• Today is: Sunday, January 29, 2023

သူ့အတွေးသူ့အမြင် | ကျနော်မြင်တွေ့ခဲ့တဲ့ အိန္ဒိယ

“ကျနော်မြင်တွေ့ခဲ့တဲ့ အိန္ဒိယ”

ကိုညို( အော်စလို)

(နိဒါန်း)

၁၉၈၈ မြန်မာ့ဒီမိုကရေစီ အုံကြွတောင်းဆိုမှု ရက်(၄၀) အရေးတော်ပုံကြီးပေါ်လာတဲ့အချိန် ကျနော်တို့ရဲ့ အိမ်နီးချင်းလည်းဖြစ် ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးလည်းဖြစ်တဲ့ အိိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ပီဗွီနာရာဆင်မ်ဟာရောင်းဝ်က(P. V. Narasimha Rao -၁၉၂၁-၂၀၀၄) ကုလသမဂ္ဂ အထွေညီလာခံမှာ“ မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီလိုလားတောင်းဆိုမှုကို နိုင်ငံတကာက လျှစ်လျှူရှု့မထားသင့်ဘူး၊ အိန္ဒိယအနေနဲ့ မြန်မာပြည်ရဲ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတောင်းဆိုမူ့အပေါ် အားပေးထောက်ခံပါတယ်” လို့ အဦးဆုံးမြန်မာ့အရေးကိုထောက်ခံတဲ့နိုင်ငံအဖြစ် အသံထုတ်ခဲ့တယ်။

သိပ်မကြာလိုက်ဘူး။ သူအဲလိုပြောပြီး(၂) နှစ်ဘဲကြာတယ်။ ၁၉၉၁ ခုနှစ်မှာ မစ္စတာရောင်းဝ် ကွန်ဂရက်ပါတီရဲ့ဝန်ကြီးချုပ်ဖြစ်လာတယ်။ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကွန်ဂရက်ရဲ့မူလလမ်းစဉ်နဲ့ရော၊ သူပြောခဲ့တဲ့ မြန်မာ့ဒီမိုကရေစီအရေးကိုအားပေးထောက်ခံမယ်ဆိုတဲ့ ကမ္ဘာကြီးကိုပေးခဲ့တဲ့ဂတိနဲ့ရော လုံးလုံးလျှားလျှားသွေဖီဘို့ကို အစပြုလိုက်တဲ့ Look East Policy( အရှေ့မျှော်မူဝါဒ)ကို သန္ဓေတည်လိုက်ပါတော့တယ်။

အဲဒီနောက် အာဏာသိမ်း မြန်မာစစ်အာဏာရှင်တွေနဲ့ အပြုသဘောဆက်ဆံရေးမူတွေချမှတ်ပြီး ရွှေလမ်းငွေလမ်းဖောက်ဘို့အစပြုလာပါတယ်။ မစ္စတာရောင်းဝ် ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့နောက်(၁၉၉၁-၉၆) နဝတ/နအဖ စစ်အစိုးနဲ့ ဝန်ကြီးချုပ်ရာဂျစ်ဂန္ဓီလက်ထက်( ၁၉၈၄-၈၉)ကာလက မဆလတပါတီ အာဏာရှင်တွေနဲ့ ခတ်ခွါခွါဆက်ဆံရေးအသွင်သဏ္ဠာန်ကို မှောက်လှန်ပြီး နီးနီးကပ်ကပ်နဲ့ ပိုမို သိမ်မွေ့ပြီး လျို့ဝှက်သဲဖိုဆန်တဲ့ သံခင်းတမန်ခင်း အခင်းအကျင်းတွေကို နိဒါန်းပျိုးလိုက်တယ်။

အဲဒီနောက် အိန္ဒိယမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာကျောင်းသား လူငယ်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအပြင် တိုင်းရင်းသား လက်နက်ကိုင်ရေးရာ၊ဒုက္ခသည်ရေးရာ၊ နိုင်ငံပြင်ပ အဖွဲ့အစည်း များနဲ့ ထိတွေ့ဆက်ဆံရေးတွေကို တဖြေးဖြေး ကန့်သတ်ထိန်းချုပ်လာတယ်။

