• Today is: Tuesday, April 16, 2024

စစ်ကောင်စီရွေးကောက်ပွဲကို ဘယ်လိုဆန့်ကျင်ကြမလဲ

စစ်ကောင်စီရွေးကောက်ပွဲကို ဘယ်လိုဆန့်ကျင်ကြမလဲ
 
– ကျော်ကိုကို (သူ့အတွေးသူ့အမြင်)
 
မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီက ၂၀၂၃မှာ ရွေးကောက်ပွဲ ကျင်းပ မယ်လို့ ကြေညာထား ပါတယ်။
 
စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲမှာ နောက်ဆုံးအချက်ဖြစ်တဲ့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပါတီစုံရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲရေးဆိုတဲ့အဆင့်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားပုံရပါတယ်။
 
မင်းအောင်လှိုင်တို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားနဲ့ တကယ့်ရည်ရွယ်ချက် အစစ်အမှန်ကို အရင်ဆုံးသုံးသပ်လေ့လာကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။
 
ပြီးမှ ဒီရွေးကောက်ပွဲအပေါ် ဘယ်လိုတုံ့ပြန်ရမလဲ၊ ဘယ်ပုံဘယ်နည်းနဲ့ တုံ့ပြန်ကြမလဲဆိုတာကို တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးအင်အားစုတွေက စဉ်းစား ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။
 
စစ်ကောင်စီရဲ့သဘောထားနဲ့ တကယ့်ရည်ရွယ်ချက်
————————————————-
 
အာဏာသိမ်းစစ်အုပ်စုတိုင်းက အပေါ်ယံအားဖြင့် ရွေးကောက်ပွဲတွေ ကျင်းပပေးလေ့ရှိပါတယ်။ ဗိုလ်နေဝင်းလက်ထက် (၁၉၅၈)မှာ အာဏာသိမ်းပြီးတက်လာတဲ့ အိမ်စောင့်အစိုးရကလည်း (၁၉၆၀)မှာ ရွေးကောက်ပွဲကျင်းပပေးခဲ့တာကို တွေ့ရပါတယ်။
 
(၁၉၆၂)မှာ တော်လှန်ရေးကောင်စီအနေနဲ့ အာဏာသိမ်းပြီး ကျန်တဲ့မြေပေါ်ပါတီအားလုံးဖျက်သိမ်းကာ မဆလတပါတီတည်းသာ တရားဝင်အသိအမှတ်ပြုပြီး ရွေးကောက်ပွဲတွေကျင်းပပေးခဲ့ပါတယ်။
 
မဆလတပါတီကို လူထုကလက်မခံလို့ အုံကြွလှုပ်ရှားပြီး ဖြိုချတော့ (၁၉၈၈)မှာ အာဏာသိမ်းပြီး (၁၉၉၀)မှာ ရွေးကောက်ပွဲထပ်မံကျင်းပပေးခဲ့ပါတယ်။နောက်တော့ (၂၀၀၈)အခြေခံဥပဒေရေးပြီး (၂၀၁၀)မှာ တကြိမ်၊ (၂၀၁၅)မှာတကြိမ်၊(၂၀၂၀)မှာတကြိမ် စုစုပေါင်းသုံးကြိမ် ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ပါတယ်။
 
စစ်အာဏာရှင်ရဲ့ ရွေးကောက်ပွဲတွေအားလုံးကို ခြုံကြည့်ရင် အနိုင်ရပါတီကို အသာတကြည် အာဏာအပ်ခဲ့တာ သုံးကြိမ်ပဲရှိပါတယ်။
 
ပထမအကြိမ်က ဦးနုရဲ့ သန့်ရှင်းဖဆပလကို ၁၉၆၀မှာ တကြိမ်၊ဒုတိယအကြိမ်အနေနဲ့ ဦးသိန်းစိန် ခေါင်းဆောင် တဲ့ ကြံ့ဖွံ့ပါတီကို ၂၀၁၀မှာတကြိမ်နဲ့ တတိယအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၂၀၁၅မှာ တကြိမ် အာဏာလွှဲခဲ့တာပဲဖြစ်ပါတယ်။
 
