• Today is: Thursday, March 28, 2024

စနိုက်ပါ သမားက ပစ်လိုက်တာ ကလေး တစ်ယောက် သေတယ်

စနိုက်ပါ သမားက ပစ်လိုက်တာ ကလေး တစ်ယောက် သေတယ်.
…………….
 
ကျနော့ နာမည်ကတော့ xxx ဖြစ်ပါတယ် ။ ဒုရဲမှူး ရာထူး နဲ့ တာဝန် ထမ်းဆောင် ခဲ့တာပါ နောက်ဆုံး တာဝန် ထမ်းဆောင်ခဲ့တာက xxx ခရိုင် ရဲတပ်ဖွဲ့ ရဲထောက် တာဝန်ခံပါ ။
 
ကျနော် ၁၀တန်းအောင်ပါတယ်။ ၁၀တန်း အောင်တော့ အစ်မကြီး စီးပွားရေးမှာ ပူးပေါင်း လုပ်ပါတယ်။ ဝါ လုပ်ငန်း မှာ အလုပ် ဝင်ပါတယ်။ ဝါ လုပ်ငန်းကနေ ဒုရဲအုပ် လျောက်လိုက်တာ ဒုရဲအုပ် ပါလာတယ် ။
 
ကျနော် ရဲ တပ်ဖွဲ့ထဲ စဝင်တာက ၉၈ ခုနှစ် ၈လပိုင်း ။ ရဲ တပ်ဖွဲ့ထဲ ဝင်ရတဲ့ အကြောင်းရင်းက ဘွဲ့ရ ပြီးတော့ အလုပ်မရှိတာရော။ ဝါသနာလဲ ပါတာနဲ့ ရဲထဲကို စရောက်ခဲ့တာပါ ။
လုပ်သက် က ၂၂နှစ်လောက်တော့ ရှိသွားပြီ ။
 
စိတ်ကူးယဉ်ထားတဲ့ ပုံစံ နဲ့ လက်တွေ့ တာဝန် ထမ်းဆောင်ခဲ့ရတဲ့ အနေအထား နဲ့ ကတော့ မကိုက်ညီပါဘူး ။ သူတို့ရဲ့ အုပ်ချုပ်မှု စနစ်က တော်တော်လေး လျော့ရဲ ပါတယ်။ သူတို့နဲ့ ခင်ရင် ခင်သလိုရာထူးပေးတာရှိသလို မခင်ရင် မခင်သလိုပဲ ရာထူးလဲ မပေးတာမျိုးတွေပါရှိပါတယ်။
 
ကျနော့ ရည်ရွယ်ချက်ကတော့ ရဲတပ်ဖွဲ့ထဲဝင်မယ်။ မပေါ်ပေါက်သေးတဲ့ အမှုတွေ စစ်ဆေးမယ်။ ခိုးဆိုး လုနှိုက် တွေ နှိမ်နင်းမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်လာတာပါ။ ဒါပေမယ့် လက်ရှိ အခြေအနေက ဘာမှ မထူးခြားဘူး သူတို့နေရာ ပေးထားတဲ့ စခန်းမှုးတွေက လုပ်ချင်သလို လုပ်နေတာ။ ခေတ်ကိုက အဲ့လိုမျိုးဖြစ်နေတာ။
 
အခက်အခဲ ကတော့ ရဲတပ်ဖွဲ့ စဝင်ဝင်ခြင်းကတည်းက သင်တန်း ကာလ မှာ ဖက်ထိပ် လုပ်ရတယ်။ တအားပင်ပန်းတယ်။
 
သင်တန်းက ၉၈ ခုနှစ်မှာ ရဲတပ်သား အသစ်သင်တန်း ကနေ စဝင်တာပါ။ သင်တန်း တက်နေရင်းက ဒုရဲအုပ် သင်တန်းကို တစ်ခါ ထပ်လျှောက်ပါတယ်။
 
ရဲ တပ်သားသစ် သင်တန်း ဆင်းပြီးလို့ ၂လ အကြာမှာ ဒုရဲအုပ် သင်တန်း ဆက်တက် ရပါတယ် ။ ၉၉ခုနှစ်မှာ သင်တန်း ဆင်းပါတယ်။ xxx ကို တာဝန် ကျပါတယ် ။
 
