• Today is: Sunday, January 29, 2023

သူ့အတွေးသူ့အမြင် | အနီးခေတ် ကချင်နိုင်ငံရေးသမိုင်းကို ချဥ်းကပ်လေ့လာကြည့်ခြင်း

အနီးခေတ် ကချင်နိုင်ငံရေးသမိုင်းကို ချဥ်းကပ်လေ့လာကြည့်ခြင်း

  • Dingyau Uma (Gumsan)

မြန်မာပြည်လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေးရပြီးခါစ ပါလီမန်လွှတ်တော်အစိုးရခေတ်တွေမှာ ကချင် လူမျိုးတွေအပေါ် သြဇာညောင်းခဲ့တာက ကချင်ဒူဝါကြီးတွေနဲ့ ပါတီနိုင်ငံရေးသမား ကချင် ခေါင်းဆောင် ဆိုသူတွေဖြစ်ကြပါတယ်။

ဟိုယခင်ကာလတုန်းက ကချင်ဒူဝါကြီးတွေဟာ သူတို့အပိုင်စားရတဲ့ နယ်မြေဒေသနဲ့ နယ်ခံလူထုအပေါ်မှာ အတိုင်းအတာတစ်ခုအထိ သြဇာလွှမ်းမိုးထားနိုင်ခဲ့ကြပါတယ်။ ကချင်လူမျိုးတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်ကို ကချင်ဒူဝါကြီးတွေက အုပ်ချုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒူဝါစနစ်မထားတဲ့ ကျွန်တော်တို့ ဒူလဲန်လူမျိုးစု တွေလည်း မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ မိမိတို့ရဲ့အရပ်ဒေသကို ထိန်းသိမ်း ကာကွယ်ခဲ့ကြတာဖြစ်ပါတယ်။

ဗြိတိသျှကိုလိုနီခေတ်မှာ ကချင်လူမျိုးတွေ စစ်မှုထမ်းခွင့်ရလာပြီးတဲ့နောက် ကချင်လူမျိုးစစ်အရာရှိတွေဟာ ကချင်လူထုအတွင်းမှာ တဖြေးဖြေးနဲ့ နေရာရလာခဲ့ကြပါတယ်။

ကချင်လူထုဟာ ကချင်စစ်အရာရှိတွေကို ကချင်ဒူဝါကြီးတွေလို နယ်မြေအပိုင်စားမရှိပေမဲ့လည်း ဒူဝါအဆင့်အတန်းမျိုးနဲ့ အရေးတယူ ဆက်ဆံလာကြပါတယ်။ဘာကြောင့်ဆိုတော့ ကချင်လူမျိုးတွေဟာ ဟိုယခင်ကတည်းက သူရဲကောင်းကိုးကွယ်တဲ့ လူမျိုးဖြစ်ခဲ့လို့ဖြစ်ပါတယ်။

နောက်ပြီးတော့ ကချင်စစ်အရာရှိတွေဟာ ဗြိတိသျှစစ်တပ်မှာ အမှုထမ်းနေစဥ်ကာလအတွင်း အုပ်ချုပ်ရေး ပညာကို စနစ်တကျ လေ့လာဆည်းပူးခွင့် ရရှိလာကြသလို စာတတ်ပေတတ်ပုဂ္ဂိုလ်တွေ ဖြစ်လာခဲ့ကြလို့ ဖြစ်ပါတယ်။

ဒီလိုနဲ့ ကချင်လူထုကို ကချင်ဒူဝါကြီးများ၊ ကချင်ပါတီနိုင်ငံရေးသမားများ၊ ဗြိတိသျှလက်အောက်ခံ ကချင်စစ်အရာရှိကြီးများနဲ့ ကချင်မျိုးနွယ်စုခေါင်းဆောင်များက ဦးဆောင်ခဲ့ကြပါတော့တယ်။ သို့ပေမဲ့ ကချင်စစ်အရာရှိကြီးတွေဟာ ကချင်လူထုအပေါ်မှာ တစုံတရာအတိုင်းအတာအထိ သြဇာညောင်းခဲ့ကြ တယ်ဆိုပေမဲ့ မူလကချင်ဒူဝါကြီးတွေရဲ့ အရှိန်အဝါကိုတော့ ကျော်လွန်လို့မရခဲ့ကြပါဘူး။

မိမိတို့တာဝန်ကျရာ ဒေသက ဒူဝါကြီးတွေရဲ့ လောင်းရိပ်မိနေကြပါသေးတယ်။ဘာကြောင့်ဆိုတော့ ခေတ်အခြေအနေအရ ဒူဝါကြီးတွေဟာ သူတို့အပိုင်စားရတဲ့ နယ်မြေဒေသမှာ မီးသေတဲ့အဆင့်အထိ သူတို့လက်သူတို့ခြေ ဖြစ်နေကြလို့ဖြစ်ပါတယ်။

