• Today is: Tuesday, January 31, 2023

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 3, January 10, 2023)

 

၁။ ဖားကန့်တွင် မြေစာသွန်သည့်ကားမှ ကျောက်ခဲလွင့်စင်သဖြင့် ရေမဆေးသမားတစ်ဦးသေ၊ ကုမ္ပဏီက တာဝန်ယူမှုမရှိ
January 8, 2023

ဖားကန့်မြို့နယ် မနကျေးရွာ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီအနီးရှိ စွန့်ပစ်မြေစာပုံတွင် ယမန်နေ့ည ၉ နာရီခန့်က ရေမ ဆေးကျောက်ရှာဖွေသူတစ်ဦး ကျောက်ခဲထိမှန်သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ရေမဆေးကျောက် ရှာဖွေနေချိန် မြေစာသွန်သည့်ကားမှ ကျောက်ခဲလွင့်စင်လာသောကြောင့် ဦးခေါင်းနှင့် ရင်ဘတ်တွင် ကျောက်ခဲထိမှန် သေဆုံးခဲ့ ပြီး ကျန်နှစ်ဦးမှာ ခါးကျိုးဒဏ်ရာနှင့် ခြေထောက်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦး က ပြော သည်။ “သူများ ပြောတာတော့ သူရှေ့ကလူနှစ်ယောက်ထိမှာစိုးလို့ တွန်းထုတ်ပြီး သူကကာပေးလိုက်တယ်လို့ ပြောတယ်။ ကျ လာတဲ့ကျောက်ခဲက သူရဲ့ရင်ဘတ်နဲ့ခေါင်းကိုထိပြီး အဲ့နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတယ်” ဟုသူကပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၅၈ နှစ်ခန့်အရွယ်ရှိ ဦးတင်စိုး (ခေါ်) ဦးလူကြီးဆိုသူဖြစ်ပြီး အိမ်ငှားနေထိုင်သူဖြစ်ကြောင်းသိရ သည်။ မြေစာသွန်သည့် ကားနှစ်စီးမှ လွင့်စင်လာသည့် ကျောက်ခဲကြောင့် သေဆုံးခဲ့သော်လည်း မည်သည့် ကုမ္ပဏီမှ တာဝန်ယူ ပေးခြင်းမရှိကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ “အမှန်တိုင်းပြောရမယ်ဆိုရင် ဒါက ကားပြတွေညံ့တာ၊ သူတို့က အောက်ခြေမှာရှာနေကြတာလေ၊ မြေစာသွန်ချတဲ့အချိန် ကားနှစ်စီးကြားသူတို့က ညှပ်သွားသလိုဖြစ်သွားတာ၊ သေတဲ့သူ တာ သေသွားတယ် သူတို့က လုပ်နေကြတုန်း” ဟုပြောသည်။ ဖားကန့်မြို့ ဆိုင်းဂျာဘွမ်ကျေးရွာအနီးရှိ တစ်သုံးလုံး ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီအနီးတွင်လည်း အောက်တိုဘာလ ၂၃ ရက်နေ့က ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ကျောက်ခဲထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။ https://www.facebook.com/The74Media/photos/pcb.722761762576681/722761349243

၂။ ပုလောမြို့နယ်က စစ်ကောင်စီတပ်စခန်းငယ် ၁ ခုကို KNDO ဦးစီးသည့် တပ်ပေါင်းစု ဝင်တိုက်
January 9, 2023

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းငယ် ၁ ခုအား ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ – KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုတို့က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အပြန်အလှန်ပစ်ခတ်မှုများကြောင့် ၅ နာရီကြာခဲ့သည့် ယင်းတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရရှိခဲ့ကာ ပူရိယက္ခစစ်ကြောင်းမှ KNDO ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။ မီးလောင်ချောင်းရွာတိုက်ပွဲတွင် KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းမှူး ဗိုလ်ဝေလ ဦးဆောင်ခဲ့ပြီး မဟာမိတ်အဖွဲ့များဖြစ်သည့် ပုလောဒေသ ကာကွယ်ရေးတပ် (PRDF) ၊ မိုးကြိုးအဖွဲ့၊ Ghost Ranger တပ်ဖွဲတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပူရိယက္ခညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ စစ်ကူလာသည့် စစ်ကောင်စီ တပ်များကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ကြားဖြတ်တိုက်ခိုက်ခဲ့သော ကြောင့် စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

KNDO ဦးစီးသည့် မဟာမိတ်တပ်ပေါင်းစုသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၆ ခုကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ အသေများပြီး မဟာမိတ်များ ဘက်မှ ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အခြေစိုက် သည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၂၈၅)ကို ဒေသတွင်းတော်လှန်ရေးတပ်များက တစ်ဖွဲ့ချင်းသော်လည်း ကောင်း၊ ပူးပေါင်းပြီးလည်း ကောင်း တိုက်ခိုက်လေ့ရှိသည်။ https://www.facebook.com/TachileikNewsAgency/photos/pcb.5993281864026937/ 5993280600693730/

၃။ အင်းလေးဒေသတွင် PDF နှင့် ထောက်ပံ့သူ ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်
January 8, 2023

သျှမ်းပြည် ညောင်ရွှေမြို့နယ်ထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီ (၃) ရက်နေ့က စစ်ကောင်စီ နှင့် အင်းလေး PDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး (ဇန်နဝါရီ ၈) ရက်တွင် ထောက်ပံ့သူများ နှင့် PDF များကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန် ချက်ထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ကူညီထာက်ပံ့သူများ၊ သတင်းပေးပို့သူ နှင့် PDF ခေါင်းဆောင် အပါအဝင် (၁၂) ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။ ထိုထဲတွင် ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာ အင်းတိန်ညောင်အုပ် ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဉူးဇဝနကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပထမဆုံး ဖမ်းဆီးရမိပြီး ကျန်သည့်သူများကို နောက်လိုက် စစ်ဆေးရာမှ ဖမ်းဆီးရမိကြောင်း သိရသည်။ ထုတ်ပြန်ချက်ထဲတွင် သေဆုံးနေသည့် ရုပ်အလောင်း (၆) လောင်း နှင့် အမျိုးသမီး တစ်ဦး အပါအဝင် (၈) ဦးကို လက်နက်အများဖြင့် အရှင်ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ထားသည်။ ထိုထဲတွင် PDF ခေါင်း ဆောင် ၂ ဦး ပါဝင်ကြောင်းလည်း ရေးသားထားသည်။ လက်ရှိ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် တိုက်ပွဲငြိမ်သက်နေလျက် ရှိပြီး စစ်ကောင်စီက ညောင်ရွှေမြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားလျက်ရှိသည်။ https://www.fa cebook.com/shannewsburmese/photos/a.341540565938393/5817810651644663/

၄။ ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ကျန်မားရေးစောင့်ရှောက်မှုများ လုံးဝ မရရှိသည်မှာ ၁ နှစ်ကျော် ကြာမြင့်လာနေ
January 9, 2023

ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်စခန်း အားလုံးနီးပါးတွင် ကျန်းမာရေးစောင့် ရှောက်မှုများ လုံးဝမရရှိသည်မှာ ၁ နှစ်ကျော်အထိကြာမြင့်လာပြီးဖြစ်ကြောင်း စစ်ဘေးရှောင်များကပြောသည်။ စစ်ဘေးရှောင် စခန်းများကို ယခင်က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC မှ ကျန်းမာရးစောင့်ရှောက်မှု များ ရှိခဲ့သော်လည်း ကျန်းမာ ရေးစောင့်ရှောက်မှုမရရှိသည်မှာ ၁ နှစ်ကျော်အထိကြာမြင့်လာခဲ့ပြီဟု စစ်ဘေးရှောင် များကဆိုသည်။ ယင်းကဲ့သို့ ကြာမြင့်နေပြီ ဖြစ်၍ ကျန်းမာရေးကိစ္စတစ်ခုခုဖြစ်လာလျှင် အခက်ကြုံတွေ့ရသည့် အတွက် ယခင်ကလို တစ်ပတ်ကို ၂ ရက်ခန့် ကျန်းမာရေး‌ စောင့်ရှောက်မှုလိုချင်မိသည်ဟု ပုဏ္ဏားကျွန်းမြို့ရှိ စက်မှုဇုန် စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံက ပြောသည်။ “ကျန်းမားရေး စောင့်ရှောက်မှုမရှိတာ အရမ်းကြာပါပြီ။ မှတ်တောင်မမှတ်တော့ဘူးလေ။ စားနပ်ရိက္ခာတောင် နပ်မမှန်တော့တဲ့ အချိန်မှာ ကျန်မားရေးလည်း အရမ်းမမျှော်လင့် တော့ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ တစ်ပတ်ကို ၂ ကြိမ်လောက် စောင့်ရှောက်မှုပေးရန် ကောင်းပါမယ်။ စခန်းတွင်းမှာ နေမကောင်းတစ်ခုဖြစ်ရင် အရမ်းအခက်ကြုံရပါတယ်။ ဖျားနာဗိုက်အောင့်ကြတာတွေ မကြာခဏ ဆိုသလိုရှိနေကြပါ တယ်”ဟု ပြောသည်။ စစ်ဘေးရှောင်များမှာ နာမကျန်းဖြစ်ကြသည့်အခါ ပြင်ပသို့ သွားရောက် ဆေးခန်းပြ ဆေးဝယ်သောင်ရန် ငွေကြေး မတတ်နိုင်ကြသလို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အတွက် ကလေးများနှင့် သက်ကြီးရွယ်အိုများမှ ပိုပြီး အခက်အအခဲကြုံနေကြရကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။ ကျန်မာ‌ရေးစောင့်ရှောက်မှု များတွင် အမျိုးသမီးများအတွက် တစ်ကိုယ်ရေးသုံးပစ္စည်းများအပြင် လစဉ်သုံးပစ္စည်းများ ဝယ်နိုင်ရန်ပင် ခက်ခဲမှုရှိလာသည်ဟု မြောက်ဦးမြို့ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး ဖြစ်သည့် ‌ဒေါ်ခင်မာဌေးကပြောသည်။

ယခင်က စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီ၏ လူကယ်ပြင်မှ ဆန်ရိက္ခာ၊ ICRCမှ စားသောက်ကုန်နှင့် လူသုံးကုန် များနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFPမှ လူတစ်ဦးလျှင် တစ်လကို ငွေ ၁၅၀၀၀ ကျပ်စီ ထောက်ပံ့မှုရှိသလို ပြင်အလှုရှင်များ ကလည်းလှူဒါန်းမှုများ ရှိခဲ့သည်။ လက်ရှိတွင် စစ်ကောင်စီမှ စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းမှုရှိ နေပြီး ဆန်ရိက္ခာ ထောက်ပံ့ မှုကို ရပ်တန့်လိုက်ကာ NGO,INGO အဖွဲ့အစည်းများ၏ ရိက္ခာထောက်ပံ့မှုများကို စစ်ကောင်စီက ပိတ်ပင်ထားသည်။ ထို့ကြောင့် စစ်ဘေးရှောင်များမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကျပ်တည်းလာနေကြပြီး နေရပ်ပြန်ရန်လည်း အဆင်မပြေးသေးသည့် အနေ အထားတွင်ရှိနေ၍ အဆင်ပြေသလိုနေထိုင်နေရသည်ဟု ကျောက်တော်မြို့နယ် မဟာမြတ်မုနိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေး ရှောင်တစ်ဦးကပြောသည်။ ရခိုင်က စစ်ဘေးရှောင်များမှာ မိမိတို့နေရပ်တွင် စစ်ကောင်စီကတပ်စွဲထားမှုများ တိုက်ပွဲကာလ အတွင်း နေအိမ်များမီးရှို့ခံရ မှုတို့ကြောင့် ၄နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်ကြသေးဘဲ စစ်ဘေးရှောင် ၆ သောင်းကျော် အထိ ရှိနေသေးသည်။ https://www.facebook.com/westernnewsagency/photos/a.119286173211229/6896142395117

၅။ KIA တပ်မဟာ ၂ နှင့် ၉ တို့တွင် စစ်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သဖြင့် KIA ဘက် ထိခိုက်သေဆုံးမှုရှိ
January 10, 2023

ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၂ နှင့် ၉ နယ်မြေတွင် ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ KIA ဘက်မှ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ ဗုံးကျဲတိုက်ခိုက်ခဲ့သော နေရာများမှာ ကချင် စစ်ကိုင်းနယ်စပ် ခန္တီးဒေသ KIA တပ်မဟာ ၉ အောက် တပ်ရင်း ၃၁ နှင့် ၂၆ တပ်စခန်းများနှင့် တနိုင်းမြို့နယ် KIA တပ်မဟာ ၂ ဌာနချုပ်တို့တွင် ဖြစ်သည်။ ယမန်နေ့ ညနေ ၆ နာရီ ဟူးကောင့်ချိုင့်ဝှမ်းဒေသ KIA တပ်မဟာ ၂ ဌာနချုပ်တွင် ဂျက်လေယာဉ် ၃ စီးဖြင့် ၃ ကြိမ် ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ရာ KIA ဝန်ထမ်း ၃ ဦး ထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့သည် ဟု KIA တပ်မဟာ ၂ နှင့် နီးစပ်သည့် ပြည်သူတစ်ဦးထံမှ သိရသည်။ “ဂျက်လေယာဉ် ၃ စီးနဲ့လာပစ်တယ် စခန်းအတွင်းက အ ဆောင်တစ်ခုလည်း လက်နက်ကြီးထိသွားတယ်လို့။ ပြီးရင်အထဲက ၃ ယောက်လောက်ထိသွားတယ်လို့ကြားတယ်။ ၃ ယောက် ထဲမှာ တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်တဲ့။ ကျန် ၂ ယောက်တော့ အသေးစိတ် မသိရ သေးဘူး”ဟုပြောဆိုသည်။ စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၃ ဦးအနက် ၂ ဦးမှာ အမျိုးသားဖြစ်ပြီး ၁ ဦးမှာ အမျိုးသမီးဖြစ်သည်။

ယခုလို KIA တပ်မဟာ ၂ တိုက်ခိုက်ခံရမှုမှာ ရှဒူးဇွပ်ဒေသတွင် KIA တပ်ရင်း ၁၄ အဖွဲ့က စစ်ကောင်စီ လက်အောက်ခံ မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့ကို ပိတ်ဆို့ရန် ရွှေတူးနေသူများကိုသတိပေး ထွက်ခွာခိုင်းစေမှုကြောင့် ဖြစ်နိုင်သည်ဟု ရှဒူးဇွပ် ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။ ထို့အပြင် ညနေ ၄ နာရီခန့်တွင်လည်း ဖားကန့်မြို့နယ် ဆယ်ဇင်း ဒေသ KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၂၆ တပ်စခန်းနေရာတစ်ခုကို စစ်တပ်က ဂျက်လေယာဉ် ၁ စီးဖြင့် ၃ ကြိမ်တိုက်ခိုက်သွား ကြောင်း ဆယ်ဇင်းဒေသ KIA တာဝန်ရှိသူတစ်ဦး ယခုလိုပြောဆိုသည်။ “ဒီမှာလာပစ်တဲ့အချိန်က ၄ နာရီလောက်ရှိပြီ။ ဗုံးကျဲတာ က ၃ ကြိမ်လောက်ရှိတယ် ဒါပေမယ့် ထိခိုက်တာမရှိဘူး။ လေယာဉ်က ဘယ်ဘက်က နေလာတာ သေချာမသိလိုက် ရဘူးရောက် လာမှ သိလိုက်ရတယ်”ဟု ဆိုသည်။ ထိုနည်းတူ KIA တပ်မဟာ (၉) လက်အောက် ကချင် – စစ်ကိုင်အစပ်ကြားတွင်ရှိသည့် ခန္တီးဒေသ KIA တပ်ရင်း ၃၁ တပ်စခန်းနေရာတွင်လည်း တပြိုင်တည်း ၂ နေရာတွင် ပစ်ခတ်သွားသည်ဟု သိရသည်။ ဆယ်ဇင်း ဒေသတွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဩဂုတ်လဆန်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တစ်ပတ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုရှိခဲ့ သည်။ https:// burmese.kachinnews.com/2023/01/10/yl1-50/

၆။ နန်းဖဲစစ်ရှောင်ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ စာသင်ဆောင်နဲ့ စာရေးကိရိယာလိုအပ်နေ
January 10, 2023

ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြားက နန်းဖဲစစ်ရှောင်ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေမှာ စာသင်ဆောင်နဲ့ စာရေးကိရိယာလိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံ ဆရာမဒေါ်အေးအေးဝင်း က ပြောပါတယ်။ “ပညာရေးပိုင်းမှာ ကြည့်မယ် ဆိုလို့ရှိရင်လည်း သူများတွေထောက်ပံ့တယ် ဒါပေမယ့် အလုံအလောက်မရှိဘူး။ ဥပမာ ၈ယောက်ရှိ မယ်ဆိုလို့ရှိရင် ၃ ယောက် စာပဲရမယ်။ အဲ့လိုမျိုး နောက်ပိုင်း ဒီကျန်ခဲ့တဲ့ တစ်လ နှစ်လ မှာမှအဖွဲ့ဝင်တွေကလာ ပြီးတော့မှ ဗလာစာအုပ်လေးတွေ လှူဒါန်း တာရှိတယ်။ ဖတ်စာအုပ် တွေအနည်းငယ်ပေါ့ အယောက်စေ့ မဟုတ်ရင် တောင် အဆင်ပြေသွားတာပေါ့ ဆရာမတွေပဲ ကိုင်တာ ထက်စာရင် ကလေးတွေလည်း အဲ့ဒါတွေ ရသွားတာပေါ့နော။ ဒါပေမယ့် သင်ထောက်ကူ တွေက ၃တန်း ၄တန်းဆို ဆွဲရပြုရတာ တွေရှိတယ်ကော။” လို့ ဆရာမအေးအေးဝင်း က ပြောပါတယ်။ ကျောင်းသားကလေးငယ်တွေ ပညာသင်ကြားတဲ့အခွင့်အရေး မဆုံးရှုံးအောင် အခက်အခဲကြားကနေ စစ်ရှောင်ရင်း ကိုယ်ထူကိုယ်ထကျောင်းတွေကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ လိုအပ်တဲ့ စာသင်ကျောင်းဆောင်၊ စားရေးကိရိယာတွေကို အလှူရှင်အနည်းငယ်ကနေ လှူဒါန်းပေမယ့် လိုအပ်ချက်ရှိနေဆဲလို့ ဆရာမ တွေထံကနေ သိရပါတယ်။ ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေအနက် ဝေကျခေါ့စစ်ရှောင်စခန်း စာသင်ကျောင်း ဖွင့်လှစ်တာ ၇ လရှိနေပြီး ဒေသခံ စေတနာ့ဆရာ၊ ဆရာမတွေကနေ သင်ကြားလျက်ရှိနေပါတယ်။ ကျောင်းသားဦးရေ ၂၇ ဦးကို ဒေသခံ စေတနာ့ ဆရာမ ၅ ဦးကနေ Grade- 5 အထိ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

တော်ခူအုပ်စုအတွင်းက တကေးလဲချောင်း စစ်ရှောင်စာသင်ကျောင်းမှာတော့ ကျောင်းသားဦးရေ ၁၀၀ ကျော်ကို စေတနာ့ဆရာ ဆရာမ ဦးရေ ၁၄ ယောက်ကနေ ၈ တန်းထိ သင်ကြားပေးလျက်ရှိနေတာပါ။ “ကျမတို့က တဲပြားနဲ့ပဲ ပြီးရင် တာလာဘတ်(မိုးကာ) နဲ့ပဲဆိုတော့ တဲပြားလည်း နှီးနဲ့ပဲချည်ခါကျတော့ ကလေးတွေ ခုန်လိုက် ဆင်းလိုက် လုပ်တော့ ခနခနပြင်ရ တာပေါ့နော။ ကလေးအတွက်ဆိုရင်တော့ စာရေးကိရိယာတွေ လိုအပ်တယ်ပေါ့နော။ ဒါပေမယ့် သင်ထောက်ကူလုပ်မယ်ဆိုရင် ဒီလိုတဲပြားဆိုရင် ခနတဖြုတ်ပဲရှိတယ်လေပြီးရင် ပြန်ပျက်သွားတယ် အဲ့ဒီသင်ထောက်ကူနဲ့ဆိုရင် မလုပ်နိုင်ဘူး။ စာရေးကိရိယာ ကလေးအတွက်လိုတယ်။ ဆရာမတွေအတွက် ဆော့ပင်တို့ပေါ့ လိုအပ်တယ်ပေါ့နော။” ကျောင်းသားဦးရေများပြီး စာသင်ဆောင် မလုံလောက်တာကြောင့် စာသင်ကြားရတာ အဆင်မပြေသလို ကျောင်းသားတွေအတွက်လည်း ဖတ်စာအုပ်လည်း မလုံလောက် ဘူးလို့ ဆိုပါတယ်။ အဲ့ဒီစစ်ရှောင်စာသင်ကျောင်းကို လာရောက်လှူဒါန်းတဲ့အဖွဲ့အစည်းလည်း မရှိတာကြောင့် နီးစပ်ရာ အလှူရှင် တွေကို မှီခိုနေရတယ်လို့ ဆရာမတွေက ပြောပါတယ်။ “ကျမတို့ ဒီအုပ်စုတစ်ခွင်မှာ ကျမတို့ အတန်းတင်စနစ်တော့ ကျမတို့ လုပ်ထားပေးတယ်ပေါ့။ စီစဉ်ထားတယ် ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ကျောင်းသားသမဂ္ဂအဖွဲ့ကလည်း ပြောထားတယ်။ ကလေးရဲ့ စစ်ရှောင်ကြားကာလမှာဆို ပညာသင် ကာလက ၆ လ မဟုတ်ရင် ၁၀လ အဲ့လိုမျိုးပေါ့။ ဒါပေမယ့် ကျမတို့က ၁၀ လ တော့ မဟုတ်ဘူးပေါ့ ၈လ အဲ့လောက်တော့ရှိမယ်။ ၁၀လပြည့်အောင် နီးပါး ကျမတို့သင်မယ်ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကလေး တော့ အတန်းတက်နိုင်မယ်ပေါ့နော။” လို့ ဆရာမက ပြောပါတယ်။ ကရင်နီပြည်မှာ ကြားကာလပညာရေးကို ဆောင်ရွက်နေကြတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းပေါင်း ၄၀၀ ဝန်းကျင်ရှိပြီး အလှူရှင်မရောက်ရှိနိုင်တဲ့ နေရာတွေမှာတော့ စာရေးကိရိယာလို အပ်နေဆဲ ဖြစ်ပါတယ်။ https://www.kantarawaddytimes.org/%e1%80%94%e1%80%94%e1%80%ba%e1%80%b8 %e1%80%96%e1%80

၇။ ပလက်ဝတွင် စစ်တပ်က စစ်ဘေးရှောင်များကို အဓမ္မရိက္ခာသယ်ခိုင်း
January 10, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်က စစ်တပ်ရိက္ခာတွေကို အဓမ္မ သယ်ပို့ခိုင်းနေတယ်လို့ ပလက်ဝမြို့ခံတွေက ပြောပါတယ်။ ဇန်နဝါရီ ၉ ရက် ညနေပိုင်းက ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၅ ခုမှ စခန်းတခုစီက လူ ၅ ယောက်နှုန်းစီနဲ့ စစ်တပ်ရဲ့ရိက္ခာနဲ့ ဆန်တွေကို အဘောင်သား ကျေးရွာကနေ ခဝဲကျော်လမ်းအထိပို့ဖို့ ဖိအားပေးခိုင်းစေခဲ့တာလို့ ပလက်ဝမြို့ခံတဦးကပြောပါတယ်။ “ပလက်ဝမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၅ ခုက တာဝန်ရှိသူတွေကို မနေ့ညနေက စစ်ကောင်စီရဲ့ ဗိုလ်မှူးတဦးက ခေါ်ပြီးတော့ စစ်တပ်ရဲ့ ရိက္ခာ တွေ ကို သယ်ဖို့ လူတွေပေးရမယ်လို့ ပြောတယ်လို့ သိရတယ်။ စခန်းတခု လူ ၅ ယောက်ပေးရတာတွေ ရှိသလို ၁၀ ယောက်ပေးရ တဲ့ စခန်းတွေ ရှိတယ်လို့လည်း ပြောကြတယ်။ စစ်တပ်ကတော့ ဆန်တအိတ်ကို ၁၀,၀၀၀ ကျပ်ပေးတယ်လို့ သိရတယ်။ ပို့တာက တော့ အဘောင်သားကနေ ခဝဲအထိပို့ရတယ်လို့ကြားတယ်။” အခု စစ်ဘေးရှောင်တွေကို ရိက္ခာပို့ခိုင်းတဲ့နေရာမှာ တိုက်ပွဲအပြင်း အထန်ဖြစ်ခဲ့ကြတဲ့ နေရာတွေဖြစ်ပြီးတော့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ အမြောက်ဆန်တွေ ရှိနိုင်တဲ့နေရာတွေဖြစ်တာ ကြောင့် လူသားတွေကိုခိုင်းကျွန်တွေလို့သဘောထားပြီး ခိုင်းစေတာဖြစ်တယ်လို့နောက်ထပ် ပလက်ဝမြို့ခံတဦးကပြောပါတယ်။

