• Today is: Friday, April 19, 2024

တနင်္သာရီရဲ့ နိုင်ငံရေးအိပ်မက်က ဘာလဲ?

“တနင်္သာရီရဲ့ နိုင်ငံရေးအိပ်မက်က ဘာလဲ?”
 
– မိုးစက် (သူ့အတွေးသူ့အမြင်)
 
တနင်္သာရီဆိုတာ အဓိကလူမျိုးစု (၆)ခုလောက် နေထိုင်ခဲ့ကြတဲ့ ကမ်းရိုးတန်း‌ ဒေသတစ်ခုဖြစ်တယ်။ ရှေးပဝေသဏီကတည်းက ထားဝယ်၊ မွန်၊ ကရင်၊ မြိတ်၊ ဆလုံ၊ ပသျှူး အစတဲ့မျိုးနွယ်စုတွေဟာ အတူတကွ နေထိုင်လာခဲ့ ကြတာဖြစ် ပါတယ်။
 
တနင်္သာရီဒေသဟာ ၁၂ ရာစု ခေတ်လယ်လောက်က စပြီး ခေတ်အဆက်ဆက် ဗမာဘုရင်တွေရဲ့ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့ကြရတယ်။
 
၁၈၂၄ခုနှစ် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက် ထက်မှာ အင်္ဂလိပ်-မြန်မာ ပထမကျူးကျော် စစ်ဖြစ်ပြီး တနင်္သာရီကမ်းရိုးတန်း ဒေသတစ်ခုလုံး ဗြိတိသျှလက်အောက်သို့ စောဦးစွာ ကျရောက်ခဲ့ ကြပါတယ်။
 
ထားဝယ်လူမျိုးစုအပါအဝင် တနင်္သာရီဒေသအတွင်းက နိုင်ငံရေးသမားများဟာ လွတ်လပ်ရေး ကြိုး ပမ်းမှုကာလ စစ်အာဏာရှင်ဆန့်ကျင်ရေး ကာလတစ်လျှောက် ဗမာနိုင်ငံရေးသမားအီလစ်တွေရဲ့ နိုင်ငံရေးဦးဆောင်မှု နောက်ကနေ ရွံ့ရွံ့ချွန်ချွန် တော်လှန်လာခဲ့ကြတာ ယနေ့တိုင်ဖြစ်ပါတယ်။
 
တနင်္သာရီပြည်သူလူထုတွေအနေနဲ့ တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်ခဲ့ကြပြီး ခေတ်ပြောင်း စနစ် ပြောင်းအတွက် တော်လှန်ပုန်ကန်ခဲ့ကြရာမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြပါတယ်။
 
သို့သော် နိုင်ငံရေး အသိနဲ့ နိုင်ငံရေးကို မှီခိုကင်းစွာ ဦးဆောင်လိုစိတ် နိုးကြားမှု နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။
အဲဒါရဲ့အကျိုးဆက်က ဗမာနိုင်ငံရေးသမား အီလစ်တွေရဲ့ နိုင်ငံရေးဦးဆောင်မှုအနောက်မှာ နေသားကျ နေခဲ့ကြရှာပါတယ်။ ဒါကြောင့် ကနေ့အချိန်ထိ တနင်္သာရီဒေသရဲ့ လွတ်လပ်တဲ့နိုင်ငံရေး အိပ်မက်တွေ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပါတယ်။
 
တနင်္သာရီတိုင်းဟာ ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲ ၃ကြိမ်စလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရာနှုန်းပြည့်အနိုင်ရရှိတဲ့ နယ်မြေဒေသတခုလည်းဖြစ်တယ်။
 
ဒါပေမဲ့ ဒေသအတွင်း နိုင်ငံရေး သမား အများစုနဲ့ နိုင်ငံရေးအင်အားစုတွေကြားမှာ ရှင်းလင်းပြတ်သား တဲ့ နိုင်ငံရေးယုံကြည်မှုမျိုး ရှိမနေကြတာကို စိတ်မကောင်းဖွယ်ရာတွေ့ရတယ်။
 
တချို့ပုဂ္ဂိုလ်များအပါအဝင် နိုင်ငံရေးအင်အားစုတွေကတော့ တနင်္သာရီဒေသကို ဖက်ဒရယ် ပြည် ထောင်စု ပြည်နယ်(ဖက်ဒရယ်ယူနစ်)တခု ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှုအိပ်မက်တွေ ရှိထားကြပါတယ်။
 
သို့သော် ဘယ်လိုဖက်ဒရယ်ယူနစ်မျိုး ဖြစ်စေချင်ကြသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း ရှိမနေသေးဘူးလို့ ယူဆရပါတယ်။
 
တချို့သောအရပ်ဘက်အဖွဲ့အစည်း(CSOs) အုပ်စုတွေအနေနဲ့ တနင်္သာရီအမျိုးသားများပြည်နယ်ရဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ရေးဆွဲရေးဆိုင်ရာ လုပ်ဆောင်ချက်မျိုး လုပ်ဆောင်နေတာ တွေ့ရပါတယ်။
 
