• Today is: Thursday, April 18, 2024

ကူကီးချင်း(Mizo) ဒုက္ခသည်များနှင့်အတူ ရပ်တည်ကြောင်း CYMA ဆန္ဒထုတ်ဖော်

ဓါတ်ပုံ – The Mizoram Post
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၃
 
အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်၏ သြဇာအရှိဆုံး အဖွဲ့အစည်းဖြစ်တဲ့ Central Young Mizo Association (CYMA)က ကမကထပြု ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကူကီးချင်း(Mizo) ဒုက္ခသည်များနှင့်အတူ ရပ်တည်ကြောင်းနှင့် စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေဖြင့် ရာနှင့်ချီသော မီဇိုလူမျိုး မြို့ခံများဟာ ယမန်နေ့ ဇန်နဝါရီ ၉ ရက်နေ့က အိုင်ဇောလ်မြို့ Raj Bhavan အနီးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ မီဇိုရမ်ဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
 
အဲဒီ ဆန္ဒထုတ်ဖော်လှုပ်ရှားမှုဟာ Bangladesh Rapid Action Battalion (RAB) နှင့် Kuki-Chin National Army (KNA)တို့ကြား နှစ်ဖက်တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မီဇိုရမ် ပြည်နယ်ဘက်ကို ခိုလှုံနေထိုင်ဖို့ ကြိုးစားနေတဲ့ ကူကီး ချင်း(Mizo) ဒုက္ခသည်များဟာ အင်ဒို-ဘင်္ဂလားဒေ့ရှ် နယ်စပ်စောင့်တပ်ဖွဲ့ (BSF) မှ မီဇိုရမ်ဘက်ဝင်ခွင့် တားမြစ်တာကြောင့် စစ်ဘေးရှောင် ပြည်သူတချို့ဟာ အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်နယ်စပ် တောတွင်းမှာ ပိတ်မိနေပြီး ဒုက္ခသည်တချို့ဟာ အသက်ဆုံးရှုံးမှု ရှိခဲ့သလို၊ အစာရေစာ ငတ်မွတ်မှုများ ကြုံနေရတယ်လို့ သိရပါတယ်။
 
အဲဒီ ပိတ်မိနေတဲ့ တောတွင်းနေရာမှ ထွက်ခွါခွင့်ပြုရန်နှင့် ဘေးဒုက္ခများမှ အမြန်လွတ်မြောက်ဖို့ စစ်ဘေး ရှောင်များနှင့်အတူ ရပ်တည်ကြောင်း ရာနဲ့ချီတဲ့ မီဇိုရမ် မြို့ခံများက ဆန္ဒထုတ်ဖော်ခဲ့တာလို့ သိရပါတယ်။
 
“မီဇိုရမ်ပြည်နယ်ဘက်ကို ခိုလှုံနေထိုင်ဖို့ ကြိုးပမ်းနေတဲ့ CHT မှ ဒုက္ခသည်များဟာ အင်ဒို-ဘင်္ဂလားဒေ့ရှ် နယ်စပ်စောင့်တပ်ဖွဲ့ (BSF) မှ ပြည်ဝင်ခွင့် တားမြစ်ထားတယ်” လို့ CYMA ဥက္ကဋ္ဌ R. Lalngheta က ပြောကြားခဲ့သလို “CHT ရှိ ရွာတစ်ရွာမှ အသက် ၈၁ နှစ်အရွယ် အဖိုးအိုဟာ BSF တပ်ဖွဲ့က ပြည်ဝင်ရောက်ခွင့် ပိတ်ထားသောကြောင့် မီဇိုရမ်နယ်စပ်အနီး တောထဲတွင် ပုန်းခိုခဲ့ရပြီး ငတ်မွတ် ခေါင်းပါးမှုများကြောင့် မကြာသေးမီက သေဆုံးခဲ့ရတယ်” လို့ CYMA အထွေထွေအတွင်းရေးမှူး ပါမောက္ခ Lalnuntluanga က ပြောပါတယ်။
 
