• Today is: Friday, March 29, 2024

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း KNU နယ်မြေမှာ တိုက်ပွဲပေါင်း ၃၀၆ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိ၊ စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့

ဓါတ်ပုံ – KNU (ပုံဟောင်း)

ဖက်ဒရယ်ဂျာနယ် မြန်မာ ၊ ဇန်နဝါရီ ၇၊ ၂၀၂၃

ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း KNLA၊ KNDO တပ်များနှင့် စစ်ကောင်စီတပ်များ၊ စစ်ကောင်စီလက်အောက်ခံ BGF တပ်များအကြား တိုက်ပွဲကြီး/ငယ်ပေါင်း ၃၀၆ ခန့်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များနှင့် BGF တပ်ဖွဲ့ဝင်များ ၂၁၇ဦးသေဆုံးကာ ၁၇၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ KNLA၊ KNDO တပ်ဖွဲ့ဘက်မှာလည်း ရဲဘော် ၉ ဦး ကျဆုံးကာ ၂၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU မှ ထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ ၁ နယ်မြေအတွင်း စစ်ကောင်စီတပ်များနှင့် BGF တပ်များမှ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လက်နက်ကြီးအလုံး ၆၀ကျော် ပစ်ခတ်မှုကြောင့် နေအိမ် ၁၄လုံး၊ စပါးကျီ ၄လုံးနှင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၅ဦး ထိခိုက်ခဲ့ပြီး အိမ်မွေး တိရစ္ဆာန် တချို့ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ တပ်မဟာ ၂ နယ်မြေအတွင်းမှာလည်း စစ်ကောင်စီတပ်များ၏ အရပ်သားပြည်သူများ နေထိုင်တဲ့ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံး ၃ လုံး ကြဲချသွားသလို လက်နက်ကြီးများ လည်း ပစ်ခတ်ခဲ့လို့ အရပ်သားနေအိမ် ၁ လုံး ပျက်စီးပြီး ဒေသခံ ၁ ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒ့ါအပြင် တပ်မဟာ ၃နယ်မြေအတွင်းမှာလည်း စစ်ကောင်စီတပ်များက အရပ်သားပြည်သူများကို ပစ်မှတ် ထားပြီး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး အသက်မပြည့် သေးတဲ့ ၇ နှစ် အရွယ် မိန်းကလေးတစ်ဦး သေဆုံးကာ ကလေး ၂ ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

ထို့ပြင် စစ်ကောင်စီတပ်က လေယာဥ် ၅ စင်း၊ ဒရုန်း ၂စင်းတို့ဖြင့် နေရာ ၃ ခု ကို ဗုံး ၈ လုံးခန့် ကြဲခဲ့သလို စစ်ကောင်စီတပ်သားများဟာ နေအိမ် ၂လုံး၊ ရွှေဆိုင် ၁ဆိုင် နှင့် ဆိုင်ကယ်ပြင်ဆိုင် ၁ဆိုင်တို့ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တပ်မဟာ ၄ နယ်မြေအတွင်းမှာတော့ စစ်ကောင်စီတပ်များ အပြစ်မဲ့ ပြည်သူ ၅ဦးကို ဖမ်းဆီးခဲ့ပြီး လူနေအိမ် ၂ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တပ်မဟာ ၅နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်များနှင့် BGF တပ်များမှ အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီး အလုံး ၁၀၀ကျော် ပစ်ခတ်သောကြောင့် လူနေအိမ် ၄လုံးပျက်စီးပြီး ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦး ထိမှန်သေဆုံးကာ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အိမ်မွေး တိရစ္ဆာန် အချို့လည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

တပ်မဟာ ၅ နယ်မြေထဲမတော့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၇ ကြိမ်ခန့်ဖြင့် ဗုံး ၇၈ လုံးခန့် ကြဲချခဲ့ပြီး အော်လီဂန်း အချက်ရေ ၁၀၀၀ကျော် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စပါးကျီ ၁၀လုံး၊ နေအိမ် ၉ လုံး မီးလောင်ပြာကျကာ နေအိမ် ၃၃ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ထို့ပြင် နေအိမ် ၄လုံးနှင့် စပါးကျီ ၄လုံးအား မီးရှို့ဖျက်ဆီးခဲ့သလို အသက် ၁၄နှစ် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၅ဦးအား အကြောင်းမဲ့ ဖမ်းဆီးခဲ့ပါတယ်။

BGF တပ်ရင်း 1013 တပ်ဖွဲ့တို့ဟာလည်း အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၃ဦးအား မတရားဖမ်းဆီးကာ သက်ဆိုင်ရာ မိသားစုဝင်များကို လာရောက် ရွေးချယ်ခိုင်းပြီး ရွာသားများပိုင်သော တိရစ္ဆာန်များကို သတ်ဖြတ်ခဲ့ခြင်းများပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်များနှင့် BGF တပ်များ၏ ပြည်သူလူထုနေထိုင်သော ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ၁၂၅ လုံးကျော်ပစ်ခတ်မှုကြောင့် ဦးဇင်း ၂ပါး ပျံလွန်တော်မူခဲ့ရပြီး ဦးဇင်း ၄ပါး၊ကိုရင် ၁ပါးနှင့် ကလေး ၂ဦးအပါအဝင် စုစုပေါင်း ၁၃ဦး ထိခိုက် ဒဏ်ရာရခဲ့သလို လူနေအိမ် ၂လုံး မီးလောင်ပြာကျပြီး ၁၉ လုံးထိခိုက်ပျက်စီးကာ အိမ်မွေး တိရစ္ဆာန် အချို့ ထိခိုက်သဆုံးရတယ်လို့ ဆိုပါတယ်။ ထို့ပြင် လေကြောင်းတိုက်ခိုက်မှု ၁၁ကြိမ်ခန့်ဖြင့် ဗုံးအလုံးရေ ၃၀ထက် မနည်း ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၅နှင့် တပ်မဟာ ၆ နယ်မြေများမှာတော့ KNLA၊ KNDO တို့နှင့် စစ်ကောင်စီတပ်များ၊ ၎င်းတို့၏ လက်အောက်ခံ BGF တို့အကြား နေ့စဥ် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံများဟာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်အဖြစ် တိမ်းရှောင်နေကြရပါပြီး အရေးပေါ် စားနပ်ရိက္ခာ၊ အဝတ်အထည်များ၊ နေရာထိုင်ခင်းအတွက် အမိုးအကာများနှင့် ဆေးဝါးများ စတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အများအပြားလိုအပ်လျှက်ရှိတယ်လို့ သိရပါတယ်။