• Today is: Friday, March 29, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 2, January 6, 2023)

 

၁။ ALP စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦး အသတ်ခံရခြင်းအပေါ် ULA/AA လက်ချက်ဟု ပြောဆိုချက်မှာ အခြေ အမြစ်မရှိသည့် စွပ်စွဲချက်ဟု AA တုံ့ပြန်
January 5, 2023

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦး အသတ်ခံရခြင်းမှာ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) ၏ လက်ချက်ဖြစ်ကြောင်း ALP ၏ ပြောဆိုချက်မှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်သာ ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က ပြောသည်။ “ဒီလို ကျနော်တို့ကို နာမည်ထုတ်ပြီး တော့ အခြေအမြစ်မရှိ စွပ်စွဲ တာကတော့ နာမည်သေနေတဲ့ သူတို့ ALP ကို နာမည်ကြီးအောင်လုပ်ချင်လို့ လုပ်တာ လည်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက တော့ သူတို့ ALP အချင်းချင်း နှစ်ဖွဲ့ကွဲပြီးတော့ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေကြတာတွေ၊ နောက်ပြီးရင် နေပြည်တော်ကို အစည်းအဝေး သွားမယ်ဆိုရင်တောင်မှ နှစ်ဖွဲ့လုနေကြတဲ့ အခြေအနေတွေ အဲဒီလိုဟာမျိုးတွေရှိပါတယ်။ ပြီးရင် သူတို့အချင်းချင်းကြားမှာ အာဏာဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အတွင်းပဋိပက္ခတွေလည်း သူတို့မှာ အများကြီးရှိတယ်” ဟု ဦးခိုင်သုခ က ပြောသည်။ ဇန်နဝါရီလ ၄ ရက်နေ့က စစ်တွေမြို့တွင် ပြည်နယ်စစ်ကောင်စီ ကျင်းပသည့် လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ရန် သွားကြသည့် ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုး နှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒ တို့မှာ စစ်တွေမြို့စက်ရုံစုရပ်ကွက် (၁၃) ရှိ ဆီတန်းရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ALP တပ်ဖွဲ့ဝင်များ သေဆုံးသွားခြင်းမှာ ULA/AA ၏ လက်ချက်ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်နေ့တွင် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) မှ ထုတ်ပြန်ကြေညာခဲ့သည်။ ALP ၏ စွပ်စွဲချက်ကို AA ဘက်က ငြင်းဆိုထားပြီး အခြား အင်အားစုအဖွဲ့ အစည်းများက ပြဿနာရှုပ်ထွေးအောင် ဖန်တီးချင်သည့်အတွက် ALP တပ်ဖွဲ့ဝင် ၃ ဦးအား သေနတ် ဖြင့်ပစ်သတ်ခြင်းလည်း ဖြစ် နိုင်ကြောင်း ဦးခိုင်သုခ ကသုံးသပ်ပြောဆိုသည်။ “နောက်တစ်ခု စဉ်းစားစရာကတော့ အခြားအင်အားစုတစ်ခုခုကလည်း ပြဿနာ ရှုပ်ထွေးအောင် ဖန်တီးချင်တာကြောင့် ဒီလိုသတ်ဖြတ်တာတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုအရှုပ်ထုပ်တွေကြားမှာ ဘယ်သူက ဘယ်လိုလုပ်သွားမှန်း မသိတဲ့အတွက်ကြောင့် ကျနော်တို့ ULA / AA အနေနဲ့ ဒီကိစ္စကို မှတ်ချက်ပေးစရာမရှိပါဘူး” ဟု သူက ဆို သည်။ ALP တပ်ဖွဲ့ဝင်များ သေဆုံးသည့် ကိစ္စနှင့် ပတ်သက်ပြီး ULA/AA ထံ တစ်စုံတစ်ရာ တိုင်ကြားလာခြင်းမရှိသေးဘဲ တိုင် ကြားလာပါက လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပေးသွားမည်ဟုလည်း ဦးခိုင်သုခက ပြောသည်။ https://www.fac ebook.com/dmgnewsagency/photos/a.466679383484478/2491992150953181/

၂။ ကေအိုင်အို ဥက္ကဋ္ဌကျန်းမာရေးကြောင့် တာဝန်ယာယီလွှဲပြောင်းခြင်းဖြစ်ဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြော
January 6, 2023

ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လဟာ ကျန်းမာရေးကြောင့် ဆေးစစ်ဖို့ရှိတဲ့အတွက် ရုံးလုပ်ငန်းတွေကို ပိုမိုထဲ ထဲဝင်ဝင်လုပ်နိုင်အောင် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ကို ယာယီဥက္ကဋ္ဌတာဝန်ယူဖို့ ရုံးတွင်းအမိန့်စာထုတ်ပြန်တာဖြစ်ပြီး ဥက္ကဋ္ဌ နေရာ ကို တစ်ခါတည်း ပြောင်းလဲလိုက်တာမဟုတ်ဘူးလို့ ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ) ဒုဥက္ကဋ္ဌ(၁) ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် က ပြောပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်ဟာ ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ကျန်းမာရေးစစ်ဆေးနေစဉ် ကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ နေရာ နဲ့ ကချင်လွတ် မြောက်ရေးကောင်စီ (ကေအိုင်စီ) ဥက္ကဋ္ဌ နေရာတွေမှာ ယာယီတာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့လည်း ဆိုပါ တယ်။ ကေအိုင်အေ စစ်ဦးစီးချုပ်နေရာကို ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းက တာဝန်ယူထားပါတယ်။ ကချင် လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ) ရဲ့ ဇန်နဝါရီ ၂ ရက်နေ့က ကချင်ဘာသာနဲ့ထုတ်ပြန်တဲ့အမိန့်စာမှာတော့ ဗဟို ကော်မတီ ဝင်နဲ့ တိုင်းအဆင့် အုပ်ချုပ်ရေး အကြီးအကဲနေရာတွေကို ပြောင်းလဲတာဝန်ပေးထားတာ တွေ့ရပါတယ်။

ယာယီဥက္ကဋ္ဌဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ပြုလုပ်ခဲ့တဲ့ ပင်လုံစာချုပ်ချုပ် ဆိုခြင်း ၇၅ နှစ်ပြည့်အခမ်းအနားမှာ လက်ရှိနွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ကေအိုင်အိုအဖွဲ့ကိုယ်စား မိန့်ခွန်းပြောခဲ့ သူလည်းဖြစ်ပါ တယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အဖွဲ့ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို ၁၉၆၁ ခုနှစ်ဖေဖေါ်ဝါရီလမှာ စတင်ဖွဲ့စည်း ခဲ့တာဖြစ်ပါတယ်။ လက်ရှိစစ်အာဏာ သိမ်းကာလမှာ ကေအိုင်အို/ကေအိုင်အေ အဖွဲ့ဟာ အာဏာသိမ်းမှုကိုဆန့်ကျင် ပြီး ပြည်သူနဲ့အတူရပ်တည်ခဲ့ကာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေကိုလည်း စနစ်ကျ စစ်သင်တန်းပေးနေပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ http://burmese.dvb.no/archives/572113

၃။ ဘောလခဲ၊ ဖားဆောင်း နဲ့ မော်ချီးဒေသတွေမှာ ကုန်ပစ္စည်းတချို ပြတ်လုနီးဖြစ်နေ
January 6, 2023

ကရင်နီပြည် ဘောလခဲမြို့နယ် နဲ့ ဖားဆောင်းမြို့နယ် မော်ချီးဒေသတွေမှာ စားသောက်ကုန်ပစ္စည်းတွေ စျေးမြင့်တက် နေပြီး ကုန်ပစ္စည်း တချို့တွေဟာ ပြတ်လုနီးပါးဖြစ်နေတယ်လို ဒေသခံတွေဆီကနေသိရပါတယ်။ ကုန်စိမ်းတွေလည်း မရတော့ သလို တချို့စားသောက်ကုန်ပစ္စည်းတွေဟာ ပြတ်လတ်နေပြီလို့ ဖားဆောင်းမြို ဒေသခံ တစ်ဦးကပြော ပါတယ်။ “ ကြက်သွန်နီ တို့၊ ကြက်ဥတို့၊ ကြက်တွေဘာတွေလည်း မရှိတော့ဘူးပြောတယ်။ ကြက်တွေဘာတွေက လုံးဝမလာဘူးပြီးရင် ကြက်ဥလည်း မရှိတော့ဘူးပြောတယ်။ ဆိုင်တိုင်းလိုက်မေးတာ တစ်ဆိုင်မှ မရှိတော့ဘူး။” လို့ ဖားဆောင်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖားဆောင်းနဲ့ မော်ချီးဒေသတွေမှာ ကုန်ပစ္စည်းတွေကို လွိုင်ကော်ကနေ အဓိက တင်သွင်းကြပြီး အိမ်နီးချင်း ထိုင်းနိုင်ငံဘက်နဲ့ တောင်ငူ ဘက်ကနေ မှာယူနေတာလည်း ရှိတယ်လို ဆိုပါတယ်။ မော်ချီးဒေသမှာတော့ ဝယ်စုထားတာတွေရှိတဲ့အတွက် ဆန် မပြတ်လတ်နိုင်သေးပေမယ့် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆန်ပြတ်လတ်တဲ့ အခြေအနေတွေ ဖြစ်လာနိုင် တယ်ဆိုတာကို မော်ချီးဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “နောက်တစ်ပတ်နှစ်ပတ်လောက် အဲ့လိုဆက်ပိတ်ရင်တော့ လုံးဝပြတ်လောက်ပြီထင်တယ်။ဘာလို့လဲဆိုတော့ မလုံလောက်ဖူး ဒီမှာက လူဦးရေ တအားထူထပ်နေတယ်” လို့ မော်ချီးဒေသခံ တစ်ဦးက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့တွေမှာ တိုက်ပွဲဖြစ်ပွားနေတာရှိတဲ့အတွက် ပြည်သူတွေလုံခြုံရေးအရ လွိုင်ကော်-စံပြ( ၆ )မိုင်-ဒေါတမကြီး-ဘောလခဲလမ်းကို အသုံးမပြုကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ရက်နေ့မှာ ကရင်နီပြည်အစိုးရဖက်က ထုတ်ပြန်ထားတာ ကြောင့် ကုန်ပစ္စည်းတွေကို သယ်ယူလို့မရသေးပါဘူး။ အဲဒါကြောင့် ထိုင်းနိုင်ငံဘက်နဲ့ တောင်ငူ ကနေ ကုန်ပစ္စည်းတွေကိုသာ မှာယူရတဲ့အတွက် ကုန်စျေးနှုန်းတွေ မြင့်တက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီလိုကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်နေကြ တယ်လို့ ဖားဆောင်းမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “ဆင်းရဲသား‌တွေအတွက်တော့ အခက်ခဲတွေပိုဖြစ်တာပေါ့။ သူတိုကတစ်ရက်လုပ်မှ တစ်ရက်စားရတာကော။ ဆန်ဈေးလဲ တက် နေတော့။ တစ်ခါတလေဆို သူတိုရုန်းကန်ရ တာပေါ့ အဲဒီလိုပေါ့။” လို့ သူက ဆိုပါတယ်။ လွှိုင်ကော်-စံပြ( ၆ )မိုင်-ဒေါတမကြီး-ဘောလခဲလမ်းကို ယခင်က တစ်ပတ်မှာ သုံးရက်ဖွင့်လှစ်ပေးခဲ့ပေမယ့် လက်ရှိမှာ ရက်အကန့်အသတ်မရှိ လမ်းတွေကို ပိတ်ထား တာဖြစ်ပါတယ်။ https://www.kantarawaddytimes.org/%e1%80%98%e1%80%b1%e1%80%ac%e1%80%9c%e1%8

၄။ ပူတာအိုရှိ နမ်လေဆုန်ဆုတောင်းတောင် သိမ်းယူခံရမည်ကို ဒေသခံများစိုးရိမ်နေ
January 5, 2023

ခရစ်ယာန်ဘာသာဝင်များ၏ ပူတာအိုမြို့နယ်ရှိ နမ်လေဆုန်ဆုတောင်းတောင်တွင် ဗုဒ္ဓဘာသာဝင်ဘုန်းကြီးများ ဘုရား စာရွတ်ဆိုနေသည့် ရုပ်သံဖိုင်များဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ယခုရက်ပိုင်းအတွင်းပျံ့နှံ့လာသောကြောင့် ဆုတောင်းတောင် သိမ်းပိုက်ခံရမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်များကြောင့် နမ်လေဆုန် ဆုတောင်းတောင်ကို ရှေးဟောင်းသုတေသနအဖွဲ့နှင့် ပူးပေါင်းကာ ဗုဒ္ဓဘာသာပိုင်နယ်မြေအဖြစ် သတ်မှတ် သိမ်းယူ လာမည်ကို စိုးရိမ်ကြောင်း အမည်မဖော်လိုသူဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ “မချမ်းဘော့မြို့နယ်က ဘုရားကျောင်း နေရာတွေကိုကော သူတို့သိမ်းသွားတာ။ ဒီဆုတောင်း တောင်ကိုလည်းသိမ်းချင်နေတာ၊ အဲ့တာကြောင့် သူတို့ခဏခဏ လာတာ နေမှာ အဲ့တာကြောင့် ဒီဆုတောင်းတောင် လည်းပါသွားမှာ စိုးရိမ်တယ်” ဟုပြောသည်။ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်မှာ နမ်လေဆုန်ဆုတောင်းတောင်ပေါ်တွင် သံဃာလေးပါးက ဘာသာဝင်အချိုု့နှင့်အတူ အမျှဝေနေသည် ရုပ်သံဖိုင်ဖြစ်သည်။