အာဏာလွှဲအပ်ခြင်းခံရတဲ့ အစိုးရတွေထဲက ဦးနုအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရတို့ဟာ နှစ်အနည်းငယ်အကြာမှာ ဖမ်းဆီးပြီးဖျက်သိမ်းတာခံသွားကြရတာကို တွေ့ရပါတယ်။
 
ဦးသိန်းစိန် အစိုးရကတော့ စစ်အုပ်စုက မွေးထုတ်ပေးလိုက်တဲ့ အစိုးရဖြစ်လို့ သူ့အလိုလို နိုင်ငံရေး ဇာတ်ခုံနောက်ရောက်သွားရတာပဲဖြစ်ပါတယ်။
 
ဆိုလိုတာက စစ်တပ်နဲ့မဆိုင်တဲ့ အရပ်သားအစိုးရမှန်သမျှ စစ်အာဏာရှင်အလိုကျရင် အစိုးရလုပ်ခွင့်ရပြီး အလိုမကျတော့ရင် ဖမ်းဆီးဖျက်သိမ်းတာခံရတယ်လို့ ရှုမြင်ရမှာဖြစ်ပါတယ်။
 
စစ်အုပ်စုရဲ့ သဘောထားကို ဒီလောက်ဆို ကွက်ကွက်ကွင်းကွင်းမြင်မယ်ထင်ပါတယ်။ စစ်အုပ်စုက အရပ်သား အုပ်ချုပ်ရေးကို ဘယ်လောက်တောင် တူးတူးခါးခါးမုန်းတီးနေသလဲဆိုတာ ဒီအချက်အလက် တွေကို ကြည့်ရင်သိနိုင်ပါတယ်။
 
အရပ်သားအဝတ်အစားဝတ်ထားတဲ့ စစ်သားတွေလက်ထဲမှာ အာဏာရှိနေရင် ပြဿနာမရှာဘဲ စစ်သားမဖြစ်ဘူးတဲ့ အရပ်သားစစ်စစ်တွေလက်ထဲ အာဏာတစုံတရာရှိနေခဲ့ရင် စစ်အုပ်စုတွေက လက်သင့်မခံဘဲ အကြိမ်ကြိမ်ဖြုတ်ချခဲ့တာကို တွေ့ရပါမယ်။
 
ဒါဟာ ဗမာစစ်အုပ်စုရဲ့ အတွေးအခေါ်နဲ့ သဘောထားပဲဖြစ်ပါတယ်။
 
သူတို့ရဲ့အတွေးအခေါ်ဟာ စစ်အာဏာရှင်ကို အခိုင်အမာတည်ဆောက်ရေး အတွေးအခေါ်ပဲဖြစ်တယ်။ ဗမာပြည်မှာ စစ်တပ်က အမြဲမပြတ်ကြီးစိုးခြယ်လှယ်ရေးကိုပဲ ရည်ရွယ်နေတယ်။
 
ဗမာလူမျိုးစုအပါအဝင် ကျန်တဲ့ဘယ်လူမျိုးစုမဆိုရဲ့ နိုင်ငံရေးအခွင့်အရေးတွေကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူး။ စစ်တပ်သာလျှင် အာဏာနဲ့သက်ဆိုင်တဲ့ တခုတည်းသောအဖွဲ့အစည်းဖြစ်တယ်လို့ အမြဲမှတ်ယူထားတဲ့ စစ်ဝါဒီတွေပဲဖြစ်တယ်။
 
၂၀၂၃ ရွေးကောက်ပွဲ ဘာလဲ၊ဘယ်လဲ
———————————-
 
စစ်ကောင်စီက လာမယ့် ၂၀၂၃မှာ ရွေးကောက်ပွဲပြန်လုပ်မယ်လို့ ပြောပါတယ်။ဘာလို့ ရွေးကောက်ပွဲလုပ်မှာလဲဆိုရင်
(၁)လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးလက်နက်ကိုင်တော်လှန်ရေးရဲ့ အရှိန်ကို လျှော့ချပစ်ဖို့ဖြစ်တယ်။
 
(၂)လက်ရှိ စစ်အုပ်စုကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုထဲက သဘောထားပျော့ပျောင်းသူတွေကို မက်လုံးပေးပြီး တော်လှန်ရေးနဲ့ ခွဲထုတ်ပစ်ဖို့ ဖြစ်တယ်။
 