“ဒီလို တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ စစ်မြေပြင်နေရာတွေကို အရပ်သားတွေကို ရိက္ခာသယ်ခိုင်းတာက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်။ အခကြေးငွေပေးတယ် ဆို‌ပေမဲ့ ဒီလိုနေရာမျိုးကို ရိက္ခာပို့ ပေးဖို့အတွက် ဖိအားပေးခေါ်တာလို့ ကျနော်တို့ သိရတယ်။ ပလက်ဝမှာ စစ်သားတွေ ထောင်နဲ့ချီရှိတယ်။ သူတို့ကို ထမ်းခိုင်းပါ လား။ အခု အရပ်သားတွေကို ဒီလို အန္တရာယ်များတဲ့နေရာကို ပို့ခိုင်းတယ်ဆိုတာက လူသားတွေ ကို ခိုင်းကျွန်သဘောထားပြီး ခိုင်း တာပေါ့။” စစ်ဘေးရှောင်စခန်း ၅ ခုက လူ ၂၇ ဦးဟာ ဒီနေ့မနက်ပိုင်းက အဘောင်းသားကျေးရွာကနေ တပ်မတပ်စွဲထားတဲ့ ခဝဲကျေးရွာအနီးအထိ လိုက်ပို့ခဲ့ရတယ်လို့ စစ်ဘေးရှောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ “ကျနော်တို့ကြားတာကတော့ ဒီနေ့ မနက်ပိုင်းက ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်စခန်း ၅ ခုက လူ ၂၇ ဦးကို အဘောင်သားကနေပြီးတော့ တပ်မတပ်စွဲထားတဲ့ ခဝဲကျာ်လမ်း ဆူးပုတ်တောင်အထိ ဆန်တွေနဲ့ ရိက္ခာတွေ ထမ်းပို့ခဲ့ကြရတယ်လို့ သိရတယ်။ ခရီးက ၃ မိုင်လောက်ဝေးတော့ လူတွေက ဆန်တအိတ်လုံး မသယ်နိုင်ကြတာကြောင့် တအိတ် ၂ ယောက် ခွဲထမ်းကြတော့ တယောက် ၅,၀၀၀ ပဲ ပေးလိုက်တယ် လို့သိရတယ်။ အရပ်သားတွေကို ဒီလိုစေခိုင်းတာက စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ။” ပလက်ဝမြို့ ပေါ်မှာ ဘောလုံးကွင်းစစ်ဘေး ရှောင်စခန်း၊ စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်း၊ ဝိသုဒ္ဒါရုံစစ်ဘေးရှောင်စခန်း၊ RC စစ်ဘေးရှောင်စခန်းနဲ့ နောက်ထပ်စစ်ဘေးရှောင်စခန်းတခုရှိသေးပြီး လူထောင်ချီ ခိုလှုံနေကြတာဖြစ်ပါတယ်။ https://burmes e.dvb.no/archives/572804

၈။ ဖားကန့်မြို့နယ် မှော်နှစ်ခုက ရေမဆေးကျောက်ရှာသူ ၂၀ ကျော် ဖမ်းဆီးခံရ
January 10, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မော်မောင်းလျန်နဲ့ ဗလခမှော်ကို ဇန်နဝါရီလ ၇ ရက် ညနေပိုင်းက စစ်ကောင်စီ တပ်သားအင်အား ၅၀ နီးပါး ဝင်ရောက်စီးနင်းပြီး ရေမဆေးကျောက် ရှာဖွေသူ ၂၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အဲဒီကျောက်လုပ်ကွက်နှစ်ခုမှာ ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ နီးပါး ရှိနေပြီး စစ်ကောင်စီ တပ်သား တွေ ဝင်ရောက်စီးနင်းချိန်မှာ မထွက်ပြေးနိုင်လို့ ကျန်နေခဲ့သူတွေ ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဖမ်းသွား တာဟုတ်တယ်၊ ၂၀ ကျော်ပဲ ဖမ်းခံရတာ၊ ဘယ်ကို ဖမ်းသွားတယ် ဆိုတာတော့ မသိရဘူး။ ကားနှစ်စီးနဲ့လာပြီး အကုန်ကားပေါ် တက်ဆိုပြီး ခေါ်ချသွားတာ၊ ဘာအပြစ်မှ ရှိတာလည်း မဟုတ်ဘူး” စစ်ကောင်စီတပ်က ရေမဆေးကျောက် ရှာဖွေသူတွေကို ဘာကြောင့် ဝင်ရောက် ဖမ်းဆီးခဲ့တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်က ကျောက်စိမ်း အကြီးအကျယ်ထွက်တဲ့ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေအကြား နယ်မြေထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာ ကနေ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။ https://www.rfa.org/burmese/news/hpakant-locals-arrested-0109202 3061830.html

၉။ မိုးဗြဲမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၆၆)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး
January 9, 2023

ဇန်နဝါရီလ ၈ ရက် ည ၉ နာရီအချိန် မှာ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တဲ့အတွက် မိုးဗြဲမြို့ ပွဲကုန်း (၁) ရပ်ကွက်မှာနေထိုင်တဲ့ အသက် (၆၆) နှစ်အရွယ် ဦးလျိုပန် သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးထံကနေ သိရပါတယ်။ “ လက်နက်ကြီးက သူ့ရဲ့ အိမ်ဘေးမှာ လာကျတာ။ ဝမ်းဗိုက် ထိသွားတာပေါ့နော။ သူကလည်း အသက်ကြီးပြီဆိုတော့ မခံနိုင်တာလည်းပါတယ်။”လို့ သူကပြောပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝါရီဆူးပလိုင် ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကနေ ပစ်ခတ်လာတဲ့ လက်နက်ကြီး ဖြစ်တယ်လို့ ဆိုပါတယ်။ မိုးဗြဲမြို့ပြည်သူတွေ အနေနဲ့ လုံခြုံရေးကို မပေါ့လျော့ကြဖို့နဲ့သွားလာ လှုပ်ရှားမှုကို ကရုစိုက်ကြဖို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁ ဦးသေဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လွိုင်ကော်မြို့နယ် ဒေါမူကလား ကျေးရွာမှာလည်း ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လွယ်ထွယ် ရွာက ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၈ ရက်နေ့ အထိ ကရင်နီပြည်မှာ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီး နောက် ပိုင်း အရပ်သားထိခိုက်သေဆုံးသူ (၂၉၃) ဦးရှိပြီး လက်နက်ကြီးထိမှန် သေဆုံးသူနဲ့ အသတ်ခံရသူတွေ အများဆုံးဖြစ်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) ဇန်နဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ https://www.k antarawaddytimes.org/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%97%e1%80

၁၀။ စစ်ကောင်စီတပ်၏အထူးထောက်လှမ်းရေး ဗိုလ်ကြီးညီညီ ပစ်သတ်ခံရ၍ သေဆုံး
January 10, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့တွင် စစ်ဘက်ဆိုင်ရာတွင်အရေးပါသည့် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီကို (ဇန်နဝါရီ ၉) နံနက် (၆)နာရီခွဲအချိန်၌ ရေးပြောက်ကျားတပ်ဖွဲ့−YGF အဖွဲ့က ပစ်သတ်၍သေဆုံးခဲ့ကြောင်း YGF မှ ဗိုလ်ကျန်ရစ် က အတည်ပြု ပြောဆိုသည်။ လမိုင်းမြို့ရှိ ဗိုလ်ကြီးညီညီ ဆိုသူသည် (CDM) ပြုလုပ်ထားသူများ၊ (PDF)များနှင့် ဆက်နွယ်နေ သူများကို သတင်းလိုက်ယူပေးပြီး ဖမ်းဆီးမှုများပြုလုပ်နေသောကြောင့် ရေးပြောက်ကျား တပ်ဖွဲ့−YGF အဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်း ဗိုလ်ကျန်ရစ်က ယခုလို ပြောသည်။ ၎င်းက “သူက စကစရဲ့ အဓိကထောက်တိုင်ပဲ။ စစ်ဘက်ကော၊ ရဲဘက်ကော သူပဲ တာဝန်ယူထားတယ်။ ပြည်သူတွေ CDM တွေ၊ PDF တွေနဲ့ အဆက်အသွယ်ရှိတဲ့သူတွေကို လိုက်ဖမ်းပေးတာ။ CDM သမား ဆို NON-CDM ပြန်လုပ်ရတယ်။ သူရှိနေတော့ အဲ့ဒီနယ်မှာ ဘယ်သူမှ မလှုပ်ရဲကြဘူး။ သူက ကျည်ကာဝတ်ထားတာ ကျောကို နှစ်ချက်ပစ်တာ မပေါက်လို့ ခေါင်းကိုပြန်ပစ်တာ။ ၄ ချက်ထိသွား တယ်”ဟု ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်၏ အထူးထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်ကြီးညီညီဆိုသူကို ပစ်ခတ်ရှင်းလင်းရာတွင် အမျိုး သမီးတစ်ဦးလည်း ကျည်ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များက ၎င်းအခင်းဖြစ်ပွား မှုနေရာတွင် စစ်ကောင်စီက လုံခြုံရေးချထား လျက်ရှိကြောင်း YGF ကဆိုသည်။ “တစ်ချက်က ခေါင်းကိုပေါက်ပြီး အနောက်က မိန်းကလေးမှာ သွားထိတယ်။ အခု မိန်းကလေး က မစိုးရိမ်ရတော့ဘူးလို့ ပြောတယ်။ အခုလက်ရှိတော့ ပတ်ပတ်လည်မှာ သူတို့ လူတွေချည်းပဲ။ ကျနော် တို့အဖွဲ့တွေလည်း လုံခြုံတဲ့နေရာကို ပြန်ရောက်ပါပြီး”ဟု ဗိုလ်ကျန်ရစ်က ဖြည့်စွက်ပြောသည်။ အဆိုပါဖြစ်စဉ်မှာ ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက် နှာပေါ်တွင် ပျံ့နှံ့လျက်ရှိနေသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သီးခြား သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ https://kicnews.org/2023/01/%e1% 80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1