နမ်လေဆုန်ဆုတောင်းတောင်သည် ဆန်ဂေါင်ကျေးရွာအတွင်းရှိ ခရစ်တော်၏ အသင်းတော် (COC) က ဦးဆောင်ကာ ခရစ်ယာန်ဘာသာဝင်များ မည်သူမဆို ဝတ်ပြုဆုတောင်းနိုင်ရန် အဆောင်များပြုလုပ်ကာ ထိန်းသိမ်းထားသည့် နေရာဖြစ် ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “သွားတာကပြဿနာမရှိဘူး ခရစ်ယာန်ယုံကြည်သူတွေ ဝတ်ပြုဆုတောင်းတဲ့ နေရာမှာ တရားလာနာတာက အရမ်းရုပ်ဆိုးတာပေါ့။ ဘာသာအချင်းချင်းလေးစားမှုတော့ ရှိစေချင်တယ်။ ခရစ်ယာန်တွေ ဘုရားသခင်ထံ ဆုတောင်းတဲ့နေရာမှာအဲ့လိုလုပ်တာ ကန့်ကွက်ပါတယ်” ဟု သူမက ပြောသည်။ ၂၀၂၁ ခုနှစ်တွင်လည်း မန်ပန် ဆရာတော်နှင့်အတူ သံဃာတော်ဘုန်းကြီးများနှင့် ရွာသူရွာသား ၃၀ ခန့်က သွားရောက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ကလည်း စဝ့်ဖာ့နွိုင်မိသားစုဝင် ၃၀ကျော်နှင့် မန်ပန်ရွာသားများ အပါအဝင် ၆၀ ခန့်က သွားရောက်တရားနာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ လူဦးရေ ခြောက်သောင်း ကျော်ရှိသည့် ပူတာအိုမြို့နယ်တွင် ဗုဒ္ဓဘာသာဝင် ၁၀ ရာခိုင်နှုန်းခန့်ရှိကာ ကျန်အများစုမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ https://www.facebook.com/The74Media/photos/pcb.72103 0139416510/721028952749962/

၅။ တောင်စွန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉၀ ကျော်သေဆုံးပြီး PDF ၈ ဦးကျဆုံး
January 5, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းတိုက်ပွဲတွင် စစ်တပ် ဘက်မှ ၉၀ ကျော်သေဆုံးပြီး PDF ၈ ဦး ကျဆုံးခဲ့ကြောင်း ကော်သူလေး တပ်မ တော်၊ Lion-battalion ဗျုဟာ စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် တောင်စွန်းကျေးရွာတွင်းရှိ စစ်ကောင်စီ နှင့် BGF အင်အား ၁၉၀ ကျော် တပ်စွဲ ခြေကုတ်ယူထားသော ဗျုဟာတောက်ပို့ စခန်းကုန်းနှင့် BGF များတပ်စွဲ ထားသော စခန်းများကို ဗိုလ်အယ်စေးဝါး ဦးဆောင် သော Lion-battalion ဗျုဟာ စစ်ကြောင်းနှင့်SOF (တောင်ပိုင်းတိုင်းစစ်ဒေသ ) အထူးစစ်ဆင်ရေးအဖွဲ့နှင့် KNU/KLNA တပ်ရင်း (၁၆) ၊ AMGRYဒရုန်းတပ်ဖွဲ့ ၊S.S.D.Fဒရုန်းတပ်ဖွဲ့၊ FEDERAL MING ဒရုန်း တပ်ဖွဲ့ AIMS ဒရုန်းတပ်ဖွဲ့နှင့် A.U.R.Sမိုင်းအဖွဲများက ပူးပေါင်းတိုက်ခဲ့ ကြ ကြောင်း၊ အဆိုပါ တိုက်ပွဲ အတွင်း စစ်တပ်လက်အောက်ခံ BGF စခန်း ၂ ခုကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်တပ် ဘက်မှ ၉၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ကောင်စီတပ်နှင့်BGFစစ်ခွေးတွေဘက်က ကျနော်တို့ စနိုက်ပါတွေရဲ့ လက် ချက်နဲ့ ၂၃ကောင်သေဆုံးပြီး တိုက်ပွဲမှာ ပါ အပါအဝင်ဆိုရင် စစ်ခွေးနဲ့ BGF စုစုပေါင်း ၉၀ ကျော်သေဆုံးပါတယ်။ ၄ ရက်တာအတွင်း စစ်ကောင်စီ ဘက်မှ Mi35 ၊ Y130 အပေါ့စားတိုက်ခိုက်ရေးလေယာဥ်၊ SU-30 တိုက် လေ ယာဥ်တွေနဲ့ အကြိမ်ရေ ၆၀ ကျော် လေကြောင်း တိုက်ခိုက်ပါတယ်။ Lion-Battalion စစ်ကြောင်းမှစောဘုန်းအောင်(ခ)အနဲလေး စောလဲ့မူး နှင့် SOF အထူး စစ်ဆင်ရေး တပ်ဖွဲမှရဲဘော် ၆ ဦး တော်လှန်း ရေးရဲဘော်စုစုပေါင်း ၈ဦး တိုင်း ပြည် နှင့်လူမျိုးအတွက်မြင့်မြတ်စွာ အသက်ပေး သွားခဲ့ပါတယ်” ဟု Lion-battalion ဗျုဟာ စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။ https://www.facebook.com/khitthitnews/photos/a.386800725090613/16

၆။ ရွေးကောက်ပွဲမှာ မဲပေးဖို့ အတွက်ဆိုပြီး စစ်ကောင်စီက စစ်ရှောင်ဦးရေ စာရင်းကို လိုက်လံပြုစုနေ
January 6, 2023

သျှမ်းပြည် ဆီဆိုင်မြို့တွင် လာမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ မဲပေးရန်အတွက် စစ်ကောင်စီက သန်းခေါင်စာရင်း လူဦး ရေ ကောက်နေကြောင်း စုံစမ်းသိရှိရသည်။ လာမည့် ၂၀၂၃ ခုနှစ် ရွှေးကောက်ပွဲတွင် စစ်ကောင်စီကို မဲပေးရန်အတွက် ကျေးလက်၊ ရပ်ရွာသူကြီးများ နှင့် စေတနာ့ ဝန်ထမ်းများကို သင်တန်းပေးပြီး သန်းခေါင်စာရင်း ကောက်ခံခိုင်းသည့် အပြင် နေရပ် စွန့်ခွာလာသူ (စစ်ရှောင်) သန်းခေါင်စာရင်းကိုလည်း လိုက်လံကောက်ယူရန် ညွှန်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထိုသို့ ညွှန်ကြားခဲ့ပြီးနောက်ပိုင်း ယနေ့ ဇန်နဝါရီ ၆ ရက် ဆီဆိုင်မြို့ပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အိမ်ထောင် စုစာရင်းကို လိုက်လံကောက်ခံနေကြောင်း ဆီဆိုင်မြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးကပြောသည်။ “အခု လော လောဆယ်တော့ မြို့ပေါ်က တချို့ရပ်ကွက်တွေမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက လိုက်ပြီး စာရင်းကောက်နေပြီဗျ။ ရွာတွေဖက်မှာ တော့ ရွာသူကြီးတွေက လူဦးရေ စာရင်းပေးဖို့ အတွက် ဆွေးနွေးနေတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ စစ်ရှောင်များ၏ လူဦးရေ စာရင်း ပြုစုခိုင်းရာမှာ ကူညီထောက်ပံ့ဖို့ အတွက်မဟုတ်ကြောင်း၊ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် စစ်ကောင်စီကို မဲပေးရန်အတွက် လိုက်လံပြုစုခိုင်းကြောင်း သိရသည်။ “ စစ်ရှောင်ကို ထောက်ပံ့ ပေးဖို့ အတွက် စာရင်းကောက်တာတော့ မဟုတ်ဘူးဗျာ။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အတွက် စစ်ကောင်စီက စာရင်း ကောက်နေတယ်ဆိုတာ သေချာပါတယ်။ စစ်ရှောင်ကို နေရပ်စွန့်လာတယ်ဆိုတဲ့ ခေါင်းစဉ်အောက်နဲ့ ကောက်တာဗျာ။ စစ်ရှောင်တွေကို သူတို့ မေးချင်မှ မေးမယ်။ စစ်ရှောင်ကော်မတီဆီက စာရင်းကိုတော့ သူတို့ အတိတကျ အကုန် ကောက်တယ်။ ပြီးမှ ၁၈ နှစ်အထက် စားရင်း ပြန်ခွဲတယ်“ ဟု ကျေးလက်ဒေသခံ ရပ်ရွာသူကြီး တစ်ဦးက ပြောသည်။ လက်ရှိ ဆီဆိုင်မြို့နယ်အတွင်းသို့ ရောက်ရှိနေ သော စစ်ရှောင် ဦးရေမှာ (၃,၅၀၀) ဝန်းကျင် ရှိကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီသည် ဆီဆိုင်မြို့အတွင်းသို့ လာရောက် ခိုလှုံသူများကို လက်မခံရန်နှင့်နေရပ်ပြန်ရန်အတွက် တစ်ချိန်ကဖိအားပေးခဲ့ပြီး ယခုတွင် ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်ရှောင် များ၏ သန်းခေါင်စာရင်းကို လိုက်လံ ကောက်ခိုင်းရာတွင် မျှတမှု မရှိကြောင်း၊ နိုင်ငံရေးကို သက်သက်သာသာ အသုံးချနေ တယ်လို့ မြင်သည်ဟု စစ်ရှောင်ကူညီသူ တစ်ဦးက ပြောသည်။ https://burmese.shannews.org/archives/32380

၇။ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်လျှောက်ထားသူ ချင်းပြည်နယ်မှာ ၃၅၀၀ ခန့်ရှိ
January 5, 2023

ချင်းပြည်နယ်တစ်ခွင်၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်လျှောက်ထားသူဦးရေ ၃၄၅၆ ယောက်ရှိပြီး စာစစ်ဌာန ၁၃ ခု ရှိကာ မနှစ်ကထက်ဖြေဆိုရန်လျှောက်ထားသူ ၁ ထောင်ကျော်ပိုများလာတယ်လို့ ပြည်နယ်ပညာရေးမှ ဝန်ထမ်းတစ်ဦးထံ သိရပါတယ်။ ” ချင်းပြည်နယ်မှာ ဒီနှစ်က ဆယ်တန်းဖြေဆိုဖို့ လျှောက်လွှာ တင်ထားတဲ့ ကျောင်းသားပေါင်းက ၃၄၅၆ ယောက်ရှိပါတယ်၊ ပြီးရင် စာစစ်ဌာနကစုစုပေါင်း ၁၃ ခုရှိပါတယ်၊ ထန်တလန်မြို့မှာတော့ မရှိဘူး၊ တစ်မြိုလုံး ကျောင်းပိတ်ထားတာဆိုတော့၊ ဒါမယ့် ဟားခါးမြို့မှာ တစ်ချို့ ကျောင်း တက် ပြီးတော့ ဖြေဆိုမယ့်သူတွေရှိပါတယ်။ လျှောက်လွှာတင်ထားတဲ့ဦးရေက မနှစ်ကထက် ပိုများပါတယ်။” လို့ ပြည်နယ်ပညာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်မှာ ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပနိုင်မယ့် စာစစ်ဌာနက ဟားခါးမြို့ ၁ ခု၊ ဖလမ်းမြို့ ၁ ခု၊ တီးတိန်မြို့ ၁ ခု၊ တွန်းဇံမြို့ ၁ ခု၊ မင်းတပ်မြို့ ၁ ခု၊ ကန်ပက်လက်မြို့ ၁ ခု၊ မတူပီမြို့ ၂ ခု၊ ပလက်ဝမြို့ ၄ ခု ဆိုပြီး စာစစ်ဌာန စုစု ပေါင်း ၁၃ ခု ရှိပါတယ်။ ၂၀၂၁- ၂၀၂၂ ခုနှစ် ပညာသင်နှစ်၊ မနှစ်တုန်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ၂၂၅၉ ဦး ရှိခဲ့ကာ အောင်မြင်သူ ၆၀၅ ဦးရှိပြီး အောင်ချက်က၂၆.၇၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ပညာရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၃ ခုနှစ်၊မတ် ၈ ရက်မှ ၁၈ ရက်အထိ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပသွားမှာ ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်မှာအသိပေးထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fbid=551997 050295964&set=a.273500801478925

