• Today is: Friday, March 29, 2024

အမေရိကန်၏ NDAA(Burma Act)အထောက်အပံ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)အားလုံးက အကျိုးခံစားကြမည်လော

အမေရိကန်၏ NDAA(Burma Act)အထောက်အပံ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)အားလုံးက အကျိုးခံစားကြမည်လော

  • ဆလိုင်း ကျဲအိုဘိခ်ထောင်း 

သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ထိုးပြီးဖြစ်သော မြန်မာ့အရေးကူညီမည့် အက်ဉပဒေတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (Ethnic Armed Organizations)များကို ကူညီထောက်ပံ့ဖို့ ပါဝင်သည်။

EAOများ၏ လုပ်ငန်းအစီအစဉ်များ(programs)၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ လည်ပတ်မှုနှင့် အစီအစဉ်များ (the administrative operations and programs)၊ အမိန့်ပေးဗဟိုဌာန ကွပ်ကဲမှုများနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေမည့် နည်းပညာအထောက်အပံ့များ စသည်တို့အပြင် လက်နက်မပါသည့် အထောက်အပံ့များ (technical support and non-lethal assistance) စသည့်အပိုင်းကို ထောက်ပံမည်ဟု ဉပဒေ အပိုင်း(၃)၊ ပုဒ်မ(၅၅၇၅)တွင် ပြဌာန်းဖော်ပြထားသည်။

Non-Lethal Aids ဟူသည်အဘယ်နည်း

ဤနေရာတွင် အရေးကြီးဆုံးဖြစ်သည့် ‘non-lethal’ အကူညီဆိုသည့်အချက်ကို အနည်းငယ် လေ့လာကြည့်ပါစို့။ ဗမာစာဖြင့် ‘လက်နက်ခဲယမ်းမပါသော အထောက်အပံ့’ဟု အလွယ်ဘာသာပြန်ကြသည်။

Title 10, United States Code, Section 2547 ၏ အဓိပ္ပယ်ဖွင့်ဆိုချက်အရ ‘လက်နက်၊ ခဲယမ်းမီးကျောက် သို့မဟုတ် လူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ နာကျင်စေသည့် သို့မဟုတ် သေစေရန် ပြုလုပ်ထားသည့် အခြားပစ္စည်းကိရိယာ မဟုတ်သော’ (Is not a weapon, ammunition, or other equipment or material that is designed to inflict serious bodily injury or death)ဟု ဆိုထားပါသည်။

ယင်းသည် ရိုးရှင်းသယောင် ရှိသော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် ရှုပ်ထွေးနက်နဲမှုနှင့် ညှိနှိုင်းငြင်းခုံစရာများရှိသည်ဟု ဆိုကြသည်။

နိုင်ငံရေးပါဝင်သည်ဆိုပါစို့။ ဉပမာအားဖြင့် ‘လူကိုနာကျင်စေမှုမပေးသော’ နက်လက်ခဲယမ်းမဟုတ်သည့် စစ်စုံယူနီဖောင်းများ၊ ထောက်လှန်းရေး ဒရုန်းများ၊ စစ်ပွဲအတွက် အသုံးပြုနိုင်သော ယဉ်များ၊ စစ်သင်တန်းများ၊ ထောက်လှမ်းရေးသတင်းများ စသည်တို့ရော non-lethal အဖြစ် ထောက်ပံ့ကူညီမှု ရှိနိုင်မည်လော စသည်ဖြင့်။ တစ်ချို့မှာ ရရှိပြီး တစ်ချို့မှာ မရရှိသည်များရှိ။

အမေရိကန်၏ non-lethal aid ကူညီမှုသမိုင်းတွင် လက်နက်ခဲယမ်း ထောက်ပံ့ခဲ့မှုများပြင် တစ်ချို့နေရာတွင် ရှိဖူးသည်ဟု လေ့လာသူတစ်ချို့က ထောက်ပြသည်လည်းရှိသည်။

NUG ဝန်ကြီးတပါးက ယခု ဗားမားအက် အထောက်အပံ့တွင် စစ် uniform နှင့် equipment တို့ အပါအဝင် အထက်ကဖော်ပြသော items ခပ်များများ ရရှိနိင်မည်ဟုယုံကြည်ကြောင်း၊ ညှိနှိုင်းမှုရလဒ်အပေါ်မှာ အများကြီးမူတည်နိုင်ကြောင်း စာရေးသူမိမိကို လွန်ခဲ့သောရက်ပိုင်းလေးမှာ ပြောပြခဲ့ပါသည်။ ဟုတ်ပါသည်။