(၃)လူထုကို ရွေးကောက်ပွဲနဲ့ လှည့်စားပြီး လက်နက်ကိုင်တော်လှန်ရေးနဲ့ သီးခြားခွဲထုတ်ပစ်ဖို့ ကြိုးစားနေတာဖြစ်တယ်။
 
(၄)တော်လှန်ရေးကို ဆက်လက်ဆင်နွှဲမယ့် အင်အားစုတွေကို အထီးကျန်ဖြစ်အောင် ဖန်တီးချင်တာဖြစ်တယ်။
 
(၅)ရွေးကောက်ပွဲရလာဒ်အပေါ်မူတည်ပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ပြန်ရှာဖွေဖို့ဖြစ်တယ်။
 
(၆)နိုင်ငံရေးအခင်းအကျင်းကို (၂၀၀၈)ခြေဥဘောင်ထဲ ပြန်လည်ထည့်သွင်းဖို့ဖြစ်တယ်။
 
(၇)အတိအကျပြောရရင် စစ်အာဏာရှင်စနစ်ကို အမြဲတမ်းဆက်လက်တည်ရှိနေစေပြီး ဖက်ဒရယ်ပြည်ထောင်စုတောင်းဆိုနေမှုများအားလုံးကို လုံးဝလျစ်လျုရှုချင်လို့ပဲဖြစ်တယ်။
 
နွေဦးတော်လှန်ရေးအရှိန်ကိုလျှော့ချခြင်း
—————————————
စစ်အာဏာသိမ်းပြီး စစ်ကောင်စီဖွဲ့၊စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတာထက် သူတို့စိတ်ကြိုက်ခိုင်းလို့ရမယ့် အရပ်သားအစိုးရ သို့မဟုတ် သူတို့ကိုယ်တိုင် ယူနီဖောင်းချွတ်ပြီး အရပ်သားအစိုးရလုပ်တာက တော်လှန်ရေးအရှိန်ကို လျှော့ချလို့ရမယ်လို့ မင်းအောင်လှိုင်တို့ ယူဆထားပုံရပါတယ်။
 
တနည်းပြောရရင် ရွေးကောက်ပွဲက မင်းအောင်လှိုင်တို့ရဲ့ ထွက်ပေါက်မဟာဗျုဟာပါ။သူတို့သာ ထွက်ပေါက်ရသွားရင် ယူနီဖောင်းလဲပြီး သက်တောင့်သက်သာနဲ့ နောင်ဆယ်နှစ်၊အနှစ်နှစ်ဆယ်အထိ တိုင်းပြည်ကို ချုပ်ကိုင်အုပ်ချုပ်ခွင့်ရသွားမှာဖြစ်ပါတယ်။ဗိုလ်နေဝင်းလက်ထက်ကလည်း ဒီလိုလုပ်ခဲ့တာကို သင်ခန်းစာယူကြရမှာဖြစ်ပါတယ်။
 
ဆိုတော့ကာ ကျနော်တို့တော်လှန်ရေးအင်အားစုတွေရော၊ပြည်သူတွေပါ မျက်စိမလည်ဖို့လိုပါတယ်။ ရွေးကောက်ပွဲအနိုင်ရပြီး ဘယ်အစိုးရပဲတက်တက် (၂၀၀၈)အရ အာဏာအရှိဆုံးက စစ်တပ်ပဲဖြစ်နေဦးမှာမို့ စစ်အာဏာရှင်စနစ်ပြိုလဲသွားပြီလို့ ပြောလို့မရသေးပါဘူး။
 
တော်လှန်ရေးကို ဆုံးခန်းတိုင်ဆင်နွှဲဖို့ လိုပါသေးတယ်။အစိုးရအပြောင်းအလဲသက်သက်ကို လက်မခံဘဲ စနစ်ပြောင်းလဲရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရဦးမှာဖြစ်ပါတယ်။
 