၈။ ကရင်နီမှာ လက်နက်ကြီးကျည်ကျ ပေါက်ကွဲလို့ တရက်တည်း စစ်ရှောင်နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
January 5, 2023

ကရင်နီ (ကယား)ပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်နေရာတွေကို ဇန်နဝါရီ (၃)ရက်တနေ့ တည်းမှာပဲ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရကာ အမျိုး သမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ လွိုင်ကော်မြို့၊ ချိကယ်အုပ်စု အနောက်ဘက်ခြမ်း၊ ဒေါမူကလား ကျေးရွာနဲ့ လွယ်ထွဲကျေးရွာထဲကို ဇန်နဝါရီ (၃) ရက် နေ့လယ် ၁၁ နာရီဝန်းကျင်နဲ့ ညနေ ၅ နာရီအချိန်မှာ တိုက်ပွဲ ဖြစ်တာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ဆယ်ချက်ဝန်းကျင် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ပစ်ခတ်တာကြောင့် လွယ်ထွဲကျေးရွာ ဒေသခံ ပအိုဝ်းအမျိုးသမီးဖြစ်တဲ့ အသက် (၃၆) နှစ်အရွယ် နန်းမရေး ဆိုသူဟာ ဦးခေါင်း၊ နံကြားနဲ့ ခါးတို့မှာ ဒဏ်ရာတွေရပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီရွာက အသက် (၆၅) နှစ်အရွယ် ဒေသခံ အမျိုးသားတဦးဖြစ်တဲ့ ဦးဦးရယ် ဆိုသူနဲ့ အသက် (၅၀) ကျော်အရွယ် အမျိုးသား တဦးလည်း ခြေထောက်နဲ့ပေါင်တို့မှာ ထိခိုက် ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။ “ဒေါမူကလား က ထိတဲ့လူနာ တွေကို လွိုင်ကော်ဆေးရုံပို့လိုက်တယ်၊ နှစ်ယောက်စလုံးက အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး၊ လွယ်ထွဲရွာဖက်က အမျိုးသမီးကဒဏ်ရာပြင်းတော့ တခါထဲအသက်ဆုံးတယ်”လို့ ရွာခံက ပြောပါတယ်။

အလားတူ အဲ့ဒီနေ့ည ၇ နာရီဝန်းကျင်မှာ ဒီးမော့ဆိုအနောက်ခြမ်း ထွီးဆို (ထုံးကျောက်တောင်) စစ်ရှောင်စခန်းမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ရှောင်တစ်ဦးဖြစ်တဲ့ အသက် (၅၈) နှစ်အရွယ် ဒေါနိုကူး ရွာခံ ဒေါ်စူးမြာ ဟာ ပေါင်မှာဒဏ်ရာရပြီး သေဆုံးသွားတယ်လို့ စစ်ဘေးရှောင်တွေအရေး ကူညီပေးနေသူတဦးက ပြောပါ တယ်။ အဲ့ဒီစစ်ရှောင်စခန်း ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နှစ်ချက်ပစ်ခတ်ခဲ့တာလို့ သူကဆိုပါတယ်။ “စကစဘက်ကပစ်တဲ့ လက်နက်ကြီးစ စစ်ရှောင် စခန်း တဲခေါင်မိုးပေါ်ကို လာကျတယ်၊ စစ်ရှောင်တဲမှာ အိပ်နေတဲ့ အမျိုးသမီးရဲ့ ညာဘက်ပေါင်ကိုဖောက်ပြီး အသက်သေဆုံးခဲ့ပါ တယ်၊ လက်နက်ကြီးပစ်တာရှောင်ချိန်မရလိုက်တော့ ထိသွားရင်း အသက်ဆုံးသွားတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ ကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားသေဆုံးမှု ၃၇ ဦးထက်မနည်းရှိသလို နှလုံးရပ်သေဆုံးတဲ့ သက်ကြီးရွယ်အို လေးဦးအထိ ရှိတယ်လို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။ https://www.facebook.com/deltanewsagency/pho tos/pcb.1831103693933987/1831103557267334/

၉။ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် ရွှေနဒီ ရွှေဆိုင်ဓားပြတိုက်ခံရ
January 4, 2023

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ဆိုက်ခေါင်စံပြကျေးရွာစျေးရှိ ရွှေနဒီရွှေဆိုင်ကို ဇန်နဝါရီလ ၄ ရက် နေ့က ဓားပြတိုက်ခံရပြီးရွှေ ၄၀ ကျပ်သားပါသွားကြောင်း သိရသည်။ မနက် ၉ နာရီခွဲအချိန်တွင် လူငယ်တစ်ဦးက ရွှေဝယ်ချင် ဟန်ဆောင်ပြီးလက်ထဲတွင် ပစ္စတိုသေနတ်ကိုင်ဆောင်ကာ ရွှေနဒီရွှေဆိုင်ထဲသို့ ဝင်ပြီး သေနတ်ပြ ခြိမ်းခြောက်သည့်အတွက် ဆိုင်ပိုင်ရှင်လည်းကြောက်လန့်သဖြင့် မလှုပ်ရဲပဲ ရွှေ ၄၀ ကျပ်သားယူသွားတာခံရပြီး စျေးထဲအတွင်းပြေးကာ ပျောက်သွား ကြောင်း ဒေသခံပြောပြချက်အရသိရသည်။ “ဆိုင်ထဲမှာ မိန်းခလေးပဲရှိတယ် စုစုပေါင်းလူ ၃ ယောက်ရှိတယ် လက်ထဲ သေနတ် က ဆိုင်ထဲ အမျိုးသမီး တစ်ယောက်ကိုချိန်ထားတော့ ဘာမှပြန် မလုပ်ရဲကြဘူး ဆိုင်ကယ်ဦးထုတ်ဆောင်းပြီး မျက်နှာအုပ်ထား တော့ ဘယ်သူမှန်း သေချာမသိရဘူး ဓားပြတိုက်သူက ပအိုဝ်းလူမျိုးပဲ”ဟု အခင်းဖြစ်ပွားရာအနီး အသက် ၃၀ ကျော်အရွယ် စျေးသည်တစ်ဦးက အတည်ပြုပြောကြားသည်။ ၄င်းဆိုင်ထဲတွင် CCTV ရှိသော်လည်း ဓားပြတိုက်သည့်အချိန်သည် မီးပျက်နေ သောကြောင့် CCTV မှတ်တမ်းမရ လိုက်ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပက်သက်ပြီး ဆိုင်ပိုင်ရှင်က ဆီဆိုင်မြို့ရဲစခန်းနှင့် PNO ပြည်သူစစ်ထံတွင် တိုင်ကြားထားကြောင်း သိရသည်။ ဒီဇင်ဘာ ၂၂ ရက်နေ့တွင်လည်း ဆီဆိုင်-တောင်ကြီးလမ်းတွင် ကုန်တင်ကားတစ်စီးဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံး ငွေ ၂၂ သိန်း ကားလိုင်စင် မှတ်ပုံတင်နှစ်ခုတို့ပါသွားပြီး နယ်မြေအတွင်းရှိ တာဝန်ရှိလူကြီးများလည်း အရေးယူဆောင်ရွက် ပေးခြင်း မရှိသေး ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရှမ်းတောင်တွင် တရားဥပဒေစိုးမိုးမှု မရှိသောကြောင့်ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု ပိုပိုများလာကြောင်းသိရသည်။ https://www.facebook.com/KhamSarNgor/photos/pcb.22412245660474

၁၀။ တီးတိန်မြို့နယ်တွင် ကားမတော်တဆမှုကြောင့် လူ ၂ ဦးသေဆုံး
January 5, 2023

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကျိန်းပီးကွတ်ကျေးရွာအဝင်တွင် ဇန်နဝါရီလ ၄ ရက်နေ့ ည ၈ နာရီဝန်းကျင်၌ ကား မတော်တဆမှုဖြင့် ကျိန်းပီးကွတ်ကျေးရွာသား ၂ ဦးသေဆုံးကြောင်းသိရသည်။ သေဆုံးသူတွေဟာ ကလေး ၅ ယောက် ၏ ဖခင် ဦးဟောက်ခန့်မန် နှင့် အိမ်ထောင်သည် ဦးထန်လမ့်ခွါလ် တို့ဖြစ်ပါသည်။ ၎င်းတို့ ယာဉ်မောင်းသူနှင့် အတူ လွှဆွဲပြန်အလာတွင် ကားဘရိတ်ပေါက်ကာ ကားပေါ်က ခုံဆင်းသွားရာမှ တစ်ယောက်မှာ နေရာတွင် ပွဲချင်းသေဆုံးပြီး ကျန်တစ်ယောက်မှာ ၂ နာရီ ခန့်အကြာတွင် သေဆုံးကြောင်း ဒေသခံမှ သိရသည်။ https://www.facebook.com/zalen.info/photos/pcb.35252870376

၁၁။ ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီနှင့် AA တို့ စစ်သုံ့ပန်းလှဲလှယ်
January 5, 2023

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ဖက်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ ဇန်နဝါရီ ၃ရက်နေ့၌ နှစ်ဖက် စစ်သုံ့ပန်း လှဲလှယ်မှုတို့ ပြုလုပ်ခဲ့ကြကြောင်း ခိုင်လုံသတင်းများနှင့် မျက်မြင်ဒေသခံများက ပြောသည်။ သုံ့ပန်းလှဲလှယ်မှု ပြုလုပ်သည့် နေရာမှာ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာနှင့် ကွမ်းတောင်ကြားတွင်ဖြစ်ပြီး နံနက်ပိုင်းအချိန်ခန့်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့ကြခြင်းဖြစ် ကာ အင်အားအနေဖြင့် တစ်ဖက် ၂၀ ခန့်ပါရှိသည်ဟု ကွမ်းတောင် ဒေသခံတစ်ဦးက ပြောသည်။ “မနက်ပိုင်းလောက်မှာ တွေ့ကြ တာပါ။ ပဒေသာနဲ့ ကွမ်းတောင်ကြား ညောင်ပင်ရှိတဲ့နေရာလေးနားမှာ။ သုံ့ပန်းလှဲကြတယ်လို့တော့သိရတယ်။ အင်အားအရေ အတွက်ကတော့ တစ်ဖက်စီ ၂၀ လောက်ပါကြတယ်” ဟု ပြောသည်။ လှဲလှယ်ကြသည့် သုံ့ပန်းများထဲတွင် စစ်ကောင်စီဖက်မှ မည်သည့်ရာထူးအဆင့်ရှိသူများပါသည်ကို မသိရှိဘဲ ရက္ခိုင့်တပ်တော်ဖက်မှ ဗိုလ်အဆင့်ရှိသူတစ်ဦး ပါဝင်ကြောင်းနှင့် မည်သည့် အဆင့်ရှိပုဂ္ဂိုလ်များ ပါဝင်သည် ကို က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ “အဝေးကပဲ နှစ်ဖက်ယူနီဖောင်းတွေအပြည့်နဲ့ တွေ့နေတာတွေ့ရတယ်။ စစ်ဖက်ဆိုင်ရာအရေးတွေဆိုတော့ အနားကပ်မသွားရဲဘူးလေ။ စစ်ကောင်စီဖက်က ကား ၃ စီးပါတာ တွေ့တယ်။ လူလှဲကြတယ်လို့တော့ကြားတာပဲ” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်နှင့် ဒီပါရုံကြားတွင် ရက္ခိုင့်တပ် တော်နှင့် စစ်ကောင်စီတို့ သုံ့ပန်းလှဲလှယ်မှုတို့ပြုလုပ်ခဲ့ကြပြီး စစ်သားနှင့် ရဲ သုံ့ပန်း ၁၅ ဦးကို AA ဖက်မှလွှတ်ပေးခဲ့ သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက် နာလည်းမှုဖြင့် အပစ်ရပ်လိုက် ပြီးနောက် စစ်ကောင်စီက ရခိုင်ရှိ ကုန်လမ်းကြောင်းတစ်ချို့နှင့် ရေလမ်းကြောင်းတို့ကို ဖွင့် ပေးခဲ့ပြီး မတရားအသင်း ဆက်သွယ် မှုဖြင့် ၁၇ (၁) (၂) ဖြင့် အမှုဖွင့်ခံထားရသည့် ဒေသခံ ၃ဦးထက်မနည်း ယခုရက်ပိုင်းများ တွင် လွှတ်ပေးမှုများရှိခဲ့သည်။ https://w ww.facebook.com/westernnewsagency/photos/a.119286173211229/6870084931 05658/

၁၂။ ကရင်နီပြည်တွင် ပြီးခဲ့သည့်တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပြီး စစ်ကောင်စီတပ် ၈၀၀ ခန့်သေဟု KNDF အသိပေး၊ ပြည်သူ့ရဲဘော် ၆၅ ဦး ကျဆုံးခဲ့ရ
January 6, 2023

ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့်တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၃၄၁ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ၇၉၇ ဦး သေဆုံးခဲ့ပြီး ရဲဘော် ၆၅ ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၆ ရက်) ထုတ် ပြန်သည်။ ၂၀၂၂ တစ်နှစ်တာအတွင်း KNDF သည် ကရင်နီတပ်မတော် (KA) အပါအဝင် အခြား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ နှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်များကို အရှိန်အဟုန်မြှင့် တော်လှန်တိုက်ခိုက်ခဲ့ပြီး ကရင်နီပြည်နှင့်အဝှမ်း စစ်မျက်နှာ ဖွင့် နိုင်ခဲ့သည်ဟု ဆိုသည်။ ကရင်နီတော်လှန်ရေးအင်အားစုများ၏ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူလူထု၏ ထောက်ခံ ပံ့ပိုးမှုတို့ဖြင့် စစ်ရေးဘက်တွင် အောင်မြင်မှုများရရှိခဲ့သည့် နည်းတူ တော်လှန်ရေးကာလအတွင်း ကြုံတွေ့ရသော အခက်အခဲ များ၊ စိန်ခေါ်မှုများကိုလည်း အတူတကွ ရင်ဆိုင် ကျော်လွှားခဲ့ကြရသော နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း အသိပေးသည်။ ၂၀၂၂ အတွင်း KNDF မှ ကရင်နီပူးပေါင်းတပ်ဖွဲ့ များနှင့်အတူ တိုက်ပွဲပေါင်း ၃၄၁ ကြိမ်ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့တန်းတပ်စခန်း အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၉၇ ဦး သေဆုံးခဲ့ပြီး ၊ ၉၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီတပ်မှ ၂၀၂၂ အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၁၅၀) ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် အကြိမ်ပေါင်းမြောက်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများအတွင်း KNDF မှ လက်နက်ငယ် (၃၃)လက်နှင့် လက်နက်ကြီး (၇)လက်အပြင် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ ထို့အတူ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ၁၁ ဦးအား KNDF ဖမ်းဆီးရမိခဲ့ပြီး တပ်မ(၆၆) အပါ အဝင် နယ်မြေခံတပ်ရင်းများမှ စစ်ကောင်စီတပ်သား ခုနစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ် ခဲ့သည်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး ၆၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ သည်။ အလားတူ အရပ်သားနေအိမ်အဆောက်အဦ (၆၇)လုံး အပါအဝင် ဘာသာရေးအဆောက်အဦး လေးလုံးနှင့် စေတီတစ်ဆူ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရင်းကျဆုံးခဲ့ရသည့် ရဲဘော်များကို အာဇာနည်သူရဲ ကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြု ကြောင်းလည်း KNDF က ဖော်ပြသည်။ “ဒီနှစ်လည်း တိုက်ပွဲက ပိုပြီးပြင်း ထန်လာဖို့ပဲရှိတယ်။ စကစ ဘက်က အင်အားဖြည့်တင်းမှုတွေရှိလာတယ်။အဓိကတော့ ဒီနှစ်ကြုံလာမယ့် အရာတွေမှာ ပြည်သူ လူထုအင်အားက အရေး ကြီးဆုံးနှစ်လို့ ပြောလို့ရတယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။ https://www.facebook.com/ LuduNwayO o/photos/pcb.551788577010599/551788423677281/

၁၃။ ကျောက်မဲမြို့ ကားဂိတ် ပေါ့ဆမှုကြောင့် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် လူငယ် ၂ ဦး ထောင်ဒဏ် (၁၅) နှစ်ချခံရ
January 5, 2023

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့ သိမ်းစံကားဂိတ်၏ ပေါ့ဆမှုကြောင့် ယာဥ်မောင်း နှင့် ယာဥ်နောက်လိုက် လူငယ် ၂ ဦး ထောင်ဒဏ် ၁၅ နှစ် နှင့် အလုပ်ကြမ်း ချမှတ်ခံရကြောင်းသိရသည်။ အဆိုပါ ထောင်ဒဏ် ချမှတ်ခံရသည့် လူငယ် ၂ ဦးသည် ပြီးခဲ့သည့် ၂၀၂၂ ဧပြီ ၂၈ ရက်တွင် နောင်ချိုတိုးဂိတ်တွင် ဖမ်းဆီးခံရပြီး ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခံရကြောင်း သိရသည်။ ထိုလူငယ် ၂ ဦးသည် ကျောက်မဲမြို့မှ မန္တလေးသို့ ခရီးသည်ကို တင်ပို့ပေးချိန် နောင်ချိုတိုးဂိတ်တွင် စစ်ကောင်စီက လက်နက်စစ်ဆေးတွေ့ရှိသည့်အတွက်ကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“ အဲ့နေ့က သူ ကားမောင်းရတဲ့ အလှည့်မဟုတ်ဘူး။ ကားပိုင်ရှင်က သွားမောင်းခိုင်းလို့ သူက သွားမောင်းပေးလိုက်တာ။ ကားထဲမှာ လက်ဖက်ခြောက်တွေ လာတင်တဲ့ အိတ်ရှိတယ်။ အဲ့ထဲမှာက လက်နက်ရှိတယ်။ မောင်းတဲ့သူကလည်း မသိဘူး။ ဂိတ် ကလည်း မစစ်ဆေးဘူး။ ယာဉ်မောင်းကလည်း မောင်းသွားပြီး နောင်ချိုတိုးဂိတ်မှာ စစ်ခံရပြီးတော့ ဖမ်းခံရတာ”ဟု ဖမ်းဆီးခံရ သူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးသည် ပြည့်ဖြိုးမောင် နှင့် အောင်ကျော်မိုး တို့ဖြစ်ပြီး ၎င်းတို့ သည် အသက် ၃၁ နှစ် ရှိကြောင်း သိရသည်။ ၎င်းတို့ ၂ ဦး ဖမ်းဆီးခံရသည် ကိုလည်း ကားဂိတ်မှ တာဝန်ယူပေးမှု မရှိသည့်အတွက် ကြောင့် မိသားစုဝင်များက စိတ်မကောင်းဖြစ်နေကြောင်း ၊ တာဝန်ယူပေးစေလိုကြောင်း ပြောသည်။ လက်ရှိတွင်လည်း ၎င်းတို့ (၂) ဦးကို လားရှိုးအကျဉ်းထောင်သို့ ယခုလ ဇန်နဝါရီ ၂ ရက်တွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ https://burmese.shannews.o rg/archives/32363

၁၄။ စစ်ကိုင်းနှင့် ကချင်တွင် လွတ်လပ်ရေးနေ့အမီ ဖွင့်ပေးသော အင်တာနက်လိုင်းများ ပြန်ဖြတ်
January 6, 2023

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၏ မြို့နယ်တချို့ကို အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ရာမှ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်ညပိုင်း၌ ယာယီ ပြန်လည်ဖွင့်ပေးခဲ့ပြီး ယခု ပြန်လည် ဖြတ်တောက် ထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဒေသခံတဦးက “၃ ရက်ညနေပိုင်း လောက် ကစပြီးရ တယ်။ တတိုင်းလုံးနီးပါး အကုန် ပြန်ရတယ်။ ၄ ရက် ည ၁၀ နာရီလောက်မှာ အကုန်ပြန်ပြတ်တာပဲ။ အခုက ဘာမှ သုံးမရပါဘူး” ဟုပြောသည်။ အင်တာနက်လိုင်းများ ယာယီပြန်လည်ရရှိချိန်တွင် အခြားသူများနှင့် အင်တာနက် လိုင်း ပေါ်မှနေ အဆက်အသွယ် များ ပြန်လည်ရရှိခဲ့သော်လည်း ယခုတွင် ဖုန်းဆက်ပြောဆို၍သာ အဆက်အသွယ် ပြန်လုပ်နေကြရကြောင်း ၎င်းက ဆိုသည်။

ထို့အတူ ကချင်ပြည်နယ် ဖားကန့်မြို့တွင်လည်း ဇန်နဝါ ရီလ ၃ ရက်တွင် Atom (ယခင်က တယ်လီနော) ဖုန်း ဆင်းမ်ကတ်များ၏ အင်တာနက်လိုင်းများ အကန့် အသတ်ဖြင့် ပြန်လည်ရရှိခဲ့သော်လည်း နောက်ရက်မှာပင် ပြန်လည်ပြတ် တောက်သွားကြောင်း ဖားကန့်ဒေသခံ အမျိုးသမီးတဦးက ပြောသည်။ ၎င်းက “ကျမတို့ ဒေသအပြင် ဘက်က အခြေအနေတွေနဲ့ အဆက်အသွယ်ဖြတ်တောက်ထားခံရတယ်။ ပြီးတော့ တခြားဒေသက လူတွေနဲ့ ချိတ်ဆက်ဆောင်ရွက် နိုင်ဖို့ကလည်း ဖုန်းဆို တာကလည်း သိပ်အဆင်မပြေဘူး။ ဖုန်းလိုင်းတွေလည်း တခါတလေ ဖြတ်တောက်ခံထားရတယ်” ဟု ဆိုသည်။ စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တို့တွင် အင်တာနက် ဖြတ်တောက်ထားခံရသည်မှာ ၁ နှစ်ကျော်အထိ ရှိလာနေပြီဖြစ်ပြီး၊ တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ် များကြား တိုက်ပွဲပြင်းထန်လာပြီးနောက် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခံရခြင်းဖြစ်သည်။ https://www.facebook.com/theirrawaddyburmese/photos/a.68221 0471823108/636712238 3331860/

၁၅။ အင်းလေးတွင် စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲပြင်းထန်နေ၊ နှစ်ဖက်အကျအဆုံးရှိ
January 6, 2023

ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်များကြား ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း PNDF ထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများ၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ပူးပေါင်း အထိုင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ကြောင်း PNDF မှ သတင်းရင်းမြစ်တဦးက ဧရာဝတီကို ပြောသည်။

ယင်းတိုက်ပွဲများအတွင်း အင်းလေး PDF မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ရဲဘော် ၄ ဦးခန့် ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက် မှလည်း ထိခိုက်သေဆုံးမှုများ ရှိကြောင်း၊ လက်ရှိအချိန်တွင် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆက်လက်၍ ၎င်းက “အခု ရှမ်းတောင်စစ်ဆင်ရေးက မပြီးသေးတော့ ကျနော်တို့ အသေးစိတ် ပြောလို့မရသေးဘူး။ ထိတွေ့တိုက်ပွဲတွေက အခုထိ ရှိနေသေးတယ်” ဟု ဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် NUG အစိုးရ လက်အောက် ခံအဖွဲ့များ ဖြစ်သည့် အမှတ် ၁၀၀၅၊ ၁၀၀၈ နှင့် ၁၀၀၉ တပ်ရင်းများ၊ ပအိုဝ်းအမျိုးသားကာကွယ် ရေးတပ် (PNDF) တို့က ပူးပေါင်းပြီး ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းကာ စစ်ဆင်ရေး များ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ http s://www.facebook.com/theirrawaddyburmese/photos/a. 142225162488311/6367100673334031/

၁၆။ မြစ်ကြီးနား စီတာပူတွင် သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
January 6, 2023

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် သက်သာဆေးခန်းအနီးရှိ လယ်ကွင်းတွင် သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ် အလောင်း ယနေ့ နံနက် ကိုးနာရီခန့်ကတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို ပရဟိတ အဖွဲ့ က သွားရောက် သယ်ယူခဲ့ပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း အခင်းဖြစ်နေရာအနီးမှ အမျိုးသားတစ်ဦးက ပြောသည်။ “အဲ့မှာ လူသေနေတာတဲ့ ခုကောက်သွားကြပြီတဲ့ အဲ့လိုပြောတာပဲကြားလိုက်တယ်။ ဘယ်သူလဲဆိုတာတော့မသိ ဘူး”ဟု ပြောသည်။ ရုပ်အလောင်းတွေ့ရှိခဲ့သော စီတာပူရပ်ကွက် အပိုင်း ၆ နှင့် အပိုင်း ၂ ကြားရှိ လယ်ကွင်းတွင် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ဆေးထိုးအပ်များမကြာခဏတွေ့ရကြောင်း စီတာပူရပ်ကွက်နေအမျိုးသားတစ်ဦးကဆိုသည်။ “အဲ့ နေရာမှာက ဆေးထိုးအပ်တွေလည်း ခဏခဏတွေ့ရတယ်။ ဒါပေမဲ့ အလွန်အကျွံသုံးစွဲပြီး သေဆုံးနေတဲ့ အလောင်းကို မျက်မြင် တော့ မတွေ့ဖူးဘူး။ အဲ့လယ်ကွင်းထောင့်မှာတွေ ခြုံပုတ်ရှိတဲ့နေရာတွေမှာဆို ဆေးထိုးအပ်တွေတွေ့ရတတ်တယ်” ဟု ဆိုသည်။