၂၀၁၇ မှာ xxx တိုင်းကို ရောက်ပါတယ် ။
 
အာဏာသိမ်းတဲ့ အချိန်မှာ xxx ခရိုင် မှာ ရှိနေတာ ။ သူတို့ အာဏာသိမ်းပြီ ဆိုတာနဲ့ ကျနော် က xxxx လမ်းမှာ အမြန်လမ်းကို သွားရပါတယ်။ အမြန်လမ်းမှာ ကားတွေ စစ်ရပါတယ်။ နေပြည်တော် ဘက်ကိုတော့ မထွက်ရဘူး။
 
နေပြည်တော် သွားမယ့် ကားဆိုရင် တင်းတင်း ကြပ်ကြပ် စစ်ဆေး ရပါတယ်။ မနက်မိုးလင်းမှာ လိုင်းတွေက မရတော့ဘူး ပြတ်နေတော့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ အာဏာသိမ်းလိုက်ပြီလို့ ကြားရတာပေါ့။
 
အာဏာသိမ်းလိုက်ပြီ ဆိုတော့ စိတ်တော့ လုံး၀ မကောင်းဘူး။ ရဲတပ်ဖွဲ့ဝင် ဖြစ်နေတော့ အထက်အမိန့် အတိုင်းတော့ လုပ်ရမယ် မင်း ဘယ်ကို သွားဆို သွားရတာပဲ ဘယ်ကိုလာဆို လာရတာ အဲဒီလို လုပ်နေ ရတာ။
 
တပ်ဖွဲ့ဝင်ထဲမှာ အာဏာသိမ်းတာကို မကြိုက်တဲ့ ကလေးတွေကိုလဲ တွေ့ရပါတယ်။ အာဏာ သိမ်းတာကို သဘောကျနေတဲ့သူတွေကိုလဲ တွေ့ရပါတယ် ။
 
xxxခရိုင်မှာ ခရိုင် အနေနဲ့ လုံခြုံရေး တာဝန် ထမ်းဆောင် ရပါတယ်။ ကျနော်တို့ အဖွဲ့တွေ့နဲ့ တပ်မ ၈၈ စစ်သားတွေ အဖွဲ့ တွေနဲ့ ဆန္ဒပြတဲ့ အဖွဲ့တွေကို ထိန်းသိမ်းရပါတယ်။
 
၁ရက် ၃လပိုင်း မှာ ကျနော် တို့ xxx ခရိုင်မှာ စ ပစ်တယ် ။ သေနတ်နဲ့ ပစ်တာပေါ့ ။ xxx ခရိုင်မှာ စစ်တပ်က ပစ်လို့ လူတစ်ယောက် သေသွားတယ်။ ။ ကျနော်တို့ရဲက ပစ်တော့ ပစ်တာပဲ။ ရဲ ရဲ့ သေနတ်တွေက ပြောင်းချောတွေ ကိုင်ရတာ ဆိုတော့ လူတွေကို မထိဘူး။ ဒဏ်ရာရတာ မကြားရဘူး။ ဒါပေမယ့် စစ်တပ်က စနိုက်ပါ သမား တစ်ယောက်ပါတယ်။ တပ် က ၈၈ ကပေါ့။
 
တပ်ရင်းတော့ မမှတ် မိ တော့ ဘူး။ xxx မှာ စနိုက်ပါ သမားက ပစ်လိုက်တာ ကလေး တစ်ယောက် သေတယ်။ ဈေးရောင်း တဲ့ ကလေး လို့ ကြားတယ်။ ကျန်တဲ့ စစ်သားတွေက မလှုပ်မရှက် ပုံစံတွေ တွေ့ရတယ်။ လုပ်ချင်တဲ့သူကတချို့ မလုပ်ချင်တဲ့သူက တချို့ အဲ့လို မြင်ရတယ် ။
 