မက်လုံးပေး၍ သပ်လျှိုသွေးခွဲခြင်း
———————————
 
ကိုလိုနီခေတ်မှာ ရေးပန်းစားတဲ့ အယူအဆတရပ်ရှိပါတယ်။ “Divide and Rule”ဆိုတဲ့ အယူအဆပါ။ သွေးခွဲအုပ်ချုပ်တာဖြစ်ပါတယ်။ နာမည်ကျော် ဂျီစီဘီအေအဖွဲ့ကြီးကို သွေးခွဲနိုင်ခဲ့လို့ ဘဖေတို့လို ငါးထောင်စား အမတ်တွေက နယ်ချဲ့နဲ့ပေါင်းသွားခဲ့တာမျိုးတွေ နမူနာရှိပြီးသားပါ။
 
အခုစစ်အုပ်စုကလည်း အချောင်သမားတွေကို မက်လုံးပေးပြီး သပ်လျှိုသွေးခွဲတဲ့ဗျုဟာကို ဆက်သုံးမှာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ သွေးခွဲပြီး အသာစီးယူတဲ့ “Divide and Conquer”ဗျုဟာကို အလုပ်ဖြစ်အောင် အကူအညီပေးကြမယ့် အချောင်သမားတွေကလည်း သက်သက်ရှိနေပြန်ပါတယ်။
 
ပြည်သူ့ပါတီက ကိုကိုကြီးတို့လိုလူတွေအပြင် NLD ထဲက လက်နက်ချ၊ဘက်ပြောင်း၊သစ္စာဖောက်တချို့က မင်းအောင်လှိုင်ချကျွေးမယ့် အရိုးအရင်းကိုမျှော်ရင်း စိတ်ကူးယဉ်အိပ်မက်တွေ မက်နေပြန်ရပါတယ်။
 
ဒီနည်းလမ်းကိုသုံးပြီး မင်းအောင်လှိုင်က သူ့ရွေးကောက်ပွဲကို ပိုခိုင်မာအားကောင်းအောင် ဖြစ်ညှစ်ပြီးလုပ်ယူဖို့ ပြင်ဆင်နေပါတယ်။
 
တော်လှန်ရေးနဲ့လူထုကို ခွဲထုတ်ရန်ကြိုးပမ်းခြင်း
———————————————
 
လူထုဆိုရာမှာ ကချင်လူထု၊ ရှမ်းလူထု၊ ချင်းလူထု၊ မြန်မာလူထုစတဲ့ လူမျိုးစုပေါင်းစုံပြည်သူလူထုနဲ့ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲနေတဲ့ အင်အားစုတွေကြားက စည်းနှောင်မှုကို စစ်အုပ်စုက အမြဲဖြိုခွဲဖို့ ကြံစည်နေတာကို တွေ့ရပါတယ်။
 
လာမည့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ အထူးသဖြင့် လူမျိုးစုနိုင်ငံရေးပါတီတွေ ဝင်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ရင် အဆိုပါ ပါတီတွေကို ထောက်ခံတဲ့လူထုတွေကြားမှာ ဝိဝါဒကွဲပြားတာတွေ ဖြစ်လာနိုင်သလို တော်လှန်ရေးကို အားပေးနေတဲ့ လူထုကို တဖက်လှည့်နဲ့ ငြိမ်အောင်ထိန်းချုပ်ဖို့ ကြိုးစား နိုင်မယ်လို့ စစ်အုပ်စုက တွက်ချက်ထားပုံရပါတယ်။
 
ရွေးကောက်ပွဲအခင်းအကျင်းနဲ့ တည်ငြိမ်မှုကို ပြန်ရှာမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ စိတ်ကူးဟာ လက်တွေ့တော့ သိပ်မကျပေမယ့် အတိုင်းအတာတခုအထိ အလုပ်ဖြစ်ဖို့ ပြင်ဆင်ထားပုံရပါတယ်။ဒေါ်အောင်ဆန်းစုကြည်လို ဝှက်ဖဲမျိုးကို စစ်တပ်က ထုတ်သုံးလိုက်ရင်တော့ လူထုကြားမှာ ရွေးကောက်ပွဲလမ်းကြောင်းအပေါ် ယိုင်လဲသွားမယ့်ပမာဏအတော်များများရှိမယ်လို့ သုံးသပ်ရပါမယ်။
 