၁၁။ ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွား
January 10, 2023

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် ယနေ့ (ဇန်နဝါရီ ၁၀) နံနက် ၈ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီ နှင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pekhon PDF) တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တိုက်ပွဲသည် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် စစ်ကောင်စီက စစ်ရေး ထိုးစစ်ဆင်လာသောကြောင့် ယနေ့မှ စပြီး တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။ “ ဒီနေ့မှ ပြန်ပြီးတိုက်ပွဲဖြစ်တာ။ ဖယ်ခုံအနောက်ဘက် ကမ်း ဖြစ်တာ။ စစ်ကောင်စီက သူတို့ စစ်ရေး ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တာ” ဟု Pekhon PDF တပ်သားတစ်ဦးက ပြောသည်။ ထိုအပြင် ၉ နာရီဝန်းကျင် တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ပျံဝဲနေလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကျေးရွာဒေသခံများကို တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေရှိသည့် အတွက်ကြောင့် ကြိုတင်ထွက်ပြေး တိမ်းရှောင်ရန်အတွက် Pekhon PDF က အသိပေးထားသည်။ “ အခုလည်း လေယာဉ်တွေ ဝဲနေတယ်။ ဗုံးကြဲမလားတော့ မသိ ဘူး။ ပြင်းထန်လာမယ့် အခြေအနေတော့ရှိတယ်။ တိုက်ပွဲမဖြစ်ခင်ကတည်းက PDF က ပြည်သူတွေကို ကြိုတင်ထွက်ပြေး ခိုင်းတာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်ညနေပိုင်း တွင်လည်း PDF များက စစ်ကောင်စီတပ် ၃၃၆ ကိုဝင်ရောက်။ ပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံမြို့ ဒေသခံတစ်ဦးက ပြောသည်။ အလားတူ ဇန်နဝါရီ ၇ ရက် ညပိုင်းတွင် ဖယ်ခုံမြို့ နယ် တောင်ပို့ကြီးကျေးရွာထဲတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ သောကြောင့် ပြည်သူနေအိမ် ၂ လုံးပျက်စီးခဲ့သည်။ https://burmese.shannews.org/archives/32439

၁၂။ စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် မူတြော်(ဖာပွန်)နယ်မြေတွင် ၁ နှစ်အတွင်း ဒေသခံပြည်သူ (၄၁)ဦးသေဆုံး
January 10, 2023

ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ်မြေထဲတွင် စစ်ကောင်စီတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၂၀၂၂ခုနှစ် တနှစ်လုံးတွင် ဒေသအတွင်းရှိ အပြစ်မဲ့ ပြည်သူ (၄၁) ဦးသေဆုံးခဲ့ရသည်ဟု ကေအဲန်ယူ တပ်မဟာ(၅) မူတြော်သတင်းစဉ်၏ တစ်နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ပေါင်း နှစ်ချုပ် သတင်းထုတ်ပြန်ချက်အရသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခု တနှစ်တည်းတွင် ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု (၃၅)ကြိမ်ရှိကာ ဗုံးသီးကြီး (၁၂၀)ခန့်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာများထဲတွင်လည်း လက်နက် ကြီးပေါင်း (၂၀၀၁)လုံးအထိ ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ဒေသခံပြည်သူ ၄၁ဦး သေဆုံးခဲ့သည့်အပြင် ၉၉ ဦးမှာလည်း ထိခိုက် ဒဏ်ရာရရှိသွားခဲ့သည်ဟု ကေအဲန်ယူ၊ တပ်မဟာ(၅) က ဇန်နဝါရီလ (၆)ရက် နေ့စွဲနှင့် သတင်းထုတ်ပြန်ထားသည်။ ၎င်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် လူနေအိမ် (၉၄) လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ပြီး ဘာသာရေးအဆောက်အဦးဖြစ်သည့် ခရစ်ယာန် ဘုရားကျောင်း (၂)လုံး၊ ပြည်သူလူထု၏ စပါးကျီ (၁၀)လုံးလည်း မီးလောင်ကျွမ်းခဲ့သည့်အပြင် အခြားထိခိုက်ပျက်စီးမှု အများ အပြားရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်များသည် တပ်မဟာ(၅) နယ်မြေထဲတွင် မြေပြင်စစ်ရေးလှုပ်ရှားမှု နည်းလာ ပြီး လေကြောင်းတိုက်ခိုက်မှုကို ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရသည့်အပြင် ဒေသအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်စခန်းမှ စစ်ကောင်စီ၏ခိုင်းစေချက်အတိုင်း နယ်မြေမတည်ငြိမ်မှု ဖြစ်ရန်နှင့် လူထုများကြောက်ရွံ့ စေရန် ကျေးရွာထဲတွင် လက်နက်ကြီးအမြောက်အများနှင့် ပစ်ခတ်တိုက်ခိုက်နေ သည်ကို တွေ့ရှိရသည်ဟု ကေအဲန်ယူ တပ်မဟာ (၅) ပြောခွင့်ရသူ ပဒိုမန်းမန်းမန်း ကပြောသည်။ ၎င်းက “အရင်နှစ်က စစ်ကောင်စီဘက်က လေယာဉ်နဲ့လှုပ်ရှားတယ်။ လေယာဉ် နဲ့ ဗုံးကြဲတာ ပိုပြီးတော့ များလာတာကို ကျနော်တို့တွေ့ရ တယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာဆိုရင် တော်တော်များများ လေယာဉ်နဲ့ ပစ်တာကို တွေ့ရတယ်။ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုက လူထုနေတဲ့နေရာတွေ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေ ကျနော်တို့ တပ်နေရာတွေ မကဘဲ လူထုကို သူတို့ ပစ်မှတ်ထားပြီး လုပ်တာတွေကို ကျနော်တို့ တွေ့ရတယ်ပေါ့။”ဟု ပြောသည်။ ထို့အပြင် ၂၀၂၂ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီစစ်တပ်၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များ နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် (၅) တပ်မဟာ တပ်ဖွဲ့ဝင်များအကြား (၁)နှစ်အတွင်းမှာ တိုက်ပွဲပေါင်း (၂,၇၃၇)ကြိမ်ဖြစ်ပွားခဲ့ကာ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၁,၃၀၇ဦးသေဆုံးခဲ့ပြီး ၉၇၂ဦး ထိခိုက် ဒဏ်ရာရသွား ကြောင်းလည်း နှစ်ချုပ်စာရင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://kicnew s.org/2023/01/%e1%80 %85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1

၁၃။ ထားဝယ် ပကဖ ဗျူဟာမှူး၊ ဥဩစစ်ကြောင်းမှူး ဖထီးစိုးဝင်းကျဆုံး
January 10, 2023

ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) ၏ လက်ဦးဆရာလည်းဖြစ်၊ ဗျူဟာမှူးလည်းဖြစ်ပြီး ဥဩစစ် ကြောင်း၏ စစ်ကြောင်းမှူးလည်းဖြစ်သူ ဖထီးစိုးဝင်း ဘဲ့မတပ်တောင်တိုက်ပွဲတွင် ကျဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အချို့၏ အတည်ပြုချက်နှင့် DGRF ၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ ဖထီးစိုးဝင်မှာ အသက် ၆၅ နှစ်အရွယ်ဖြစ်သဖြင့် တိုင်းအတွင်း တော်လှန်ရေးသမားများတွင် အသက်အရွယ် အကြီးဆုံးထဲက တစ်ဦးဖြစ်သည်။ ထားဝယ်-ထီးခီးလမ်း သင်္ကန်းတုံး ရွာနှင့် ဝကုန်းရွာကြားရှိ ဇန်နဝါရီလ ၇ ရက်က ဘဲ့မတပ်တောင် တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း Dawei Guerrillla Revolutonary Force (DGRF) က ဇန်နဝါရီလ ၉ ရက် ညပိုင်းက ထုတ်ပြန်သည်။

ဇန်နဝါရီလ ၆ ရက်က ထားဝယ်အရှေ့တောဒေသ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက လမ်းတလျှောက် ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။ ယင်းသို့ တိုက်ခိုက်စဉ် ဇန်နဝါရီလ ၇ ရက်က ဘဲ့မတပ်တောင်ခြေတိုက်ပွဲတွင် ဖထီးစိုးဝင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။ ဖထီးစိုးဝင်းသည် ၂၀၂၁ ခုနှစ် ဧပြီလ ၇ ရက်နေ့က ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က ဖြိုခွင်းမှုကို လက်နက်ကိုင်ခုခံတော်လှန်မှု စတင်ခဲ့သည့်နေ့တွင်လည်း ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ ဖထီးစိုးဝင်း မှာ ခေတ်အဆက်ဆက်က စစ်အာဏာသိမ်းလှုပ်ရှားမှုကို ဆန့်ကျင်ခဲ့သူ ဖြစ်ပြီး လက်နက်ကိုင် ပုန်ကန်တော်လှန်ခဲ့ သည့် တော်လှန်ရေးသမားတစ်ဦးလည်းဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ခဲ့ရုံသည်သာမက လက်နက်ကိုင် ခုခံတော်လှန်လိုသူ ထားဝယ်လူငယ်များကို ဦးဆောင်လမ်းညွှန်ပြ သပေးခဲ့သူလည်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ ထံမှ သိရသည်။ https://www.facebook.com/DaweiWatch/photos/a.171563342971852/5469385966522870/

၁၄။ ဟားခါးမြို့တွင် နေအိမ် ၃ လုံးမီးလောင်ပြာကျ
January 10, 2023

ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၁၀ မနက်ပိုင်းတွင် နေအိမ် ၃ လုံး မီးလောင်ပြာကျသွားပြီး လူ ထိခိုက်သေဆုံးမှုမရှိကြောင်း ဟားခါးမြို့ခံတစ်ဦးကပြောသည်။ “ကျမတို့သိတဲ့အချိန်က ၁၂ နာရီအကျော်မှာ ၃ အိမ်လောက် လောင်နေပြီ။ လျှပ်စစ်မီးကြောင့်လို့ပြောကြတယ်။ အိမ်ကတိုင်ပဲကျန်တော့တယ်။ လူကပြေးတယ် ပစ္စည်းတွေ ကဘာမှထုတ်လို့ မရဘူး။ မီးသတ်ကားမလာရင် ၄ အိမ်လောက်လောင်မယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ မီးလောင်မှုဖြစ်ပွားပြီးနောက် မီးငြိမ်းသတ်ရန် မီးသတ်ကား( ၃) စီးရောက်လာကာ (၄) အိမ်မြောက် နေအိမ်အား မကူးစက်မှီငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါမီးလောင်သည့်နေအိမ်မှာ ဦးဒန်မန်း၊ ဦးဇမ်ဘိတ် နှင့် ဦးမန်းဟရင်တို့နေအိမ်ဖြစ်ကြပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခေါ် ဆောင်သွားသည်ဟု သိရသည်။ https://www.facebook.com/KhonumthungBurmese/photos/pcb.3338194319781920/ 3338194109781941/

၁၅။ ရပ်စောက်က တပ်သား ၂၀ ကျော် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးနေ
January 9, 2023

သျှမ်းပြည် ရပ်စောက်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ – ၅၀၈) တပ်သား ၂၀ ကျော်တို့သည် လက်နက်ခဲယမ်း နှင့်အတူ ထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် ရပ်စောက်မြို့ အဝင်ရှိ စစ်ကောင်စီတပ် ခမရ ၅၀၈ လက်အောက်ခံ တပ်သား ရဲဘော် နှင့် အရာရှိ အပါအဝင် လူဦးရေ ၂၀ ကျော် သည် လက်နက်ခဲယမ်းနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြောင်းသိရသည်။ “ရှေ့တန်းထွက်ရမှာ မထွက်ချင်လို့ ထွက်ပြေး သွားတယ်လို့ သိရပါတယ်။ အိမ်ထောင်ရှိတဲ့သူတွေက အခုသူတို့ မိသားစုဝင်တွေ တပ်အပြင် ထွက်ခွင့်မရှိဘူး၊ တချို့လည်း မိသားစုလိုက် ပြေးတဲ့သူရှိတယ်၊ စုစုပေါင်း ၂၄ ဦးရှိတယ်၊ အရာရှိလည်း ပါတယ်” ဟု ဗထူးတပ်နှင့် နီးစပ်သူ အမျိုးသား တစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီ ဗထူးတပ်မှ အထက်အရာရှိများက လက်နက်နှင့်အတူ ထွက်ပြေးသွားသည့် တပ်သား နှင့် အရာရှိများကို ရှာဖွေရန် အမိန့်ထုတ်ပြန်ထားပြီး တပ်တွင်း အဝင်အထွက်ကိုလည်း တင်းကြပ်ထားကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် သြဂုတ်လကတည်းမှ ရှေ့တန်းစစ်မျက်နှာပြင် ထွက်ရသည့် ခမရ ၅၀၈ လက်အောက်ခံ တပ်သား များသည် ယနေ့အချိန်ထိ ပြန်မလာကြသေးသဖြင့် မိသားစုဝင်များက ပူဆွေးနေကြကြောင်းလည်း တပ်နှင့် နီးစပ်သူ အမျိုးသား က ဆက်ပြောသည်။ တပ်တွင်းမှ ရဲဘော်နှင့် အရာရှိ ၂၀ ကျော် ထွက်ပြေးပျောက်ဆုံးနေခြင်းနှင့် ပတ်သက် ပြီး လက်ရှိတွင် ရပ်စောက်မြို့အတွင်း၌ စစ်သားအင်အားအများအပြားနှင့် လမ်းသွားလမ်းလာ ပြည်သူများကို မေးမြန်း သည့်အပြင် ပစ္စည်းများကို လည်း စစ်ဆေးမှုပြုလုပ်ကြောင်းသိရသည်။ “သူတို့ဂိတ်က တပ်သားထွက်ပြေးပြီးတဲ့ နောက်မှာပေါ့ ကားသမားတွေကိုဆို အရမ်း မေးတယ်၊ ပစ္စည်းတွေကိုလည်း ထုတ်စစ်တယ်၊ အဲ့လိုမျိုးတွေပေါ့နော်၊ ပြည်သူတွေကို ပိုပြီးတော့ စစ်ဆေးမေးမြန်း လာတာတွေ့ ရတယ်” ဟု ရပ်စောက်မြို့နေ လူငယ်တစ်ဦးက ပြောသည်။ https://burmese.shannews.org/archives/32435