ကျနော်က ဒီလို ဖြိုခွင်းတာ တစ်ခု ပဲ ကြုံရတယ် လုံခြုံရေးတွေပဲ လှည့်ချနေတော့ တစ်ခုပဲ ကြုံ ရပါ တယ် ။
 
ကျနော် တို့က ရုံးမှာ အလုပ်မရှိတတ်တာမို့ ည ဆိုရင် ဒုခရိုင်မှုးက အကူအညီတောင်းတာမို့ စစ်ကြောရေးမှာ ဝင်စစ်ပေးခဲ့ဖူးပါတယ်။ဧပြီလ လောက်ကပါ။ ကျနော် စစ်ခဲ့ရတာက xxx စစ်တပ်ထဲကို သွားပြီး စစ်ရတယ်။ အဲဒီမှာ ရဲ ရိပ်သာ ရှိပါတယ်။ ရဲ ရိပ်သာမှာ ခန်းမတွေ ရှိတယ် အခန်းတွေ ရှိတယ် ၈ပေ ပတ်လည် အခန်းတွေပေါ့။
 
အဲဒီထဲမှာ သူတို့ ဖမ်းမိ ထားတဲ့ ကလေးတွေကို ၈ပေ ပတ်လည် အခန်းထဲမှာ လက်ပြန်ကြိုး တုပ်ပြီးမျက်နှာစည်းပြီး ချုပ် ထားပါတယ်။ ညပိုင်းကျရင် စစ်ရပါတယ်။ စစ်ရရင် ကျနော်တို့ကတော့ စာရွက်နဲ့ ဘောပင် ကိုင်ရေးနေတာ။
 
အဲဒီမှာ စစ်သားတွေက မူးနေတဲ့ သူတွေက တော်တော် များတယ်။ ဗျူဟာမှုး ကိုယ်တိုင် မူးနေတာ။ ရိုက်ရင် တစ်လက်မ ရှိတဲ့ တုတ် နဲ့ နောက်ကျောကို အသားကုန် ရိုက်ပါတယ်။ ဝါယာကြိုးကို ပူးပြီးလိမ်ထားတဲ့ကြိုးနဲ့ ရိုက်ပါတယ် ။ တပ်က ဗျူဟာမှုး ကိုယ်တိုင်က ရိုက်တာ ပါ။ နာမည်တော့ မမှတ်မိတော့ဘူး တပ်မ ၈၈ က ရိုက်တာ။
 
သူတို့က ဝင်စီးပြီး ဖမ်းတဲ့အချိန်မှာတော့ ကျွန်တော် မပါဘူး။ သိသလောက် ပြောပြရမယ်ဆိုရင်တော့ ဝင်စီး ပြီးတော့ အဲဒီနားမှာ ရှိနေတဲ့ ကလေးတွေကို ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ဖမ်းချလာတာ။ ကျနော် တို့ကလဲ ဘုမသိဘမသိ စစ်ပေးရတာ။
 
တချို့ ကလေးတွေ ဆိုလည်း ဘယ်မှာမှ မပါပါဘူး။ တချို့ကတော့ပါတယ်။ သူတို့ကို ၈ပေပတ်လည် အခန်းလေးထဲမှာ စုထားတယ်။ စုပြီးပစ်ထားတော့ လူတွေရဲ့ သန့်ရှင်းမှုကလည်း မရှိတော့ဘူး၊ နံစော်နေတာပဲ။ အနံ့တွေကကို တအားနံနေတာ။ အဲဒီထဲမှာ ပြည့်ကျပ်နေအောင် ထည့်ထားတယ်။
 
ကျနော် တို့က တခုချင်းစီ စစ်ရတာ။ xxx မှာ တာဝန် ယူထားတဲ့ နယ်ထိန်း တွေကလည်း တစ်ဦးချင်းစီ တာဝန် ယူပြီး စစ်ရတယ်။ သေဆုံးတာတော့ ကျနော့်မျက်မြင်တော့ မရှိဘူး၊ ရိုက်တာတော့ အသားကုန် ရိုက်တာ။ စစ်တဲ့ စစ်သားတွေကမူးနေကြတာများတယ်၊ ညဘက်ဆို ပိုဆိုးတယ်။ မူးနေကြတော့ မေးတဲ့အချိန်မှာ နည်းနည်းလေး တွန့်သွားတာနဲ့ တအားရိုက်ပစ်တာ။
 