ဒီပြဿနာကို တော်လှန်ရေးသမားတွေ ကျော်လွှားချင်ရင်တော့ ပေါ့ပေါ့တန်တန်စဉ်းစားလို့မရပါဘူး။ အတွေးအခေါ်တိုက်ပွဲကို ပြတ်ပြတ်သားသားဆင်နွှဲပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ၂၀၀၈ အခင်းအကျင်းကို လက်ခံသူ ဘယ်သူ့ကိုမဆို ဆန့်ကျင်ဖို့လိုအပ်ပါလိမ့်မယ်။
 
(၂၀၀၈)ခြေဥပြန်လည်အသက်သွင်းရေး
————————————-
 
နွေဦးတော်လှန်ရေးဟာ (၂၀၀၈)ခြေဥကို နိုင်ငံရေးအရ ပစ်မှတ်ထားပြီး ရိုက်ချိုးတဲ့ တိုက်ပွဲဖြစ်ပါတယ်။ လူထုတိုက်ပွဲနဲ့ရော လက်နက်ကိုင်တိုက်ပွဲနဲ့ပါ (၂၀၀၈)ကို တိုက်စစ်ဆင်ခဲ့ပြီးပါပြီ။
 
အမျိုးသားညီညွတ်ရေး အစိုးရက သပိတ်ကော်မတီတွေရဲ့ အသံနောက်လိုက်ပြီး (၂၀၀၈)ခြေဥကို ဖျက်သိမ်းကြောင်း ကြေညာထား ပေမယ့် လက်တွေ့မှာ ဒီခြေဥကို ပြန်ကိုးကားပြီး သူတို့နေရာ၊ သူတို့ပါဝါတွေကို တရားဝင်မှုယူနေတာဟာ ကြောင်းကျိုးမဆီလျော်တဲ့လုပ်ရပ်လို့ မြင်ပါတယ်။
 
လူထုက လက်တွေ့အရ လုံးဝလက်မခံတော့တဲ့ (၂၀၀၈)ခြေဥကို အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုအားလုံးက တညီတညွတ်တည်း ပြတ်ပြတ်သားသားဆန့်ကျင်ဖို့လိုပါတယ်။ လက်ခံသလိုလို လက်မခံသလိုလို သံယောဇဉ်အမျှင်မပြတ်လို့ကတော့ စစ်အုပ်စုဆင်တဲ့ ထောင်ချောက်ထဲ ရောက်သွားမှာဖြစ်တယ်လို့ သုံးသပ်လိုက်ရပါတယ်။
 
‌ဖက်ဒရယ်ပြည်ထောင်စုကို ဆန့်ကျင်လိုခြင်း
——————————————
 
မင်းအောင်လှိုင်တို့ရဲ့ ရွေးကောက်ပွဲဟာ (၂၀၀၈)ခြေဥကို အခြေခံပြီးလုပ်ဆောင်မယ်ဆိုတဲ့အချက်ရယ်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)လမ်းကြောင်းအတိုင်း ညှိနှိုင်းမယ်ဆိုတာရယ် နှစ်ချက်စလုံးကို ကြည့်ရင် ဖက်ဒရယ်တည်ဆောက်ရေးနဲ့ လားလားမှမဆိုင်တဲ့ မူ၊ပေါ်လစီတွေ ဖြစ်တယ် ဆိုတာကို တွေ့ရပါတယ်။
 
ဒီနေရာမှာလည်း NUG ကို မပြောချင်သော်လည်းစကားထဲထည့်ပြောရဦးမှာပါပဲ။NUG အစိုးရဘက်က လူမျိုးစုတွေကို သေချာမစည်းရုံးနိုင်ခဲ့ရင် သို့မဟုတ် ဖက်ဒရယ်ကို အာမခံနိုင်တဲ့ ဖွဲ့စည်းပုံအသစ်ကို အစားမထိုးနိုင်ရင် လူမျိုးစုအဖွဲ့တွေဟာ သူတို့နဲ့ အစေးမကပ်ဘဲ “အာဏာရှိတဲ့ဗမာနဲ့ပဲ ဆွေးနွေးမယ်” ဆိုတဲ့အမြင်မျိုးတွေ လက်ခံထားတာမျိုးပဲ ဖြစ်လာနိုင်စရာရှိပါတယ်။
 