၁၆။ လောင်းလုံးမြို့နယ်တွင် မဲစာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီတပ်သားများပါအဖွဲ့ ပစ်ခတ်ခံရ၊ သေနတ် တစ်လက် သိမ်းဆည်းရရှိ
January 9, 2023

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် မဲစာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီတပ်သားများပါ အဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့၊ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ လောင်းလုံးမြို့နယ်၊ ကမြာကင်းကျေးရွာတွင် စစ်ကောင်စီက ပြုလုပ် မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းလိုက်ကောက်နေသော စစ်ကောင်စီထောက်တိုင်များနှင့် တပ်သားများပါသည့် အဖွဲ့ကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Guerrilla Revolutionary Force-DGRF တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ၎င်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေကာ AK 47 တစ်လက်၊ ကျည် ၂၃ တောင့်၊ ကျည်ဘောက်တစ်ခု တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီက ရွေးကောက်ပွဲဖော်ဆောင်နေမှုကို လက်ခံမည်မဟုတ်ကြောင်းနှင့် စစ်ကောင်စီတပ်သားများနှင့် အနီးကပ်သွားလာခြင်း၊ မဲစာရင်းများ လိုက်လံကောက်ခံနေခြင်းတို့အား ဆက်လက်ပြု လုပ်နေမည် ဆိုလျှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနဖြင့် နောက်ဆက်တွဲဖြစ်စဉ်များကို လုံးဝတာဝန်ယူမည် မဟုတ်ကြောင်း သတိပေးသတင်းထုတ်ပြန်ထားသည်။ https://www.facebook.com/TachileikNewsAgency/photos/a.350356674986179 /599286 2927402164/

၁၇။ ရွှေမှော်လုပ်ငန်းရှင်များကို KIA သတိပေး ထွက်ခွာခိုင်းပြီးနောက် ပြည်သူ့စစ်အဖွဲ့ မှ KIA ကိုပိတ်ဆို့
January 10, 2023

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ဒေသတွင် ရွှေတူးနေသူများကို KIA သတိပေး ထွက်ခွာခိုင်းပြီးနောက် ပြည်သူ့စစ်အဖွဲ့ ဘက်မှလည်း ရွှေမှော်လမ်းများကို ထပ်မံ ပိတ်ဆို့ရန် ပြင်ဆင်နေသည်ဟု သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ရှဒူးဇွပ်ကျေးရွာ အနီးတဝိုက် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ နယ်မြေ စိုးမိုးထားသော ချောင်းဆုံ၊ ကနွယ်သူ၊ ဘန်ကောက်၊ ဂျာဝမ် နှင့် ကိုင်းတော စသည့် နေရာများတွင် ရွှေတူးဖော်နေသူများကို ၁၀ ရက်အတွင်း အမြန်ထွက်ခွာ သွားကြရန် KIA က သတိပေးခဲ့ သည်။ ထို့ကြောင့် ပြည်သူ့စစ်အဖွဲ့ဘက်မှလည်း ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကာ အဆိုပါ ရွှေမှော်သွားလမ်းများကို ပိတ်ဆို့ သွားမည်ဟု လုပ်ငန်းရှင်များကို ညွှန်ကြားထားသည်ဟု ရှဒူးဇွပ်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ “KIA က ဒီနား တဝိုက်ရှိမှာရှိကြတဲ့ ရွှေမှော်လုပ်ငန်းရှင်တွေကို မောင်းထုတ်နေတယ်။ ၁၀ ရက်အတွင်း အကုန်ထွက်ကြဖို့ လုပ်ငန်းရှင် တွေကို ပြောဆိုထားတယ်။ အဲ့ကြောင့် တစ်ချို့သူတွေက အကုန်ထွက်ကြပြီ။ အဲ့ကြောင့် ပြည်သူ့စစ်အဖွဲ့တွေကလည်း ရွှေမှော် လမ်းတွေကို ပြန်ပိတ်ဖို့ ပြောတယ်။ ပြောရမယ်ဆိုရင် ၂ ယောက် အားပြိုင်နေကြတယ်ပေါ့”ဟု ပြောဆိုသည်။

မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့သည် စံပြကျေးရွာရှိလမ်းမကြီးကို အဓိကပိတ်ဆို့ထားမည်ဖြစ်ပြီး ထိုလမ်းမကြီးသည် KIA တပ်ရင်း ၁၄ နယ်မြေ ရွှေမှော်လုပ်ငန်းရှင်များ ပုံမှန်သွားလာနေသည့် လမ်းမကြီးတစ်ခု ဖြစ်သည်။ ရှဒူးဇွပ် ဒေသတွင် ရွှေမှော် သို့ သွားနိုင်သောလမ်းမကြီး ၄ ခုရှိသည့်အနက် ကျန်လမ်းမကြီး ၃ ခု ကို ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ပြည်သူ့စစ် အဖွဲ့က ဘက်ဟိုးဖြင့် ဖြတ်တောက်လိုက်ပြီး ‘မိုင်းထောင်ထားသည်’ ဟူသော ဆိုင်းဘုတ်များကို စိုက်ထူထားသည်ကို မြင်တွေ့ရ ကြောင်း ဒေသခံများ ပြောဆိုသည်။ ရှဒူးဇွပ်ဒေသတွင် ရွှေမှော်လုပ် ငန်းရှင်များထံမှ ငွေကြေးအများအပြားကို မင်းဇင်သန့် ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့မှ ရရှိနေသောကြောင့် KIA ဘက်မှလည်း ရွှေလုပ်ငန်းရှင်များကို သတိပေးကာ ထွက်ခွာခိုင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ https://burmese.kachinnews.com/2 023/01/07/yl1-48/

၁၈။ လေလှိုင်းအစိုးရမဖြစ်စေရေးခံယူချက်နှင့် လူထုယုံကြည်မှုရအောင် တိုက်တွန်းနိုင်ရမည်ဟု NUG ယာယီသမ္မတပြောဆို
January 10, 2023

NUG အစိုးရအနေသည်လေလှိုင်းထဲမှအစိုးရမဖြစ်စေရဆိုသည့်ခံယူချက်နှင့် ပြည်သူလူထု၏ယုံကြည်မှုရရှိအောင် စည်းရုံးနိုင်ရမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလကပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။ ” အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာတစ်ခုက တော့ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူးဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာလက် တွေ့ကျတဲ့ နိုင်ငံရေး အလုပ်တွေကိုလည်းလုပ်မယ်။ ဖြစ်သင့်တာတွေကို ဖြစ်နိုင်ချေရှိလာ အောင်လည်းကြိုးစားကြမယ်။ အထူးသဖြင့် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့ သက်သေပြချင်ပါတယ်” ဟု ယာယီသမ္မတကအစည်း အဝေးတွင်ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် စစ်ရေးရ လဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာထွက်ပေါ်ရန်အထူးမျှော်လင့်ကာ၊ နိုင်ငံရေးတွင် ဝါဒဖြန့်ချိရေးနှင့် စည်းရုံးရေးသည် အစိတ်အပိုင်း တစ်ခုအနေဖြင့်အရေးကြီးသော်လည်း လက်တွေ့နိုင်ငံ ရေးရလဒ်၊ လက်တွေ့ စစ်ရေးရလဒ်များနှင့် ပြည်သူလူထု ယုံကြည်မှုရရှိရန်စည်းရုံးတိုက်တွန်းထားသည်။

ထို့ပြင် NUG နှင့် မဟာမိတ်ဆက်ဆံရေးအားဖြင့် လက် တွဲထားသည့် တော်လှန်သောအစုအဖွဲ့များဆီမှထိုက်သင့်သည့် စစ်ရေးအထောက်အပံ့နှင့်စစ်ရေးအကူအညီများလည်း ရသင့်သလောက်ရရှိထားပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ ” ကျွန်တော်တို့ ယခုလျှောက်လှမ်းနေတဲ့ နွေဦးတော် လှန်ရေးမှာ ပြတ်သားတဲ့ နိုင်ငံရေးရည် မှန်းချက် တိတိကျကျ ရှိထားပါတယ်။ ဒီနိုင်ငံရေး ရည်မှန်းချက်တွေဟာ ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ဖြစ်သလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင် ငံရေးရလဒ်မျိုးလည်း ထွက်ဖို့လိုပါတယ်။ အဲသည့်အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင် အားလုံး ဝိုင်းဝန်းကြိုးပမ်းနေကြတယ်လို့ ယုံကြည်ပါတယ်” ဟု ယာယီသမ္မတကဆိုသည်။ လက်ရှိအချိန်တွင် ပြည်သူလူထုသည် အထွေထွေအကျပ်အတည်းဒဏ်ကို ခံစားနေရသည့် အတွက် တော်လှန်ရေးအပေါ် မည်သို့ သဘောထားရှိသည်ကိုလည်းအထူးပြု စောင့်ကြည့်လေ့လာရန်လိုအပ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်ရေးစိုးမိုးဧရိယာများကျယ်ပြန့်လာသည်မှာလည်းတော်လှန်ရေး၏အားသာချက်အဖြစ် ရှုမြင်ဖို့လိုအပ် ကြောင်း ယာယီသမ္မတက ထပ်မံတိုက် တွန်း‌ခဲ့သည်။ https://www.facebook.com/photo/?fbid=547727747374758&set= a.478726164274917

၁၉။ ကျွဲ၊နွားများကြောင့် မသန့်မရှင်းဖြစ်နေသည့် စစ်တွေဆတ်ရိုးကျရေကန်ကို စနစ်တကျကြပ်မတ်ပေးဖို့ လိုအပ်နေ
January 10, 2023