တဆက်တည်းမှာ မြန်မာ စစ်အစိုးရနဲ့ နိုင်ငံရေး စီးပွါးရေးနဲ့ ကုန်သွယ်ရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ စစ်ဘက်လေ့ကျင့်ရေး ထောက်ကူ ရေး ဆိုင်ရာတွေ၊ နယ်စပ်လုံခြုံရေးနဲ့ အိန္ဒိယအရှေ့မြောက်ဒေသ ပြည်နယ်ခွဲထွက်ရေး လက်နက်ကိုင် ပြဿနာတွေကို ၂ဘက်အာဏာကိုင်တွေ စနစ်တကျကိုင်တွယ် ထိန်းချုပ်လာခဲ့တယ်။

တချိန်က မိတ်ဘက်ဆက်ဆံရေးတွေနီးနီးကပ်ကပ်ရှိခဲ့တဲ့ ဆိုဗီယက်ယူနီယံကြီးပြိုကွဲပြီးနောက် အိန္ဒိယဟာ သူ့ရဲ့ အရှေ့မြောက်ဒေသကုန်တွင်းပိတ် ပြည်နယ်တွေကတဆင့် မြန်မာပြည်ကိုဖြတ်ပြီး အာစီယံနိုင်ငံတွေဆီ ပြန်လည်မျှော်ကည့်ဘို့ ပြင်ဆင်လာတယ်။

ဝန်ကြီးချုပ်မစ္စတာရောင်းဝ်ရဲ့ ကွန်ဂရက်ပါတီကအစပြုပြီး မြန်မာနိုင်ငံကနေ အရှေ့တောင်အာရှ နိုင်ငံများအထိ စီးပွါးအရ ဆက်ဆံရေးဖြန့်ကျက်နိုင်ဘို့၊ တစတစကြီးထွားလာတဲ့ တရုတ်-မြန်မာ ဆက်ဆံ ရေးနဲ့ ဒေသတွင်းလွှမ်းမိုးလာနေတဲ့ တရုတ်ရဲ့ဩဇာအရှိန်ကို ဟန့်တားနိုင်ဘို့၊ အိန္ဒိယရဲ့ နောက်ပိုင်း တာဝန်ယူလာသူအစိုးရ ဝန်ကြီးများအဆက်ဆက်က ဆောင်ရွက်လာတယ်။

လတ်တလော ဘီဂျေပီအစိုးရ( ဝန်ကြီးချုပ်မိုတီးလက်ထက်မှာ) Look East ပေါ်လစီကို သွက်သွက်လက်လက်မောင်းနှင်ဘို့ Act East အသွင်နဲ့ ဆက်ဆံရေးအရှိန်ထပ်မံမြှင့်တင်လာနေပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီအဖွဲ့နဲ့ ပြောင်ပြောင်တင်းတင်းဆက်ဆံလာပြီး စစ်ကောင်စီအဖွဲ့ဝင်များ အိန္ဒိယမှာ စစ်ရေးဆိုင်ရာ၊ ရေတပ်၊ အမြှောက်တပ်သင်တန်းတက်တာ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ လေ့လာတဲ့ သင်တန်း၊ ပုံမှန်ပညာတော်သင်စေလွှတ်တာတွေ လုပ်ဆောင်နေတယ်။

တဖက်ကလည်း စစ်ဘက်ဆိုင်ရာ အကူအထောက်နဲ့ နည်းပညာဆိုင်ရာအထောက်အကူပြုတာ၊ လက်နက် ခဲယမ်း မီးကျောက်ကြားခံသယ်ယူပေးတာတွေ၊နယ်စပ် စီးပွါးရေးပုံမှန်ကနေ တိုးချဲ့ဘို့ပြင်ဆင် တာတွေ၊ မြန်မာဒုက္ခသည်တွေကို UNHCRကတဆင့်ပြည်ပထွက်ခွါခွင့်များ ပိတ်ပင်တားမြစ်တာ၊ ဒုက္ခသည်ရေးရာကို သတိနဲ့စောင့်ကြည့်ကန့်သတ်တာ၊ နယ်စပ်လက်နက်ကိုင်အဖွဲ့တွေကို ဟန့်တားဖမ်းဆီးတာ၊ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးလာတဲ့အထိ ကျူးလွန်လာပါတယ်။

စစ်အုပ်စုကိုမျက်နှာသာပေးဆက်ဆံပြီး NUG အစိုးရကို တရားဝင်မဟုတ်တဲ့ နားလည်မူ့နဲ့ ဆက်ဆံရေးလမ်းကြောင်းသာ ဖွင့်ထားပါတယ်။