သေဆုံးနေသော အဆိုပါအမျိုးသားသည် မည်သူမည်ဝါဖြစ်ကြောင်းကိုမသိရှိရသေးပါ။ ဓါတ်ပုံအရ သေဆုံးသူမှာ အင်္ကျီ အနီရောင်နှင့် ပုဆိုးဝတ်ဆင်ထားပြီး အနီးတွင် ဆေးထိုးအပ်တစ်ချောင်းတွေ့ရှိသော်လည်း မူးယစ်ဆေးဝါး သုံးစွဲလွန်မှုကြောင့် သေဆုံးခြင်းဟုတ်၊ မဟုတ်ကိုမူ အတည်မပြုနိုင်ပါ။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း စီတာပူရပ်ကွက် ငွေပျော်လမ်းမ အနောက်ဘက်ခြမ်းတွင် အမျိုးသားတစ်ဦး မူးယစ်ဆေးထိုးလွန်ကာ သေဆုံးခဲ့သည်။ https://www.faceboo k.com/The74M edia/p hotos/pcb.721641449355379/721640536022137

၁၇။ အင်းလေးဒေသခံ ၅ ဦးကို စစ်ကောင်စီက ပေါ်တာဆွဲ
January 5, 2023

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသခံ ၅ ဦးကို စစ်ကောင်စီက ပေါ်တာဆွဲ ခေါ်ဆောင်သွား ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီနှင့် သျှမ်းတောင် PDF တို့သည် အင်းလေးကန် အနောက်ဘက်ခြမ်း ဘုရားအနီးကျေးရွာနှင့် သန်းတောင်ကျေးရွာကြားတွင် တိုက်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အင်းလေးဒေသ အနောက်ဘက်ခြမ်းရှိ တောင်ပို့ကြီး၊ အင်းတိမ်ရွာနေ အရပ်သားပြည်သူ ၅ ဦးကို စစ်ကောင်စီနှင့် ဗျူစောထီးက ပေါ်တာ ခေါ်ဆောင်သွားကြောင်း အင်းလေးဒေသခံ အသက် ၂၀ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။ “အင်းအနောက် ဘက်ခြမ်းက တောင်သူကို စစ်ကောင်စီက ဖမ်းသွားတာ ၅ ယောက် လောက်ရှိတယ်။ ဘယ်သူဘယ်ဝါဆိုတာလည်း သေချာမသိရ သေးဘူး။ သူတို့ပေါ်တာဆွဲသွားတာတော့ ၅ ယောက် ရှိတယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။ ပေါ်တာဆွဲ ခံရသူမှာ အသက် ၂၀ နှင့် ၃၀ နှစ် ကြား အမျိုးသားများ ဖြစ်ကြကြောင်း သိရသည်။

ထို့အပြင် အင်းလေးဒေသ အနောက်ဘက်ခြမ်းရှိ သန်းထောင်၊ တောင်ပို့ကြီး နှင့် အင်းတိမ်ရွာ စသည့်် ကျေးရွာများကို စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်ထားကြောင်းသိရသည်။ “နဂိုကထက်ပိုပြီး စစ်ဆေးကြမ်းလာတယ်။ လမ်းမပေါ် သွားလာ တဲ့ သူတွေကိုအကုန် စစ်ဆေးမေးတယ်။ ဘယ်ကလာသလဲ၊ ဘယ်သွားမလဲကအစ အကုန် စစ်ဆေးတယ်။ အင်းတိမ်မှာဆို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်စစ်ဆေးတာ။ သူတို့ အရမ်းစစ်ဆေးတော့ ဈေးတွေတောင် မဖွင့်နိုင်တာ ဒီနေ့ဆို ၂ ရက်ရှိပြီ “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်တွင်လည်း အင်းလေးဒေသအတွင်းရှိ လူငယ်များကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ချိတ်ဆက်သည် ဟုဆိုပြီး လူငယ်အယောက် ၂၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးခေါ် ဆောင်သွား ခဲ့သည်။ https://burmese.shannew s.org/archives/32372

၁၈။ ရွှေကုက္ကိုလ်မြို့ရှိ အွန်လိုင်းလူခေါ်လုပ်ငန်းတွင် လုပ်ကိုင်သည့်လုပ်သားများ နှိပ်စက်ခံရမှုရှိနေ
January 6, 2023

ကရင်ပြည်နယ်၊ မြဝတီမြို့ အနီး၊ နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်ရာ ရွှေကုက္ကိုလ် ကျေးရွာရှိ ကာစီနိုလောင်း ကစား ဝိုင်း၌ အလုပ်လုပ်ရန် လူခေါ်ပေးနေသည့် လုပ်သားများကို လူဦးရေပြည့်မီအောင် မခေါ်ပေးနိုင်သောကြောင့် နှိပ်စက်မှု များ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းဒေသတွင် (BGF) တပ်များနှင့် တရုတ်၊ ထိုင်းစသည့်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် အကျိုးတူပူး‌ပေါင်းလုပ်ဆောင်နေသည့် ကာစီနိုလောင်း ကစားရုံ များတွင် အနယ်နယ်အရပ်ရပ်မှ အမျိုးသမီးများကို ကာစီနိုရုံ၌ အလုပ်လုပ်ရန် အွန်လိုင်းစနစ် ဖြင့် အလုပ်သမားများ ကိုယ်တိုင်က လူခေါ်ယူ ပေးရသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။ ထိုသို့ လူခေါ်ယူပေးနေရသည့် အလုပ်သမားများကို တစ်လလျှင် အမျိုးသမီး (၁၀)ဦးခန့် ခေါ်ဆောင်ခိုင်းကာ လူဦးရေမပြည့် လျှင် BGF တပ်သားများက နှိပ်စက်ရိုက်နှက်မှုများ ပြုလုပ် နေကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် လူငယ်တစ်ဦးက ယခုလို ပြောသည်။ “အွန်လိုင်းနဲ့လူခေါ်ပေးနေတာတော့ တစ်နှစ်ပြည့်တော့မယ်။ ကျနော်တို့ကို အလုပ်ဝင်ဝင်ခြင်း တစ်သောင်းခွဲပေးတယ်။ အွန်လိုင်းမှာ ရန်ကုန်က မိန်းကလေးတွေရော၊ တောင်ကြီးကရော နိုင်ငံခြားကလူတွေလည်း အင်္ဂလိပ်လိုပြောပြီး ခေါ်ရတယ်။ မူဆယ်ဘက်က မိန်းကလေးတွေ လာတာများတယ်။ လူရရင်လည်း ကမ်းစပ်မှာ တစ်ခါသွားကြိုရသေးတယ်။ တစ်လကို (၁၀) ယောက်ခေါ်ရမယ်လို့ သတ်မှတ်ထားတယ်။ မပြည့်တဲ့လတွေဆို BGF အဖွဲ့သားတွေနဲ့ အခန်းထဲမှာ ပိတ်ပြီးရိုက်ခံထိတယ်။ ဘယ်သူ့ကိုမှလည်းတိုင်လို့မရဲဘူးလေ။ ရိုက်နှက်နေတာ ၃ လ လောက်ရှိ တော့မယ်”ဟု ပြောသည်။

ထိုသို့ ကာစီနိုရုံများတွင် လုပ်ကိုင်ရန် လူခေါ်ပေးရသည့်လုပ်သားများကို BGF တပ်သားများက နှိပ်စက်ရိုက်နှက်မှုများ ပြုလုပ်နေကြောင်းကို ရွှေကုက္ကိုလ်ရပ်ကွက်များရှိ ရွာသားများလည်း သတင်းကြားသိနေရကြောင်း ဒေသခံများက ဆို သည်။ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အွန်လိုင်းလူခေါ်ပေးနေတဲ့ အလုပ်သမားတွေ ရိုက်နှက်ခံ ထိတာတော့ကြား တယ်။ သတင်းတွေက သူတို့အချင်းချင်းဆို တော့ဖုံး ထားတာ။ တရုတ်ဆိုက် (ဘက်)ကလူတွေပဲ သေချာသိရတယ်”ဟု ပြော သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ ရာထိုင်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holding Group) ကုမ္ပဏီနှင့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် နယ်မြေခံ (BGF) တို့ ပူးပေါင်း၍ မြန်မာ- ထိုင် ရွှေကုက္ကိုလ်အထူး စီးပွားရေးဇုန်အနေဖြင့် မြဝတီမြို့၏ မြောက်ဘက် ဆယ်မိုင်ခန့်အကွာရှိ ရွှေကုက္ကိုလ်ဒေသတွင် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို တရားဝင်ပုံစံ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၎င်းစီးပွားရေး ဇုန်တွင် ကာစီနိုလောင်းကစားရုံအများအပြားလည်း ပါဝင်နေပြီး နယ်မြေ ခံမဟုတ်သည့် ဒေသအသီးသီးမှ ရွှေ့ပြောင်းအလုပ်သမားများ၊ တရုတ်အလုပ်သ မားအများအပြား ဝင်ရောက် အလုပ်လုပ် ကိုင်မှုများရှိနေကြောင်း သိရသည်။ https://kicnews.org/2023/01/%e1%80%9b%e1%80%bd%e1%80%be%e1%80%b 1%e1%80%80%e1%80%af%e1

၁၉။ ပင်းတယမြို့နယ် စစ်ကောင်စီမှ အမျိုးသမီးများကို ကိုယ်ထိလက်ရောက်ကျူးလွန်နေ
January 6, 2023

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်အတွင်းတွင် လုံခြုံရေးကို အကြောင်းပြပြီး စစ်ကောင်စီ တပ်သားများက အမျိုးသမီးငယ်များကို ကိုယ်ထိလက်ရောက် ကာယိန္ဒြေ ကျူးလွန်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်တွင် သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့ နှင့် ရွာငံမြို့ကြားတွင်ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် လမ်းသွားလမ်းလာ အမျိုးသမီးများကို ဂိတ်စောင့် စစ်သားများက မဖွယ်မရာ ကိုယ်ထိ လက်ရောက်ကျူးလွန်နေကြောင်း ဖြစ်စဥ် ကို သိရှိသည့် အသက် ၅၀ ကျော်ဒေသခံ တစ်ဦးက ပြောသည်။ “စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ် ဆင်းတွန်းခိုင်းပြီး ဖြတ်နေတဲ့ ကောင်မလေးကို စစ်သားတစ်ယောက်က ရင်သားကို လှမ်းကိုင်လာတယ်၊ ကောင်မလေးက လန့်ပြီးအော်တော့ အော်ရကောင်း လားဆိုပြီး ခြေထောက်နဲ့ ထပ်ကန်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဂိတ်စောင့် စစ်ကောင်စီ တပ်သား၏ ကာယိန္ဒြေ ကျူးလွန်မှု ခံရသော အမျိုးသမီးငယ်သည် အသက် ၁၉ နှစ် ဝန်းကျင်ရှိ ပြီး ကာယိန္ဒြေကျူးလွန်သည့်အပြင် ခြေထောက်ဖြင့်ပါ ထပ်ကန်သည့် အတွက် ဆိုင်ကယ်နှင့် အတူလှဲသွားပြီး ခြေထောက်၊ ဒူး ၊ တံတောင်ဆစ်နှင့်မျက်နှာတွင် ထိခိုဒဏ်ရာရရှိသွားကြောင်းသိရသည်။ “ရင်သားကိုင်ခံရတဲ့ ကောင်မလေးက ခြေထောက်နဲ့ ထပ်ကန်ခံရတယ်၊ အဲ့ကြောင့် ဆိုင်ကယ်နဲ့ လူနဲ့ ရောချ လဲသွားပြီး ဒူးခေါင်း နဲ့ တံတောင်ဆစ် ၊ ပြီးတော့ မျက်နှာ တွေမှာ ဒဏ်ရာရ သွားတယ်၊ အခုအိမ်ပြန် ရောက်ပြီ ဆိုပေမဲ့ အဖျားတွေ တက်နေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ ယင်းကိစ္စ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ကျူးလွန်ခံရသူ အမျိုးသမီးငယ်၏ မိဘဆွေမျိုးများက ပင်းတယမြို့ရှိ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ သော်လည်း မည်သည့် ကူညီဆောင်ရွက်မှုမှ မရှိကြောင်း နီးစပ်သူ အမျိုးသမီး တစ်ဦးက ပြောသည်။ “ကောင်မလေးရဲ့ မိဘဆွေ မျိုးတွေ ကတော့ ရဲစခန်းကို သွားတိုင်တာပေါ့၊ ပင်းတယက ရဲစခန်းကို သွားတိုင်ကြတာ၊ ဒီကိစ္စက ရဲစခန်းဘာမှ လုပ်မပေး နိုင်ဘူး ဆိုပြီး ပြန်ပြောတယ်” ဟု နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်အာဏာသိမ်းပြီးနောက် တောင်ကြီး– ဟဲဟိုး – ပင်းတယ – ရွာငံ လမ်းပိုင်းတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီ တပ်သား အပြင် PNO/PNA စစ်သား များနှင့် ဒေသခံ ဗျူစောထီးများလည်း ပါဝင်နေကြပြီး လိင်အကြမ်းဖက်မှု၊ လိင်ပိုင်း ဆိုင်ရာစော်ကားခံရမှုများနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများလည်း နေရာအနှံ့တွင်ရှိနေကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။ https://burmese.shannews.o rg/archives/32383