ကိုယ်တိုင်က တကယ့်အာဏာရှိအောင်လုပ်ဖို့က တော်လှန်ရေးကို နိုင်အောင်တိုက်မှပဲရမှာဖြစ်လို့ ခုလို အေးတိအေးစက် အချိန်ဆွဲနေတာမျိုးက အလုပ်မဖြစ်ဘူးလို့ ထောက်ပြလိုပါတယ်။
 
စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်မလဲ
———————————————-
 
၂၀၂၃ ရွေးကောက်ပွဲအပေါ်ထားတဲ့ စစ်အုပ်စုရဲ့သဘောထားတွေ၊ရည်ရွယ်ချက်တွေနဲ့ အဆိုပါရွေးကောက်ပွဲရဲ့ သရုပ်သကန်တွေကို ဆန်းစစ်ပြီးတဲ့အခါ ကျနော်တို့အနေနဲ့ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ သဘောထား ပေးလို့ ရပြီလို့ ယူဆပါတယ်။
 
ဒီရွေးကောက်ပွဲက မဲဆန္ဒနယ်အစုံအလင်မဟုတ်ရင်တောင် ဖြစ်အောင်လုပ်ဖို့ရှိသလို၊လူစုံတက်စုံ မဲမပေးနိုင်ရင်တောင် ဖြစ်အောင်လုပ်ဖို့ စဉ်းစားထားပုံရပါတယ်။အဓိကအားဖြင့် ဟန်ပြအစိုးရတရပ် ပေါ်ပေါက်လာရေးပဲ ဦးတည်ပြီး တကယ့်ပကတိမှာ စစ်တပ်ကပဲ အာဏာလက်မလွတ်ရေးကို လုပ်ဆောင်နေတာဖြစ်ပါတယ်။
 
ဘယ်လိုပဲဖြစ်ဖြစ် ဇွတ်အတင်းအဓမ္မလုပ်တဲ့ ရွေးကောက်ပွဲမှန်သမျှကို ကျနော်တို့အနေနဲ့ ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။သဘောထားပေးပါလို့ဆိုရင် ဆန့်ကျင်တဲ့သဘောထားပဲပေးရမှာဖြစ်ပါတယ်။
 
ဒါကလည်း မဆန်းကြယ်လှပါဘူး။(၂၀၀၈)ခြေဥအောက်မှာ လုပ်တဲ့ ဘယ်ရွေးကောက်ပွဲမဆို ကျနော်တို့ အနေနဲ့ တောက်လျောက်ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။ (၂၀၁၀)၊ (၂၀၁၅)၊ (၂၀၂၀) ရွေးကောက်ပွဲတွေ အပြင် ကြားဖြတ်ရွေးကောက်ပွဲတခုတလေကိုတောင် ကျနော်တို့ မဲမပေးခဲ့ဘဲ ဆန့်ကျင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
 
စစ်အုပ်စုရွေးကောက်ပွဲကို ဘယ်ပုံဘယ်နည်းဆန့်ကျင်ကြမလဲ
———————————————————–
 
စစ်အုပ်စုရွေးကောက်ပွဲကို လူထုတရပ်လုံးအတိုင်းအတာနဲ့ ဆန့်ကျင်ဖို့လိုအပ်ပါလိမ့်မယ်။ဒီလိုဆန့်ကျင်လို့ အောင်မြင်သည်ဖြစ်စေ၊မအောင်မြင်သည်ဖြစ်စေ ရွေးကောက်ပွဲဟာ လူထုဆန္ဒမပါဘူးဆိုတဲ့ မှတ်တမ်းတွေ၊ အထောက်အထားတွေကတော့ အပြည့်အဝရှိနေဖို့ လိုအပ်ပါတယ်။
 