ဒါကြောင့်လည်း လွတ်လပ်ရေးရပြီးနောက် ကရင်စစ်တပ်နဲ့ပေါင်းပြီး ပထမဦးဆုံးသော ကချင်တော်လှန်ရေး ကို စတင်ဦးဆောင်ခဲ့တဲ့ ကချင်စစ်တပ်က ဗိုလ်ကြီးလဖိုင်နော်ဆိုင်းတို့အဖွဲ့ ကချင်ဒေသ ကို ခြေကုပ်ယူဖို့ အတွက် ၁၉၅၀ ခုနှစ်အကျော်ကာလမှာ ကြိုးပမ်းလာတော့ ကချင်ဒူဝါကြီးတွေနဲ့ ကချင်နိုင်ငံရေး ခေါင်းဆောင်ကြီးတွေက လက်မခံခဲ့ကြပါဘူး။

ဒါကြောင့်လည်း ဗိုလ်ကြီးလဖိုင်နော်ဆိုင်းတို့အဖွဲ့ဟာ သူတို့ရဲ့တော်လှန်ရေးတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး နောက် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံသွားကြရပါတော့တယ်။

ထိုခေတ်ရဲ့အခြေအနေကို ပြန်လည်တွေးကြည့်လိုက်မယ်ဆိုရင် ကချင်ဒူဝါကြီးတွေဟာ ဒုတိယကမ္ဘာစစ်နဲ့ မြန်မာပြည်ပြည်တွင်းစစ်တွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရလို့ စစ်ရေးခေါင်းဆောင်တွေ ကချင်မြေမှာ သြဇာထူထောင်လာမှာကို လိုလားဟန်မရှိကြပါဘူး။

စစ်ခေါင်းဆောင်တွေကြောင့် ကချင်လူထုအပေါ် ဒူဝါကြီးတွေရဲ့သြဇာ လျော့နည်း ပျောက်ကွယ်သွားမှာ ကိုလည်း စိုးရိမ်ခဲ့ကြပုံပေါ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ပင်လုံစာချုပ်ကတိကို ယုံစားခဲ့ကြတဲ့အတွက် ကချင်ဒူဝါကြီးတွေနဲ့ ကချင်နိုင်ငံရေး ခေါင်းဆောင်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကို လုပ်စရာမလိုဘူးလို့လည်း ယုံကြည်ခဲ့ကြပုံရပါတယ်။

ဒါကြောင့်လည်း ဗိုလ်ကြီးနော်ဆိုင်းတို့အဖွဲ့ လက်နက်ကိုင်ပုန်ကန်ကြတာဟာ ကချင်လူမျိုးအတွက် အပေါင်း လက္ခဏာ မဆောင်ဘူးလို့ ယူဆခဲ့ကြတဲ့အတွက် ကချင်ဒေသမှာ ပုန်ကန်သူတွေကို တော်လှန်ရေးဝင်လုပ်ဖို့ အတွက် ခွင့်မပြုခဲ့ကြခြင်းဖြစ်ပါတယ်။

ဗိုလ်ကြီးနော်ဆိုင်းတို့အဖွဲ့အနေနဲ့လည်း ကချင်ဒူဝါကြီးတွေနဲ့ ကချင်နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်ခဲ့ကြပါဘူး။

ဆိုလိုတာက ထိုအချိန်အထိ ကချင်ဒူဝါကြီးတွေနဲ့ မျိုးနွယ်စုခေါင်းဆောင်တွေဟာ ကချင်တမျိုးသားလုံး အရေးကို ကြိုးကိုင်ထားနိုင်ကြသေးကြောင်း သိရှိနိုင်ပါတယ်။

သို့သော်လည်း ၁၉၆၂ ခုနှစ်မှာ မြန်မာ့တပ်မတော်ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာ တစ်နိုင်ငံလုံးကို အလုံးစုံအာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း ကချင်ဒူဝါကြီးတွေနဲ့ ကချင်နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ သြဇာဟာ ပရုပ်လုံးလို တဖြေးဖြေးနဲ့ လုံးပါးပါးလာပါတော့တယ်။

အာဏာရှင်နေဝင်းရဲ့ ဆိုရှယ်လစ်လမ်းစဥ်စနစ်ကြောင့် ကချင်ဒူဝါကြီးတွေရဲ့ အပိုင်စားနယ်မြေတွေဟာ တ​ဆင့်ပြီးတဆင့် အသိအမှတ်ပြုခံရမှု လျော့နည်းလာသလို နယ်မြေခံလူထုအပေါ်မှာလည်း သြဇာကျဆင်း လာပါတော့တယ်။ဗိုလ်နေဝင်းရဲ့ တစ်ပါတီစနစ်ကြောင့် ယခင်က ကချင်လူထုအပေါ်မှာ  သြဇာညောင်း ခဲ့ကြတဲ့ ကချင်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပါတီနိုင်ငံရေးအခင်းအကျင်းဟာလည်း တစ်ပါတီ စနစ်အောက် မှာ ဘောင်သွင်းခံလိုက်ရတဲ့အတွက် နိုင်ငံရေးသေသွားကြပါတော့တယ်။