၂၀။ လွတ်ငြိမ်းခွင့်ရ CDM ဆရာဝန်တဦးကို စစ်ကောင်စီက ထောင်ဘူးဝမှာ ပြန်ဖမ်း
January 5, 2023

နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ ထောင်သုံးနှစ်ချမှတ်ခံရပြီး မနေ့က လွတ်ငြိမ်းခွင့်နဲ့ လွတ်လာတဲ့ မြိတ်မြို့ဆေးရုံက CDM ဆရာဝန် ဒေါက်တာမင်းထက်ပိုင်ကို စစ်ကောင်စီက မနေ့ကပဲ မြိတ်ထောင်ဘူးဝမှာ ပြန်ဖမ်း သွားတယ် လို့ မြို့ခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ “သူက စကစကပေးတဲ့ လွတ်ငြိမ်းနဲ့ မြိတ် အကျဥ်းထောင်ကနေ မနေ့ ကလွတ်တာပေါ့၊ အပြင်တောင် ရောက်နေပြီးမှ ထောင်ဘူးဝမှာ ပြန်ဖမ်းသွားတာ” လို့ မြိတ်မြို့နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှား သူတဦးက ပြောပါတယ်။ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ဒေါက်တာ မင်းထက်ပိုင် ကို လက်ရှိမှာ ဘယ်လိုပုဒ်မမျိုးနဲ့ တရားစွဲထား တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။ “ထောင်ဘက်ကလည်း မပြောသေးဘူး၊ ရုံးထုတ်မှ ဘာပုဒ်မနဲ့စွဲတယ် ဆိုတာကို သိရမှာပေါ့၊လောလောဆယ်တော့ ကျွန်တော်တို့လည်း ဘာမှမသိရသေးဘူး” လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

ဒေါက်တာ မင်းထက်ပိုင်ဟာ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေရာက အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှာ ပါဝင်ခဲ့ကာ ကျန်းမာရေး ကုသမှုလိုအပ်တဲ့ လူနာတွေကို ရွေ့လျားစနစ်နဲ့ ဆေးကုသပေးနေချိန် ၂၀၂၁ ခုနှစ် ဧပြီလ အတွင်း ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထောင်ချ ထားသူတွေကို အလားတူ လွှတ်ပေးပြီးမှ ထောင်ဘူးဝမှာ ပြန်ဖမ်းတာ၊ ရက်ပိုင်းအတွင်း ပြန်ဖမ်းတာတွေ မကြာမကြာ လုပ်လေ့ရှိပါတယ်။ လူသိများ ထင်ရှားတဲ့ ရက်ဂေးဂီတ အဆိုတော် စောဖိုးခွားကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း သူချမှတ်ခံထားရတဲ့ ထောင်ဒဏ်နှစ်နှစ် ပြည့်လို့ လွှတ်ပေးပြီးနောက် အင်းစိန်ထောင်ကအထွက်မှာ ပြန်လည် ဖမ်းဆီးခဲ့ပါတယ်။ https://www.facebook.com/delta newsagency/photos/a.697365477307820/183120057392 4299/

၂၁။ ၁ လကျော်ကြာ ပျောက်ဆုံးနေတဲ့ နမ့်ဆန်က အမျိုးသမီးတစ်ဦးနဲ့ အဆက်အသွယ် ပြန်ရ
January 5, 2023

၁ လကျော်ကြာ အဆက်အသွက်မရဘဲ ပျောက်ဆုံးနေတဲ့ တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာ ရွာမရပ်ကွက်မှ အိဖြူဝင်းဆိုသူနဲ့ အဆက် အသွယ်ပြန်ရပြီလို့သိရပါတယ်။ သူမဟာ ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ကုန်စိမ်း ရောင်းတဲ့အလုပ်လုပ်ရာကနေ အဆင်မပြေတာကြောင့် ကျားဖြန့်အလုပ်သွားလုပ်ရာမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က အဆက် အသွယ် ပြတ်တောက်သွားပြီး ဒီဇင်ဘာ ၂၄ ရက်မှာ အဆက်အသွယ်ပြန်လည် ရရှိခဲ့တာဖြစ်တယ် လို့ အစ်မဖြစ်သူက ဆိုပါတယ်။ “ညီမလေးက သူ့သူငယ်ချင်းတွေနဲ့ အလုပ်သွားရှာတာ။ အလုပ်ရပြီး ပြန်လာတဲ့ အချိန်မှာ အလုပ်အတူတူသွားရှာတဲ့ သူ့သူငယ် ချင်း လင်မယားက သူ့ဆိုင်ကယ်နဲ့ဖုန်းတွေ ခိုးသွားလို့ ကျမတို့ကို ဘယ်လိုပြန်ဆက်သွယ်ရမလဲမသိပဲ အဲလိုနဲ့အဆက်အသွယ် ပြတ်သွားတာ” စစ်အာဏာသိမ်းကာလ အလုပ်အကိုင် ရှားပါးလာတာကြောင့် လူငယ်အများစုဟာ လောက်ကိုင်မှာ အလုပ်သွား လုပ်ရင်း ပျောက်ဆုံးတာ၊ ရောင်းစားခံရတာနဲ့ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရတာတွေ ကြုံတွေ့နေရပါတယ်။ https://www.face book.com/photo/?fbid=486385453668724&set=pcb.486385517002051

၂၂။ မြဝတီ-မဲဆောက် အမှတ်(၁)တံတား ဖွင့်လှစ်မှုနှင့်ပတ်သက်ပြီး ကောလာဟလ သတင်းများထပ်မံထွက်ပေါ်
January 5, 2023 82

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံကို ဆက်သွယ်ထားသော မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည် ရေးတံတား မကြာမီ ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း ကောလာဟလသတင်းများ ထပ်မံထွက်ပေါ်နေပြီး ဖွင့်လှစ်နိုင်ခြင်းရှိမရှိနှင့်ပတ်သက်ပြီး အမျိုးမျိုးမှတ် ချက်ပေး ပြောဆိုနေကြသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့က အမှတ် (၁) ချစ်ကြည်ရေး တံတားပေါ် ထိုင်းဘက်ခြမ်းတွင် တံတား တာဝန်ရှိသူများနှင့် အလုပ်သမားများ စုပေါင်း၍ တံတားသန့်ရှင်းရေးနှင့် ဂိတ် အဆောက်အဦးငယ်များ ပြန်လည် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ မြန်မာဘက်ခြမ်းမှ တံတားပေါ် လာရောက် စစ်ဆေးမှုများ ပြုလုပ်နေသည့် သတင်း ဓါတ်ပုံ များ ပေါ်ထွက်နေပြီး တံတားကို မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း လည်း လူမှုစာမျက်နှာအချို့တွင် ရေးသားဖော်ပြနေကြ ကြောင်းတွေ့ရှိရသည်။ ပြီးခဲ့သည့်(၂၀၂၀)ခုနှစ် မတ်လ(၂၃) ရက်နေ့မှစပြီး ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကျော် ကြာ ပိတ်ထား ရသည့် အဆိုပါ ချစ်ကြည်ရေးတံတားကို ကိုဗစ်တတိယလှိုင်းဖြစ်စဉ် နောက်ပိုင်းပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံ တာဝန်ရှိသူ များ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း လုံခြုံရေး အကြောင်းပြချက်ဖြင့် မြန်မာဘက်ခြမ်းမှ ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးခြင်းဖြစ်နိုင်ကြောင်း မဲဆောက်မြို့ရှိ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုး က ယခုလို ပြောသည်။ “ထိုင်း ဘက်ကတော့ ကိုဗစ်တတိယလှိုင်းကတည်းက ဖွင့်ဖို့အတွက် အစစအရာရာ ကျန်းမာရေးအရ အလုပ်သမားရေးရာ လဝကရေးရာ လူမှုဖူလုံရေးရာ သန့်ရှင်းရေးရာ လုံခြုံရေးရာ ထိုင်းဘက်က ရေးရာအဖြာဖြာ အကုန်လုံးအဆင်သင့်ဖြစ်နေပြီး။ ထိုင်း ဘက်က လက်ခုပ်တီးဖို့အတွက် ဘယ်ဘက်လက်ဝါးကို ဖြန့်ထားတယ်။ မြန်မာဘက်က ညာဘက်လက်ဝါး အလိုက်သင့် အလျားသင့်လိုက် ပြီးတော့ မတီးဘူး။ လုံခြုံရေးကာကွယ်ရေး အကြောင်းပြချက်တွေနဲ့ အဲ့အတွက် ကျိန်းသေ ဧကန်ပြောလို့ မရဘူး” ဟု ပြောသည်။ နယ်စပ်ခရီးသည် ပို့ဆောင် ပေးနေသည့် ကားလုပ်ငန်းလုပ်ကိုင်သူများကလည်း ယခုရက်ပိုင်းအတွင်း တံတား ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ၎င်းတို့၏ လူမှုစာမျက်နှာများတွင် ရေးသားပြောဆိုထားသလို မြဝတီမြို့နေ လူထု အသိုင်း အဝိုင်းကြားတွင်လည်း တံတားဖွင့်လှစ်ချိန် နီးကပ်လာပြီးဖြစ်ကြောင်း စသည်ဖြင့် အမျိုးမျိုးရေးသား ဖော်ပြနေကြသည်ကို တွေ့ရသည်။ နှစ်နိုင်ငံ အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော်လည်း အမှတ်(၂) တံတားကိုမူပုံမှန် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့ များတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ နေရပ်ပြန်နိုင်ရန် ဖွင့်လှစ်ထားပေးသလို ကုန်တင်ယာဉ် တချို့လည်းအကန့် အသတ်ဖြင့် သွားလာဝင်ထွက်နေကြောင်း နယ်စပ်တွင် နေထိုင်းသူများထံမှ သိရသည်။ https://kicnews.org/2023 /01/%e1% 80%99%e1%80%bc%e1%80%9d%e1%80%90%e1%80%ae

၂၃။ မောင်တော၌ အေအေနှင့် ရဲတပ်ဖွဲ့ အချင်းများပြီး ပစ်ခတ်လုနီးပါးဖြစ်
January 6, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့ဦ ကျော်တည်းခိုခန့်ရှေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တို့ ဇန်နဝါရီ ၆ ရက် ဒီနေ့မနက် ၉ နာရီ‌ လောက်က သေနတ်တွေနဲ့ အပြန်အလှန်ချိန်ရွယ် ပစ်ခတ်လုနီးပါး ဖြစ်ပွားခဲ့ ကြောင်း မျက်မြင်ဒေသခံတွေက ပြောပါတယ်။ “အေအေဘက်က အရာရှိတဦးနဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးလောက် ကျော်တည်းခိုခန်းမှာ စစ်ကောင်စီကို သတင်းပေးပြီး တည်းခိုနေတာလို့ သိရတယ်ဗျ။ ဘယ်ကောင်က သတင်းသွားပေး လိုက်တာလဲ မသိဘူး။ မောင်တောရဲတပ်ဖွဲ့မှူးနဲ့ ရဲအင်အား ၂၀ လောက်လာဝိုင်းပြီး ဖမ်းဖို့ကြိုးစားတာ။ သေနတ်ကိုပါ သိမ်းထားတော့ အဲဒီရဲတွေကို အေအေ ဘက်က အင်အား ၄၀ လောက်က ပြန်ဝိုင်းပြီး သေနတ်ကိုပါ ပြန်ပေးဖို့တောင်း တာ။ သေနတ်တွေကို မောင်းတင်ပြီး အပြန်အလှန် ချိန်ရွယ်ထားကြတာ။ နောက်မှ စစ်တပ်က ဗျူဟာမှူးကို ဖုန်းဆက် မေးပြီး ပြေလည်သွားကြတယ်။” မောင်တော မြောက် ပိုင်းကို ခရီးသွားမယ့် ရက္ခိုင့်တပ်တော် (အေအေ)ဘက်က နယ်မြေမှူးတဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးဟာ စစ်ကောင်စီ ထံ သွားလာခွင့်တောင်းပြီး မောင်တောမြို့တွင်းရှိ ကျော်တည်းခိုခန်းမှာ တရားဝင် တည်းခိုနေခဲ့တာဖြစ်ပါတယ်။

“ပစ်ကြဖို့ အပြန်အလှန် ချိန်ထားကြတော့ အနီးအနားကပြည်သူတွေ ပုန်းသူပုန်း ဝပ်သူဝပ်ပေါ့ဗျာ။ အခုတော့ ပြေလည် သွားကြပါပြီ။ အေအေဘက်က အရာရှိနဲ့ အဖွဲ့ကတော့ သူတို့သွားမယ့်ခရီးကို ကားတွေနဲ့ ထွက်သွားကြပါပြီ” လို့ မျက်မြင်ဒေသခံ တဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲပြီးနောက် တဖက်နဲ့တဖက် ဆက်ဆံရေး မြင့်တက်လာကာ တပ်ဖွဲ့ဝင်အချင်းချင်း သတင်းပို့ပြီး ခရီးသွားလာခွင့် တွေပါ ပြုလုပ်လာနေကြတာလည်း ဖြစ်ပါတယ်။ http://burmese.dvb.no/archives/572168