သို့သော် မေးစရာရှိတာက အဲဒီလိုလုပ်ဆောင်မှုတွေ အဆင့်ဆင့်မှာ ဘယ်လိုနိုင်ငံရေးမူဘောင်တွေနဲ့ လုပ်ဆောင်နေကြသလဲ?၊ ဒေသခံပြည်သူလူထုရဲ့ သဘောဆန္ဒကို အခြေခံစဉ်းစားထားတဲ့ စဉ်းစား ချက်မျိုး ပါရဲ့လား?၊ တနင်္သာရီအမျိုးသားများပြည်နယ်ရဲ့ ပထဝီကို ဘယ်လိုသတ်မှတ်သလဲ?၊ လက်ရှိ တည်ရှိနေတဲ့ ၁၉၄၇ ဆိုရှယ်လစ်အစိုးရရဲ့ သတ်မှတ်ချက်အတိုင်းလား?၊ ပြည်နယ်အတွင်း ဘယ်လို နိုင်ငံ‌ရေးစနစ်မျိုးနဲ့ အုပ်ချုပ်စီမံမလဲ?၊ ပြည်နယ်ရဲ့ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုတရားမျှတမှု တွေအတွက် လစ်ဘရယ်ဒီမိုကရေစီစနစ်နဲ့ ကျင့်သုံးဖော်ဆောင်မလား?၊ ဒါမှမဟုတ် ဆိုရှယ်ဒီမိုကရက် စနစ်ကို ကျင့်သုံးမလား? မတူညီတဲ့ လူမျိုးစုတွေကြား ကိုယ်ပိုင်ချုပ်ခွင့်နဲ့ အမျိုးသားနယ်မြေတွေကို ဘယ်လိုပုံစံနဲ့ သတ်မှတ်ကြမလဲ? ပြီးတော့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို နီးစပ်ရာ အုပ်စုဖွဲ့ပြီး ရေးသားခွင့်ရော တရားဝင်မှုရှိရဲ့လားဆိုတဲ့ အချက်တွေပဲဖြစ်တယ်။
 
ဒီနေရာမှာ ကျွန်တော်အမြင်ကို ပြောရမယ်ဆိုရင်တော့ တနင်္သာရီအမျိုးသားများပြည်နယ်ကို ဆိုရှယ်လစ်ဘရယ်ဒီမိုကရက်စနစ်နဲ့ အုပ်ချုပ်တဲ့ အုပ်ချုပ်မှုပုံစံမျိုး ဖြစ်စေချင်တယ်။
 
ဘာကြောင့်လဲဆိုတော့ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာမှ ၂ ချက်လောက်ကို ထောက်ပြချင်ပါတယ်။
 
တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံစီးပွါးရေးစနစ်တခုလုံးကို စစ်တပ် စစ်အုပ်စုနဲ့ သူတို့ရဲ့ အပေါင်း အပါ အရင်းရှင်ခရိုနီတွေကပဲ လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာအမြတ်ထုတ်‌နေခဲ့တာရယ်၊ နောက် တစ်ချက်က ဆင်းရဲသားအခြေခံလူတန်းစား များလွန်းမှုနဲ့ လူတန်းစားကွာဟမှု အရင်းခံပြသနာ တွေ‌ရယ်‌ကြောင့်ပါ။
 
စီးပွါးရေးအရ အရင်းရှင်အုပ်စုရဲ့ လက်ဝါးကြီးအုပ် သွေးစုပ်ချယ်လှယ်နေမှုတွေကို ဖြေလျော့ ကန့်သတ် ဖို့နဲ့ ဥတုရာသီပြောင်းလဲမှုမျိုးကို ကာကွယ်ဖို့ အကန့်အသန့်ရှိတဲ့ ဆိုရှယ်လစ်ဘရယ် ဒီမိုကရက်စီးပွါးရေးစနစ်မျိုးကို ကျင့်သုံးရင် ပိုပြီးသင့်တော်မယ်လို့မြင်တယ်။
 
မဟုတ်ရင် နီရိုလစ်ဘရယ် အရင်းရှင်စီးပွါးရေးစနစ်နဲ့ အရင်းရှင်ဘူဇွာကြီးတွေကပဲ ကြီးပွါးသထက်ကြီးပွါးလာပြီး အခြေခံလူတန်းစား အလုပ်သမားဘဝတွေဟာ နိမ့်ပါးသထက် နိမ့်ပါး‌နေဦးမှာပါ။
 
ကျွန်တော်တို့ဟာ ကြီးမားတဲ့လူတန်းစားကွာဟမှုကို လျှော့ချထိန်းညှိနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီနေရာမှာတခုရှိတာက ဘယ်လိုစနစ်မျိုးမှာမဆို လူ့အဖွဲ့အစည်းတွင်း လူတန်းစားကွာဟမှု ရှိနေမှာပဲ‌။
 