ကချင်လူမျိုးတွေအတွက် ပါတီနိုင်ငံရေး အားအကောင်းခဲ့ဆုံးအချိန်ဟာ မြန်မာပြည်လွတ်လပ်ရေးနဲ့အတူ ပါလီမန်လွှတ်တော်ခေတ် ၁၀ နှစ်တာကာလအတွင်းဖြစ်ခဲ့ပါတယ်။ အိမ်စောင့်အစိုးရခေတ် (ခေတ္တ အာဏာရှင် ခေတ်) ၂ နှစ်အတွင်းကစလို့ ကချင်လူမျိုးတွေရဲ့ ပါတီနိုင်ငံရေးခေတ်ဟာ မီးစာကုန်တဲ့ အဆင့်ကို လျော့ကျလာခဲ့ပြီဖြစ်ပါတယ်။

ဗိုလ်နေဝင်းအာဏာသိမ်းလိုက်တဲ့ ၁၉၆၂ ခုနှစ်ကစလို့ ကချင်ဒေသနဲ့ ကချင်လူမျိုးတွေအတွက် ပါတီနိုင်ငံရေးလုပ်ရှားမှုဟာ ဗိုလ်နေဝင်းပြုတ်ကျသွားတဲ့ ၁၉၈၈ ခုနှစ်အထိ ဇာတ်သိမ်းသွားရပါတော့တယ်။

     ၁၉၈၈ ခုနှစ်မှာ မြန်မာတပြည်လုံး လူထုအုံကြွမှုကြောင့် အာဏာရှင်နေဝင်း ပြုတ်ကျသွားပြီးတဲ့နောက် ၁၉၉၀ ခုနှစ် ပြည်လုံးကျွတ်ရွေးကောက်ပွဲနဲ့အတူ ကချင်လူထုအတွင်းမှာ ပါတီနိုင်ငံရေးလှုပ်ရှားမှု ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ ရေခံမြေခံဟာ အရင်ကလောက် အားမကောင်းတော့ပါဘူး။

ဘာကြောင့်ဆိုတော့ ၁၉၆၁ ခုနှစ်မှာ ကေအိုင်အို၊ကေအိုင်အေဆိုတဲ့ ကချင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ပေါ်ပေါက်လာတော့ ကချင်လူထုကြားမှာ ပါတီနိုင်ငံရေးထက် လက်နက်ကိုင်တော်လှန်ရေးကို ပိုမိုစိတ်ဝင်စား လာခဲ့ကြလို့ဖြစ်ပါတယ်။

နောက်ပြီးတော့ ပါတီနိုင်ငံရေး ပြန်လည်လှုပ်ရှားခွင့်ရလာတဲ့ ၁၉၉၀ ခုနှစ်အချိန်ကာလမှာ ယခင်က ကချင်လူထုအပေါ်  သြဇာကြီးမားခဲ့ကြတဲ့ ဒူဝါကြီးတွေဟာ နာမည်ခံအဆင့်နဲ့ အရိုသေခံအဆင့်လောက်သာ ရှိပါတော့တယ်။

၁၉၉၀ ခုနစ်ရဲ့ ပြည်လုံးကျွတ်ရွေးကောက်ပွဲရလာဒ်ကို နဝတစစ်အစိုးရက အသိအမှတ်ပြုခြင်းမရှိပဲ အာဏာလွှဲပြောင်းပေးအပ်ခြင်းမရှိခဲ့တော့ ကချင်လူထုကြားမှာ ပြန်လည်နိုးကြားလာတဲ့ ပါတီနိုင်ငံရေး စနစ်ဟာ ကောက်ရိုးမီးလို ခဏတာတောက်လောင်မှုနဲ့အတူ ပြန်လည်ချုပ်ငြိမ်းသွားရပြန် ပါတယ်။

ထို့အတူ ကချင်နိုင်ငံရေးသမားဆိုသူတွေဟာလည်း ကချင်လူထုအကြားမှာ ရေပန်းစားခြင်း မရှိကြတော့ ပါဘူး။ ၂၀၁၀ ခုနှစ်မှာ မြန်မာပြည်နိုင်ငံရေးဟာ လူထုရွေးကောက်တဲ့ အရပ်သားအစိုးရအဖြစ် အသွင်သဏ္ဍာန်အသစ်နဲ့ ပြန်လည်ပေါ်ထွက်လာတော့ ကချင်လူထုဟာ ပါတီနိုင်ငံရေးနဲ့ ပြန်လည်ထိတွေ့ခွင့် ရရှိလာခဲ့ပြန်ပါတယ်။