ဤအဓိပ္ပယ်ဖွင့်ဆိုချက်သည် ဝါရှင်တန်နှင့် တောင်လှန်ရေးအုပ်စုများအကြား ဆက်လက်ညှိနှိုင်းမှုအပေါ် အများကြီး မူတည်မည့်အချက် ဖြစ်ပါသည်။

တိုင်းရင်းသားလက်နက်ကိုင် (၁၈)ဖွဲ့ကို အုပ်စု(၃)ခုဖြင့် ခွဲကြည့်လျှင်

မကြာမီ ဝင်လာမည့် အမေရိကန်၏ ဗားမားအက် အထောက်အပံ့ ခွဲဝေသုံးစွဲမှုအတွက် ရည်ရွယ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို အုပ်စု (၃)ခုဖြင့် အကြမ်းဖင်း ခွဲခြမ်းလို့ရပါမည်။

ပထမအုပ်စုက နွေဉီးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်သည့်အဖွဲ့များ ဖြစ်ကြပါသည်။ ၎င်းတို့မှာ ကချင်(KIO), ကရင်(KNU), ချင်း(CNF) နှင့် ကရင်နီ(KNPP) တို့ဖြစ်ပြီး သူတို့ကို K3C ဟုလည်းခေါ်သည်။ သူတို့ထဲက KIO မှလွဲ၍ ကျန် ၃ ဖွဲ့က အမေရိကန်၏ ဗားမားအက် အထောက်အပံ့ကို လက်ခံရယူရန် အခက်အခဲ ရှိကြမည်မဟုတ်ဘဲ လိုလိုလားလား လက်ခံကြမည်ဖြစ်သည်။

ဒုတိယ အုပ်စုက တရုတ်နယ်စပ်တွင် အခြေချသော မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည်။ KIO ကို ထပ်မံပေါင်းထည့်လျှင် ၇ ဖွဲ့ဟု ဆိုရမည် — ‘ဝ’(UWSP), မိုင်းလား(NDAA), ကိုးကန့်(MNDAA), ရှမ်း(SSPP/SSA), တအာင်း (TNLA), ရခိုင်(AA) စသည်တို့။

တရုတ်သြဇာလွှမ်းမိုးမှု အနည်းနှင့်အများရှိသည့် အဖွဲ့များ ဖြစ်ကြသည့်အတွက် သူတို့အနေဖြင့် အမေရိကန်အကူအညီကို လက်ခံအသုံးပြုနိုင်ရန် အနည်းနှင့်အများ တွန့်ဆုတ်ကြပါလိမ့်မည်။ ၎င်းကို အောက်တွင် ပြန်ရှင်းပြပါမည်။

တတိယအုပ်စုက NCA ကို သံယောယဉ်မကုန်နိုင်သေးသော PPST လက်ကျန် ၈ ဖွဲ့ ဖြစ်ပါသည်။ ၎င်းတို့မှာ – ရှမ်း (RCSS), မွန်(NMSP)၊ ကရင်(DKBA) နှင့် (KNU/KNLA(PC), ပအိုဝ်း(PNLO), ကျောင်းသားအဖွဲ့(ABSDF), ရခိုင်(ALP)နှင့် လားဟူ(LDU) တို့ဖြစ်ပါသည်။ RCSS၊ MNSP နှင့် DKBA တို့မှလွဲ၍ ကျန် ၅ ဖွဲ့သည် လက်နက်ကိုင်တပ် မည်မည်ရရ မရှိကြပေ။ NMSP နှင့် DKBA သည်ပြင်လျှင် စစ်အင်အား တစ်ထောင်ဝန်းကျင်သာ ရှိကြသည်။

နွေဉီးတော်လှန်ရေးမှာ မပါဝင်သည့်အဖွဲ့များ အထောက်အပံ့ ရမည်လော

ဗားမားအက်ဉပဒေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းအများကို ကူညီမည်ဟု ဖော်ပြရာတွင် ‘နွေဉီးတော်လှန်ရေးတွင်ပါသော’ သို့မဟုတ် စစ်ကောင်စီကို တော်လှန်သော အဖွဲ့များကိုသာ ထောက်ပံ့မည်ဟု အတိအလင်း ဖော်ပြထားခြင်း မရှိပေ။ ဖက်ဒရယ်စနစ်အားကောင်းစေဖို့ အစီအစဉ်များ၊ အားလုံးပါဝင်သည့် ကိုယ်စားပြုဒီမိုကရေစီလှုပ်ရှားမှု ပေါ်ပေါက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် EAO တွေ၊ PDF တွေနှင့် ဒီမိုကရေစီလိုလားသည့် အဖွဲ့အစည်းများအကြား ဆက်သွယ်မှုနှင့် အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှု အားကောင်းစေဖို့ စသည့်အစီစဉ်များအတွက် ကူညီရန် ဖြစ်ပါသည်။ ထို့ကြောင့် နွေဉီးတော်လှန်ရေးမှာ မပါဝင်လျှင်ပြင် အထောက်အပံ့ရရှိနိုင်ပါသည် ဆိုသည့်ယူဆချက်လည်း ရှိသည်။