အခြေခံအကြောင်းရင်းက လူသားတွေဟာ တယောက်နဲ့တ‌ယောက် ကြိုးစားအားထုတ်မှုချင်းမတူကြဘူး၊ ကြိုးစားမှုချင်းတူရင်တောင် စဉ်းစားတွေးခေါ်ပုံခြင်း ဉာဏ်ရည်ခြင်းမတူကြဘူး။
 
ဆိုတော့ လူတန်းစားကွာဟမှုကတော့ အနည်းနဲ့အများရှိနေနိုင်တာကို လက်ခံပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့လူတန်းစားကွာဟမှုမဖြစ်ဖို့ အခြေခံလူတန်းစားလူမှုအဖွဲ့အစည်းကို အခြေပြုစဉ်းစားတဲ့ လူမှုတရားမျှတမှုနဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး၊ လူမှုဖူလုံရေးစနစ်တွေရှိနေဖို့ အရေးတကြီးလိုအပ်ပါတယ်။
 
လူတန်းစားကွာဟမှုမြင့်မားခြင်းကို မထိန်းညှိ့နိုင်ရင် တည်ငြိမ်အေးချမ်းပြီး လွတ်လပ်မျှတတဲ့ လူ့ဘောင်ကို ဘယ်တော့မှတည်ဆောက်နိုင်မှာလည်းမဟုတ်ဘူး။ အဲဒီအချိန်မှာ လူတန်းစား တော်လှန်ရေးတိုက်ပွဲတွေ ဆက်ပြီး ပေါ်ပေါက်လာမှာပဲဖြစ်တယ်။
 
နောက်ဆုံးပြောချင်တာက တနင်္သာရီဒေသအတွက် အမျိုးသားနိုင်ငံရေးအတွေးအခေါ်နဲ့ တိကျ ပြတ်သားတဲ့ ကိုယ်ပိုင်နိုင်ငံရေးအိပ်မက်တခု မက်ကြဖို့ အရေးတကြီးလိုအပ်ပါတယ်။ မဟုတ်ရင် ဗမာအီလစ်တွေရဲ့ နိုင်ငံရေးဦးဆောင်မှုအနောက်မှာ အဖြူဆို အုပ်စုအလိုက်လိုက်ဖြူ၊ အမဲဆို အုပ်စုအလိုက်လိုက်မဲရတဲ့ အ‌ခြေအနေအောက်ကနေ လွတ်မြောက်မှာမဟုတ်ဘူး။
 
ဆိုတော့ တနင်္သာရီဒေသအတွင်း နယ်မြေအသီးသီးကို အခြေပြုဖွဲ့စည်းထားတဲ့ နိုင်ငံရေးအစုအဖွဲ့ သို့မဟုတ် တော်လှန်ရေးအင်အားစုတွေအချင်းချင်း အတွေးအခေါ်ဆုံမှတ်သို့ ချီတက်သင့်ပါတယ်။
 
စုစည်းကြတဲ့အခါမှာ လည်း နိုင်ငံရေးအရ အားလုံးပါဝင်ဆွေးနွေးနိုင်တဲ့ စုဖွဲ့မှုမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။
 
အဲဒီထဲမှာမှ မဖြစ်မနေပါဝင်ဖို့ လိုအပ်တဲ့ အင်အားစုတွေရှိပါတယ်။ ဘယ်လိုအင်အားစုတွေလည်း ဆိုတော့ ပြည်သူလူထုထောက်ခံမှုနဲ့ နိုင်ငံရေးတရားဝင်မှု(Legalization)ရှိတဲ့ လွှတ်တော် ကိုယ်စား လှယ် အစုအဖွဲ့တွေနဲ့ စုဖွဲ့မှုနယ်ပယ်အလိုက် လူထုကို ကိုယ်စားပြုနိုင်တဲ့ တော်လှန်ရေး အင်အားစု တွေပဲ ဖြစ်တယ်။
 
ဒီတော့ တနင်္သာရီဒေသတခုလုံးကို ကိုယ်စားပြုနိုင်ပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ တစ်ဦးချင်းတာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့ နိုင်ငံရေးဦးဆောင်မှု ပလက်ဖောင်းတစ်ခုရှိလာတဲ့ခါ ဒေသအတွင်း အားကောင်း ခိုင်မာ တဲ့ လက်နက်မဲ့လူထုတိုက်ပွဲဖော်‌ဆောင်နိုင်မှာဖြစ်ပြီး ပြန့်ကျဲနလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့ လည်း ဒေသတွင်းနိုင်ငံရေးဦးဆောင်မှုနှင့်အတူ ပိုပြီးစနစ်တကျတဲ့ လှုပ်ရှားဆောင်ရွက်မှုမျိုး လုပ်‌ဆောင်လာ နိုင်မယ်လို့ ယုံကြည်ပါတယ်။