ရခိုင်ပြည်၊ စစ်တွေမြို့တွင်နေထိုင်သည့် ရပ်ကွက် (၁၀) ခုခန့်မှဒေသခံများ အသုံးပြုနေကြသော ဗျိုင်းဖြူရွာရေကန်ခေါ် ဆတ်ရိုးကျရေကန်အတွင်းသို့ ကျွဲ၊ နွား၊ တိရစ္ဆာန်များ ဝင်ရောက်ကာ ရေဆင်းစိမ်မှုများ ရှိနေသည့်အတွက် စနစ်တကျကြပ်မတ် ပေးဖို့ လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။ ဆတ်ရိုးကျရပ်ကွက်က ရေကန်နှစ်ခု စလုံးကို ကျွဲ၊ နွား၊ တိရစ္ဆာန်များ ဝင်ရောက်ပြီး ရေဆင်းစိမ်သည့်အတွက် ရေများနောက်ကျိနေသည်။ ထို့ကြောင့် မသန့်ရှင်းသည့် ရေများကို အသုံးပြုနေကြရ၍ ရောဂါများဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။ “ကျွဲ၊ နွား၊ တိရစ္ဆာန်ဆင်းရင် ရေက နောက်ကျိသွား တယ်။ ရွှံ့ရေတွေဖြစ်သွားတယ်။ အဲဒီရေတွေကို သုံးရတာ၊ သောက်ရတာ အဆင်မပြေဘူး။ အဆင်မပြေတော့ သောက်ရေသန့် ဝယ်သောက်ရတယ်။ အဲဒီလို ကျွဲတွေရေထဲကို ဆင်းတဲ့အတွက် ရောဂါဖြစ်ဖို့လွယ်တယ်။ နောက်ကျိနေတဲ့ရေတွေကို သောက်နေ ရတယ်။ ပိုက်ဆံမရှိတဲ့သူမှာက သောက်ရေသန့်လည်း ဝယ်မသောက်နိုင်ဘူး” ဟု ဆတ်ရိုးကျရပ်ကွက်က ဒေါ်မေဦးစိန် ကပြော သည်။ အဆိုပါရေကန်မှရေများကို ဆတ်ရိုးကျ၊ လမ်းမတော်၊ ဆင်ကူးလမ်း၊ မင်းဒြားချိတ်၊ အုန်းတပင်၊ ရွှေပြည်သာတိုက်တန်း၊ အောင်ချမ်းသာ စသောရပ်ကွက်များသို့ ရေဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ထိုရေကန်များတွင် တိရစ္ဆာန်များ ရေဆင်း စိမ်ခြင်းအပြင် ဒေသခံတချို့ ငါးဖမ်းခြင်းများလည်းရှိကြောင်း သိရသည်။ ထို့ကြောင့် စစ်တွေမြို့ပေါ်မှ ရပ်ကွက်များကို ရေပေး ဝေသည့် အခါတွင် ရွှံ့နှစ်နှင့် သဲများရောနှောနေသည့် ရေများကိုသာရရှိကြောင်း ထိုကန်ကရေကို အသုံးပြုနေကြသူများက ပြောဆိုကြသည်။

“တချို့လူတွေမှာ သောက်ရေသန့်နဲ့ ထမင်းမချက်ဘဲ အဲဒီကရေနဲ့ပဲ ထမင်းချက်တယ်။ ပိုက်ဆံမရှိတဲ့သူတွေဆိုရင် အဲဒီ ရေနဲ့ ရေချိုးတယ်။ အဲဒီရေနဲ့ မျက်နှာသစ်တယ်။ အဲဒီရေနဲ့ ထမင်းဟင်းချက်တယ်ဆိုတော့ သန့်သန့်ရှင်းရှင်း စိတ်ချမ်းချမ်းသာသာနဲ့ သုံးချင်ကြတာပေါ့”ဟု စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်တွင် နေထိုင်သည့် ကိုမောင်ငယ်က ပြောဆိုသည်။ သောက်သုံး ရေဝယ်ယူသုံးစွဲရန် ငွေကြေးမတတ်နိုင်သူများမှာ ရေကိုကြည်အောင်ထားပြီးမှ သောက်သုံးနေကြရသည်များလည်း ရှိကြောင်း ကိုမောင်ငယ် က ဆက်ပြောသည်။ ယခုကဲ့သို့ အများပြည်သူများ အသုံးပြုနေသည့် ရေကန်နှစ်ခုစလုံးကို ကျွဲ၊ နွား တိရစ္ဆာန်များ ဝင်ရောက်မှု မရှိအောင်နှင့် သန့်ရှင်းသည့်ရေကို ဒေသခံများသုံးစွဲနိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ခြံစည်းရိုး ကာပြီး စနစ်တကျလုပ်ဆောင် ပေးအတွက် ဒေသခံများကတောင်းဆိုနေကြသည်။ “အဲဒီကန်မှာ ခြံစည်းရိုးကာတာက အကောင်း ဆုံးပဲပေါ့။ နောက်ပြီး အဲဒီမှာ အလှည့်ကျဖြစ်ဖြစ် စောင့်ပေးရင်တော့ ပိုကောင်းတာပေါ့။ အကောင်းဆုံးကတော့ ခြံစည်းရိုးကာ တာ ပိုကောင်းပါတယ်။ ဘာလို့ဆိုရင် ဒီကန်က မြို့မှာရှိတဲ့သူလည်း သုံးကြတယ်။ အဲဒီရပ်ကွက်ကလူတွေလည်း အကုန်သုံးကြ တယ်”ဟု ဆင်ကူးလမ်းရပ်ကွက်တွင် နေထိုင်သူ ကိုမောင်ငယ်က ပြောသည်။ ဆက်ရိုးကျ ရေကန် နှစ်ခုစလုံးတွင် အနီးအနား ကျေးရွာနှင့် ရပ်ကွက်များက ကျွဲ၊ နွား၊ တိရစ္ဆာန်များသည် နှစ်စဉ်နွေရာသီရောက်တိုင်း ရေဆင်းစိမ်ကြခြင်းအား တားဆီးနိုင်ရန် မိမိပိုင် ကျွဲ၊ နွား တိရစ္ဆာန်များကို ရေကန်ထဲသို့မဆင်းရအောင် ဂရုစိုက်ကြရန် အတွက် ရပ်ကွက်နှင့် ကျေးရွာအလိုက် ဒေသခံ များကို အကြောင်းကြားထားကြောင်း ဆတ်ရိုးကျရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ https://www.facebook.com/d mg newsagency/photos/a.466679383484478/2495585833927146/

၂၀။ အေးသာယာ ကားလေးကွင်း ဆိုင်ခန်းဝယ်ယူထားသူများထံ ငှားရမ်းခ ထပ်မံကောက်ခံ
January 10, 2023

သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့ ကားလေးကွင်းရှိ အခန်းဝယ်ယူထားသူများထံ ဆိုင်ခန်းဌားရမ်းခဆိုပြီး စည်ပင်က ထပ်မံပိုက်ဆံကောက်ခံနေကြောင်းသိရှိရသည်။ အေးသာယာ ကားလေးကွင်းရှိ ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၆၅၀ ဖြင့် ရောင်းချခဲ့ပြီး ဖြစ်သော်လည်း ၂၀၂၂ ခုနှစ် (အောက်တိုဘာလ) မှ ၂၀၂၃ ခုနှစ် မတ်လအထိ ဂိတ် ဖွင့်ထားသည့် လစဉ်ခန်း၊ ဆိုင်ခန်းငှားရမ်းခ (၆) လကို ကျပ် (၁) သိန်းကျော် ဆိုပြီး ထပ်မံ ကောက်ခံနေကြောင်း လိုင်းကားဂိတ်များထံမှ သိရသည်။ “ အခု သူတို့လုပ်နေတဲ့ပုံစံက ဘာမှန်း နားမလည်တော့ဘူး။ ဆိုင်ခန်းတွေကို ပိုက်ဆံအများကြီးပေးပြီး ဝယ်ရတယ်။ မီးရဖို့အတွက် လည်း ပိုက်ဆံထပ်သွင်းရတယ်။ အခုက ဆိုင်ခန်းငှားရမ်းခဆိုပြီး ပိုက်ဆံထပ်တောင်းနေတာ၊ သူတို့ ဆောက်လုပ်ရေးက မပြီး သေးဘူး “ ဟု ၎င်း အခန်းဝယ်ထားသည့် အမျိုးသား တစ်ဦးက ပြောသည်။

ဆိုင်ခန်း တစ်ခန်း လျှပ်စစ်မီးရဖို့အတွက် စည်ပင်ထံ ကျပ်ငွေ (၇) သိန်းကျော် ပေးသွင်းရသည့်အပြင် ယာဉ်လိုင်းကား ပြေးဆွဲသူ တချို့သည် ငွေရေး၊ ကြေးရေး မတတ်နိုင်သဖြင့် ယာဉ်လိုင်းကားပြေးဆွဲသည့် အလုပ်ကို ရပ်နားထားရ ကြောင်း သိရ သည်။ “သူတို့ ညွှန်ကြားထားတဲ့ အတိုင်းလိုက်မလုပ်ရင် လိုင်းကားပိတ်သိမ်းရမယ်လို့ တစ်ခါက ခြိမ်းခြောက်ဖူးတယ်။ တချို့ ဂိတ် ခန်း မဝယ်နိုင်တဲ့သူတွေက ဝယ်ဖို့အခွင့်အရေး မရှိဘူး။ လိုင်းကားပြေးဆွဲတဲ့ အလုပ်ကနေ နားရတယ်”ဟု ၎င်းအမျိုးသားက ပြော သည်။ တောင်ကြီးမြို့ပေါ်ရှိ အဝေးပြေးယာဉ်လိုင်းကား ဂိတ်များကို အေးယာသာ ကားလေးကွင်းသို့ ရွေ့ပြောင်းပြီးနောက် ကုန်တင်၊ ကုန်ချ သည့် ရသည့်လိုင်းကားများအပြင် ပစ္စည်းတင်ပို့ချင်သူ ပြည်သူဒေသခံများလည်း ခက်ခဲနေကြောင်း သိရသည်။ https://burmese.shannews.org/archives/32456

၂၁။ ဖုန်ကန်ရာဇီရေခဲတောင်အောက်ရှိ ကျေးရွာနေကလေးများအတွက် ဆောင်းတွင်းဝတ်အနွေးထည်များလိုအပ်နေ
January 10, 2023

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဖုန်ကန်ရာဇီရေခဲတောင်အောက်မှာရှိတဲ့ ကျေးရွာတွေက ကလေးအယောက် (၂၀၀) ဝန်းကျင်လောက်အတွက် ဆောင်းတွင်းဝတ်အနွေးထည်လိုအပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တောင်အောက်မှာ ရွာပေါင်း (၁၀)ရွာလောက်ရှိပြီးတော့ မြို့နဲ့ဝေးတဲ့အတွက် အစစအရာအရာ ခက်ခဲတဲ့ဒေသတွေ ဖြစ်တာကြောင့် အကူအညီတွေ အများကြီး လိုအပ်နေကြောင်း အဲဒီဒေသဘက် အကူအညီသွားပေးတဲ့ တစ်ကိုယ်တော်ပရဟိတသမား ကို W ခေါင်းခေါင် က အခုလိုပြော ပါတယ်။ “ကျောင်းတက်ကြပေမဲ့ အနွေးထည်မရှိတဲ့အခါကျတော့ တချို့ကလေး တွေက စုတ်စုတ်ပြတ်ပြတ်နဲ့ ကျောင်းသွားတာ တွေ့ရတော့ တကယ်စိတ်မကောင်းဖြစ်ရတယ်။ ဖုန်ကန်ရာဇီကလည်း နောက်ငါးလထိလောက်တော့ ရေခဲရှိဦးမှာ အဲဒါကြောင့် အများကြီးလိုအပ်သေးတယ်။” လို့ ဆိုပါတယ်။ ဖုန်ကန်ရာဇီ ရေခဲတောင်အောက်မှာ ရှိတဲ့ ကျေးရွာတွေဖြစ်တဲ့အပြင် နောက်ထပ် ငါးလလောက်အထိလည်း ရေခဲတွေ ရှိနေဦးမှာ ဖြစ်တဲ့အတွက် အနွေးထည်တွေ အများကြီးလိုအပ်နေတာဖြစ်ကြောင်း သူကဆိုပါ တယ်။ ဒါ့အပြင် ပူတာအို ခရိုင်ထဲက ဝေးလံခေါင်ဖျား ဒေသတွေဘက်မှာလည်း အနွေးထည်လိုအပ်မှုတွေ ဆေးဝါးလိုအပ်မှုတွေရှိ နေကြောင်း ပရဟိတသမားတွေဆီက ကြားသိရပါတယ်။ https://www.facebook.com/myitkyinanewsjournal.mm/phot os/a.182072622159 000/1815576275475285/