သို့သော် ဤနေရာတွင် စဉ်းစားရမည့်အချက် သုံးချက်ရှိပါသည်။ ပထမအချက်က သာမန်အားဖြင့် ဗားမားအက်၏ ရည်ရွယ်ချက်သည် နွေဉီးတော်လှန်ရေး အောင်မြင်ရေးကို အလေးပေးထောက်ပံ့သည့် ဉပဒေဖြစ်သည်။

ထို့ပြင် စစ်ကောင်စီနှင့် ဆက်ဆံရေး မဖြတ်ထုတ်လိုသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက နွေဉီး တော်လှန်ရေးအုပ်စုနှင့် ဗားမားအက် နည်းပညာအထောက်အပံ့ကို အတူတကွ ရယူသုံးစွဲလျှင် သတင်း အချက်အလက် လုံခြုံရေးကအစ စဉ်းစားစရာများ ရှိလာသည်။

ဒုတိယအချက်က နွေဉီးတော်လှန်ရေးတွင် ပါဝင်မှုမရှိသော NCA လက်မှတ်ထိုး PPST လက်ကျန် ၈ ဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် အလွမ်းသင့်ဆက်ဆံမှု ရှိနေကြသည့်အတွက် စစ်ကောင်စီငြိုငြင်နေမှာ စိုးရိမ်ပြီး အမေရိကန် အကူအညီကို လက်ခံရန် မချင့်မရဲဖြစ်နေကြမှာလည်း ရှိနိုင်သည်။  

တတိယအချက်က ဗားမားအက်ဉပဒေ၏ ပုဒ်မ ၅၅၇၆(၁)တွင် အထောက်အပံ့ ခံစားခွင့်မရှိစေရသော အဖွဲ့အစည်းများတွင် ‘မြန်မာစစ်တပ်က ချုပ်ကိုင်ထားသော(controlled by)၊ သို့မဟုတ် စစ်တပ်နှင့် ဆက်နွယ်မှု(affiliate)ရှိသော အဖွဲ့အစည်းများ’ ဟုဖော်ပြထားသည်။

မြန်မာစစ်တပ်နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ဤအချက်နှင့် ညှိစွန်းမှုရှိမရှိ စဉ်စားစရာလည်း ရှိပြန်သည်။

တရုတ်သြဇာခံအဖွဲ့များ အထောက်အပံ့တွင် ပါဝင်ကြမည်လော

လွန်ခဲ့သော ဒီဇင်ဘာလကုန်ပိုင်းမှာ တရုတ်အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun)က မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ကို ယူနန်မှာ တွေ့ဆုံခဲ့သည်။ တစ်ချို့ သုံးသပ်သူများက ဤတွေ့ဆုံမှုကို မိတ်ဆက်ခြင်းနှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်‌ မေးမြန်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။

မိမိအနေဖြင့် ထိုထက်ပိုမည်ဟု ယူဆသည်။ အမေရိကန်၏ NDAA(Burma Act) ဉပဒေ အတည်ပြုမှုနှင့် ချိန်ကိုက်ပြီး ထိုကဲ့သို့ တွေ့ဆုံမှုသည် အဆိုပါဉပဒေအပေါ် တရုတ်ကြီးက တစ်စုံတစ်ရာ စိုးရိမ်မှုရှိပြီး သူ့၏ အိမ်နောက်ဖေးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကြိုတင်သတိပေးသည့် တွေ့ဆုံမှု ဖြစ်နိုင်ခြေရှိပါသည်။

အားလုံးသိရှိသည့်အတိုင်း တရုတ်ကြီးသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် အနောက်နိုင်ငံက သံတမန်များ သွားရောက်လည်ပတ်သည်ကိုပြင် လုံးဝ လိုလားခြင်းမရှိပေ။ အမေရိကန်သံအမတ် ကချင်ပြည် လည်ပတ်သည်ကိုပြင် ရှုံ့ချခဲ့သည်။ သူ့တပည့်ကျော် ‘ဝ’ပြည်(UWSA)က ပန်ဆန်းမှာ တိုင်းရင်းသားညီလာခံ ကျင်းပခဲ့စဉ်တုန်းက CNF ကို မဖိတ်ခဲ့၊ အနောက်နိုင်ငံနှင့် နီးစပ်သောကြောင့်ဟု သိရသည်။