၂၄။ ဖားကန့် ဆယ်ဇင်းရွာစစ်ရှောင်များ ရာသီတုပ်ကွေးဖြစ်ပြီး ဆေးဝါးအကူအညီလိုအပ်နေ
January 6, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာက စစ်ဘေးရှောင်တွေဟာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ် သြဂုတ်လက လေယာဉ်နဲ့ ဗုံးကြဲခံခဲ့ရတဲ့ ဆယ်ဇင်းရွာ က စစ်ဘေးရှောင်တချို့ဟာ ရာသီတုပ်ကွေးရောဂါ အပါအဝင် တခြားရောဂါ‌တွေ ခံစားနေရပြီး ဆေးဝါးကုသမှု လိုအပ် နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ စစ်ဘေးရှောင်တဦးက “ဗုံးကြဲခံရလို့ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေသူတွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေမှာ နေကြရတယ်။ တဝက်လောက် က တုပ်ကွေးရောဂါအပါအဝင် တခြား ရောဂါတွေဖြစ်ပြီး ဆေးကုသဖို့ လိုအပ်နေတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရလို့ နေအိမ်မီးလောင် ဆုံးရှုံးခဲ့တဲ့ ဆယ်ဇင်းကျေးရွာက ဒေသခံ ၅,၀၀၀ ကျော်ဟာ ဖားကန့်မြို့နယ် ထဲက မှော်စီဆာ၊ဆိုင်းတောင်၊ဟောင်ပါး၊တာမခံစတဲ့ ကျေးရွာတွေက ဘုန်းကြီးကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေမှာ နေထိုင်ရင်း ရောဂါဖြစ်ပွားပြီး ဆေးကုသဖို့လိုအပ်နေတာပါ။ စစ်ဘေးရှောင် ၅,၀၀၀ ထဲက ၂,၀၀၀ ကျော်လောက်ဟာ ရာသီတုပ်ကွေး အပါ အဝင် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ နှာစေးချောင်းဆိုးရောဂါနဲ့ ပန်းနာရင်ကျပ် စတာတွေဖြစ်နေပြီး ရောဂါခံစားနေရသူတွေကို ကုသပေးဖို့ဆေးဝါးလိုအပ်နေတယ်လို့ ဆေးဝါးလိုက်လံကုသပေးနေတဲ့ လူမှုကူညီရေး လုပ်ဆောင်နေသူတဦးကပြောပါတယ်။ ခုလိုအခြေအနေမှာ စစ်ဘေးရှောင်တွေအနေနဲ့ ဆေးဝါးအပြင် စားနပ်ရိက္ခာ၊ စောင်နဲ့ အနွေးထည်တွေပါ လိုအပ်နေပါတယ်။ http://burmese.dvb.no/archives/572165

၂၅။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း ထီးဆိုးစစ်ဘေးဒုက္ခသည်စခန်းရှိ ကလေးငယ်များအတွက် စာရေးကိရိယာလိုအပ်နေ
January 5, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ထီးဆိုးစစ်ဘေးဒုက္ခသည် စခန်းက စာသင်ကျောင်းမှာ ကလေးငယ် တွေအတွက် စာရေးကိရိယာလိုအပ်နေတယ်လို့ ထီးဆိုး စာသင်ကြားပေးနေတဲ့ ဆရာမတွေဆီကနေသိရပါတယ်။” အခုက ကျောင်းဖွင့်ဖို့ အဆင်သင့်မဖြစ်သေးလို့ ရွေ့ဆိုင်းထားတာ ဒီယာယီတစ်ခုရှိတာပေါ့၊ စာသင်ချိန် တစ်ဖြတ်ပြီး သွားပြီ၊ တစ်လ ကျောင်းပိတ်တယ်၊ ပြီးတော့ နောက်တစ်သုတ်ပြန်ဖွင့်တာပေါ့နော၊ အခြေအနေက လောလောဆယ် မငြိမ်လို့ ဒီဘက်ယာယီ ဖွင့် တာပေါ့၊ မိသားစုလိုက် ပြောင်းပြီး ကျောင်းပြောင်းတဲ့ ကလေးတွေရှိတယ်၊ စာရေးကိရိယာ တွေ စာသင်ဖို့ အသုံးပြုဖို့ မှင်ရည်တွေ၊ မှန်ကာ (marker) ၊ သင်ပုန်း၊ ရေးစာအုပ်တွေ အမှိုက်ပုံးကစပေါ့၊ မိုးကာက လည်း လိုအပ်နေသေးတယ်။ အဓိက လိုအပ်တာပေါ့၊ ဖတ်စာအုပ်ရော ပြဲကုန်ပြီလေး၊ နှစ်သုတ်ဖွင့်ပြီးပြီလေ၊ အပြဲလိုက်အတိုင်းပဲ ကလေးတွေ သုံးနေရတာပေါ့”လို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဟာ အခြားမြို့နယ်နဲ့ ယှဥ်ကြည့်ရင် ဝေးလံခေါင်ဖျားတဲ့အတွက် ပညာရေး၊ ကျန်းမာ ရေး လိုအပ်ချက်မြင့်တက်နေဆဲလို့လည်း သိရပါတယ်။ ထီးဆိုး စစ်ဘေးဒုက္ခသည်စခန်းဟာ ၂၀၂၃ ဇန်နဝါရီလ ၃ ရက်နေ့ မှာ ကျောင်းပြန်ဖွင့်နိုင်ရေး အဖက်ဖက်မှ ဝိုင်းဝန်းကူညီနေပေမယ့် ကျောင်း စာရေးကိရိယာနဲ့ အခြားလိုအပ် ချက်ရှိနေတာကြောင့် လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှ ပြန်ဖွင့်နိုင်အောင် ယာယီရွေ့ဆိုင်း လိုက်တယ်လို့ ဒေသခံ တစ်ဦးကဆိုပါတယ်။ အဲ့ဒီ စာသင် ကျောင်းဟာ ကျောင်းသား ၁၂၀ ကျော် ရှိပြီး ဆရာ/မ ၅ ဦးနဲ့ ဦးဆောင်သင်ကြား ပေးတယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်မှာ ထီးဆိုး စစ်ဘေးဒုက္ခသည်စခန်းက စာသင်ကျောင်းဟာ Grade 5 အတန်း အထိ သာရှိနေပါတယ်။ ဆရာ၊ဆရာမ တချို့ရဲ့ အဆိုအရ ကျောင်းသား၊သူ တွေဟာ စာအုပ်မဝယ်နိုင်တဲ့ အတွက် ကျောင်းထွက်သွားတာတွေရှိနေပါတယ်။ https://www.kantarawaddy times.org/%e1%80%96%e1%80%9b%e1%80%b0%e1%80%86%e1%80%ad%e1%80

၂၆။ ခရီးသည်တင်ကားပေါ်မှ စစ်သားတစ်ဦးကို ပုလော PDF ဖမ်းဆီး
January 5, 2023

ခရီးသည်တင်ကားပေါ်တွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PRDF က ဖမ်းဆီးလိုက်သည်။ အရပ်ဝတ်ဖြင့် ခရီးသည်တင် မှန်လုံကားတစ်စီးပေါ်တွင် စီးနင်းလိုက်ပါလာသည့် စစ်ကောင်စီ တပ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PRDF က ဇန္နဝါရီလ ၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။ “သူ့ကို မျက်နှာ အမူအယာပျက်နေတာရယ်၊ ဆံပင်ပုံစံရယ် ကြောင့် မသင်္ကာလို့ စစ်ဆေးလိုက် တာပါ။ သူကလည်း စစ်သားဆိုတာ ဝန်ခံပါတယ်။ သူ့ပစ္စည်းတွေကို စစ်ဆေးကြည့် တာ ဖုန်းတစ်လုံးနဲ့ ငွေကျပ် နှစ်သောင်း တွေ့ ရပါတယ်။ လောလောဆယ် လုံခြုံတဲ့ နေရာမှာပဲ ထိန်းသိမ်းထားပါတယ်” ဟု PRD Fတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူမှာ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ အသက် ၁၉ နှစ်အရွယ် တပ်သား အောင်အောင် ဆိုသူ ဖြစ်သည်ဟု PRDF ၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။ စစ်ကောင်စီ တပ်သား အောင်အောင် ဆိုသူ ကို ဇန္နဝါရီလ ၂ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က မြိတ် – ထားဝယ် ကားလမ်းပေါ် သွားလာ လျက်ရှိသည့် ကားများကို ပုလော မြို့နယ် သင်္ကန်းတောကျေးရွာအနီးတွင် PRDF တပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ https://www.Fac ebook.com/photo/?fbid=619828356817005&set=a.522557276544114

၂၇။ ကြာအင်းဆိပ်ကြီးပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်ဝင်စီး လူနာများနှင့် ဆေးရုံဝန်ထမ်းများ ထွက်ပြေး
January 5, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဆေးရုံကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့၊ ညပိုင်းတွင် စစ်ကောင်စီတပ်များဝင် စီး၍ နေရာယူထားသဖြင့် လူနာများနှင့် ဆေးရုံဝန်ထမ်းများ ထွက်ပြေးခဲ့ကြရသည်ဟု ဒေသခံများထံမှ သိရသည်။ “ညတွင်းချင်း ကြာအင်းဆိပ်ကြီးပြည်သူ့ဆေးရုံမှာရှိတဲ့ လူနာတွေ ဆရာဝန်တွေကို ဆင်းခိုင်းပြီး စစ်ကောင်စီတပ်‌တွေ ထိုင်မယ်လိုပြော သွားပါ တယ်။ လူနာတွေလည်းဒုက္ခရောက်ပြီး ဘယ်ဆေးရုံကိုမှလည်း တက်စရာမရှိတော့ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်က ည ၇ နာရီဝန်းကျင်တွင် ရောက်ရှိလာပြီး လူနာများကို ဆေးရုံက ဆင်းခိုင်းခဲ့ပြီး သူနာပြုများမှာလည်း အထုတ်ဆွဲ၍ ထွက်ပြေးခဲ့ကြရသည်ဟု ဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို တော်လှန်ရေးတပ်ပေါင်းစုများက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် နေ့၊ ညပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ လ ၅ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဘက် အကျအဆုံး များရှိခဲ့သည်ဟု သိရ သည်။ စစ်ကောင်စီ၏ ခလရ ၃၂ ၊ ခလရ ၂၈၃ ၊ ခလရ ၂၈၄ တပ်ရင်းများကို တော်လှန်ရေး တပ်ပေါင်းစုများက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူဖြင့် တိုက်ခိုက် လျှက်ရှိကြောင်း သိရသည်။ https://www.fa cebook.com/TachileikNewsAgency/photos/a.350356674986179/5982450458443411/

၂၈။ မွန်ပြည်နယ်တွင် အကျဉ်းသား ၄၁၂ ဦးလွတ်
January 5, 2023

မွန်ပြည်နယ်အတွင်းရှိ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသူ/သား ၄၁၂ ဦး လွတ်မြောက်လာသည်ဟု အကျဥ်းဦးစီးက ထုတ်ပြန်လိုက်သည့် စာရင်းများအရ သိရသည်။ မွန်ပြည်နယ်အတွင်း လွတ်မြောက်လာသူများထဲတွင် အကျဉ်းသူ အမျိုးသမီး ၈၅ ဦး နှင့် အကျဉ်းသား ၃၂၇ ဦး ပါဝင်သည်။ ပြန်လွတ်လာသူ ၄၁၂ ဦးတွင် ကျိုက်မရော ဗဟိုအကျဉ်း ထောင်မှ ၉၆ ဦး၊ မော်လမြိုင် အကျဥ်းထောင်မှ ၆၅ ဦး၊ သထုံအကျဥ်းထောင်မှ ၁၀၄ ဦး အပါအဝင် အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၃၂၇ ဦး၊ အကျဉ်းသူ ၈၅ ဦး ပါဝင်သည်ဟု အကျဥ်းဦးစီးဌာနက၏ စာရင်းတွင် ဖော်ပြထား သည်။ မွန်ပြည်နယ်အတွင်းက လွတ်မြောက်လာသည့် အကျဥ်းသူ/သားများတွင် နိုင်ငံရေးအကျဥ်းသားများ ပါမပါကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

မွန်ပြည်နယ်အတွင်း နိုင်ငံရေးအကျဥ်သားများနှင့် နီးစပ်သူတစ်ဦးက “နိုင်ငံရေးအကျဥ်းသားတွေ ပါလား မပါလား ဘယ် လောက်ပါလဲဆိုတာ မသိသေးဘူး။ ပါခဲ့ရင်လည်း မများဘူးလို့ ထင်တယ်၊ ခိုးမှု မူးယစ်မှုနဲ့ပဲများတယ်” ဟု ပြောသည်။ ဇန္နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်အနေဖြင့် စစ်ကောင်စီက မြန်မာတနိုင်ငံ လုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးရှိ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူ အကျဉ်းသား စုစုပေါင်း ၇၀၁၂ ဦးအား ပြစ်ဒဏ်များ လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ လွတ်မြောက်လာသူများအနေ ဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတဝှမ်း လွတ်မြောက် လာသူများက အတည်ပြုပြော သည်။ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာ စတင်သိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန္နဝါရီလ ၃ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၁၃၃၀၀ ကျော်ရှိပြီး ပြန်လည်လွတ်မြောက် လာသူ စုစုပေါင်း ၃၄၆၀ ကျော်ရှိသည်ဟု သိရသည်။ https://www.facebook.com/photo/?fbid=61982195348431 2&set=a.522557276544114