အခုလို ကူကီး-ချင်းဒုက္ခသည်တွေအပေါ် လူမဆန်တဲ့ လုပ်ရပ်များအတွက် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး အာဖဂန်၊ တိဗက်နဲ့ တခြား ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်တွေကို အရင်တုန်းက ကြိုဆိုခဲ့သလို ကြိုဆိုပေးဖို့နှင့် သူတို့အတွက် လိုအပ်သော အမိုးအကာတွေ အကူအညီတွေကို အမြန်ဆုံး ပံ့ပိုးပေးရန် အိန္ဒိယ ဗဟိုအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
 
CYMA ၏ အိန္ဒိယဗဟိုအစိုးရသို့ ရေးသားပေးပို့တဲ့ အိတ်ဖွင့်ပေးစာအရ “အခုလိုအလေးမထားတဲ့ လုပ်ရပ်များ ကြောင့် လူတိုင်း၏ အဖိုးတန်တဲ့ အသက်များ ဆုံးရှုံးခဲ့ရပြီး လူသား မဆန်သော လုပ်ရပ်များကို မပြုလုပ်ဖို့နှင့် လုံခြုံရေးအရ အရေးပေါ် ယာယီနိုင်ငံရေး ခိုလှုံသူ ဒုက္ခသည်များကို ပြန်လည် ပို့ဆောင်ခြင်းကိုလည်း ချက်ချင်းရပ်ဆိုင်းဖို့နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ အမြန်ဆုံး ပံ့ပိုးပေးဖို့ တောင်းဆိုထားတာ” တွေ့ရပါတယ်။
 
Bangladesh Rapid Action Battalion (RAB) နှင့် Kuki-Chin National Army (KNA)တို့ကြား နှစ်ဖက်တိုက်ပွဲကြောင့် စစ်တကောင်း တောင်တန်းဒေသ Chittagong Hill Tracts (CHT) မှ ပြည်သူ ၃၈၈ ဦးဟာ မီဇိုရမ်တောင်ပိုင်း လောန်တလိုင်ခရိုင် (Lawngtlai District)ဘက်သို့ ပြီးခဲ့တဲ ၂၀၂၂ နိုဝင်ဘာလ ကတည်းက ရွေ့ပြောင်း တိမ်းရှောင်နေခဲ့တယ်လို့ သိရပါတယ်။
 
မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဒုက္ခသည်များကိုတော့ အစိုးရ၊ NGOs နှင့် ဒေသခံ ရွာသားများက လိုအပ်တဲ့ ယာယီအမိုးအကာများ၊ အစားအသောက်နှင့် အခြေခံလိုအပ်ချက်များကို ကူညီပေးခဲ့ ကြပါ တယ်လို့ သိရပါတယ်။
 
မီဇိုရမ်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဟာ ၃၁၈ ကီလိုမီတာ နယ်နမိတ်ချင်း ထိစပ်နေပြီး ဘင်္ဂလားဒေ့ရှ်ရှိ ကူကီး-ချင်းလူမျိုးများဟာ အိန္ဒိယ မီဇို့စ်(Mizp) လူမျိုးများနှင့် လူမျိုးရေးအရ ရင်းနှီးသော နီးစပ်တဲ့ ဆက်ဆံမှု ရှိကြပါတယ်။
 
တိုက်ပွဲ ဖြစ်ပွားနေတဲ့ Kuki-Chin National Army (KNA)ဟာ Kuki-Chin National Front (KNF) ၏ တပ်ဖွဲ့ဖြစ်ပြီး အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တကောင်းတောင်တန်းဒေသ Chittagong Hill Tracts (CHT) နယ်မြေများမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကူကီး-ချင်းအသိုက်အဝန်းအတွက် သီးခြားပြည်နယ်နှင့် နိုင်ငံရေးအရ အကာအကွယ်ပေးရေးတို့ကို တောင်းဆို နေတာ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
 
မီဇိုရမ်ပြည်နယ်ဟာ ပြည်နယ်၏ အရှေ့မြောက်ပိုင်း နယ်မြေများမှာလည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာ သိမ်းမှုအလွန် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခများကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာ ဒုက္ခသည်ဦးရေ ၄၀၀၀၀ ကျော်ကို လက်ခံ ပေးထားပါတယ်။