စစ်အုပ်စုရွေးကောက်ပွဲကို လူထုတရပ်လုံးဆန့်ကျင်ရေးဆိုတဲ့နေရာမှာ (၁)နိုင်ငံရေးပါတီတွေ (၂)တော်လှန်ရေး အင်အားစုတွေ (၃)အလုပ်သမား၊လယ်သမားနဲ့ကျောင်းသားသမဂ္ဂတွေ (၄)အမျိုးသမီးနဲ့ လူငယ်အဖွဲ့အစည်းတွေ (၅)အရပ်ဖက်အဖွဲ့အစည်းတွေ စတဲ့ လူထုလူတန်းစားအလွှာအသီးသီးက တခဲနက်ဆန့်ကျင်ဖို့ လိုပါတယ်။
 
စစ်အုပ်စုရွေးကောက်ပွဲကို လူထုတရပ်လုံးဆန့်ကျင်ရေးဆိုတဲ့နေရာမှာ (၁)ဘယ်သူတွေက ဦးဆောင်ပြီး ဆန့်ကျင်ကြမှာလဲ (၂)ဘယ်သူတွေက ဦးဆောင်မှုနောက်မှာ ပါဝင်ရုန်းကန်ကြမှာလဲဆိုတဲ့ အခန်းကဏ္ဍတွေ လည်း တိတိကျကျရှိဖို့လိုပါလိမ့်မယ်။
 
မရှိခဲ့ရင် ဘယ်လမ်းကိုလျှောက်ရမှန်းမသိ၊ဘယ်နည်းကို လိုက်ရမှန်းမသိနဲ့ ဇာတ်ခေါင်းကွဲကြီး ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ရွေးကောက်ပွဲဆန့်ကျင်ရေးတိုက်ပွဲမှာ ယာယီအားဖြင့် ခေါင်းဆောင်မှု ပေးနိုင်တဲ့ အင်အားစုရှိဖို့လိုပါတယ်။
 
ဒါဟာ နွေဦးတော်လှန်ရေးတစုံလုံးရဲ့ ခေါင်းဆောင်မှုဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။တိုက်ပွဲရဲ့ အကန့်အသတ်အရ လိုအပ်တဲ့ ဦးဆောင်မှုပဲဖြစ်ပါလိမ့်မယ်။
 
တိုက်ပွဲသဏ္ဍာန်တွေ၊တိုက်ပွဲလမ်းစဉ်တွေ၊တိုက်ပွဲနည်းပရိယာယ်တွေကို အဆိုပါ ခေါင်းဆောင်မှုအစုအဖွဲ့က ချမှတ်ဖို့လိုအပ်ပါတယ်။ ချမှတ်ထားတဲ့ မူဝါဒတွေ၊နည်းပရိယာယ်တွေကို လူထုဝန်းရံထောက်ခံလာအောင် စည်းရုံးရမယ့်တာဝန်၊ဝါဒဖြန့်ရမယ့်တာဝန်တွေက အဆိုပါခေါင်းဆောင်မှုအစုအဖွဲ့ဆီမှာ ရှိနေပါတယ်။
 
ဒီခေါင်းဆောင်မှုက စနစ်တကျ သေသေသပ်သပ် လုပ်ဆောင်နိုင်မှုအပေါ်မူတည်ပြီး ရွေးကောက်ပွဲ ဆန့်ကျ‌င်ရေး တိုက်ပွဲရဲ့ ရလာဒ်ကို ချင့်တွက်ဖို့လိုအပ်ပါတယ်။
 
အဓိကအားဖြင့် ဒီတိုက်ပွဲဟာ ရန်သူ့ထွက်ပေါက်ကို ပိတ်ဆို့ရေးဖြစ်ပြီး ပြည်သူတို့ရဲ့ တော်လှန်ရေးဝိညာဉ်ကို ဆက်လက်သယ်ဆောင်ရေးဖြစ်ပါတယ်။
 
ရွေးကောက်ပွဲရလာဒ်ဟာ ဗမာပြည်နိုင်ငံရေးကံကြမ္မာကို အဆုံးအဖြတ်မပေးနိုင်ဘဲ တော်လှန်ရေးအနိုင်၊ အရှုံးကသာ ဗမာပြည်နိုင်ငံရေးတစုံလုံးကို အဆုံးအဖြတ်ပေးနိုင်မယ်ဆိုတဲ့ တရားကို ကျနော်တို့ ထူထောင်ဖို့လိုအပ်နေတာပဲဖြစ်ကြောင်း သဘောထားတင်ပြအပ်ပါတယ်။ ။