• Today is: Thursday, March 28, 2024

ကရင်နီပြည်မှာ ၂၀၂၂ ခုနှစ်အတွင်း နှစ်ဖက်တိုက်ပွဲပေါင်း (၃၄၁)ကြိမ်ထိ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုများခဲ့ ဟုဆို

KNDF – ထုတ်ပြန်ချက်
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၆၊ ၂၀၂၃
 
၂၀၂၂ ခုနှစ်တွင်း ကရင်ရီဒေသမှာ နှစ်ဖက်တိုက်ပွဲပေါင်း (၃၄၁) ကြိမ်ထိ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် (၇၉၇) ဦး ကျဆုံးမှုရှိခဲ့ပြီး (၉၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ KNDF တပ်ဖွဲ့ဘက်ကတော့ ရဲဘော် (၆၅) ဦးထိ ကျဆုံးမှုရှိခဲ့တာပါ။
 
တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကရင်နီဒေသမှာ စစ်ကောင်စီက စစ်မျက်နှာများစွာ ဖွင့်ပြီး စစ်ရေးအရှိန်အဟုန် မြင့်ခဲ့တဲ့ ဒေသတခုလည်း ဖြစ်ခဲ့ပါတယ်။ စစ်ရေး အရှိန်အဟုန် မြင့်ခဲ့တဲ့ ကရင်နီဒေသမှာ စစ်ကောင်စီ ဟာ လေကြောင်းဖြင့် အကြိမ်ပေါင်း (၁၅၃)ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ကြောင့် အရပ်သားပြည်သူ (၁၃) ဦး အသက်ဆုံးရှုံးခဲ့ပြီး (၆၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရ ပါတယ်။
 
ဒါ့အပြင် လေကြောင်းနှင့် လက်နက်ကြီးများကြောင့် အရပ်သားနေအိမ် (၆၇)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ခရစ်ယာန်ဘာသာရေး အဆောက်အဦး (၄) လုံးနှင့် စေတီ (၁) ဆူလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
KNDF ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း ပြင်းထန်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများဖြစ်တဲ့ လက်နက်ငယ် (၃၃) လက်နှင့် လက်နက်ကြီး (၇) လက်အပါအဝင် ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၁၁) ဦးထိ အရှင် ဖမ်းဆီးရမိခဲ့ပြီး တပ်မ (၆၆) နှင့် နယ်မြေခံ တပ်ရင်းများက စစ်ကောင်စီတပ်သား (၇) ဦးကတော့ ပြည်သူ့ရင်ခွင့်ခိုလှုံကာ CDM ပြုလုပ်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။