၂၂။ ကျောက်မဲမှာ ပိုင်ရှင်မဲ့အလောင်း တွေ့
January 10, 2023

ရှမ်းမြောက် ကျောက်မဲမြို့နယ် ကောင်းအက်ကျေးရွာနဲ့ ငြိမ်းချမ်းရေးကုန်းကြားမှာ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသား အလောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ကျောက်မဲမြို့ရှိ နမ့်ခုံးရှမ်းများ ပရဟိတ အသင်းက အလောင်းကို သွားရောက် သယ်ဆောင်ပေးခဲ့ပါတယ်။ နမ့်ခုံးရှမ်းများ ပရဟိတအသင်း (ကျောက်မဲ)ရဲ့ အတွင်းရေးမှူး ချုပ် စိုင်းလွမ့်ခေးက “ကောင်းအက်နဲ့ ငြိမ်းချမ်းရေးကုန်းကြားမှာ သူက ဒီအတိုင်းလေးပဲ အိပ်ပြီး သေနေတယ်။ ဘေးနားမှာက ရေသန့်ဗူးလေး ရှိတယ်။ ဘေးနားတွေမှာလည်း အခြားဘာမှမတွေ့ဘူး။ သူ့မှာလည်း ဘာဒဏ်ရာဒဏ်ချက်တွေမှ မတွေ့ဘူး” လို့ ပြောပါတယ်။ သေဆုံးသူ အမျိုးသားဟာ ကောင်းအက်ရွာမှာ မကြာခဏ တွေ့နေရပြီး ဘယ်ဒေသကနေ လာလဲဆိုတာကိုတော့ မသိရှိကြသလို ကျေးရွာထဲမှာ ရေတောင်းသောက် တာတွေ ရှိခဲ့တယ်လို့ စိုင်းလွမ့်ခေးက ဆက်ပြောပါတယ်။ “ကျနော်တို့က အလောင်းသယ်ဖို့ ရွာသူကြီးဆီကို ခွင့်တောင်း တယ်။ ရွာသူကြီး ပြောတာကတော့ ရဲနဲ့ နယ်ထိန်းတွေလည်း လာကြည့်ပြီးသွား ပြီပေါ့။ အဲဒါကြောင့် ကျနော်တို့လည်း အလောင်းကို သချင်္ုိင်းဘက်မှာ သွားပို့လိုက်တယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

ကျောက်မဲမြို့နယ်မှာ အခုလို သေဆုံးနေတဲ့ပိုင်ရှင်မဲ့အလောင်းတွေ မတွေ့ရှိတာ ကြာနေပြီး မနေ့မှ အလောင်းတစ် လောင်း စတင်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ လားရှိုးမြို့ ရပ်ကွက်(၁)ရှိ ရေကန်တောင် နားမခေါ်ပတ် လမ်း အောက်ဘက် လျှိုထဲမှာ ပုတ်ပွပြီး သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းနဲ့ ၄ ရက်မှာ ရပ်ကွက်(၇)ရှိ ရွှေသံလွင်လမ်း လခွဲ၊ လ(၂) ကျောင်းဘေးမှာ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသမီးအလောင်း တွေ့ရှိခဲ့ပါတယ်။ https://www.facebook.com / photo?fbid=489254720048464&set=pcb.489256973381572

၂၃။ စစ်တွေလေဆိပ်တွင် ရိုဟင်ဂျာအမျိုးသားတစ်ဦးဖမ်းဆီးခံရ
January 8, 2023

ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်တွင် မှတ်ပုံတင်(အတု)ကိုင်ဆောင်၍ ရန်ကုန်သို့ သွားရောက်မည့် ရိုဟင်ဂျာတစ်ဦး ဖမ်းဆီးခံရကြောင်းသိရသည်။ စစ်တွေလေဆိပ် ထွက်ခွာဆောင်၌ ခရီးသွားရောက်သူများအား မှတ်ပုံတင်စစ်ဆေး ခြင်းများ ဆောင်ရွက်စဉ် ယမန်နေ့ နံနက် ၉ နာရီခန့်က MAI လေကြောင်းလိုင်းဖြင့် စစ်တွေမှ ရန်ကုန်သို့ လိုက်ပါမည့် ခရီးသည် မောင်အောင်ကျော်သွင်၊ အသက်(၂၇)နှစ်၊ (ဘ)ဦးကျော်ကျော် ကိုင်ဆောင်သည့် မှတ်ပုံတင်မှာ (အတု)ဖြစ်ကြောင်းတွေ့ရှိရ သဖြင့် ထိန်းသိမ်းစစ်ဆေးခဲ့သည်ဟု စစ်ကောင်စီပိုင် ရခိုင်နေ့စဉ်သတင်းတွင် ဖော်ပြထားသည်။

ထိုသို့ ဖမ်းဆီးထံရသူကို စစ်ဆေးမေးမြန်းချက်အရ မှတ်ပုံတင်(အတု)ကိုင်ဆောင်သူ မောင်အောင်ကျော်သွင်၏ အမည် ရင်းမှာ မာမက်အာယက်စ်၊ ဖုံညိုလိပ်ကျေးရွာ၊ ဘူးသီးတောင်မြို့နယ် နေသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် နေ ဦးလေးဖြစ်သူထံသို့ သွားရောက်ရန်အတွက် မှတ်ပုံတင်လိုအပ်လျက်ရှိသဖြင့် ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလခန့်တွင် ၎င်း၏ မိခင်ဖြစ်သူမှ သိကျွမ်းသည့် ပွဲစားတစ်ဦးထံ ငွေကျပ်သိန်း ၆၀ ပေး၍ မှတ်ပုံတင် (အတု) ချိတ်ဆက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာကို လဝကအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။ ရခိုင်ပြည် နယ်မှ ရိုဟင်ဂျာများမှာ အလုပ်ကိုင်ရှားပါးသည့်အတွက် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ချင်ကြသော်လည်း စစ်ကောင်စီထံတွင် မကြာခဏဖမ်းဆီးခံမှုများရှိနေသည်။ https://www.facebook.com/photo/?fbid=499143825659957&s et=a.269204948653847

၂၄။ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်သားများ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၉၀ နီးပါး ပျက်စီး
January 8, 2023

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံအဖွဲ့များက နေအိမ် ၁၉၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း Southern Monitor ၏ ထုတ်ပြန်ချက်အရ သိရသည်။ အရပ်သားများ၏ နေအိမ်များမီးရှို့ခံရမှုသည် မြိတ်ခရိုင် ရှိ ပုလော မြို့နယ်တွင် အများဆုံးဖြစ်ကြောင်း Southern Monitor အဖွဲ့၏ ပြုစုထားသော အချက်အလက် များအရသိရ သည်။ Southern Monitor က စုစည်းထားသော အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အကုန်အထိ ပုလောမြို့နယ်တွင် နေအိမ် ၁၁၅ လုံး၊ သရက်ချောင်းမြို့တွင် ၃၃ လုံး၊ တနင်္သာရီမြို့နယ်တွင် အလုံး ၂၀၊ ရေဖြူမြို့နယ်၌ ရှစ်လုံး၊ ထားဝယ်မြို့နယ်တွင် ခုနစ်လုံး၊ လောင်းလုံးမြို့နယ်၌ နှစ်လုံးနှင့် မြိတ်မြို့နယ်မှ တစ်လုံးမီးရှို့ခံခဲ့ရပြီး စုစုပေါင်း ၁၈၈ လုံးရှိ ကြောင်းသိရသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ မီးရှို့ခံရသော နေအိမ် ၁၂၀ လုံးရှိခဲ့ကာ ပြီးခဲ့သည့်ဒီဇင်ဘာလ၌ နေအိမ် ၆၉ လုံး မီးရှို့ခံ ရခြင်းဖြစ်ကာ ဒီဇင်ဘာလအတွင်း၌ ပုလောမြို့နယ်ထဲအတွင်းမှ တို၊ တန်းရှင်းနှင့် သင်္ကန်းတောကျေးရွာတို့ မီးရှို့ဖျက်ဆီးခံခဲ့ရ ခြင်း ဖြစ်သည်။ အထက်ပါ အချက်အလက်များသည် Southern Monitor အနေဖြင့် လက်လှမ်းမီ သလောက် အချက်အလက်များ ကို စုစည်းထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ https://www.faceboo k.com/MizzimaDaily/photos/a.320351647999747/6288247804543405/

၂၅။ ကရင်ပြည်နယ်တွင် စစ်ကောင်စီ တင့်ကား ၂ စီး ဒရုန်းဖြင့်တိုက်ခိုက်ခံရ (ရုပ်သံ)
January 10, 2023

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်ပြည်နယ်တနေရာက ဒရုန်းစစ်ဆင်ရေး မှတ်တမ်းရုပ်သံဖိုင်တခုကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်လိုက်ပြီး အဆိုပါစစ်ဆင်ရေးအတွင်း စစ်ကောင်စီ တင့်ကား ၂ စီး ထိခိုက်ခဲ့ကာ တစီးကတော့ ပြန်သုံးလို့မရတဲ့အထိ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီလောက်က ပြုလုပ်ခဲ့တဲ့ အဲဒီ ဒရုန်းစစ်ဆင်ရေးမှာ ရန်သူ့တပ်သား ၂ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဝေဟင်ကနေ စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ တနှစ်တာအတွင်း ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၄၃၇ ကြိမ် တိုက်ပွဲဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် Federal Wings ရဲ့ တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက်ရေးမစ်ရှင်တွေနဲ့ တိုက်ခိုက်ရေးဒရုန်း အမျိုး အစားအသစ် စမ်းသပ်ထုတ်လုပ်မှုတွေကိုလည်း အရှိန်တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၃ နဲ့ တပ်မဟာ ၆ နယ်မြေတွေအတွင်းရှိ ထိတွေ့တိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲကြီးတွေမှာ လည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းတွေနဲ့ ပူးတွဲ တိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ https://burmese.dvb.n o/archives/572839

၂၆။ ကချင် ဂန္တဝင်တေးသံရှင်ကြီး ဆရာမကြီး အင်ဖန်းဂျာရာ ကွယ်လွန်
January 9, 2023

ကချင်အနုပညာရှင်အသင်းချုပ် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့သည့် ဂန္တဝင်တေးသံရှင်ကြီး အသက် ၉၁ နှစ်အရွယ် ဆရာမကြီး အင်ဖန်းဂျာရာ (U Yen Sinwa Nhpan Ja Ra) သည် ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်း ၉ နာရီအချိန် မြစ်ကြီးနားမြို့ ရင်စိန်ဆေးရုံးကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။ ဆရာမကြီး အင်ဖန်းဂျာရာသည် ပြီးခဲ့သည့် သောကြာနေ့ ညနေ ပိုင်း ၅ နာရီအချိန်တွင် ရုတ်တရက် ခန္ဓာကိုယ်အတွင်း နာမကျန်ဖြစ်လာသည့်အတွက် မြစ်ကြီးနားမြို့ရှိ ရင်စိန်ဆေးရုံတွင် ၂ ရက်ကြာ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားသည်ဟု သားဖြစ်သူ ဆရာအင်ဒိန်အားဂျာ က ပြောဆိုခဲ့သည်။ “အိမ်မှာ ရုတ် တရက် အန်တာတွေဖြစ်ပြီး အသက်ရှုကြပ်တာတွေဖြစ်တယ်။ ရင်စိန်ဆေးရုံကို ပို့လိုက်ရတယ် ဆရာဝန်တွေပြောတော့ နှလုံး ရောင်တယ် ပြီးရင် အဆုတ်ထဲရေရှိတယ်လို့ပြောတယ်။ အဲ့ကြောင့် စနေ့နဲ့ တနင်္ဂနွေ ၂ ရက်ကတော့ သူတော်တော်လေး ကျော် ဖြတ်ခဲ့ရတယ်။ မနေ့ညကတော့ သူအိမ်ပြန်မယ် လို့၊ မယ်လို့ပြောတယ်။ ဒီမနက် အိမ်ကိုခေါ် သွားမယ်လို့ စီစဉ်နေတုန်း ၉ နာရီခွဲ ဆုံးသွားတယ်” ဟု ပြောဆိုသည်။ ဆရာမကြီး အင်ဖန်းဂျာရာသည် အသက် ၉၁ နှစ်အရွယ်အထိ ယခုလို အသက်ရှုကြပ်ခြင်း၊ နှလုံးဝရောင်ဖောက်ခြင်း လုံးဝမရှိခဲ့ဘဲ ကျန်မာရေးအလွန်ကောင်းမွန်သူဖြစ်ပြီး ယခုအကြိမ်မှသာ တရုတ်တရက် ထဖောက်ပြီး ကွယ်လွန်သွား ရခြင်းဖြစ်သည်ဟု သိရသည်။