ကျနော် စစ်ဆေးပေးရတဲ့ တစ်ယောက်ကတော့ အသက် က ၂၀ကျော်ပဲ ရှိသေးတဲ့ မိန်းမစိတ်ပေါက် နေတဲ့ ကလေး တစ်ယောက်ပါ (မူရင်းပြောကြားချက်ဖြစ်ပါသည်)။ သူက အဖွဲ့အစည်းမှာ ထမင်းချက် ရပါတယ်တဲ့။ အဲလိုတော့ ထွက်ဆိုပါတယ်။
 
ဒါပေမယ့် စစ်သားတွေကတော့ ထမင်းချက်တာလဲ မသိဘူး အသားကုန် ဗျင်းတာ။ နောက်တော့ အဲဒီ ကလေးကို တရားစွဲတယ်၊ အမှုဖွင့်တယ်။ PDF တွေကို ထမင်းကျွေးလို့ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အမှုဖွင့်တယ်။ တရားစွဲတယ် အမှတ် ၁ စခန်းမှာ အမှုဖွင့်တာ။ အဲလိုတော့ တွေ့ခဲ့ရ ပါတယ်။
 
ကျနော် CDM လုပ်လာတာ ၅လပိုင်း CDM စလုပ်တာ ကတော့ ၁ရက် ၃လ ၂၀၂၂ ပါ။
CDM လုပ်ရတာတော့ စစ်တပ် က လူထု ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ ကို အာဏာ သိမ်းတယ်။ အဲဒါကို မကျေနပ်ပါဘူး။
 
လူထု ရွေးချယ် တင်မြှောက်တဲ့ အစိုးရ ကို သက်သက်မဲ့ အနိုင်ကျင့် စော်ကား ပြီးတော့ အာဏာ သိမ်းခဲ့တာပါ။ အဲဒါကိုမကြိုက်လို့ CDM လုပ်ဖြစ်သွားတာ အဓိကပါ။
ကျနော် ကတော့ တော်လှန်ရေးမှာ ဘေးကနေပဲ ပါနိုင်မယ်။ ကိုယ့် အသက်အရွယ်နဲ့ ကျန်းမာရေး ကြောင့် ထဲထဲ ဝင်ဝင်တော့ မလုပ်နိုင်ဘူး။ ဘေးကနေ ဝန်းရံပြီး တော်လှန်ပေးပါ့မယ်။
 
လက်ရှိမှာ အခက်အခဲ မရှိပါဘူး ။ စိတ်အေးချမ်းသာပါတယ်။ ကရင်ပြည်နယ် တပ်မဟာ ၇ ကို ရောက်တော့ စိတ်ကို တော်တော် အေးချမ်း ပြီး နေရထိုင်ရတာ အဆင်ပြေပါတယ်။
 
ဒီက လူတွေကလည်း ကိုယ်နဲ့ စိတ်ဓာတ်တူတဲ့ လူတွေချည်းပဲ တွေ့နေရတယ် ပျော်စရာ ကောင်းပါတယ်။
 
ကျနော် ကတော့ ပရဟိတ လုပ်ငန်းတွေလုပ်ချင်တယ်။ ဒီအစိုးရကို နှိမ်နင်းပြီးသွားလို့ တော်လှန်ရေး အောင်မြင် သွားရင် ပရဟိတ လုပ်ငန်းတွေ ဦးစားပေး လုပ်မယ် လို့ ရည်ရွယ် ထားပါတယ် ။
 
#တရားမျှတမှုရရှိဖို့အမှန်တရားထုတ်ဖော်ပြောကြစို့
#Let‘sTelltheTruthtoGetJustice
#CDMရဲ
#CDM
#TransitionalJustice
#TruthTelling
#နွေဦးတော်လှန်ရေး
#မြန်မာနိုင်ငံရဲတပ်ဖွဲ့
#Myanmar_Police_Force