထုက mandate ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပါဝင်ပါတယ်။
 
ပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပါတီခေါင်းစဉ်ထက် လွှတ်တော်အမတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်ရောက် တော်လှန်တိုက်ပွဲဝင်နေတာကို တွေ့ရပါတယ်။
 
ဒါ့ကြောင့်လည်း လူမျိုးစုလက်နက်ကိုင်ခေါင်းဆောင်တွေဟာ — ဒီ/ချုပ်နဲ့ လက်နက်ကိုင်လမ်းစဉ် အပေါ် အတွဲအဆက်ကို သို့လော သို့လောနဲ့ သံသယ ရှိနေတာဖြစ်ပါတယ်။
 
■ လောလောဆယ် အချိန်မှာ ဒီ/ချုပ်အနေနဲ့ ခက်ခဲသော ရွေးချယ်မှုတွေကို ပြတ်ပြတ်သားသား လုပ်ဖို့ မလိုသေးပါဘူး။ အဲသည့်အချိန်ကိုလည်း မရောက်သေးပါဘူး။ ဒါပေမယ့် တချိန်မှာ ရောက်လိမ့်မယ်။ တချို့က ရွေးကောက်ပွဲ ဥပဒေအရ ၂၀၂၃ ရွေးကောက်ပွဲဟာ ဒီ/ချုပ်အတွက် ခက်ခဲသော ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ ထင်ကြတယ်။ မဟုတ်ပါဘူး။ မဖြစ်ပါဘူး။
 
လက်ရှိ ဒီလို လက်နက်ကိုင်အကျပ်အတည်း၊ နိုင်ငံရေးအကျပ်အတည်း ပြင်းထန်းလွန်းမက ပြင်းထန်နေတဲ့အချိန်မှာ — ဒီ/ချုပ်ဟာ စစ်တပ်က စပွန်ဆာလုပ်ပြီး ကျင်းပတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ဝင်မတဲ့လား။ မဝင်ပါဘူး။ ဝင်တယ်ဆိုရင် ဒါဟာ ကိုယ့်ကိုယ့်ကို နိုင်ငံရေးဆူဆိုက်လုပ်တာနဲ့ အတူတူပဲပေါ့။
 
ဒါ့ကြောင့် လက်ရှိ ၂၀၂၃ ခုနှစ်ထဲမှာ ဒီ/ချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ပတ်သက်ပြီးတော့ မဖြစ်မနေ ရွေးချယ်ရမယ့် လမ်းဆုံလမ်းခွကို မရောက်သေးပါဘူး။
 
ဒီလို မဖြစ်မနေ ရွေးချယ်ရမယ့် အချိန်ကို ဒီ/ချုပ်က ကနဦးကာလမှာ အနည်းငယ် ကြုံပြီးပါပြီ။ ဒါကို လှလှပပ သေသေသပ်သပ်နဲ့ နိုင်ငံရေးသိက္ခာထိန်းနိုင်တဲ့ အခြေအနေကို လုပ်ထားနိုင်ပါတယ်။
 
အဲသည့်အတွက် လက်ရှိ ကျန်ရှိနေတဲ့ ဦးအောင်ကြည်ညွန့်အပါအဝင် ဒီ/ချုပ် ပါတီဝင် အလယ်အလတ်တန်းခေါင်းဆောင်တွေရဲ့ နိုင်ငံရေး ပါးနပ်မှုလို့ ပြောနိုင်ပါတယ်။
 
■ စကားပုံတစ်ခု ရှိပါတယ်။
 
ရှုံးနိမ့်သူအတွက် အဖေ တော်ချင်တဲ့သူ တစ်ယောက်မှ မရှိ။
အောင်မြင်သူအတွက်ကား အဖေတော်ချင်သူ များလှ၏။ တဲ့
ဒီစကားလိုပါပဲ။
 
■ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ လ-က်နက်ကိုင်လမ်းစဉ် အောင်မြင်ခြင်း ရှိ / မရှိ အပေါ်မှာ မူတည်ပြီး ဒီ/ချုပ်က လ-က်နက်ကိုင်လမ်းစဉ်၏ မွေးမိခင် လုပ် / မလုပ် ဆိုတာကို ဆုံးဖြတ်မယ် ထင်ပါတယ်။
 
ဒါပေမယ့် လောလောဆယ်အားဖြင့် — စစ်ကောင်စီဘက်က လုံးဝ မရှုံးနိမ့်သေးသော်လည်း၊ လ-က်နက်ကိုင် လမ်းစဉ်ကြောင့် စစ်ကောင်စီကို အရှိုက်မိအောင် ထိုးနှက်နိုင်လို့ ဒီ/ချုပ် အနေနဲ့ လ-က်နက်ကိုင်လမ်းစဉ်ကို ပါတီမူဝါဒအားဖြင့် မဆုံးဖြတ်ရသေးသော်လည်း — မငြင်းဆန် …လို့ မှတ်ယူစေချင်ဟန် ရှိတယ်။