ဒါပေမဲ့ ပါလီမန်လွှတ်တော်အစိုးရခေတ်ကလို ကချင်လူမျိုးကိုယ်စားပြု ကချင်ပါတီတွေဟာ အားအင် အပြည့်နဲ့ ကချင်လူထုရဲ့ထောက်ခံမှုကို မရရှိကြပါဘူး။

ပါတီတွေမှိုလိုပေါ်ပေါက်လာတာနဲ့အတူ ကချင်ဒေသအတွင်း မူလရှိရင်းစွဲ ဌာနေဒေသခံတွေအပြင် ပြည်တွင်း ရွှေ့ပြောင်းအခြေချလာသူတွေ များပြားလာတဲ့အတွက်ကြောင့် ကချင်ပါတီတွေဟာ မဲရရှိမှု အရေအတွက်မှာ ပြည်မကပါတီကြီးတွေနဲ့ သူတို့ရဲ့မဟာမိတ်ပါတီတွေကို ယှဥ်ပြိုင်ရခက်လာပါတော့ တယ်။

အထူးသဖြင့် ပြည်တွင်းစစ်ကြာညောင်းမှုနဲ့အတူ ကချင်လူမျိုးအချို့ မိမိတို့ရဲ့ဌာနေဒေသကို စွန့်ခွာခဲ့ရသလို လူဦးရေတိုးပွားနှုန်းလည်း ထိခိုက်ကျဆင်းခဲ့ရလို့ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကချင်လူမျိုးတွေကို ပါတီနိုင်ငံရေးသမားတွေက ဦးဆောင်ဦးရွက်ပြုဖို့ဆိုတာဟာ အခြေအနေမကောင်းဘူးလို့ပဲ ပြောရပါလိမ့်မယ်။

၁၉၄၈ ခုနှစ်နဲ့ ၁၉၅၈ ခုနှစ်ကြားကလို ပါလီမန်လွှတ်တော်အစိုးရလိုမျိုး မြန်မာပြည်မှာ ပြန်လည်ပေါက်ဖွားလာပြီး၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ချုပ်ငြိမ်းပြီးတော့ နိုင်ငံရေးရာသီဥတု ပြန်လည် ကောင်းမွန်လာခဲ့ မယ်ဆိုရင်တော့ ကချင်လူမျိုးတွေကြားမှာ ပါတီနိုင်ငံရေးဟာ ပြန်လည် အားကောင်း လာဖို့ရှိသလို ကချင်နိုင်ငံရေးသမားတွေဟာလည်း လူရိုသေရှင်ရိုသေဘဝကို ပြန်လည် ရရှိလာပါလိမ့်မယ်။ 

မည်သို့ပင်ဆိုစေကာမူ ကချင်တမျိုးသားလုံးကိုမဟုတ်တောင် ကချင်လူထုအများစုကို ကိုယ်စားပြုသူ အဖြစ် လက်ရှိအခြေအနေမှာ ကေအိုင်အို၊ကေအိုင်အေအဖွဲ့အနေနဲ့ ရပ်တည်နေတာဖြစ်ကြောင်းကိုတော့ ငြင်းဆန်လို့ ရမယ် မထင်ပါဘူး။

နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူးလို့ဆိုကြသလို၊ နိုင်ငံရေးဆိုတာ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်သည်ဆိုတဲ့အတိုင်း ခန့်မှန်းရခက်လှပါတယ်။ကျွန်တော့အနေနဲ့ လူထု ရွေးကောက်တင်မြှောက်သော တရားမျှတတဲ့ လွှတ်တော်အစိုးရစနစ်ကသာ အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်ပါတယ်။

မြန်မာပြည်ကြီးရဲ့ ငြိမ်းချမ်းသာယာမှုနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို လူမျိုးပေါင်းစုံခေါင်းဆောင်ကြီးများ စည်းစည်းလုံးလုံးနဲ့ အမြန်ဆုံးဆောင်ကြည်းပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မှတ်ချက်။     ။အထက်ပါအမြင်သည် မိမိ၏ ကိုယ်ပိုင်ခံစားချက်အမြင်သာဖြစ်ပါသည်။ မိမိကိုယ်ပိုင် အမြင်ကို ရေးသားဖေါ်ပြထားခြင်းဖြစ်သောကြောင့် ကချင်လူမျိုးအားလုံး၏အမြင်ဟု မယူဆစေလိုပါ။ အားနည်းချက် အားသာချက်များနှင့် လိုအပ်ချက်များကို အပြုသဘောဆောင်၍ ဝေဖန်အကြံပြုနိုင်ပါသည်။