ရှမ်းလက်နက်ကိုင်(RCSS/SSPP)ကိုပြင် ထိုင်းနိုင်ငံနှင့် အလွမ်းသင့်သည်ဆိုကာ ရှမ်းပြည်အထက်ပိုင်း (မြှောက်ပိုင်း)မှာ လုံးဝ အခြေမချနိုင်ရန် သူ့သြဇာခံ လက်နက်ကိုင်အဖွဲ့များကို တားမြစ်ခိုင်းသည်ဟု သိရသည်။

သေချာသည်မှာ တရုတ်နိုင်ငံအနေဖြင့် သူ၏ သြဇာခံလက်နက်ကိုင်တပ်ဖွဲ့များကို Burma Act အထောက်အပံ့ လက်ခံခြင်းမရှိရန် နည်းမျိုးစုံဖြင့် တားမြစ်ပါလိမ့်မည်။ မကြာသေးခင်က တွေ့ဆုံပွဲမှာလည်း ထိုကဲ့သို့ သတိပေးခဲ့ ပြီးသားလည်း ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် တရုတ်ကြီး၏ လက်ခုတ်ထဲမှာ လုံးလုံးလျားလျား ရှိသည်ဟုယူဆရသော UWSP/A, NDAA, MNDAA နှင့် SSPP/SSA တို့ က အဆိုပါ တားမြစ်ချက်ကို စောဒကမတက်ဘဲ ဗားမားအက်အထောက်အပံ့ကို ဝေးဝေးက ရှောင်နေကြပါလိမ့်မည်။

သို့သော် KIO/A ကဲ့သို့သော အဖွဲ့အစည်းအတွက်မူ တရုတ်ကြီး၏ တားမြစ်ချက်ကို ဖြစ်နိုင်လျှင် လွန်ဆန်လိုပါလိမ့်မည်။ အကြောင်းမှာ သာမန်အားဖြင့် ကချင်(KIO)သည် အနောက်နိုင်ငံနှင့် အဆင်ပြေသည့် အဖွဲ့ဖြစ်သည်။ အမေရိကန် ခရစ်ယာန်သာသနာပြုဒေသ၊ ဒီမိုကရေစီနှင့် အနောက်နိုင်ငံ အတွေးအခေါ်နှင့် ယဉ်ကျေးမှုများကို မြတ်နိုးသည့်လူမျိုးဖြစ်သည်။

ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် ကေအိုင်အို ခေါင်းဆောင်များ အမေရိကန်သို့ပြင် သွားရောက်လေ့ရှိသည်။ ထို့ကြောင့် ကချင်အဖွဲ့အနေဖြင့် တရုတ်၏ မျက်နှာ ဘယ်လောက်အထိ ထောက်ရှုမည်နည်းဆိုသည်မှာ အမေရိကန်ဘက်က ဝင်လာမည့် မက်လုံးနှင့် သူ့အကျိုးစီးပွားပေါ်မှာလည်း အနည်းနှင့်အများ မူတည်ပါလိမ့်မည်။

ကျန်မြောက်ပိုင်းအဖွဲ့များဖြစ်သည့် ရခိုင့်တပ်တော်(အေအေ)နှင့် တအာင်း-ပလောင်အဖွဲ့(TNLA)ကမူ UWSA နှင့် သူ့တပည့်များကဲ့သို့ တရုတ်ကြီး၏ အလိုတော်ကို တစ်သွေမတိမ် လိုက်နာရန် လိုအပ်ချင်မှလိုအပ်မည် ဖြစ်သော်လည်း အနောက်နိုင်ငံနှင့် သာမန်အားဖြင့် ဆက်ဆံရေးမရှိသလောက်ဖြစ်နေကြရာ ခန့်မှန်းရခက်ပါသည်။

AA သည် တရုတ်နိုင်ငံ၏ မဟာရန်သူဖြစ်သော ဂျပန်(နီပွန်ဖောင်းဒေးရှင်း)နှင့် အိန္ဒိယနိုင်ငံ တို့နှင့်ပြင် လိုအပ်လျှင်လိုအပ်သလို ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်သည်ကိုလည်း သတိချက်ရမည်။

—၀၀၀—