၂၉။ အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံသုံးပြီး ဆန့်ကျင်တိုက်ဖျက်မယ်လို့ အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု ကြေညာ
January 5, 2023

ရက်စက်ကြမ်းကြုတ်တဲ့အပြင် ကောက်ကျစ်စဥ်းလဲတဲ့ ဉာဏ်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုက ကျင်းပဖို့ကြိုးစားနေတဲ့ “တရားမဝင်အယောင်ပြ ရွေးကောက်ပွဲ”မှာ အတင်းအဓမ္မဖိနှိပ် စေခိုင်းတာတွေရှိလာနိုင်တာကြောင့် ပြည်သူလူထု အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး နည်းလမ်းပေါင်းစုံသုံးဆန့်ကျင်တိုက်ဖျက်ကြဖို့ အထွေထွေ သပိတ်ပေါင်းစပ် ညှိနှိုင်း ရေးအင်အားစု GSCB က ဇန်နဝါရီလ ၄ ရက်နေ့ကကြေညာလိုက်ပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ မြန်မာနိုင်ငံကို နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာပေးပြီး ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒစိုးစဥ်းမျှ မရှိတာကို အခုအကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေ တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ။ ရွာလုံးကျွတ်မီးရှို့မှုတွေ၊ ရက်စက်စွာဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ နိုင်ငံအနှံ့ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်မီးတွေက သက်သေ ဖြစ်နေတာကြောင့် တရားမဝင်အကြမ်းဖက်စစ်အုပ်စုကပြုလုပ်မယ့် “တရားမဝင် အယောင်ပြ ရွေးကောက်ပွဲ”ကို နိုင်ငံရေးအရလည်း လုံးဝလက်ခံနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) အနေနဲ့ ပြည်သူလူထု တရပ်လုံးနဲ့ တော်လှန်ရေး အင်အားစုအပေါင်း ဆင်နွှဲနေသည့် တော်လှန် ရေးကြီးဟာ အကြမ်းဖက်စစ်အုပ်စုက အခု ကျင်းပဖို့ ကြိုးစားနေတဲ့ “တရားမဝင် အယောင်ပြရွေးကောက်ပွဲ” ဘယ်လိုပဲကျင်းပသည်ဖြစ်စေ၊ ဘယ်လိုပဲဖြစ်လာလာ မဆုတ်မနစ် ဆက်ပြီး တိုက်ပွဲဝင် နေဦးမှာဖြစ် တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ကျင်းပရန်ကြိုးစား နေတဲ့ “တရားမဝင်အယောင်ပြ ရွေးကောက်ပွဲ”မှာ အလိုအတူအလိုပါ အခွင့်ရေးရမယ်အထင်နဲ့ နိုင်ငံရေးနေရာတွေကို အချောင် ရလိုစိတ်နဲ့ အကြပ်ကိုင် စေခိုင်း တယ်ဆိုပြီး အကြောင်းပြချက်နဲ့ဖြစ်စေ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်း လက်တွဲမယ့် နိုင်ငံရေးအစုအဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပါတီတွေဟာ နောင်တချိန်မှာ ပြည်သူပေးတဲ့ နိုင်ငံရေးပြစ်ဒဏ်ကို မလွှဲမသွေ ရင်ဆိုင်ရမယ်လို့ ကြေညာထားပါတယ်။ အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု (GSCB) ဟာ နိုင်ငံတဝှမ်းရှိ တော်လှန်ရေး ဒေသသီးသီး က သပိတ်အင်အားစု အစုအဖွဲ့အပေါင်း (၄၁) ဖွဲ့ ရှိပြီး အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်ကြောင်း နည်းလမ်းမျိုးစုံနဲ့ တနေ့မပြတ် သပိတ်တိုက်ပွဲပေါင်း ၃၀၀၀ ကျော်ဆင်နွဲခဲ့ပြီးဖြစ်ပါတယ်။ https://www.facebook.com/pvtvmyanmar/photos/a.1072607 68162692/509 4732412

၃၀။ တာချီလိတ်မြို့ခံသူဌေးတချို့ ပြန်ပေးဆွဲ ဘတ်သန်းချီတောင်းခံရတာတွေ ဆက်တိုက်ဖြစ်နေ
January 5, 2023

ထိပ်တန်းသူဌေးတချို့အပါအဝင် တာချီလိတ်မြို့ခံသူဌေးတွေကို ပြန်ပေးဆွဲပြီး ဘတ်သန်းနဲ့ချီတောင်းခံတာတွေ ဒီလ ပိုင်းထဲ တာချီလိတ်မြို့မှာ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြန်ပေးဆွဲပြီး ငွေတောင်းခံရ တဲ့ မြို့ ထိပ် တန်းသူဌေး ၂ ဦးရှိခဲ့ပြီးပြန်ပေးဆွဲတဲ့ပုံစံတွေဟာ ရုပ်ရှင်ကားတွေထဲကလို စနစ်တကျလုပ်ဆောင်နေတာ မျိုးဖြစ်တယ်လို့ သတင်း ရင်းမြစ်တစ်ဦးကပြောပါတယ်။ ပြန်ပေးဆွဲခံရတဲ့ သူဌေးတစ်ဦးကို ဘတ် ၁၀ သန်းကျော် တောင်းခံကာပြန်လွှတ်ပေးခဲ့ပြီး နောက် တစ်ဦးကတော့ အသတ်ခံရတယ်လို့ သတင်းထွက်နေကြောင်း အဲဒီသတင်း ရင်းမြစ်က ပြောပါတယ်။ “ဒါက ဒီရက်ပိုင်းထဲဖြစ် သွားတာ။ အရင်ကလည်းဆက်တိုက်ဖြစ်နေတာရှိတယ်။ တချို့ ကလည်းလွတ်လာပြီးကြောက်လို့ပြန်မပြောဘူး။ တချို့ကလည်း ရှက်လို့ပြန်မပြောဘူး” လို့ သူကပြောပါတယ်။ ဒီလိုပြန်ပေးဆွဲပြီး ဘတ်သန်းနဲ့ချီတောင်းခံရတဲ့ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၆ လအတွင်း အနည်းဆုံးအမှု ၃၀ ရှိခဲ့တယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပြီး ဒေသအာဏာပိုင်တွေဘက်ကတော့ စုံစမ်းဖော်ထုတ်နိုင် ခြင်း မရှိသေးပါဘူး။

ဒီလိုဖမ်းဆီးပြန်ပေးဆွဲ ငွေတောင်းခံရသူတွေထဲမှာ တာချီလိတ်က နာမည်ကြီးသူဌေးတစ်ဦးရဲ့ ဆွေမျိုးတော်စပ်သူ လည်းပါတယ်လို့ ပြန်ပေးဆွဲခံရသူနဲ့ နီးစပ်သူကပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့ကို တရားမဝင် တရုတ်နိုင်ငံသားတွေ အများအပြားဝင်လာခဲ့ပြီး အဲဒီထဲမှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေလည်း ပါဝင်တာ ကြောင့် မှုခင်းဖြစ်ပွားမှု တွေပိုများလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့(တရုတ်) ဂိုဏ်းတွေအချင်းချင်း ဖြစ်ကြတာဆိုပေမယ့် လူစည် ကားတဲ့ ညနေပိုင်းအချိန်တို့၊ နေ့လည်ပိုင်းအချိန်တို့မှာ လူသွားလူလာများတဲ့ အာခါ ဈေးနားတို့၊ ဗိုလ်ချုပ်လမ်းမပေါ်တို့မှာဖြစ်ကြ တာ။ ဒေသခံတွေလည်း ဒီအပေါ်စိုးရိမ်ကြတယ်” လို့ သူကပြောပါတယ်။ ကမ္ဘာနဲ့ချီပြီး အုပ်စုဖွဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ တရုတ်ဂိုဏ်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးဖရိုဖရဲဖြစ်၊ အကျင့်ပျက်ခြစားမှုတွေပိုများလာတဲ့ မြန်မာ နိုင်ငံနယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ လောက်ကိုင်၊ ရွှေကုက္ကိုလ် တို့ကို ပိုမိုပြောင်းရွှေ့လာနေတယ်လို့ လေ့လာသူတွေက ထောက်ပြနေပါတယ်။ https://www.facebook.com/MeKongNewsMM/photos/a.373965523263391/115613657504627

၃၁။ ဒီးမော့ဆို အနောက်ခြမ်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်း ရေရှားပါးမှုကြောင့် ကျောင်းကို စောပိတ်ခဲ့ရ
January 5, 2023

လက်ရှိ ဆောင်းရာသီကာလနဲ့ လာမယ့် နွေရာသီကာလမှာဆိုရင် ရေရှားပါးမှုပြဿနာကို ဒီးမော့ဆိုမြို့နယ်တချို့နေရာ တွေမှာကြုံတွေ့လာနေရပြီဖြစ်ပါတယ်။ ဒီးမော့ဆို အနောက်ဖက်ခြမ်းတစ်နေရာက စစ်ရှောင်ကျောင်း တစ်ကျောင်းမှာလည်း ရေရှားပါးမှုကြောင့် စာသင်ကျောင်းကိုအစောပိတ်ခဲ့ရတယ်လို့ စာသင်ကြားပေးနေတဲ့ ဆရာမတစ်ဦးကပြော ပါတယ်။ “ကျောင်းသား တွေ တအားများတော့ ရေလုံလောက်မှု မရှိဘူးပေါ့နော။ အိမ်သာသွားတက်ရင်တောင်မှ အိမ်သာထဲမှာ ရေထည့်ဖို့ ရေပိုက်၊ ရေခေါင်းတွေဘာတွေဖွင့်ရင်တောင် ရေကမလာတော့ဘူး။ ဒီလိုအခက်အခဲ တွေရှိတယ်။”လို့ အဲဒီကျေးရွာမှာ နေထိုင်တဲ့ စစ်ဘေး ရှောင်တစ်ဦးကပြောပါတယ်။ အဆိုပါ စာသင်ကျောင်းရှိတဲ့ ကျေးရွာမှာ စစ်ဘေးရှောင်တွေလာရောက် နေထိုင်မှုများ ပြီး ကျေးရွာ လူဦးရေ ရဲ့ ၃ပုံ ၂ ပုံဟာ စစ်ဘေးဒုက္ခသည် တွေဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ” ကျွန်မတို့ ဒီရွာက တော့ အစက တည်းက အရင်ကတည်းက ရေမလုံလောက်ဘူး။ မိုးရာသီ မိုးကုန်သွားပြီဆိုရင်ရေက အခက်ခဲစပြီးတော့ဖြစ်ပြီ။ ဒါကြောင့်မို့ ဒီအငယ်တန်း တွေကတော့ ဒီဇင်ဘာပြီးရင် ပိတ်တယ်ပေါ့နော်။” လို့ စာသင်ပေးတဲ့ ဆရာမ ကပြောပါတယ်။

မိုးရေကိုသာ အဓိက အားထားရတဲ့ ဒေသဖြစ်တာကြောင့် ကျောင်းတွင်းရေသုံးစွဲဖို့ ခက်ခဲလာတာကြောင့် ၁၀ တန်းကလွဲပြီး ကျန်တဲ့အတန်းတွေကို ကျောင်းပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။ လာမယ့် မိုးရာသီကာလဖြစ်တဲ့ ဇွန်လမှသာ ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ အဲ့ဒီစာသင်ကျောင်းမှာဆိုရင် စစ်ရှောင်နေတဲ့ ကျောင်းသူ၊ ကျောင်း သားတွေ လာရောက်တက်တာ ပိုများပြီး အဝေးကနေ လာရောက်တဲ့ ကျောင်းသူ၊ ကျောင်းသား တွေအတွက် အဆောင်ပေးနေ တာတွေရှိတယ်လို့ သိရပါတယ်။ အရင်နှစ်မှာတော့ ဒီလိုမျိုးပိတ်တာမရှိပေမဲ့ ယခုနှစ်မှာ က စစ်ရှောင်တွေကများပြီး လူဦးရေပို များတာကြောင့်ပိတ်ရတာလို့လည်း ဆိုပါတယ်။ အဲ့ဒီစာ‌သင်ကျောင်းကို ၂၀၂၂ ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားပေါင်း (၁၀၀၀)ကျော် နဲ့ ဆရာ/ဆရာမ (၄၀)ဦးရှိပါတယ်။ https://www.kantarawaddytimes.org/%e1%80% 92%e1%80%ae%e1%80%b8%e1%80%99%e1%80%b1%e1%80

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။