ဆရာမကြီး အင်ဖန်းဂျာရာ ဆေးရုံတက်နေစဉ် လာရောက်ကြည့်ရှု့သော ဘာသာရေးဆရာများ၊ ရိုးရာတာဝန်ရှိသူ များကို ကိုယ့်လူမျိုးအတွက် သမိုင်းကြွေးမတင်ကြဖို့ ပြောကြားသွားသည်ဟုသိရသည်။ “ဆရာမကြီးက သမိုင်းကြွေး မတင်အောင် အားလုံးလုပ်ဆောင်ကြဖို့၊ ကချင်လူမျိုးဆိုတာက လူဖြစ်ရုံနဲ့ ဖြစ်တည်လာကြမဟုတ်ဘူး။ ကိုယ့်လူမျိုးရဲ့ စာပေနဲ့ရိုးရာကို ထိန်းသိမ်းကြဖို့။ ပြီးရင် ကိုယ့်ရဲ့ကိုယ်ကျိုးကို မကြည့်ပဲ အများကိုယ်ကျိုးကိုကြည့်ကြဖို့ ပြောသွား တယ်” ဟု ရိုးရာယဉ်ကျေးမှု တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဆရာမကြီး အင်ဖန်းဂျာရာသည် လွန်ခဲ့သော ၁၉၄၇ ခုနှစ် လွတ်လပ်မတိုင်မှီကတည်းက ကချင်ပြည်နယ်အတွင်း ခေတ်ဦး ကချင်အနုပညာရှင်ကြီးများနှင့် အတူ အနုပညာ လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်သည့် အပြင် ကချင်အနုပညာရှင်အဖွဲ့ဝင်များကို မျိုးဆက် ၅ ဆက်အထိ ဦးဆောင်နိုင်ခဲ့သူဖြစ်သည်ဟု သိရသည်။ ထို့အပြင် ၂၀၁၂ တွင် ကချင်အနုပညာရှင်အသင်းချုပ် ဗဟိုကော်မတီ ဖြစ်ပေါ်လာစေရန်အတွက် နည်းဥပဒေများ ရေးဆွဲကာ ဖွဲ့စည်းနိုင်ခဲ့တည်ထောင်နိုင်ပေးခဲ့သည်သာမက ကချင်လူမျိုးများ၏ လေးစားကြည်ညိုရသည့် သမိုင်းဝင် အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် ယခုလို ဆရာမကြီး အင်ဖန်းဂျာရာ ဆုံးပါးသွားသည့်အပေါ် ကချင်အနုပညာရှင် အဖွဲ့အစည်းမှ အဖွဲ့ဝင်များလည်း အထူးဝမ်းနည်းကြေကွဲရကြောင်း ပြောဆိုနေကြသည်။ “ဆရာမကြီး ဒီလောက ထွက်ခွာသွားခဲ့တာက ကျနော်တို့ လူမျိုးတွေ အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူက ကျနော်တို့ကချင်အနုပညာရှင်အသင်းရဲ့ မိခင်ကြီးဖြစ် တယ် မျိုးဆက် ၅ ဆက်အထိ သူသေချာ လမ်းပြ ဦးဆောင်ပေးခဲ့ တယ်။ ကချင်ပြည်နယ်နေ့ဖြစ်လာတဲ့ နောက်ပိုင်ကနေ သူရဲ့ တေးသီးချင်းတွေနဲ့ ပါဝင်ခဲ့တယ်။ အရင်ခေတ်ဦးတေးသံ ရှင်ကြီးတွေနဲ့လည်း ဦးဆောင်လက်တွဲခဲ့ကြတယ်။ အဲ့ကြောင့် သူအခုလို သေဆုံးသွားတာက အလွန်ဝမ်း နည်းကြေကွဲ နေရပါတယ်”ဟု ကချင်နာမည်ကြီး ရုပ်ရှင်နှင့် ဗီဒီယိုသရုတ်ဆောင် မင်းသား L ဇော်ဒိန်က ပြောဆိုခဲ့သည်။ https://burmese.kachinnews.com/2023/01/09/yl1-49/

၂၇။ လဲချားလူငယ် တစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံးနေ
January 9, 2023

သျှမ်းပြည် လဲချားမြို့နယ် လဲချားမြို့တွင်နေထိုင်သည့် အသက်(၁၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး (၁၀)ရက်ကျော်ကြာ ပျောက် ဆုံးနေကြောင်းသိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့ မနက် (၉) နာရီခန့်က နေအိမ်မှ ပျောက်ဆုံး သွားကြောင်းသိရှိရသည်။ “ဒီနေ့ထိတော့ မတွေ့ရသေးဘူး။ ကျနော်တို့လည်း လိုက်စုံစမ်းနေတာလဲ ဂိတ်ဆုံးနေပြီ။ သက်ဆိုင်ရာ တာဝန်ရှိ သူတွေကိုလည်း အကြောင်းကြားထားတယ်။ စိတ်တော့ အရမ်းပူနေတယ်” ဟု ဖခင်ဖြစ်သူ က ပြောသည်။

ပျောက်ဆုံးသွားသည့် အသက် (၁၄) နှစ်အရွယ် နန်းခမ်းယဥ် သည် ကျောင်းနေအရွယ်ဖြစ်ပြီး မည်သည့်နေရာကို ပျောက်ဆုံးသွားသည်ကို သတင်းတစ်စုံတစ်ရာ မသိရှိရသေးပေ။ “အရင်ကဆို ဘယ်မှ မသွားလည်ဘူး။ ဘယ်သွားသွား အိမ်ကို ပြောသွားတယ်။ သူ သွားလည်ရင်လည်း အဝေးကြီး မသွားဘူး။ အခုက သူ သွားလည်တတ်တဲ့ နေရာတွေကို လိုက်စုံစမ်းပေမယ့် ဘယ်သူမှ မသိဘူး။ ကျောင်းတက်နေတုန်းပဲ။ သူ ပျောက်သွားတဲ့နေ့က ကျောင်းပိတ်ရက်ဖြစ်ပြီး ကျနော်တို့ အလုပ်သွားချိန်ဖြစ် တယ်။ ဘယ်သူနဲ့ ပျောက်သွားလည်း မသိဘူး” ဟု မိသားစုဝင် တစ်ဦး က ပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း သျှမ်းပြည် တွင်းရှိ လူငယ်များ မကြာခဏ ပျောက်ဆုံးခြင်း၊ လူငယ်များတစ်ချို့လည်း ကိုးကန့်ဘက်သို့လည်းကောင်း၊ ဝ ဒေသတွင်းသို့ လည်းကောင်း အလုပ်အကိုင် သွားရောက်ရှာဖွေ လေ့ရှိသည်။ https://burmese.shannews.org/archives/32429

၂၈။ Maden Yang တွင် ဖမ်းဆီးခံရသော အရပ်သား ၁၀ ဦး တစ်လကျော်ကြာသည်အထိ မိသားစုဝင်များနှင့် ဆက်သွယ်ခွင့် မရသေး
January 10, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ် Maden Yang (မှော်ဘုံ) ကျေးရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးခံလိုက်ရသည့် အရပ် သား ၁၀ ဦးကို တစ်လကျော်ကြာသည့်အထိ စစ်တပ်က စစ်ကြောရေးတွင်သာ ထားရှိထားပြီး မိသားစုဝင်များနှင့်လည်း ဆက် သွယ်ခွင့် မပေးသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မှော်ဘုံကျေးရွာ ဘုံးကြီးကျောင်းအတွင်း ခေတ္တတိမ်းရှောင်နေကြသည့် Ginsi (ကံဆီး) ဘက်မှ စစ်ရှောင်ပြည်သူအချို့ နှင့် CDM ပြုလုပ်ထားသည့် လူငယ်အချို့တို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောင်စီးနင်းပြီး ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ”ဒီလ ၆ ရက်နေ့ဆို သူတို့ဖမ်းခံရတာ တစ်လပြည့်ပြီ ခုထိ ဘာသတင်းမှကိုမရသေးဘူး။ မဇွပ်ယန် ထောင်ပို့လိုက်ပြီလားဆိုပြီး စုံစမ်းတော့လည်းမပို့ သေးဘူးတဲ့။ ရဲအချုပ်မှာလားဆိုတော့လည်း အဲ့မှာလည်း မရှိဘူး။ အခုထိ စစ်ကြောရေးမှာပဲတဲ့ လူ ၁၀ ယောက်ကို ဒီလောက် ကြာကြာ စစ်နေဖို့တော့မလို ဘူးထင်တာပဲ။ တူမလေးတစ်ယောက်ပါသွားတော့ အရမ်းစိတ်ပူနေကြတယ်”ဟု ဖမ်းဆီးခံရသူ တစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ အမျိူးသားတစ်ဦးက ပြောသည်။ https://www.facebook.com/theKachinNews/photos/a.4 629018704762 28/5241326322633735/

၂၉။ လွိုင်ကော်မှာ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းအားလုံး ခေတ္တရပ်နားထား
January 9, 2023

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ကစပြီး လွိုင်ကော်လေဆိပ်က လေကြောင်းပြေးဆွဲမှုအားလုံး ရပ်နားထားတယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။ လွိုင်ကော်မြို့မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)နဲ့ Air KBZ လေကြောင်းလိုင်းတွေသာ ပြေးဆွဲပါတယ်။ Air KBZ ကတော့ လုံခြုံရေးအရ ပြီးခဲ့တဲ့ ၄ ရက်နေ့၊ ၆ ရက်နေ့နဲ့ ၈ ရက်နေ့က လေကြောင်းတွေကို ပြန်လည်ပယ်ဖျက်ခဲ့ပြီး ၉ ရက်နေ့နောက်ပိုင်းမှသာ ပြန်လည်ပြေးဆွဲမယ်လို့ သိရပါတယ်။ Air KBZ လေ ကြောင်းလိုင်းက တစ်ပတ်မှာ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တွေမှာ ပြေးဆွဲပျံသန်း လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက် နေ့က လွိုင်ကော်လေဆိပ်မှာ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံခဲ့ရပြီးနောက် ခရီးစဉ်တွေကို ရပ်နားထားနိုင်တာဖြစ်တယ်လို့ လွိုင်ကော် ဒေသခံ တစ်ဦးက ပြောပါတယ်။ ‘’လေယာဥ်ကွင်းကို ရှော့တိုက်ဒုန်းနဲ့ ပစ်တယ်။ ပြီးတော့ အဲ့နားက အစောင့်ရဲတစ်ယောက်ကို လည်း ပစ်သွားတယ် လို့ ကြားတာပဲ အဲ့ ဒါတွေကြောင့် စစ်ဆေးတာတွေ ပို များလာပြီး ဖမ်းခံရသူတွေလည်း မနည်းဘူး။ ပြန်လွတ်ပေး၊ မပေး တော့မသိရဘူး။ ‘’ လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့အတွင်း ၂၀၂၃ ခုနှစ် နှစ်သစ်မှစပြီး စစ်ဆေးမှုတွေ တင်းကြပ်လျက်ရှိပြီး ဖမ်းဆီးမှုတွေလည်း အများအပြား ရှိနေတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မည်သည့်အကြောင်းကြောင့် စစ်ကောင်စီက အစစ်အဆေးကို တင်းကြပ်ထားတယ်ဆိုတာကို မသိရသေးပေမယ့် လာမယ့် ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ကယားပြည်နယ်နေ့အခမ်းအနားကို ကျင်းပနိုင်ဖို့လည်း တင်းကြပ်ပြုလုပ်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတချို့က သုံးသပ်ပြောဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ရန်ကုန် – လွိုင်ကော် ပျံသန်းလာတဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်တစ်စီးအဆင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး နောက် ယာဉ်လိုင်းပြေးဆွဲမှုကို ရပ်နားထားခဲ့ပေမယ့် Air KBZ လေကြောင်း လိုင်းကတော့ ဆက်လက်ပြေးဆွဲနေခဲ့ တာပါ။ ဒါ့အပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာလည်း လွိုင်ကော်လေယာဉ်ကွင်းအနီး ရှော့တိုက်ဒုန်းတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ https://www.kantarawaddytimes.or g/%e1%80%9c%e1%80%bd%e1%80%ad%e1%80%af%e1%80%84%e1%80

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။