သမိုင်းကြောင်းအရ အစဉ်အလာကြီးမားခဲ့တဲ့ ဘာသာရေး၊ စီးပွါးရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးသာမက ယခင်က အခိုင်အမာရှိထားတဲ့ “ အိမ်နီးချင်းနိုင်ငံများ ဒီမိုကရေစီ နိုင်ငံများ ပြောင်းလဲ ဖြစ်ပေါ်ရန် အားပေးကူညီရေး” ဆိုတဲ့ မူဝါဒလည်း အကျိုးစီးပွါးပင့်ကူမျှင် ဖုံအမှိုက်သရိုက်များ အောက်ရောက်လုနီးနေပါပြီ။

အဆိုးဆုံးက မြန်မာလူထုခါးခါးသီးသီးရွံရှာမုန်းတီးနေတဲ့ ရုတ်မာရိုင်းစိုင်းပြီး တရားမဝင် အာဏာသိမ်း စစ်ကောင်စီကို တရားဝင်လာအောင်မြှောက်ပင့်အားပေးကူညီနေမူ့ပါ။

ဒါဟာ မြန်မာလူမျိုးတွေ တရုတ်အစိုးရ အပေါ် ရွံရှာသလို အိန္ဒိယအပေါ် အိမ်နီးချင်းကောင်းအဖြစ် အသိအမှတ်ပြုဘို့ နာကျင်စိတ်ပျက်သွားစေမှာပါ။ စစ်ဝါဒီကြီးစိုးတဲ့ မြန်မာဟာ အာစီယံအပါအဝင် ဒေသအတွင်းက တည်ငြိမ်ရေးကိုဖျက်ဆီးတဲ့ ယမ်းအိုးကြီးဆိုတာ အိမ်နီးချင်းနိုင်ငံတွေက အလေးအနက် သိဘို့လိုတယ်။

အိန္ဒိယအနေနဲ့ အကောင်းဆုံးက အိမ်နီးချင်းမို့မလွဲသာမရှောင်သာ အာဏာသိမ်းစစ်ကောင်စီကို ဆက်ဆံရသလို မြန်မာပြည်သူတွေစိတ်ဆန္ဒနဲ့ပြင်းထန်တဲ့လိုလားချက် / လိုအပ်ချက်ကို လေးစားပေးရမယ် ဆိုတဲ့ မိတ်ဆွေကျင့်ဝတ်မပျက်ဘို့လိုပါတယ်။

မျက်နှာတဖက်ထဲမကြည့်ဘဲ နှစ်ဘက် သွားဆက်ဆံရေး လမ်းဖွင့်ရပါ့မယ်။ ဒီမိုကရေစီစံနဲ့ ကျင့်ဝတ်ကို စောင့်ထိန်းဘို့လိုပါတယ်။ ပြီးတော့ မြန်မာနဲ့ပတ်သက်ပြီး ဘယ်လိုဘယ်ပုံဆက်ဆံမယ်ဆိုတဲ့ ခိုင်မာတဲ့ ပေါ်လစီ တခုချထားဘို့လိုပါတယ်။ အိန္ဒိယဟာ လက်ရှိ မြန်မာ့အရေးမှာ ဘယ်ကိုဦးတည်သွားမှာလဲဆိုတာ သဲသဲကွဲကွဲမရှိပါ။

———-

(ကိုညိုဟာ အိန္ဒိယမှာ ၁၉၈၈မှ၂၀၀၈ခုနှစ်အထိ အနှစ်(၂၀) နေထိုင်ခဲ့ပါတယ်။ (၁၀)နှစ်တာကို နိုင်ငံရေး လှုပ်ရှားတက်ကြွသူအဖြစ်၊ ကျန်(၁၀)နှစ်ကိုတော့ RFAရဲ့အကြီးတန်းသတင်းထောက်တဦး(India နိုင်ငံဆိုင်ရာ အထူးသတင်းထောက်)အဖြစ် ဖြတ်သန်းခဲ့သူလဲဖြစ်ပါတယ်။

၂ နိုင်ငံနယ်စပ် အစွန်အဖျားကနေ နယူးဒေလီ ပါလီမန်အထိ အိန္ဒိယအရေး မြန်မာ့အရေးကို အနီးကပ် လေ့လာခွင့်ရခဲ့တယ်။ ဒုက္ခသည်စခန်း၊ ချင်းလက်နက်ကိုင်များနဲ့ နာဂသူပုန်စခန်းကစပြီး အိန္ဒိယကအကျဉ်းထောင်၊ အချုပ်ခန်းတွေအထိ ဖြတ်သန်းခဲ့ရသူပါ။)